“တဖက်စောင်းနင်းဖြစ်နေတဲ့ ကိစ္စတွေကို မီဒီယာက ထောက်ပြရမယ်”

Tuesday, 12 July 2011 13:22 အင်တာဗျူး
Print
ဇွန်လ ၃ ရက်နေ့ထုတ် HOT NEWS ဂျာနယ်ပါ “ပုဂ္ဂလိက ဆေးခန်း SSC ၏ ၀န်ဆောင်မှု” အမည်ရှိ မျက်နှာဖုံး ဆောင်းပါးတွင်  ရွှေဂုံတိုင် အထူးကု ဆေးခန်း (SSC) ၏ ဝန်ဆောင်မှု အားနည်းချက်များကြောင့် ပြည်သူလူထု နစ်နာဆုံးရှုံးမှုများ ရှိနေကြောင်း ရေးသားထားသဖြင့် SSC က HOT NEWS ဂျာနယ်ကို အသရေဖျက်မှုတမှု၊ နစ်နာစေမှု လျော်ကြေး ကျပ် သိန်းပေါင်း ၂ သောင်း ရလိုမှု စသည့် အမှု ၂ ခုဖြင့် တရားစွဲဆို လိုက်သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ အယ်ဒီတာချုပ် မဟေမာ (ခေါ်) မမ ကို ဧရာဝတီ သတင်းထောက် နရီလင်းလက်က ဆက်သွယ်မေးမြန်းထားသည်။

HOT NEWS ဂျာနယ် အယ်ဒီတာချုပ် မဟေမာ (ခေါ်) မမ သည် ဒုဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်း၏ သမီးဖြစ်ပြီး ခင်ပွန်း ဖြစ်သူမှာလည်း ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်သည်။

Hot_News_Editor
မေး
။     ။ HOT NEWS ဂျာနယ် စာမျက်နှာပေါ်မှာ “ပုဂ္ဂလိက ဆေးရုံ SSC ရဲ့ ၀န်ဆောင်မှု” ဆိုပြီး ရေးသား ဖော်ပြဖြစ်တဲ့ အကြောင်း သိပါရစေ။

ဖြေ။     ။ SSC မှာဆေးကုသမှု ခံယူပြီး သေဆုံးသွားတဲ့သူရဲ့ မိသားစုက ရက်လည်တဲ့နေ့မှာ SSC ဆေးခန်းရဲ့ ၀န်ဆောင်မှု တွေနဲ့ ပတ်သက်ပြီး ရင်ဖွင့် ပြောဆိုလာတာပါ။ ကျမ အနေနဲ့ ကိုယ့်ဂျာနယ်ရဲ့ သတင်းစာမျက်နှာမှာ ဖော်ပြတဲ့ အကြောင်း အရာ မှန်သမျှ၊ ကိုယ်တိုင် ရေးသားတာပဲ ဖြစ်ဖြစ်၊ ကိုယ့် တိုက်က သတင်းထောက် ရေးသားတာပဲဖြစ်ဖြစ်၊ ပြင်ပ ဆောင်းပါးရှင် ရေးသားတာ ဖြစ်ဖြစ်  ကိုယ်က တာဝန် ယူရမှာ ဖြစ်တော့ မှန်ကန်လားဆိုတာ အချက်အလက် စုရပါတယ်။ ကိုယ်က ဖြစ်ရပ်ကို သေချာ မေးမြန်း စုံစမ်းပြီး အချက်အလက်စုတာ အပြင်၊ ပုဂ္ဂလိက ဆေးရုံတွေ အပေါ်မှာ ပြဌာန်းထားတဲ့ ၂၀၀၇ ဥပဒေ ပြဌာန်းချက် ဆိုတာ ရှိတယ်။ တချို့ ၀န်ဆောင်မှုတွေမှာ အားနည်းချက် လေးတွေ ရှိတဲ့အပြင် ပြည်သူလူထု နစ်နာနေတာ လေးတွေ တွေ့လို့ ဖော်ထုတ် ရေးသားပြတဲ့ သဘောပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ဆိုတာ အများ ပြည်သူအတွက် အရမ်းကို အရေးကြီးတယ်လို့ ခံယူထားတာကြောင့် သေချာ လုပ်ဖြစ်ခဲ့ပါတယ်။

ဆရာဝန်က ဆေးကုရမှာ ဖြစ်သလို၊ ကျောင်းဆရာက စာသင်ရမှာပဲ။ ဒီလိုပဲ သတင်းသမားက ပြည်သူလူထု နစ်နာနေတဲ့ ကိစ္စ တခုကို စာမျက်နှာပေါ်ကို အချက်အလက်မှန်တယ်ဆို ဖော်ပြရမှာပဲလေ။ မီဒီယာသမားတယောက် အနေနဲ့ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်တာလို့ ခံယူထားတယ်။ လူပုဂ္ဂိုလ် အနေနဲ့ ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒမရှိဘူး။

