“လက်တွေ့အကောင်အထည်ဖော်ရင် အာဏာနဲ့ချည်း လုပ်လို့မရ”

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်သူ တွေရဲ့ အကျိုးစီးပွားကို ဘယ်လောက်ရှေးရှု ဖော်ဆောင်နိုင်မလဲ၊ စနစ်တခုကနေ တခုကို ပြောင်းလဲခဲ့ပြီလား ဆိုတဲ့ မေးခွန်းတွေနဲ့ မြန်မာဒီမိုကရေစီဟာ ဘယ်ကိုဦးတည်နေသလဲ ဆိုတဲ့ ဆွေးနွေးငြင်းခုံမှုတွေ ရှိနေပါတယ်။ ၂ လကြာ ကျင်းပခဲ့တဲ့ လွှတ်တော် အစည်း အဝေးတွေနဲ့ အစိုးရအဖွဲ့ အပြောင်းအလဲတွေဟာ ပြည်သူလူထုရဲ့အမြင်မှာ ဘယ်လို အဓိပ္ပာယ် ဆောင်ခဲ့ပါသလဲ ဆိုတာကို ၀ါရင့်သတင်းစာ ဆရာတဦးလည်းဖြစ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးလည်းဖြစ်ခဲ့တဲ့ စာရေးဆရာ မောင်ဝံသကို  ဧရာဝတီ သတင်းထောက် ထက်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

mgwontha-myanmarispမေး။    ။ လွှတ်တော်အစည်းအဝေး ကျင်းပခဲ့တာ၊ အစိုးရသစ်ကို အာဏာလွှဲပြောင်း ခဲ့တာတွေကို ကြည့်ရင် စစ်အစိုးရဟာ စနစ် တကျနဲ့ အသေးစိတ် စီစဉ်ဆောင်ရွက်သွားတာ တွေ့ရတယ်။ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းကိုလည်း အကောင်းမြင်ခဲ့တာတွေ ရှိသလို၊ NLD ကတောင်မှ သတိနဲ့ ကြိုဆိုပါတယ်လို့ ပြောခဲ့တယ်။ လက်ရှိ လွှတ်တော်နဲ့ အစိုးရသစ်ရဲ့ အခင်းအကျင်းပေါ်မှာ ပြည်သူတွေက ဘာတွေမျှော်မှန်းထားကြသလဲဆိုတာ သတင်းစာဆရာ တယောက်အနေနဲ့ ဘယ်လိုသုံးသပ် မိပါသလဲ။

ဖြေ။    ။ ပေါ်လာတဲ့လွှတ်တော်အသစ်နဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု အနေနဲ့ပြောမယ်ဆိုရင်တော့ ပြည်သူ တွေကနေ ၀ိုင်းဝန်းထောက်ခံတယ်လို့ ပြောလို့ မရဘူး၊ ပြည်သူလူထုရဲ့အသံကို မကြားရဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အငြင်းပွား စရာတွေ တော်တော်ကြီးကို ပေါ်ပေါ်တင်တင်ဖြစ်ခဲ့တော့ ပြည်သူလူထုရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားကလည်း အားရစရာ မရှိဘူး။ အဲဒီက ထွက်ပေါ်လာတဲ့ လွှတ်တော်အပေါ်မှာ ပြည်သူလူထုရဲ့ အမြင်က စိတ်ဝင်စားမှု မတွေ့ရဘူး။ သို့သော် အရှိတရား အနေနဲ့ ပြောမယ်ဆိုရင် ပေါ်လာတဲ့ လွှတ်တော်ကတော့ တကယ်လက်တွေ့သဘော ဆောင်ရွက်နေပြီးပေါ့။ လွှတ်တော် အစည်း အဝေး ကျင်းပတယ်၊ သမ္မတတို့၊ ဒုသမ္မတတို့ရွေးတယ်၊ သမ္မတက ဦးဆောင်ပြီး အစိုးရဖွဲ့တယ် ဆိုတာတွေကို မြင်ရတာပေါ့။ အဲဒီဖြစ်ရပ်တွေကို ကြည့်တော့လည်း အစိုးရအဖွဲ့က လူမပြောင်းဘူး။ ၃၊ ၄ ယောက်လောက်ပဲ လူသစ်တွေ့ရတော့ ဘာမှလည်း မထူးပါဘူးကွာ ဆိုတဲ့ အမြင်မျိုးတွေရှိတယ်။ ဒါက ပြည်သူလူထုရဲ့ အမြင်ကို သတင်းစာသမား တယောက်အနေနဲ့ ကြားရတာ ပေါ့လေ။

