ဆက်တွန်းရင် ပိတ်နေတဲ့တံခါး ပွင့်သွားနိုင်တယ်

ဦးအောင်မိုးဇော်သည် ၁၉၉၀ ပြည့်နှစ်တွင် ပြည်ပသို့ တိမ်းရှောင် လာသော နိုင်ငံရေးသမား တဦး ဖြစ်သည်။ ပြည်ပ အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPNS) ၏ ဥက္ကဌ ဖြစ်သည်။ စင်ပြိုင် အစိုးရ ဖွဲ့မည်ဟု မကြာသေးမီက ကြေညာခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) တွင် အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်သည်။ ပြည်ပရောက် အတိုက်အခံ အဖွဲ့များ၏ အခြေအနေ၊ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီက ဦးအောင်မိုးဇော်နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။

မေး။     ။ NCUB က စင်ပြိုင်အစိုးရ အသစ်တခု ဖွဲ့မယ်ဆိုတာနဲ့ ပတ်သက်ပြီး ဦးအောင်မိုးဇော် အနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။     ။ NCUB က ထုတ်တဲ့ နှစ်သစ်ကူး ကြေညာချက်ကို ကျနော် နားလည်တာကတော့ ပြည်ထောင်စု မြန်မာနိုင်ငံတော် အမျိုးသား ညွန့်ပေါင်း အစိုးရ (NCGUB) ကို ပြုပြင်ပြီးတော့ အားကောင်းအောင် လုပ်မယ်ဆိုတာပဲ။ အဲဒီလို မဟုတ်ဘဲ အသစ်တခုဖွဲ့ဖို့ သူ ရည်ရွယ်တယ် ဆိုရင်တော့ ကျနော်တို့ လက်ခံလို့ မရဘူး။ ကျနော်တို့ လုပ်ရမှာက အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ပေါ်ပေါက်ဖို့၊ အဲဒီကတဆင့် တိုင်းပြည် အပြောင်းအလဲ ဖြစ်အောင် သွားဖို့။ အဲဒီကိစ္စတွေ  အင်အားစုတွေ အသီးသီးက ဆောင်ရွက်ရမယ်။ ပြည်တွင်း လုပ်ငန်းမှာ ဖြစ်ဖြစ်၊ နိုင်ငံတကာ လုပ်ငန်းမှာပဲ ဖြစ်ဖြစ် အင်အားစု အသီးသီး ပူးပေါင်း ပြီးတော့ နအဖကို ဒီထက် ပိုပြီး ဖိအားပေး နိုင်ရင်ပေး၊ မပေးနိုင်ရင် ဘာအဖွဲ့ပဲ ဖွဲ့ဖွဲ့၊ ဘာပဲ လုပ်လုပ်၊ ဘာမှ ဖြစ်မှာ မဟုတ်ဘူး။

မေး။     ။ အဲဒီလိုဖြစ်လာဖို့ အချိန် ဘယ်လောက် လိုအပ်မလဲ။ ၂၀၁၀ ရွေးကောက်ပွဲကလည်း ရှိနေတယ်ဆိုတော့ ..။

ဖြေ။     ။ ဒီနှစ်တွေထဲမှာ လုပ်ရင် ရနိုင်မယ်လို့ ထင်တယ်။ လုပ်ဖို့ အချိန်လည်း ကျနေပြီ။ ၂၀၁၀ မတိုင်ခင်မှာပဲ ကျနော်တို့ အင်အားစု အသီးသီး လက်တွဲပြီး နအဖကို ဖိအား ပိုပေးနိုင်မယ်ဆိုရင် ရွေးကောက်ပွဲ ဆိုတာလည်း မြင်ချင်မှ မြင်ရလိမ့်မယ်။ မြန်မာပြည်ထဲမှာ မနေ့တနေ့ကပဲ ဖြစ်သွားတာတွေကြည့်၊ အန်အယ်လ်ဒီ လူငယ်တွေ ဒေါ်စုလွတ်မြောက်ဖို့ ဆန္ဒပြကြတာတွေ ရှိတယ်။ စစ်တွေမှာ ကျောင်းသား လေးငါးရာလောက် လှုပ်ရှားမှုတွေ ရှိတယ်။ အဲဒီလို လှုပ်ရှားမှု မျိုးတွေက ကျနော့်အထင်အရ ပြောမယ်ဆိုရင် ဆက်တိုက် ဖြစ်လာလိမ့်မယ်။