မေး။     ။ ပုဒ်မ ၂ ခုနဲ့ တရားစွဲဆို ခံထားရမှုအပေါ်မှာ ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားဖို့ရှိလဲ။

ဖြေ။     ။ လောလောဆယ် ကိုယ်က တရားခံနေရာ၊ တရားစွဲ ခံထားရတဲ့ နေရာမှာ ရောက်နေတော့ မိန်းကလေးဖြစ်တဲ့ အပြင် ဒီလိုမျိုးတွေ မကြုံဘူးတာကြောင့် မကြောက်ဘူးလို့ ပြောရင်လည်း လိမ်ရာကျမှာပါ။ ကျမ ရင်ဆိုင်ရတဲ့ တဘက်က အင်အား ကြီးတာလည်း တခုပါတယ်။ ဒါပေမယ့် သတင်းသမားတယောက်ရဲ့ ကျင့်ဝတ်ဖျက်ပြီး ထိခိုက်နစ်နာစေတဲ့ ဆန္ဒသဘောထားနဲ့  ပုတ်ခတ် ရေးသားထားတာ မရှိတာကြောင့်ရယ်၊ နောက်တခုက အများပြည်သူ နစ်နာတဲ့ ကိစ္စတခုကို လုပ်လိုက်မိလို့ အခုလို တရားစွဲခံရတာ ဖြစ်တာကြောင့် သတ္တိမွေးပြီး ရင်ဆိုင်သွားဖို့ စိတ်ကူးတယ်။ ကျမဘက်က ရုံးတော်မှာ တရားဥပဒေ လမ်းကြောင်းအတိုင်း ရင်ဆိုင်ဖြေရှင်းသွားမှာပါ။

မေး။     ။ လက်ရှိ အခြေအနေမှာ သတင်းမီဒီယာတွေ လွတ်လပ်စွာရေးသားခွင့်နဲ့ ပတ်သက်ပြီး ရနေကြတယ်လို့ ပြောဆိုကြ တယ်။ အခုဖြစ်သွားတဲ့ ကိစ္စရပ်ကြောင့် တစုံတရာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်ထင်လား။

ဖြေ။     ။ လက်ရှိ အမတို့ တိုင်းပြည်က ဒီမိုကရေစီနိုင်ငံကို အသွင်ကူးပြောင်းနေတဲ့ အချိန်ဖြစ်တယ်။ အားလုံးကတော့ ကိုယ့် တိုင်းပြည်ကို ကောင်းစေချင်ပါတယ်။ ဒီလို စနစ်တခုကို ပြောင်းလဲနေတဲ့ အချိန်မှာ အုပ်ချုပ်တဲ့ အကြီးအကဲသာမက တိုင်းသူ ပြည်သားတွေကပါ ၀ိုင်းလုပ်ရမယ့် အချိန်တခုလို့ မြင်ပါတယ်။ ဒီအချိန်မှာ တဖက်စောင်းနင်း ဖြစ်နေတဲ့ ကိစ္စရပ်တွေကို မီဒီယာ က ထောက်ပြရမယ်၊ ဝေဖန်ရမယ်။ တိုင်းသူပြည်သား အများမြင်အောင် ချပြရမှာ ဖြစ်သလို၊ အကြီးအကဲတွေ မြင်အောင် ရေးပြရမယ်။ ဒါသည် မီဒီယာ တာဝန်ဖြစ်တယ်။

နစ်နာနေတဲ့ မိသားစု ကိုယ်တိုင်က လာပြောတာကို စာမျက်နှာပေါ်ကို တင်ပေးချိန်မှာ နစ်နာစေလိုတဲ့ ဆန္ဒမရှိဘဲ ၀န်ဆောင်မှု အားနည်းတာကို ထောက်ပြဝေဖန်တဲ့ သဘောပါပဲ။ မီဒီယာမှာ ပွင့်လင်းတိုးတက်မှု ရလာသလို၊ တဘက်မှာလည်း ပွင့်လင်းတိုး တက်ပြီး လွတ်လွတ်လပ်လပ် ထောက်ပြဝေဖန်တာကို လက်ခံနိုင်ဖို့လိုတယ်။ ဒီအချက်ကို သတိလစ်နေတယ်လို့ မြင်တယ်။

မေး။     ။ လက်ရှိ မီဒီယာ လောကမှာ စာပေ လွတ်လပ်စွာရေးသားခွင့်၊ မှန်ကန်တဲ့ အချက်အလက်တွေကို ကိုင်စွဲပြီး ထောက်ပြ ဝေဖန်ခွင့်တွေ ရလာပြီလို့ ထင်ပါသလား။

