ယဉ်ကျေးမှုကို မော်ဒန်ထဲ ထည့်ရေးတဲ့ တင်မောင်ဦး

ယခု ပန်းချီ တင်မောင်ဦးသည် ၁၉၇၂ ခုနှစ်မှစတင်၍ ပန်းချီပညာကို ပန်းချီ ဆရာများ ဖြစ်သော ကိုရွှေအောင်သိန်း၊ ဘိုကြည်၊ မြင့်စန်း တို့ထံမှ လေ့လာခဲ့ပြီး ၁၉၈၆ နောက်ပိုင်းတွင် လက်ရှိရေးဆွဲလျှက်ရှိသည့် မော်ဒန် ပန်းချီ ကျူဗစ်ဇင် (Cubsim) ကို စိုက်လိုက်မတ်တတ် ရေးဆွဲခဲ့သူဖြစ်သည်။

၎င်းသည် ၁၉၉၄ ခုနှစ်ခန့်မှ စ၍ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဂျပန် အစ ရှိသည့် နိုင်ငံတကာ ပြပွဲများ၊ အဖွဲ့လိုက်ပြပွဲများနှင့် တကိုယ်တော်ပြပွဲများအပါအ၀င် ပြပွဲပေါင်း ၃၀ နီးပါး ပြသခဲ့ပြီး ပန်းချီကား ရောင်းချရမှုအများဆုံး စာရင်းဝင် မြန်မာ ပန်းချီဆရာ တဦးဖြစ်သည်။

လတ်တလော ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သုဝဏ္ဏဘူမိ ပန်းချီပြခန်းတွင် ဇန်န၀ါရီ ၁၀ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက် အထိ ပြသနေသော တကိုယ်တော်ပြပွဲနှင့် ပတ်သက်ပြီး ပန်းချီ တင်မောင်ဦးကို တွေ့ဆုံမေးမြန်း၍ ဖော်ပြလိုက်ပါ သည်။

မေး။     ။ ဒီပြပွဲထဲက Bagan Dream (ပုဂံအိပ်မက်) စီးရီးတွေမှာ ရုပ်တုတွေနဲ့ရောရေးထားတာတွေ တွေ့ရတယ်၊ အတွေးပါတယ်လို့ ထင်ပါတယ်၊ အဲဒီကားတွေကိုဘယ်လိုရည်ရွယ်ချက် ခံစားမှုနဲ့ရေးဖြစ်သလဲ ဆိုတာပြောပြပါ လား။

ဖြေ။     ။ ကျနော် ပုဂံကို နှစ်စဉ်သွားတယ်၊ ဒီလို လပေါ့၊ ဗမာလို ဆို ပြာသိုလ၊ ကျနော် အဲဒီ အရုပ်လေးတွေကို ဓာတ်ပုံရိုက်တယ်၊ တချို့ အရုပ်ကလေးတွေ ပျက်လုနီးပါးဖြစ်နေပြီ ဗျ၊ ပျက်သွား မှာ နှမြောစရာဗျ၊ နောက် ကျနော် ပုဂံနဲ့ ပတ်သက် တဲ့ ပန်းချီကားရေးချင်တော့၊ အဲဒီ အရုပ်လေးတွေကို ကျနော် ကျူဗစ်ဇင်(Cubsim)ထဲ ထည့်ဆင်လိုက်တာပဲ၊ နောက် ပုဂံမှာ ပဲ ဘုန်းကြီးကျောင်းတကျောင်း သစ်သား ကျောင်းကြီးတကျောင်းတွေ့ တယ်၊ အဲဒီမှာ စုလစ်မွန်း ချွန် တွေရှိတယ်၊ ဘေးမှာက အလွန်ပေါ့ပါးတဲ့ အကောင် ငှက်တောင်ပံလို ငှက်တွေ စုလစ်မွန်းချွန်ထဲမှာ ထည့် တယ်၊ ဒါပေမယ့် အဲဒီကြားထဲမှာ ဆင်ခေါင်းကြီးသွားတွေ့တယ်၊ ကျနော်လည်း ကျနော့် ပန်းချီကားထဲမှာ ကျနော့်စိတ်ကူးနဲ့ ကျနော် ဒီကအရုပ်ရယ်၊ ဒီက ပန်းခက်ရယ် ထည့်လိုက်တာ၊ အဲဒါ ကြောင့် ဒီကားတွေကို ပုဂံလို့ အတိအကျ မပြောဘဲနဲ့ Dream ဆိုပြီး နာမည်ပေးထားတာ။