မေး။     ။ လှုပ်ရှားမှုတွေ ဖြစ်လာနိုင်တယ်လို့ ဘာကြောင့် ပြောနိုင်တာပါလဲ။

ဖြေ။     ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ အရပ်ရပ်က တော်တော်ကို ပြဿနာ ရှိနေတယ်။ စီးပွားရေး အကြပ်အတည်း ကိုလည်း ကျော်လွှားနိုင်မယ့် အခြေအနေ မရှိဘူး။ ပြည်သူတွေရဲ့ မကျေနပ်မှုတွေက နေ့စဉ်နဲ့အမျှ တိုးပွားနေတယ်။ နအဖက အတိုက်အခံ အင်အားစုကို ဖိနှိပ်ပြီး ကျော်လွှားဖို့ ကြိုးစားနေတယ်။  မကျေနပ်မှုတွေ လှုပ်ရှားမှုတွေ၊ ပေါက်ကွဲမှုတွေက ဖြစ်လာလိမ့်မယ်။

မေး။     ။ ပြည်ပမှာရှိတဲ့ အဖွဲ့တွေက မြန်မာပြည် အပြောင်းအလဲအတွက် ဘယ်ကဏ္ဍကပါဝင်ကြမှာပါလဲ။

ဖြေ။     ။ နိုင်ငံတကာကို focus လုပ်နိုင်တယ်။ ပြည်တွင်းကိစ္စတွေနဲ့ ပတ်သက်ရင်တော့ အရံသဘော၊ အထောက်အကူဖြစ်တဲ့သဘောပဲ ရှိတယ်။ တပြိုင်နက်တည်းမှာ ပြည်ပမှာရှိတဲ့ အင်အားစုတွေက အသွင်ကူးပြောင်းရေး ကာလအတွက် ပြင်ဆင်တာတွေ လုပ်နိုင်တယ်။ ဘယ်ကိစ္စက အရံလည်း၊ ဘယ်ကိစ္စက အဓိကလဲ ဆိုတာကတော့ ပြောဖို့ခက်တယ်။ တခုလုံးအနေနဲ့ ပြောမယ်ဆိုရင် ပြည်တွင်း လှုပ်ရှားမှုတွေအတွက် အဓိက အထောက်အကူ ဖြစ်မယ့် အခန်းကဏ္ဍမှာ ရှိမယ်။

မေး။     ။ စစ်အစိုးရကတော့ လမ်းပြမြေပုံအတိုင်း သွားမှာပဲမဟုတ်လား။

ဖြေ။     ။ ၂၀၁၀ အစောပိုင်းမှာ (ရွေးကောက်ပွဲ) လုပ်မယ် ဆိုရင်တောင် ၁ နှစ် ကျော်ကျော် အချိန် ရသေးတယ်။ နှောင်းပိုင်းမှာ လုပ်မယ်ဆိုရင် ၂နှစ်နီးပါး အချိန်ရသေးတယ်။ ၁ နှစ်ကျော် ၂ နှစ်အတွင်းမှာ အင်အားစုတွေ အားလုံး သေသေချာချာ လုပ်ငန်းစဉ်တခု အောက်မှာ ကျနော်တို့ တွန်းရင် အချိန်ရှိသေးတယ်။ ကျနော်တို့အားလုံး ကျရာအခန်းကဏ္ဍက ဆက်တွန်းရင် ပိတ်နေတဲ့တံခါး ပွင့်နိုင်တယ်။