နောက်တခါ ဦးသိန်းစိန်က သမ္မတကြီး တယောက်အနေနဲ့ ပထမဦးဆုံး မိန့်ခွန်းပြောတယ်၊ နောက်ရက်တွေမှာလည်း ပြောသင့်တဲ့ အမှာစကားတွေ၊ သြ၀ါဒမိန့်ခွန်းတွေ ပြောတယ်။ အဲဒီလို ပြောတဲ့အခါမှာ မိန့်ခွန်းမှာပါတဲ့ အချက်တွေက ကောင်းမွန်တဲ့ အုပ်ချုပ် ရေးဖော်ထုတ်ဖို့ ပြောတယ်၊ သန့်ရှင်းတဲ့အစိုးရ ဖော်ထုတ်ဖို့ပြောတယ်၊ တရားဥပဒေစိုးမိုးဖို့ ပြောတယ်၊ နောက် တရားဥပဒေ စိုးမိုးရေးနဲ့အတူ အဂတိလိုက်စားမှုကို တိုက်ဖျက်သွားဖို့ ပြောတယ်။ ဒါတွေက အမြဲတမ်း မှန်နေတဲ့တရားတွေပဲလေ။ ဒါတွေက တိုင်းပြည် ခေါင်းဆောင်တယောက် အနေနဲ့ အစိုးရကောင်းတခု အနေနဲ့ လုပ်ကိုလုပ်ရမယ်၊ ပြောလည်းပြောရမယ့် စကားတွေပေါ့။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီး အငြင်းပွားစရာမရှိဘူး။ သဘောမတူဘူး၊ လက်မခံနိုင်ဘူးလို့လည်း ပြောစရာအကြောင်းမရှိဘူးပေါ့။

ဒီတော့ လူတွေကြားထဲမှာ ပြောတာတွေကတော့ ဟုတ်ပြီ၊ လက်တွေ့ဘာတွေလုပ်မလဲ ဆိုတာ စောင့်ကြည့် ကြတာပေါ့ ဆိုပြီး ပြောလာတယ်။ ကျနော်တို့က သတင်းစာသမား တယောက်အနေနဲ့ ပြည်သူလူထုရဲ့ အသံကိုလည်း နားထောင်သလို ကိုယ်တိုင် သုံးသပ် ပြောဆိုရေးသားတာကိုလည်း လုပ်ပါတယ်။ ကျနော်ဆိုရင် နိုင်ငံတော်သမ္မတရဲ့မိန့်ခွန်းကို ပထမ ကြိုဆိုတယ်၊ နောက်ပြီး စောင့်ကြည့်ရမယ် ဆိုတာနဲ့တင် မကပါဘူး၊ မြန်နိုင်သမျှမြန်မြန် လက်တွေ့ အကောင်အထည်ဖော်ပါလို့ တွန်းအားပေးချင်တယ်၊ တိုက်တွန်းချင်တယ် လို့ပြောခဲ့ပါတယ်။ အခုအစိုးရသစ် တက်လာတာ ၁ လ ကျော်ပဲ ရှိသေးတယ်၊ ဒါက အပြောစခန်းပေါ့။ အဲဒီကနေ အလုပ်စခန်းကို တက်ဖို့ရှိသေးတယ်။ အလုပ်စခန်းကို တက်တဲ့အခါမှာလည်း ပြောထားတဲ့အတိုင်းကို တတ်နိုင်သမျှအကောင် အထည် ဖော်နိုင်အောင် ဆက်ကြိုးစားသွားဖို့ပဲ လိုမယ်ထင်တယ်။