ပြီးခဲ့တဲ့ သြဂုတ်လလောက်မှာ မိုးတွင်းကြီး တခါမှမရောက်ဘူး ဘဲနဲ့ ကျနော် ပုဂံကို ရောက်သွားတယ်၊ အဲဒီမှာ ချောင်ထဲမှာ စေတီတဆူ၊ အရုပ်က ဒေါင်းရုပ်၊ အဲဒါမျိုး တွေတွေ့ပြီး ကျနော် ဓာတ်ပုံရိုက်ခဲ့တာကို ထည့်ရေးတာ၊ အဲဒီအရုပ်ကလေးတွေကို နောင် မတွေ့တော့ မှာ စိုးတာလည်းပါတယ်၊ ဓာတ်ပုံရိုက်ထားတာကို ပန်းချီကား အနေနဲ့ ပြန်ဖော်ပြတာပါ။

မေး။     ။ အခု ပြပွဲမှာ Village market တို့ ၊ Monastery တို့ ၊ ဧရာဝတီ စီးရီး၊ နောက်ပြီးတော့ တွေ့သေးတယ်၊ အ၀တ်ဆိုင်လေး တဆိုင် (Cloth Shop)၊ အဲဒီကားတွေက မြန်မာမှုတွေကို ပြနေတယ်။

ဖြေ။     ။ အဲဒီ အ၀တ်ဆိုင်ကလေးက ပြီးခဲ့တဲ့ အာနန္ဒာ ဘုရားပွဲမှာ ရောင်းတဲ့ဆိုင်ကလေး၊ ဘုရားပွဲမှာ ရွာကလာ တဲ့လူတွေ ၀ယ်ကြတာ၊ အဲဒီဆိုင်ကလေးက ဆိုင်တန်းကြီးတွေရဲ့ တစိတ် တဒေသပဲ၊ အဲဒီ ဆိုင်ကလေး ကျနော် အရမ်းသဘောကျတာ၊ အရင်လည်း အဲဒီလိုမျိုးတွေ ရေးဖူးတယ်။

ဘုရားပွဲက ပြာသိုလဆန်းကနေ လပြည့်အထိကျင်းပတာ၊ လပြည့် နီးလာရင် လှည်းဝိုင်းတွေကပိုများလာတယ်၊ အာနန္ဒာ ဘုရားပွဲက ပုဂံမှာ ဒီနှစ်အတွက်နောက်ဆုံးပွဲ၊ အကြီးဆုံးပွဲပဲ၊ အဲဒီပွဲကို ရွာနီးချုပ်စပ် အကုန်လာကြတာ၊ လှည်းတွေနဲ့ လာကြတယ်၊ သူတို့ပါလာတဲ့ ပစ္စည်းတွေလည်းရောင်းတယ်၊ ရောင်းစရာရှိတာရောင်းပြီးတော့ ဘုရားဖူးမယ်၊ လှူမယ်တန်းမယ်၊ အဘွားကြီးတယောက်ဆို ကျနော်တွေ့ဖူးတာ၊ ဘုရားကို သူ့ရဲ့ မြေပဲတွေ နဲ့ ပူဇော်တာ၊ ဘုရားကိုမြေပဲတွေနဲ့ကြဲတာ၊ သူတို့ကောက်ပဲ သီးနှံတွေ အောင်မြင်ဖြစ်ထွန်းအောင်ဆိုတဲ့သဘော ဒီပွဲကိုလာတာ၊ သူတို့ လှည်းဝိုင်းတွေနဲ့ ချက်ပြုတ်စားသောက်တာ အရမ်းပန်းချီ ဆွဲလို့ကောင်းတယ်၊

ဘုရားပွဲပြီးဖို့ ၃ ရက်လောက်အလိုမှာဆို လှည်းတွေ အရမ်းကြပ်တာပဲ၊ လှလည်း အရမ်း လှ၊ ပြာသိုလပြည့်နေ့ မနက်က စိတ်ဝင်စားဖို့ အကောင်းဆုံးပဲ၊ ရှိသမျှ တိုးရစ်တွေလည်း အကုန်လာတယ်၊ ဆွမ်းလုံး လောင်တယ်လို့ ခေါ်တယ်၊ သပိတ်လုံးတွေနဲ့ လောင်းတာကိုပြောတာ၊ ခုံတန်းကြီး တခါတည်း ခင်းလိုက် တယ်၊ ဆွမ်းလောင်းမှာ တွေ လှူဖွယ်ပစ္စည်းတွေကို အကုန်လုံးတင်ထားပြီးတော့ ကြွတဲ့သံဃာတွေကို လောင်းတာ၊ ရွာနီးချုပ်စပ်က ရှိ သမျှ သံဃာတော်တွေ အကုန်ကြွတာ၊ အာနန္ဒာ ဘုရား ရင်ပြင်တခုလုံးမျာပြည့်နေ တာ၊ အဲဒါကို ဓာတ်ပုံရိုက်ကြ တယ်၊ ဓာတ်ပုံဆရာတွေ၊ ပန်းချီဆရာတွေ၊ နိုင်ငံခြားသားတွေအကုန်လုံး။