မေး။     ။ လူထုအုံကြွမှု ဖြစ်လာရင်ကော ဘယ်သူက ခေါင်းဆောင်မှာပါလဲ။ ခေါင်းဆောင်နိုင်တဲ့သူတွေ အကုန် ထောင်ထဲရောက်နေတယ် မဟုတ်လား။

ဖြေ။     ။ အန်အယ်လ်ဒီခေါင်းဆောင်မှု ရှိနေသေးတယ်။ ပြင်ဆင်မှုရှိရင် ခေါင်းဆောင်နိုင်လိမ့်မယ်လို့ ထင်တယ်။ ပြင်ဆင်မှုကို သေချာလုပ်ရမယ်။

မေး။     ။ ၁ နှစ်ကျော် ၂ နှစ် အချိန် ရှိသေးတယ်လို့ ဦးအောင်မိုးဇော် ပြောပေမယ့်၊ ရှေ့မှာ နှစ် ၂၀ လုပ်ခဲ့ပြီးသွားပြီ။ နှစ် ၂၀ ဘာမှ မဖြစ်လာဘဲနဲ့ ဒီ ၁ နှစ် ၂ နှစ်အတွင်း ဘယ်လိုလုပ်မှာလဲ။

ဖြေ။     ။ နှစ် ၂၀ က အချည်းအနှီး ဖြတ်ခဲ့တာတော့ မဟုတ်ဘူး။ နှစ် ၂၀ အတွင်း ကျနော်တို့ ရခဲ့တာ အများကြီးပဲ။ နှစ် ၂၀ အတွင်း ကျနော်တို့ဘက်က ပဲ့တာတွေ၊ လွင့်တာတွေလည်း အများကြီးပဲ။ နအဖ ဘက်က ရှုံးခဲ့တာတွေလည်း အများကြီးပဲ။ သူက နိုင်ငံရေးအင်အားစုတွေကို ဖိနှိပ်ထားနိုင်တာ မဟုတ်ဘူး။ သူကိုယ်နှိုက်က စင်းလုံးချော တိုင်းပြည်ကို အုပ်ချုပ် စီမံနေနိုင်တာ မဟုတ်ဘူး၊ အကယ်၍ နောက်တချီ ကျနော်တို့ ပြင်ပြင်ဆင်ဆင်နဲ့ ရုန်းနိုင်မယ် ဆိုရင် အလှည့်အပြောင်း တခုကို ဖန်တီးနိုင်တဲ့ အခြေအနေရှိတယ်။

မေး။     ။ ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်ပါ့မလား။ ပြည်ပအဖွဲ့အစည်းတွေရဲ့ ဘုံတူညီချက်ကို ဘယ်လိုစည်းရုံးနိုင်မလဲ။

ဖြေ။     ။ ဘယ်အင်အားစုကိုပဲ မေးမေး၊ အဖြေတွေက တယောက်နဲ့တယောက် မကွဲဘူး၊ ကျနော်တို့ မြင်ချင်တဲ့ဟာ လိုချင်တဲ့ဟာ တူကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်သူမှ လက်မခံနိုင်ဘူး ဆိုတဲ့ ဘုံတူညီချက် ရှိတယ်။ အဲဒီကိစ္စက အငြင်းမပွားဘူး။  ဘုံလုပ်ငန်းစဉ် ဘယ်လိုရမလဲ ဆိုရင် အင်အားစုအသီးသီးက သူ့အခန်းကဏ္ဍနဲ့သူ အလုပ်လုပ်ရုံပဲ။

မေး။     ။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအတွက် ဆန္ဒခံယူပွဲ လုပ်တုန်းကလည်း ဒီလိုပဲ ပြောကြတာပဲမဟုတ်လား။ ဒါပေမယ့် စစ်အစိုးရက ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံမဲရတယ် ဆိုပြီး လုပ်လိုက်တယ်လေ။