ဖြေ။     ။ တိုင်းပြည် စနစ်ပြောင်းနေတဲ့ ကာလမှာ ဥပဒေပြဌာန်းချက်တွေတောင် ပြောင်းနေတာပဲ၊ ပြောင်းသင့် ပြောင်းထိုက် တဲ့ စာပေလွတ်လပ်စွာ ရေးခွင့်တွေ ရမယ်လို့ ယုံကြည်တယ်။ မီဒီယာ သမားတွေ အနေနဲ့ ထောက်ပြဝေဖန်တဲ့ အမြင်အာရုံက စူးရှထက်မြက်ပါတယ်။ တိုင်းပြည် တည်ဆောက်ရေးမှာ ထောက်ပြဝေဖန်မှုက အင်မတန် အသုံးဝင်တယ်၊ အကျိုးပြုတယ် ဆိုပြီး နိုင်ငံတော် အကြီးအကဲတွေက လက်ခံယုံကြည်တယ်လို့ ပြောတယ်။ ပြောတဲ့ လူတွေက နိုင်ငံတော် အကြီးအကဲတွေ  ဖြစ်တော့ သူတို့ဂုဏ်ဒြပ်နဲ့ သူတို့ပြောတဲ့ စကားကို  တာဝန်ယူတဲ့ လူကြီးလူကောင်း တွေဖြစ်မယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် အများနဲ့ လုပ်ရမှာဖြစ်တော့ ချက်ခြင်းမပြင်နိုင်တဲ့ လူတန်းစားအနည်းငယ် အတွက်ကတော့ ဖြစ်လာမယ့် ဘေးထွက် ဆိုးကျိုးတွေကို အသွင် ကူးပြောင်းနေတဲ့ ကာလမှာ သည်းခံ စိတ်ရှည်ရမယ်လို့ မြင်ပါတယ်။

မေး။     ။ နစ်နာကြေး အနေနဲ့ ကျပ် သိန်းပေါင်း ၂ သောင်း တောင်းတဲ့အပေါ်မှာ ဘယ်လို ယူဆလဲ။

ဖြေ။     ။ လွန်ခဲ့တဲ့ ၁ နှစ် ခိုင်ရွှန်းလဲ့ရည် သေဆုံးသွားတုန်းက SSC က နစ်နာကြေး ကျပ်သိန်း ၁၀၀၀ ပေးခဲ့တာကို ပြန်သတိ ရမိတယ်။ လူ့အသက်ထက် တန်ဖိုးရှိတာ မရှိပါဘူး။ ဆင်းရဲသား တယောက် သေသေ၊ ၀န်ကြီးချုပ် တယောက်ပဲ သေသေ အသက်တချောင်းက အသက်တချောင်းပါပဲ။ သူများအသက် တန်ဖိုးက သူတို့အမှားဖြစ်လို့ သေဆုံးသွားစဉ်က သိန်း ၁၀၀၀ နဲ့ ပြီးသွားတယ်။ အခု သူတို့ ကျဆင်းသွားတဲ့ ဂုဏ်သိက္ခာအတွက် သိန်း ၂ သောင်းတန်လားဆိုတာ ကျမ သူတို့ ဂုဏ်သိက္ခာ တကယ် ရှိမရှိ ရှာဖွေကြည့်ပါဦးမယ်။

မေး။     ။ လက်ရှိ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်နဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနဲ့ အညီ အဂတိ လိုက်စားမှုမရှိဘဲ မှန်ကန်တဲ့ တရားစီရင်ချက်ကို ရမယ်လို့ မျှော်လင့်ပါသလား။

ဖြေ။     ။ ဥပဒေပြဌာန်းချက်ဆိုတာ နိုင်ငံတိုင်းမှာ လူတန်းစားမရွေးကို အကာအကွယ်ပေးဖို့ ပြဌာန်းထားတာပါ။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေ တခုကလည်း ဘက်လိုက်မှုမရှိဘဲ သာတူညီမျှ ပြဌာန်းထားတဲ့ ဥပဒေ တခုလို့ ယုံကြည်ပါတယ်။ တခုရှိတာက တရားစီရင်ရေး မဏ္ဍိုင်နဲ့ ပတ်သက်ပြီး ကျမ ပြောချင်တာက ဘယ်နေရာ ဘယ်အရပ် ဒေသမှာ ဖြစ်ဖြစ် သက်မဲ့ ဥပဒေ ပြဌာန်းချက် တွေက သမာသမတ် ရှိရှိ သူ့ဟာသူ တည်ရှိနေတာပါ။ ဒီဟာအပေါ်မှာ အသုံးပြုပြီး လုပ်ခွင့်ရတဲ့ တရားရေး ၀န်ထမ်းတွေထဲမှာ သမာသမတ်ကျတဲ့ တရားသူကြီးတွေ ရှိသလို၊ ငွေကြေးလာဘ်လာဘ မက်တဲ့ တရားသူကြီးတွေလည်း ရှိကောင်း ရှိပါမယ်။ ဘယ်လို စိတ်သဘောထားရှိတဲ့ တရားသူကြီးရဲ့ တရားခွင်ထဲကို ဒီအမှုက ရောက်မလဲ ဆိုတာကို မမျှော်မှန်း နိုင်ပါဘူး။ ကျမ ဘက်ကတော့ အမှန်တရား ပေါ်ပေါက်လာမယ်လို့ လက်ခံယုံကြည်ပါတယ်။     ။