အဲဒီလို ဆွမ်းလောင်းပြီးတာနဲ့ ဘုရားပွဲပြီးသွားပြီ၊ ဘာလို့လဲဆိုတော့ ရှိသမျှ အကုန်ပြန်တာ၊ အဲဒါက စိတ်ဝင်စားဖို့ ပိုကောင်းတယ်၊ သူတို့ပစ္စည်းတွေက သိမ်းပြီးသား၊ ကိုယ်ရွာကိုယ်ပြန်ကြပြီ၊ အဲဒီမှာ လှည်းတန်းကြီးက ဘုရားကြို ဘုရားကြားက ထွက်လာတာ၊ နေလေးကလည်း အတက်လေး၊ မနက်က ဆွမ်းလောင်းတာက ၆ နာရီလောက်ဆို တော့ နေကလည်း တက်လာပြီ၊ အဲဒီအချိန်မှာ ဓာတ်ပုံဆရာတွေက စောင့်ရိုက်တာ၊ အဲဒါက အမြဲမြင်ရတာ မဟုတ်ဘူး၊ ဘုရားပွဲကျမှ မြင်ရတာ၊ ပန်းချီဆရာတွေကလည်း ဓာတ်ပုံရိုက်ပြီး ပြန်ရေး။

မေး။     ။ ဆရာ့ ပန်းချီတွေရေးတဲ့ ရေးဟန် နည်းစနစ်က မော်ဒန်၊ Subject တွေက မြန်မာ ဆန်တာတွေ့ရတယ်၊ ဘာလို့လဲ။

ဖြေ။     ။ တယောက်က ကျနော့်ကို ပြောဖူးတယ်၊ ကျနော့်ကားတွေကို ကြိုက်တာ မြန်မာဆန်လို့တဲ့၊ ကားတွေက ဗမာဖြစ်လို့ တဲ့ ၊ ကျနော်လည်း ၀မ်းသာပါတယ်၊ အဲဒီလိုဖြစ်အောင်လည်းလုပ်နေတာ၊ ကျနော်က ကျနော့်ရင်ထဲ မှာ က မြန်မာ့ယဉ်ကျေးမှု ရေးနည်းကသာမော်ဒန်၊ ကျနော့်ဆရာတွေဆီက အခြေခံပဲ၊ အထူးသဖြင့် မြန်မာပြည် အနှံ့ ရောက်ဖူးတဲ့အထဲမှာ ကျနော်ရေးရတာအကြိုက်ဆုံးက အညာပဲ၊ အညာ Subject တွေ ရေးရတာ ကျနော် အရမ်း သဘောကျတယ်၊ စေတီပုထိုး ဖြူဖြူတွေ၊ သစ်ပင်ကြီးကြီးတွေ၊ ရွာသူရွာသားတွေရယ် အရမ်းသဘောကျ တာ၊ အခုပြပွဲမှာကတော့ ပုဂံ စီးရီးတွေကို အကြိုက်ဆုံးပဲ၊ ထားခဲ့တဲ့ ပုဂံ ကားတွေရှိသေးတယ်၊ အရောင်ကလည်း အရာင်နွေးလေးတွေပေါ့၊ Warm color တွေ ကြိုက်တယ်၊ အရောင်အပြင်းတွေ မကြိုက်ဘူး။ ဘုန်းကြီးကျောင်း တို့၊ ထန်းပင်တို့ ၊ ငှက်ပျောပင်တို့ ၊ ဘုန်းကြီးတို့ အဲဒါတွေကို တော်တော်များများရေးဖြစ်တယ်၊ ကြိုက်တယ်ဗျ၊ ရှေးဘုန်းကြီးကျောင်းကြီးတွေ တွေ့ရင် အသည်းအသန်ပဲ ကျနော် ဓာတ်ပုံရိုက်ထားတာ။

ဟို ပုဂံ အိပ်မက် ၅ ဆိုတဲ့ အနီရောင် ကားလေးထဲက အရုပ်ကလေး ပြောစရာရှိသေးတယ်၊ အဲဒီအရုပ်ကလေးက လည်း ဒေါင်းရုပ် ကလေးပဲ၊ အဲဒါလည်း ကျနော် ကြိုက်တယ်၊ ကုသိုလ်တော်ဘုရားက ဒေါင်းရုပ်ကလေးတွေ လည်း ကျနော် သိပ်ကြိုက်တာပဲ။