ဖြေ။     ။ ဆန္ဒခံယူပွဲ ဆိုတာလည်း တိုက်ပွဲတခုပဲ။ ဒီတိုက်ပွဲကို တိုက်တယ်၊ သာမန်အရ ကျနော်တို့ ရှုံးတယ်လို့ ပြောလို့ရတယ်၊  နောက်တိုက်ပွဲတခုကို ကျနော်တို့ ထပ်တိုက်နိုင်အောင် ကြိုးစားမယ်။

မေး။     ။ တိုက်ပွဲရှုံးခဲ့ရင် ဘယ်လိုလုပ်မလဲ။

ဖြေ။     ။ ၂၀၁၀ ကို ရည်ရွယ်ပြီးကို တိုက်ရလိမ့်မယ်။ တပြိုင်နက်တည်းမှာ အဆိုးဆုံး အခြေအနေ အတွက်လည်း နောက်ထပ် ပြင်ဆင်မှုတော့ ရှိဖို့ လိုတယ်။ ၂၀၀၈ မှာ ဆန္ဒခံယူပွဲဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အတင်းအဓမ္မ အတည်ပြုလိုက်တယ်။ အဲဒီဖွဲ့စည်းပုံကို မတိုက်လို့ မရဘူး။ ၂၀၁၀ မတိုင်ခင်မှာ ဒါကို တိုက်ဖို့ လိုမယ်။ ဒါကြောင့်လည်း အန်အယ်လ်ဒီက ဖွဲ့စည်းပုံကို ပြန်သုံးသပ်ဖို့ ပြောထားတယ်။  ဒါကို ၂၀၁၀ မတိုင်ခင် ပြင်နိုင်အောင် ကျနော်တို့ ကြိုးစားမယ်။ မရဘူးလား၊ နောက်တပွဲ ဆက်တိုက်မယ်။

မေး။     ။ ၂၀၁၀ ပြီးသွားရင် နအဖ ထဲမှာ power structure ဘယ်လိုပြောင်းသွားမယ် ထင်သလဲ။ အပြင်က အဖွဲ့အစည်းတွေကော ဘယ်လိုပြောင်းလဲသွားမယ် ထင်ပါသလဲ။

ဖြေ။     ။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားရင်လည်း အခြေအနေက ဒီအတိုင်း ဆက်ရှိနေဦးမှာပဲ။ ရွေးကောက်ပွဲ ပြီးသွားရင် ကျိန်းသေတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသက်သွင်းရမယ်။ အသက်သွင်းရင် တပ်ထဲမှာ အာဏာပြိုင်ဆိုင်မှု ပိုများလာမယ်။ ဘယ်သူ သမ္မတ လုပ်မလဲ၊ ဘယ်သူ ကာကွယ်ရေးဦးစီးချုပ် လုပ်မလဲ။ ကျနော်တို့မှာလည်း စိန်ခေါ် ချက်တွေ ရှိနေတယ်၊ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် နအဖက တစုံတရာ တရားဝင်မှု ရသွားလိမ့်မယ်၊ ကျနော်တို့ တရားဝင်မှုက ကျသွားလိမ့်မယ်၊ အထဲမှာ နိုင်ငံရေးပုံစံသစ် ပေါ်လာလိမ့်မယ်လို့ ခန့်မှန်းမှုတွေ ရှိတယ်။

ကျိန်းသေတာက အခုဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေ ပြေလည်မသွားဘူး။ တိုင်းရင်းသားပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲ။ ၀ ကို ဘယ်လို လက်နက်ဖြုတ်မလဲ။ မွန်ကို ဘယ်လို လက်နက်ဖြုတ်မလဲ။ ကချင်ကို ဘယ်လို လက်နက်ဖြုတ်မလဲ။ ဖြုတ်လို့ မရဘူး။ အဲဒီလိုပဲ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကလည်း ဆက်ရှိနေဦးမှာပဲ။ အားနည်းကောင်း နည်းသွားနိုင်တယ်။ ဆက် တည်ရှိနေဦးမှာပဲ။ ထူးထူးခြားခြား ပြောင်းလာလိမ့်မယ်လို့ မထင်ဘူး။