ကျနော်ရေးခဲ့တဲ့ စာတွေထဲမှာလည်း ပါပါတယ်။ ပြီးခဲ့တဲ့ ဖြစ်ခဲ့တဲ့ အခြေအနေတွေက တော်တော်ကြီးကို ဆိုးဆိုးရွားရွား ယိုယွင်းခဲ့တာကိုးဗျ။ အခု ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုရင် အဲဒီ လုပ်မယ့်သူတွေက တော်တော်ကြီးကို ဒုက္ခရောက်မယ်၊ အခက်အခဲ အကျပ်အတည်းတွေ တွေ့မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အကျင့်ပျက်တယ်၊ စနစ်တွေလည်းပျက်တယ်၊ လုပ်ထုံးလုပ်နည်း တွေလည်း ပျက်တယ်။ အဲဒီလို ပျက်တဲ့နေရာမှာ အစိုးရပိုင် စီမံခန့်ခွဲရေးပိုင်း ပျက်ရုံမကဘဲ၊ ၀န်ထမ်းတွေ ပျက်ရုံမကဘဲ၊ ပြည်သူလူထုဘက်ကလည်း စိတ်နေစိတ်ထားတွေ၊ ထားရမယ့် သဘောထားတွေ တော်တော်များများ ပျက်ကုန်တယ်။ ဘာကြောင့် ဒီလိုပျက်တယ်ဆိုတာ အားလုံးက သိကြတာပဲ။ ဘာမှ သိပ်စဉ်းစား နေစရာ မလိုပါဘူး။ အဲဒါကြီးကို နိုင်ငံတော် သမ္မတအသစ်နဲ့ အစိုးရသစ်က တကယ်တန်း အခု ပြောထားတဲ့အတိုင်း အကောင်အထည်ဖော်မယ်၊ ပြုပြင်မယ်၊ ပြောင်းလဲမယ် ဆိုရင်တောင် သူတို့အတွက်လည်း တော်တော်အခက်အခဲတွေ ရှိလိမ့်မယ်လို့ မြင်ရ တွေ့ရ ပါတယ်။

မေး။    ။ အခက်အခဲတွေ အများကြီးထဲက အကြီးဆုံးအခက်အခဲက အစိုးရသစ်ရဲ့ Credibility ပါပဲ။ အုပ်ချုပ်ရေး ပုံစံသစ်နဲ့သွားပေမယ့် ဗျူရိုကရေစီ ယန္တယားကို မောင်းနှင်မယ့် သူတွေက လွန်ခဲ့တဲ့နှစ် ၂၀ က လူတွေပဲ ဖြစ်နေတယ်။ ဒေသတွင်း အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်လို့ ပြောလိုက်တော့ လက်ရှိအာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှားက မြန်မာပြည်ဟာ တကယ်ပြောင်းလဲပြီလား ဆိုတာကို လေ့လာပြီးမှ ဒီကိစ္စကို အဖွဲ့တွင်းမှာ ဆုံးဖြတ်မယ်လို့ ပြောလိုက်တာဟာ ဒေသတွင်းမှာလည်း အစိုးရသစ်ရဲ့ Credibility ဟာပြဿနာရှိနေတယ် မဟုတ်ဖူးလား။