မေး။     ။ ဘာကြောင့် Cubic ပန်းချီတွေကို ရေးဖြစ်တာပါလဲ။

ဖြေ။     ။ ကျနော်က မော်ဒန် အတ်ကိုကြိုက်တယ်၊ ငယ်ငယ်လေးကတည်းကကြိုက်တယ်၊ ကြိုက်ပြီးတော့ ကျနော် နီးစပ်တဲ့ တွေ့ဖူးတဲ့ ပန်းချီကားတွေ လျှောက်ကြည့်တာပေါ့၊ မော်ဒန်နဲ့ပတ်သက်လို့ ကျနော်တို့ အနားမှာ အိမ်နီး နားချင်း ဆရာဝန် ဒေါက်တာစန်းမြင့် ဆိုတာရှိတယ်၊ သူတို့ရေးတာတွေတွေ့ရတယ်၊ ပန်းချီရေးတာ စမေးဖူးတယ်၊ အခု တော့ အင်္ဂလန်မှာ၊ သူက ဆရာ ဦးခင်မောင်ရင်တို့ ပန်းချီ ဆရာပေါ် (ပေါ်ဦးသက်) တို့ အုပ်စုတွေနဲ့ ပြပွဲတွေ ဘာတွေပြနေတယ်၊ ကျနော်က ပြပွဲတွေတော့ မကြည့်ဖူးဘူး၊ ဒါပေမယ့် အနီးစပ်ဆုံးပန်းချီကား တွေရှိတယ်။

အဲဒီချိန်မှာကတည်းက ကျနော်က အဲဒီစိတ် ရှိနေတယ်၊ ကျနော်မော်ဒန်အတ်ကို ရေးချင်တယ်၊ အဲဒီလိုကနေ နောက် မန္တလေးက မော်ဒန်အတ်ရေးတဲ့ ဆရာဦးခင်မောင်(ဘဏ်)ပေါ့၊ သူတို့တွေ ပြပွဲလာပြတယ်၊ ဆရာ ဦးခင်မောင် ရယ်၊ ဆရာ ဦးဝင်းဖေရယ်၊ ကိုပေါ်သိမ်းရယ်၊ ကိုအောင်တိတ်ရယ်၊ ကိုအောင်ဝင်းရယ်၊ အခု သူက ပန်းချီလောက မှာမရှိတော့ဘူး၊ ရွှေချည်ထိုး ကိုစိန်မြင့်ရယ်၊ သူတို့ ၆ ယောက် ပြပွဲ၊ ကျနော် အဲဒီပြပွဲကို ရောက် သွားတယ်။

အဲဒီ ပန်းချီပြပွဲ နာမည်က မုတ်သုန်တဲ့၊ အရမ်းကောင်းတယ်၊ အဲဒီမှာ ကြည့်ပြီးတော့ အရမ်းကြိုက်တာပဲ၊ ၁၉၇၄ လောက်ထင်တယ်၊ အဲဒီမှာ ဆရာ ဦးခင်မောင်ရေးတာ အားလုံးလိုလို အကုန်ကြိုက်တယ်၊ မြန်မာဆန်တယ်၊ ကျနော်ကလည်း အဲဒီလိုကြိုက်တာနဲ့ မြန်မာကို ကျူဗစ်ဇင် ထဲထည့်ရေးတာ၊ ဆရာ ဦးခင်မောင် တို့ ရေးရင်၊ ဆိုပါတော့ ထန်းတောထဲမှာ ထန်းရည် သောက်နေတဲ့ အုပ်စုလေးပေါ့၊ ထန်းရည်မူးနေကြတဲ့ လူငယ် အဖွဲ့တွေ ပေါ့၊ အဲဒီမှာ ထန်းရည် မြူအိုးထဲက ထန်းရည်က ပုစွန်ဆိတ်လေးတွေ ခုန်နေသလို ပြောက်ပြောက် ပြောက်ပြောက် လေးတွေ၊ အဲဒီလိုမျိုးလေးတွေအထိပါတယ်။