မေး။     ။ မြန်မာ့အရေးကို အမေရိကန် သမ္မတဘုရှ်က အစွမ်းကုန်လုပ်ခဲ့တယ်လို့ ယူဆလို့ ရမလား။ လက်ရှိသမ္မတကရော မြန်မာ့အရေးကို ဘယ်လောက်အထိ စွမ်းစွမ်းတမံဝင်လုပ်ပေးနိုင်မယ် ထင်ပါသလဲ။

ဖြေ။     ။ သမ္မတဘုရှ်က သူလုပ်နိုင်တဲ့ ဘောင်ထဲကနေ တော်တော်လေး လုပ်ခဲ့တယ်လို့ ကျနော် ထင်တယ်။ သူတို့ ကျနော်တို့ကို အများကြီး လုပ်ပေးသွားတယ်။ အိုဘားမားရဲ့ မူဝါဒသဘောထား ထုတ်ပြန်ချက်ကို ကျနော်တို့ ဖတ်ရတာ ရှိတယ်။ အဲဒီ statement အရ ဆိုရင် သမ္မတဘုရှ် လက်ထက်က ရှိခဲ့တဲ့ မြန်မာ့အရေးအပေါ် သဘောထားနဲ့ ဘာမှ မကွဲပြားဘူး။ အတူတူပဲလို့ ပြောလို့ရတယ်။ မြန်မာပြည်အရေးကို ထိထိရောက်ရောက် အကောင်အထည် ဖော်မယ်ဆိုရင် သူ့အနေနဲ့ တခြားနိုင်ငံတွေကို တွဲခေါ်နိုင်မယ့် အခြေအနေက သမ္မတဘုရှ်ထက်စာရင် ပိုများနိုင်တယ်လို့ ကျနော်တော့ ထင်တယ်။

မေး။     ။ အမေရိကန်ကို ဆန့်ကျင်တဲ့သူတွေကြောင့် ပြီးခဲ့တဲ့ ၈ နှစ်မှာ မြန်မာအတိုက်အခံတွေက မစ္စတာဘုရှ်နဲ့ ရင်းနှီးလာတယ်၊ ။ မြန်မာအတိုက်အခံတွေဟာ အစွန်းရောက်သူတွေ၊ အမေရိကန်ရဲ့လူတွေ၊ အမေရိကန်နဲ့ နီးစပ်တဲ့လူတွေလို့ ဥရောပ နိုင်ငံ တချို့က မြင်ကြတယ်လို့ သိရတယ်။ အတိုက်အခံတွေက သူတို့ကို မစ္စတာဘုရှ် နဲ့ နီးတယ်လို့ အပြောခံရတဲ့အတွက်ကြောင့် စိတ်ညစ်ကြတယ်။ အဲဒီလို ကိစ္စတွေကို ဘယ်လို ရင်ဆိုင် ဖြေရှင်း ကျော်လွှားခဲ့ရပါသလဲ။

ဖြေ။     ။ မြန်မာပြည် ဒီမိုကရေစီအရေးကို ထောက်ခံသူတွေ အားလုံးထဲမှာ အမေရိကန်က အတက်ကြွဆုံးပဲ။ အား အပါဆုံးပဲ။ မစ္စတာဘုရှ်လည်း ဒီအတိုင်းပဲ။ အဲဒီအတွက် သူတို့နဲ့ ကျနော်တို့နဲ့ ပိုရင်းနှီးတယ်လို့ ပြောလာရင်တော့ ကျနော်တို့မှာ ပြန်ပြောစရာ အကြောင်း မရှိပါဘူး။