ဖြေ။    ။ ကျနော်တို့တိုင်းပြည်ရဲ့ ပုံရိပ်က အာဆီယံမှာ၊ ကမ္ဘာ့အမြင်မှာ ပြန်ကောင်းလာဖို့က ပြောထားတဲ့ လုပ်ငန်းစဉ်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့၊ ကြိုးစားဖို့ လိုတယ်။ လက်တွေ့ အကောင်အထည် ဖော်ရင်လည်း အာဏာနဲ့ချည်း လုပ်လို့မရဘူး။ ပူးပေါင်းဆောင်ရွက်ရမယ်။ တတ်နိုင်သမျှ ဒီမိုကရေစီ အင်အားစုတွေရဲ့ ပါဝင်ဆောင်ရွက်မှုကို ဖိတ်ခေါ်ရမယ်။ အဲဒါမျိုး ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ အခု ပြည်နယ် နှစ်ခု၊ သုံးခုလောက်မှာဗျာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) မဟုတ်တဲ့ တိုင်းရင်းသား ပါတီတွေကို ပြည်နယ် အစိုးရတွေမှာ ၀န်းကြီးနေရာပေးတယ် ဆိုတာတွေဟာ ကောင်းတဲ့ ပုံရိပ်၊ ကောင်းတဲ့အလားအလာပါပဲ။ ဒါမျိုးတွေကို ပြည်ထောင်စု အစိုးရ အဆင့်မှာရော ဘာလို့မလုပ်နိုင်ရမှာလဲ။ ပြည်ထောင်စု အစိုးရမှာ ဆိုလည်း ရွေးကောက်ပွဲနိုင်မှရယ် မဟုတ်ဘဲ တိုင်းပြည် ကောင်းရာကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်ပြီး လုပ်မယ့်သူတွေဆိုရင် အခြေခံဥပဒေအရ ထည့်လို့ရတာပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရ ရင် Power Sharing တမျိုးနဲ့ ပူးပေါင်း ဆောင်ရွက်လို့လည်း ရပါတယ်။ အဲဒါကို စဉ်းစားကြဖို့ ကောင်းတာပေါ့။      

မေး။    ။ လက်ရှိအခြေအနေမှာ ဒီမိုကရေစီအပြောင်းအလဲအတွက် ကြိုးပမ်းနေတဲ့ အင်အားစုတွေဘက်က အရင်က ပြောနေခဲ့တဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ်ကလည်း ပြီးဆုံးသွားပြီ၊ ဖွဲ့စည်းပုံကို လက်မခံဘူး၊ အခု နိုင်ငံရေး အဆောက်အုံသစ်မှာ လွှတ်တော်ပြင်ပ ကပဲ ကစားမယ်ဆိုရင် ထိရောက်ပါ့မလား၊ လွှတ်တော်တွင်းဝင်ရောက် ကစားဖို့ကိစ္စကရော ရှေ့လာမယ့် ၅ နှစ်အတွင်းမှာ လုပ် ဆောင် သင့်သလား ဆိုတာတွေနဲ့ ပတ်သက်လို့ သတင်းစာဆရာ တယောက်အနေနဲ့ ဘယ်လိုများ ဝေဖန်ချင်ပါသလဲ။

ဖြေ။    ။ နိုင်ငံရေးကတော့ လွှတ်တော်ထဲရောက်မှ လုပ်လို့ရတာ မဟုတ်ပါဘူး။ လွှတ်တော်ပြင်ပကလည်း လုပ်လို့ရရမှာပဲ။ ဒါက ဒီမိုကရေစီပဲလေ။ ဒီမိုကရေစီ စနစ်မှာ လွှတ်တော်တွင်း နိုင်ငံရေးရှိမယ်၊ လွှတ်တော်ပြင်ပနိုင်ငံရေးရှိမယ်၊ နောက်ပြီး တသီးပုဂ္ဂလ နိုင်ငံရေးရှိမယ်။ နောက်ပြီး အများပြည်သူရဲ့သဘောထားတွေကို ပုံသွင်းပေးနေတဲ့ ပညာတတ်တွေ၊ စာပေအနုပညာရှင်တွေ ရှိမယ်။ ဒါတွေအားလုံးဟာ နိုင်ငံရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိတယ်။ သို့သော် အာဏာပြဿနာကို ပြောမယ်ဆိုရင်တော့ အာဏာရှိ နေတဲ့သူကတော့ သူတို့အကောင်အထည် ဖော်မယ့် မူဝါဒလုပ်ငန်းစဉ်တွေကို လုပ်သွားလို့ရတာပေါ့။