နောက် ဘုန်းကြီးကျောင်း အဟောင်းကြီးတွေ၊ မန္တလေးက မဟာမြတ်မုနိတို့၊ ကုသိုလ်တော်တို့ အဲဒါတွေ ရေးတာ၊ အခုထက်ထိ မျက်လုံးထဲမှာမထွက်တာက ဆရာ ဦးခင်မောင် ရေးတဲ့၊ သူက အပြားလိုက်ကြီး ကျူဗစ်ဇင်ပဲ၊ ဒါပေ မယ့် ကျူဗစ်ဇင်မှာ ပီကာဆိုတို့ စရေးခဲ့တဲ့ ထောင့်ဖြတ်တွေမှာ အပြားလိုက်တွေ ရေးတာ၊ အဲဒီ ပန်းချီကား က၊ မန္တလေး မဟာမြတ်မုနိ အ၀င်မှာ တိုင်ကြီးတွေရှိတယ်၊ အဲဒီ တိုင်ကြီးတွေရဲ့ အရိပ်က အောက်အထိ ဆင်းသွား တာ၊ အဲဒီအရိပ်ကို တခါတည်း အတွဲလိုက်ကြီးရေးထားတယ်၊ လေးထောင့် ကွက်ကြီး၊ အဲဒီမှာမှ မဟာမြတ်မုနိ ရုပ်ပွားတော်ကို တည့်တည့် မမြင်ရဘူး၊ ခပ်စောင်းစောင်းလေး၊ ပါတောင် မပါဘူး၊ အရိပ်ကလေးပဲ၊ အဲဒီမှာမှ ထိုင်ပြီးတော့ စကားပြောနေကြတာရယ် ပန်းသွားကပ်မယ့် ဘုန်းကြီးရယ်၊ အဲဒါတွေကိုရေးတာ အရမ်းကောင်း တယ်၊ ကြိုက်ပြီး ကျနော်လည်း အဲဒီလိုတွေလိုက်ရေးကြည့်တာ၊ ဆရာပေါ်ဦးသက်နဲ့တွေ့ရင် ဆရာပေါ်ဦးသက် ရေးတာ ထိုင်ကြည့်ပေါ့၊ စကားပြောရင် ထိုင်ပြီးနားထောင်၊ အဲဒီ ဗဟု သုတတွေနဲ့ ပြန်ပြီးလေ့ကျင့်ရတာ၊ အဲဒီ သူတို့ရေးတဲ့ စတိုင် ဗမာ Subject တွေ ကို။ ရန်ကုန်မှာ ၇၁ ခုနှစ်လောက်က ပန်းချီကျောင်း ၃ လလောက် တော့ တက်ဖူးတယ်၊ ဆရာကြီး ဦးသုခ လက်ထက်မှာ တက်ဖူးတာ၊

ကျူဗစ်ဇင်ကို ရေးနေရင်းက ပန်းချီက အခြေခံကို မရေးရင် မဖြစ်ဘူးဆိုတာ ကျနော့် စိတ်ထဲမှာ သိလာတယ်၊ အခြေခံ ရီရယ်လစ်ဇင်(realism)ကို လေ့ကျင့်ရတယ်၊ များသောအားဖြင့် မော်ဒန်အတ်ဆိုတာ ရီရယ်လစ်ဇင်ကို ရေးပြီးမှရေးတယ်ဆိုတာ တချို့က မသိဘူး၊ ဆရာ ဦးခင်မောင်တို့ ကျူဗစ်ဇင်ကို အပြားလိုက်ရေးတာပဲ၊ ဒါပေမယ့် သူတို့လည်း ရီရယ်လစ်ဇင်ကို ရေးခဲ့တယ်။

မေး။     ။ အဲဒီလိုတွေရေးလာပြီးတော့ ကျူဗစ်ဇင်ကို ဘယ်လို ပြောင်းလာသလဲ။

ဖြေ။     ။ ကျနော်က ပန်းချီကားတွေ ရေးတယ် ပြပွဲမှာ တင်တယ်၊ မော်ဒန်ရေးတဲ့ ပန်းချီကားတွေရောင်းရတယ်၊ ရီရယ်လစ်ဇင်လည်း အသင့်အတင့်ပေါ့၊ လိပ်ခုံး မှာ ပြပွဲ လုပ်တော့ ကျနော့် ကျူဗစ်ဇင်ကားလေးတွေ ရောင်းထား ရတယ်၊ အဲဒီမှာ ဆရာကြီးကိုရွှေအောင်သိန်းက မင်းကွာတဲ့ ငါက ရောင်းရလို့ ပြောတာမဟုတ်ဘူးတဲ့၊ ဟိုဟာတွေ လုပ်မနေပါနဲ့ကွာတဲ့ ဒါပဲလုပ်ပါဆိုပြီး ကျူဗစ်ဇင် ပဲရေးခိုင်းတာ၊ ဆရာကြီးက အဲဒီလိုပြောလိုက်တော့ ကျနော်က ဘာဖြစ်သွားသလဲဆိုတော့ စိတ်ထဲမှာ သတ်သတ် မှတ်မှတ် ဖြစ်သွားတယ်၊ အဲဒါနဲ့ ၁၉၈၆ မှာပြောင်းလိုက်တာ၊ အရင်တုန်းကတော့ ရောနေသေးတယ်၊ လုံးဝပြောင်းပစ် လိုက်တာ၊ အခုရေးတဲ့ စတိုင် ကျူဗစ်ဇင်ကိုပြောင်းပစ် လိုက်တယ်၊ သတ်သတ်မှတ်မှတ်ကို ရေးတာ။ အခုဆို ကျနော့်နောက်က လိုက်ရေးတဲ့ လူတွေ ရှိနေပြီ။