မေး။     ။ မြန်မာအတိုက်အခံတွေက အနောက်ကို အားကိုးတဲ့၊ မျှော်တဲ့ မူဝါဒ အရမ်းများတယ်လို့ မထင်ဘူးလား။

ဖြေ။     ။ အဓိကက ကျနော်တို့ အကျိုးကို ကျနော်တို့ ကြည့်တာပါ။ ကျနော်တို့ လှုပ်ရှားမှု၊ ကျနော်တို့နိုင်ငံ အပြောင်းအလဲအတွက် ဒီအကျိုးကို ကျနော်တို့ ကြည့်တာပဲ။ အမေရိကန် ကျနော်တို့ကို ထောက်ခံတယ်၊ ပိုထောက်ခံအောင် ကျနော်တို့ လုပ်ရမှာပဲ။ တချို့နိုင်ငံတွေကလည်း ခင်ဗျားပြောသလို ပြောနေတာတော့ ရှိပါတယ်။ တကယ်တမ်းတော့ သူတို့ ဘာမှ လုပ်ပေးတာတော့ မဟုတ်ဘူး။ ဥပမာ စီးပွားရေး ပိတ်ဆို့မှုကို ကြည့်။ ဒါနဲ့ပတ်သက်ပြီး လုပ်သင့်တယ် မလုပ်သင့်ဘူး အငြင်း အပွားဆုံးက ဥရောပနိုင်ငံတွေပဲ။ တကယ်တမ်းတော့ သူတို့ကိုယ်တိုင် ထိထိရောက်ရောက် စီးပွားရေး ပိတ်ဆို့ခဲ့တာ မရှိဘူး။ သူတို့ကိုယ်တိုင် ထိထိရောက်ရောက် လုပ်ခဲ့တာမရှိဘဲနဲ့ မလုပ်သင့်ဘူးပြောတာလည်း သူတို့ပဲ။

မေး။     ။ ဒါပေမယ့် အီးယူက မြန်မာပြည်ထဲကို အကူအညီတွေ အများကြီး ပေးနေတာပဲ မဟုတ်ဘူးလား။ လူသားချင်း စာနာမှုဆိုင်ရာ ရှုထောင့်ကနေပေါ့။

ဖြေ။     ။ လူသားချင်း စာနာမှု အကူအညီနဲ့ ပတ်သက်လို့ ကျနော်တို့ မဆန့်ကျင်ဘူး။ မြန်မာပြည်သူတွေက အကူအညီ လိုတာ အမှန်ပဲ၊ ပေးသင့်တယ်။ တခုကိုတော့ သေချာအောင် လုပ်ဖို့လိုတယ်၊ သူတို့ပေးနေတဲ့ အကူအညီတွေ လူထု လက်ထဲကို ထိထိ ရောက်ရောက် ရောက်သလား မရောက်ဘူလား ဆိုတဲ့ဟာကို သေသေချာချာ သိဖို့ လိုတယ်။ ရောက်အောင်လုပ်ပါ လို့လည်း ကျနော်တို့ ပြောတယ်။ မြန်မာပြည်သူတွေကို များများ အကူအညီ ပေးနိုင်လေ ကောင်းလေပဲ။ ဒါပေမယ့် ပေးတဲ့ အကူအညီတွေက နအဖအိတ်ထဲ မရောက်ဖို့တော့ လိုတယ်။ မေးခွန်းတွေ ထုတ်ရင်တော့ အဲဒီလူတွေက သည်းမခံနိုင် ဖြစ်ကြတယ်။

မေး။     ။ အထဲရော အပြင်ရော အတိုက်အခံတွေ အနောက်ကိုမျှော်တာ အကျိုးရှိလို့ လို့ ပြောတယ်။ ဒါဆိုရင် အရှေ့ဘက်ကို မျှော်တာမျိုးရော ရှိလား။