အဲဒီ အာဏာရနေတဲ့ လူတွေကလည်း တိုင်းပြည်အကျိုးကိုကြည့်ပြီး ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် လွှတ်တော်တွင်းတင် မကဘူး လွှတ်တော်ပြင်ပ နိုင်ငံရေးနဲ့လည်း ဆက်စပ်မှုရှိရမယ်၊ ပူးပေါင်းဆောင်ရွက်မှု ရှိရမယ်။ သမ္မတ မိန့်ခွန်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံသေးတဲ့ သူတွေလည်း လွှတ်တော်ထဲ ၀င်ကြပါ၊ ရွေးကောက်ပွဲဝင်ကြပါလို့ ဖိတ်ခေါ်တာတော့ ရှိတာပေါ့။ ဘာပဲပြောပြောပေါ့ဗျာ၊ အတိုက်အခံဆိုရင် ချေမှုန်းမယ်၊ အမြစ်မကျန်အောင် လုပ်မယ်ဆိုတဲ့ ကြုံးဝါးတာတွေထက် စာရင်တော့ ကျနော်တို့နဲ့ သဘောမတူတဲ့ သူတွေနဲ့လည်း တူတဲ့လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ပါ့မယ်ဆိုတဲ့ သဘောထားမျိုးကိုတော့ ကြိုဆိုတာပေါ့ဗျာ။ အဲဒီအပေါ်မှာလည်း လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုတွေကလည်း တုန့်ပြန်ဖို့တော့လိုတယ်။ အခုလည်း အပြုသဘော တုန့်ပြန်ကြတာ တွေ့ရပါတယ်။

မေး။    ။ လွတ်လပ်ပြီးမြန်မာ့သမိုင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တတိယမြောက် ဖြစ်ပါတယ်။ အရင်က ၁၉၄၇ ခုနှစ်နဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရှိခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟောင်း ၂ ခုကို ပြန်ကြည့်ရင် ဆယ်စုနှစ် တခုကျော်ပဲ တည်တံ့တယ်။ အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုနေတာတွေက ရှိနေတော့ လက်ရှိဖွဲ့ စည်းပုံနဲ့ အာဏာအဆောက်အအုံကရော ရေရှည်ခံပါ့မလား။ မြန်မာ့ နိုင်ငံရေးဟာ ရှေ့လျှောက် တည်ငြိမ်မှုရှိဖို့ဆိုရင် ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ထင်မြင်မိပါသလဲ။

ဖြေ။    ။ လက်ရှိ ရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ပေါ့ဗျာ။ ပထမဆုံး NLD ရဲ့သဘောထား ကိုပြောရရင်၊ NLD က ပထမတုန်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝကို လက်မခံဘဲ အားလုံးပါဝင်တဲ့ နောက်ထပ် အမျိုး သားညီလာခံလိုမျိုး၊ အခြေခံဥပဒေ ရေးဆွဲရေး ညီလာခံလိုမျိုးနဲ့ အသစ်ပြန်ဆွဲမယ် ဆိုတဲ့ သဘောထားမျိုး ရှိခဲ့တယ်လို့ သိခဲ့ ရတယ်။ အဲဒီလို လုပ်ဆောင်မယ်ဆိုရင် တော်တော်ကြီးကို ဆောင်ရွက်ရလိမ့်မယ်။ နောက်ပိုင်းကျတော့ ဒီမိုကရေစီ အင်အားစုတွေဘက်က သဘောထားက ၂၀၀၈ အခြေခံဥပဒေမှာ ပြည်သူလူထု လက်မခံနိုင်တဲ့ အချက်တွေကို ပြန်ပြီးပြုပြင်ဖို့ သင့်တယ်ဆိုတဲ့ အသံတွေထွက်လာတယ်။ ဒါက ဒီလိုပဲဖြစ်သင့်တယ်၊ ဒီမိုကရေစီအင်အားစုတွေဘက်က မလွန်ဘူးလို့ ထင်တယ်။