မေး။     ။ ဆရာက နိုင်ငံတကာ ပြပွဲတွေလည်း တော်တော်များများပြဖူးတော့ နိုင်ငံတကာ အတွေ့အကြုံကိုလည်း ပြောပြပါဦး။

ဖြေ။     ။ ကျနော် စင်္ကာပူမှာ စပြတာပါ၊ ကျနော်တို့ တော်တော်များများ စပြတဲ့ ခောတ်ဦးလို့ ပြောလို့ ရမှာပေါ့၊ ကိုမင်းဝေအောင်၊ ကိုဘိုကြည်၊ ကိုမျိုးသန့်အောင်၊ နောက် ကိုဇော်ဇော်အောင်တို့၊ ကျနော်နဲ့ မင်းဝေအောင်နဲ့ ကိုဇော်ဇော်အောင်ကို အဲဒီက ကန်ထရိုက်လုပ်တယ်၊ စာချုပ်တွေဘာတွေနဲ့ လုပ်ရတယ်၊ သူ မြန်မာပြည်ရောက် လာတယ်၊ ပထမ တသုတ် ကျနော် မပါဘူး၊ ရောက်လာပြီးတော့ ပန်းချီကားတွေလာဝယ်တယ်တဲ့၊ လာပြီး စုဆောင်းတာပေါ့၊ ပြပွဲပြမလို့တဲ့၊ ဒုတိယတခါ စုဆောင်းတော့ ကျနော်က ပြပွဲပြတာနဲ့ လာကြုံနေတယ်၊ ကျနော့် ပန်းချီကားတွေအကုန်လုံး ၀ယ်သွားတယ်၊ ကျနော်ကလည်း တခုတော့ စိုးရိမ်တယ်။ ဟိုမှာ ပြပွဲပြပြီး ပြန်ရောင်း မှာပေါ့၊ ပန်းချီကားတွေ ၁၃-၁၄ ကားလောက်ရှိတယ်၊ ကျနော်က သူ့ကို မေးတယ်၊ အဆင်ပြေပါ့မလားပေါ့၊

ကျနော်က အဲဒီလို အလုပ်ကြီးတွေလုပ်ဖူးတဲ့ အတွေ့အကြုံမှ မရှိတာ၊ ကျနော်ကပြောတယ်၊ ငါ ယိုးဒယားမှာ ကြုံဖူးတယ်၊ ငါတို့ Subject တွေ ရေးလို့မရဘူး၊ သူတို့ဟာပဲ ရေးရတယ်၊ ဖြစ်ပါမလားပေါ့၊ သူက ဟာမဟုတ် ဘူး မင်းက ဗမာဆန်လို့ ငါက ၀ယ်တာတဲ့၊ ဗမာ ဖြစ်အောင်ပဲ ရေးပါတဲ့၊ ကျူဗစ်ဇင်နဲ့ ဗမာ Subject တွေပေါ့၊ အဲဒါနဲ့ သူက ငါတို့က ဟိုမှာ အတ်အကြံပေး အမျိုးသမီးငှားရတယ်တဲ့၊ ဈေးကြီးပေးရတယ်၊ ပြီးတော့ သူကြိုက်တဲ့ ပန်းချီ ကားကိုလည်း ၀ယ်ခွင့်ပေးရတယ်၊ အဲဒီလောက်ကိုသေချာတာ၊ အဲဒါ သူကရွေးလိုက်တာတဲ့၊ မင်းဝေအောင် ရယ်၊ ကျနော်ရယ်၊ ဇော်ဇော်အောင်ရယ်ပေါ့၊ သေချာပေါက် မားကက်ရှိတယ်ပေါ့၊ အဲဒါ နဲ့ စာချုပ် ချုပ်ရတယ်၊ အဲဒီ စာချုပ် သက်တမ်းမှာ ဗမာပြည်မှာ ပြပွဲ ပြခွင့်မရှိဘူး၊ အဲဒီမှာ ကျနော်တို့က အပြင်မှာ လူသိ ပိုများလာတယ်၊ စာချုပ်သက်တမ်း မပြည့်ခင်လောက်မှာ သူ့ဘက်က အခြေအနေအရ စာချုပ်ပျက်သွားတယ်။ အဲဒါနဲ့ ဟိုဘက်မှာ ပြပွဲတွေပြဖြစ်လာတယ်၊ အဲဒီအချိန်က ၉၆ လောက် ရင်းနှီးမြှုပ်နှံ မှုတွေ လာလုပ်ရင်း ၀ယ်ကြတယ်၊ ဟိုမှာ ပြပွဲမှာ တွေ့ခဲ့တယ် မ၀ယ်ဘူး၊ ဒီမှလာဝယ်ကြတယ်၊ ဈေး သက်သာအောင်လို့။