ဖြေ။     ။ ကျနော်တို့ ကိုယ်တိုင် အာဆီယံထဲမှာ နေနေတာပဲ။ အနှစ် ၂၀ လုံး တရုတ်ကိုလည်း ဆက်ဆံခဲ့တယ်၊ အခုချိန်ထိလည်း လက်မလျှော့သေးဘူး ကြိုးစားတုန်းပဲ။ အာဆီယံနိုင်ငံတွေကိုလည်း ချည်းကပ်တုန်းပဲ။ ကျနော်တို့ကို အစဉ်တဆက် ထောက်ခံနေတာ အနောက်အုပ်စုက ဖြစ်တယ်။ အဲဒီထောက်ခံမှုကို ကျနော်တို့ ယူရမှာပဲ။ မယူလို့ မရဘူး။

မေး။     ။ တရုတ်နဲ့ အာဆီယံကို မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘာလုပ်စေချင်ပါသလဲ။
 
ဖြေ။     ။ အာဆမ် အစည်းအဝေးမှာ တရုတ်ဝန်ကြီးချုပ် သဘာပတိ လုပ်တုန်းက ထုတ်ထားတဲ့ ကြေညာချက် ရှိတယ်။ အဲဒီ ရပ်တည်ချက်အတိုင်း ခိုင်ခိုင်မာမာ ဆက်ရပ်မယ် ဆိုရင် မြန်မာပြည်ကို ပြောင်းအောင် တွန်းနိုင်မယ်လို့ ကျနော် ထင်တယ်။ အထိန်းသိမ်းခံအားလုံးကို လွှတ်ပေးဖို့၊ နိုင်ငံရေး အင်အားစုတွေကို ဖိနှိပ်နေတာတွေကို ရုတ်သိမ်းဖို့၊ အားလုံး ပါဝင်တဲ့ နိုင်ငံရေး process တခုကို သွားဖို့။ ရွေးကောက်ပွဲကို တရုတ်တောင် မပြောဘူးနော်။ အဲဒီအပေါ်မှာသာ သေချာ တွန်းပြီးတော့ ကုလသမဂ္ဂနဲ့ရော နိုင်ငံတကာနဲ့ရော ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် မြန်မာပြည် အပြောင်းအလဲဖြစ်ဖို့ အများကြီး အားရှိလိမ့်မယ်။

မေး။     ။ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးနေတာကို ဘယ်လိုထင်ပါသလဲ။

ဖြေ။     ။ အသုံးဝင်တယ်လို့တော့ ထင်တယ်။ သို့သော် အခုအနေအထားကတော့ မျှော်လင့်ချက် အတော် နည်းတယ်။ သူတို့နောက်မှာ ရပ်တည်မယ့်နိုင်ငံတွေ ကြားမှာ ကွဲပြားနေတယ်။ အားရစရာ မကောင်းဘူး။ မစ္စတာ ဘန်ကီမွန်းတို့ ကိုယ်တိုင် ပိုပြီးတော့ ကြိုးစားသင့်တယ်။ ပြောထားတာတွေကို ထိထိ ရောက်ရောက် ဖြစ်အောင် ဆက်ကြိုးစားသင့်တယ်။

မေး။     ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက် မျှော်လင့်ချက်တခုလို့ ခံယူတုန်းပဲလား။

ဖြေ။     ။ ဟုတ်တယ်။ သူဟာ ကနေ့အထိ အလွှာအသီးသီးရဲ့ ယုံကြည် လက်ခံမှုကို ရထားလို့ မျှော်လင့်ချက် ရှိတယ်။ သူက သင်္ကေတပဲ။ ဒီသင်္ကေတက အသွင်ကူးပြောင်းတဲ့ကာလမှာ သိပ်အရေးကြီးတယ်။ ကျနော်တို့ ပြည်ပရောက် အတိုက်အခံ လှုပ်ရှားမှုကို ကြည့်။ သင်္ကေတ မရှိဘူး။ မရှိတော့ ဟန်ချက်ကို ဘယ်လိုထိန်းလဲဆိုတာ ပြဿနာ ရှိတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်