ပြည်သူလူထု လက်ခံတဲ့ အခြေခံဥပဒေ ဖြစ်တဲ့အထိကို ကျနော်တို့က တောင်းဆိုရမှာပေါ့။ အဲဒီလို တောင်းဆိုတဲ့ အခါကျတော့ အစိုးရဘက်ကလည်း သမ္မတမိန့်ခွန်းမှာ ပါတယ်။ အခြေခံဥပဒေကို ပြင်ချင်ရင် လွှတ်တော်ထဲဝင်၊ လွှတ်တော်ထဲ လာပါ၊ လွှတ်တော်ထဲက ပြင်ပါလို့ ပြောလာတယ်။ အဲဒီတော့ ဒီမိုကရေစီအင်းအားစုတွေဘက်က ရွေးမယ်ဆိုရင် လွှတ်တော်ထဲဝင်ပြီး ပြင်မလား၊ လွှတ်တော်ပြင်ပက ဖိအားပေးပြီး ပြင်မလား၊ ဒီ နှစ်ခုပဲ ရွေးရတော့မှာပဲ။ လာမယ့် ၅ နှစ်အတွင်းမှာ ဒီနှစ်ခုထဲက တခုခုဖြစ်လာနိုင်ပါတယ်။ အခြေခံဥပဒေကို လွှတ်တော်ထဲကနေ ၀င်ပြီးပြင်ဖို့ ကြိုးစားမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ ပိုပြီး အားလုံး ပါဝင်မှု များလာမယ်ဆိုရင် အဲဒီ ရွေးကောက်ပွဲဟာ တော်တော် ကြည့်ကောင်းမယ်လို့ ထင်ပါတယ်။

အားလုံးသိတဲ့အတိုင်းပဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ ပါတီမှတ်ပုံတင် တာကလည်း ဖုတ်ပူမီးတိုက်၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတာကလည်း ရက်အကန့်အသတ်နဲ့ ဖုတ်ပူမီးတိုက်၊ ပါတီတွေက စည်းရုံရေးလည်း အဆင်သင့်မဖြစ်၊ ကိုယ်စားလှယ်လောင်းတောင်မှပဲ ဆွဲခန့်တွေပေါ့ဗျာ၊ ရတဲ့သူနဲ့ ၀င်ပြိုင်ကြဆိုတော့ ဒါတွေက သိကြတဲ့အတိုင်းပဲ။  အဲဒီလိုအခြေအနေ ကနေ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်မယ်ဆိုရင် အခုကတည်းက ပြင်ဆင်လို့ရပါပြီ။ စည်းရုံးရေးကို ပြင်ဆင်လို့ရတယ်။ ကိုယ်စားလှယ် လောင်းတွေကို ပြင်ဆင်လို့ရတယ်။ ပိုပြီးလွတ်လပ် ပွင့်လင်းတဲ့ ရွေးကောက်ပွဲ အခြေအနေကောင်းတွေ ဖန်တီးဖို့ကို ပြည်တွင်းကရော၊ နိုင်ငံတကာကပါ တောင်းဆိုလို့ရတယ်။ ဒီလိုသာ လုပ်နိုင်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ All Inclusive လို့ ပြောလို့ရမယ်။ အဲဒီ အနေအထားက ပေါ်ထွက်လာမယ့် ရလဒ်က တိုင်းပြည်အတွက် ကောင်းမှာပါပဲလို့ ကျနော်မြင်ပါတယ်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်