အဲဒီ စင်္ကာပူမှာစပြတုန်းက ဒါ ဗမာတွေလုပ်တာလားလို့ မေးကြတယ်၊ လူတွေအံ့သြသွားကြတယ်၊ဗမာပြည်မှာ ဒါတွေရှိတယ်လို့ မထင်ဘူး၊ ၀ယ်တဲ့လူတွေလည်း ၀ယ်သွားကြတယ်၊ အပြင်ထွက်ပြတဲ့ အုပ်စုတွေထဲမှာ ကျနော် တို့က ခောတ်ဦးလောက်ရှိတယ်၊ အဲဒီတုန်းကတည်းက တွဲပြတဲ့လူတွေက အခုလည်းဖြစ်နေကြတယ်၊ အဲဒါက တော့ သိသာတယ်၊ ဘာကြောင့်ဖြစ်လဲဆိုတော့ တကယ်လုပ်လို့ဖြစ်တာ၊ နိုင်ငံတကာ ၀င်ဆန့်တဲ့ လက်ရာဆိုတာ သူ့ဟာသူ ရှိနေတယ်၊ အမြင်ကျယ်ဖို့လိုတယ်၊ ကျနော်တို့ အပြင်တခါထွက်ရင် အကျိုးရှိအောင် လေ့လာတယ်၊ အသုံးချတယ်၊ ဒီချင်းမိုင်မှာ ပြတာကတော့ ၃ ပွဲရှိသွားပြီ၊ စိုလိုက ဒါနဲ့ဆို ၂ ပွဲ၊ အတ်မြူဆီယံမှာ တပွဲ။

မေး။     ။ အခုနောက်ပိုင်း ဗမာပြည်မှာ ပန်းချီပြပွဲတွေ များများ ပြလာတယ်၊ အဲဒါကိုရော ဘယ်လိုမြင်လဲ။

ဖြေ။     ။ ထူးဆန်းတာ တခုက အနှစ် ၃၀ ကျော်ပြီ ကျနော်တို့ ပန်းချီ ရေးလာတာ ၊ ပြပွဲတွေကလည်း ပြတယ်၊ ပြပွဲ ပြတဲ့ အုပ်စုကအရမ်းနည်းတယ်၊ ဆရာပေါ်ဦးသက်တို့ပွဲ၊ နောက် ကံ့ကော်ရွာပွဲ၊ Wild eyes တို့ ဘာတို့၊ ကျနော်တို့ က Morning group ၊ ဒါပေမယ့် ဒီလူတွေပဲ ဟိုဘက်နည်းနည်းပါ၊ ဒီဘက်နည်းနည်းပါ အဲဒီလိုပြနေတာ၊ ဒါပေမယ့် ပြပွဲ မပြရတဲ့ ပန်းချီဆရာတွေ အများကြီးပဲ၊ ပြပွဲ ဘယ်လိုပြရလဲဆိုတာ သူတို့ မသိဘူး၊ ပြပွဲကျဲတယ်၊ ဒါပေမယ့် အဲဒီအချိန်က ပန်းချီကောင်စီပေါ့ဗျာ၊ ၂ ခု ရှိတယ်၊ ဗဟိုနဲ့ ရန်ကုန် ဆိုပြီးရှိတယ်၊ အဲဒီ ၂ ပွဲ အင်ဗွိုင်းမှာ အမြဲလုပ်တယ်၊ အဲဒါလေးက မပြဘူးတဲ့လူတွေအတွက်က ပျော်စရာကောင်းတယ်။

ဒီဘက်က ဘာဖြစ်လာသလဲ ဆိုတော့ ပန်းချီပြပွဲဟာ အရမ်းပြတယ်၊ ဗိုလ်ချုပ်ဈေးက ပန်းချီပြခန်းလည်း တနှစ်စာ အပြီး၊ လောကနတ်လို ဂယ်လာရီလည်း တနှစ်စာအပြီး၊ တခြားပေါ်လာတဲ့ ဂယ်လာရီလေးတွေလည်း တနှစ်စာ အပြီးပဲ၊ ပန်းချီပြပွဲက အမြဲပြနေတယ်၊ ဒါပေမယ့် ရောင်းရလို့ ပြတာလားဆိုတော့ မဟုတ်ဘူး၊ မရောင်းရဘူး၊ တပွဲမှာ တကား ၂ ကား ရောင်းရတယ်၊ တခါတလေကျရင် တကားမှ မရောင်းရဘူး၊ ဒါပေမယ့် ပန်းချီပြပွဲပြတယ် ဆိုတဲ့ အလေ့အထလေးတခု ပန်းချီဆရာတိုင်းမှာ ဖြစ်လာတယ်၊ အဲဒါကောင်းတယ်၊ ပန်းချီရေးတဲ့လူကလည်း များများရေးဖြစ်တယ်၊ ပန်းချီပြပွဲများများလုပ်တော့ ပရိသတ်နဲ့လည်း ဆက်မပြတ်ဘူး၊ ဟိုဘက်အပိုင်းတုန်းက ပြပွဲပြရင်ရောင်းရတယ်၊ ဒါပေမယ့် ဂုဏ်ယူဖို့ ကောင်းတာက ရောင်းရောင်း မရောင်းရောင်း ရေးပြီးပြနေတယ်၊ နိုင်ငံခြားသား ဧည့်သည် ၀င်တာ မ၀င်တာနဲ့ သိပ်ဆိုင်ဘူး၊ ဧည့်သည်လာတိုင်းလည်း ရောင်းရချင်မှ ရောင်းရတာ။

မေး။     ။ ဆရာ အခုလို ကျူဗစ်ဇင်နည်းနဲ့ အရောင်လေးတွေနဲ့ ရေးတာဟာ ဈေးကွက်အရ ရောင်းရလို့ ရေးတာလို့ တချို့ပြောဆိုဝေဖန်တာတွေရှိတယ်၊ အဲဒါကိုရော ဘယ်လိုပြောချင်ပါလဲ။

ဖြေ။     ။ အင်း ရှိမှာပေါ့၊ ဒါပေမယ့် တချို့က မသိလို့ဗျ၊ ပန်းချီကားကို ဒီကားကြီးကို ရောင်းရမယ်လို့ဆိုပြီး အဲဒီပြော တဲ့ လူတွေရေးစေချင်တယ်၊ သေချာလား၊ ဒီကားကြီးရောင်းရမယ်ဆိုတာ သေချာလား၊ ကျနော်တို့ အနှစ် ၃၀ ကျော် ရေးလာတဲ့အတွေ့အကြုံအရ အဲဒီလိုမဟုတ်ဘူး၊ ကျနော်တို့ရဲ့စေတနာက အကျိုးပေးတာ၊ ဒါရေးတိုင်း ရောင်းရ မယ်လို့ မဟုတ်ဘူး၊ အဲဒါပါလို့ မရဘူး၊ အဲဒါ ပါရင် ပန်းချီကားမဖြစ်ဘူး၊ စေတနာ တွေ အများကြီးဆိုင် တယ်၊ ကောင်းအောင်ရေး၊ ၀ယ်တာ မ၀ယ်တာ တပိုင်း၊ ကြိုက်ဖို့လိုတယ်။

တချို့က ပန်းချီကား မရောင်းဖူးဘူးဗျ၊ အံ့ သြ ဖို့ကောင်းတယ်၊ ပန်းချီဆရာထဲမှာလည်း ပြောကြတာရှိတယ်၊ ရောင်းကားလေးတွေဆိုပြီးတော့၊ ကြိုက်လို့ ၀ယ်တာကို ရောင်းကားလေးတွေလို့ ထင်နေတယ်၊ အဲဒါ ရောင်းရလို့ ရေးတာမဟုတ်ဘူး၊ ကြိုက်တိုင်းလည်း မ၀ယ်နိုင်ဘူးဗျ၊ ၀ယ်နိုင်တဲ့လူက ကြိုက်မှရောင်းရတာ၊ ပန်းချီကား ရောင်း ရတဲ့ပန်းချီဆရာတွေက သူများခိုင်းလို့လုပ်တာမဟုတ်ဘူး၊ ကိုယ်လုပ်ချင်တာလုပ်တာကို ကြိုက်ပြီး ပိုက်ဆံ လာ ပေးတာ၊ အဲဒါက သူ့ရဲ့ပါရမီနဲ့ ကုသုလ်ကံ ပေါ်မှာ လည်း ဆိုင်တယ်၊ သိပ်ထူးဆန်းတယ်၊ ကျနော်ဆို အကုန်ထည့် ရေးတာ၊ အကောင်းဆုံးဖြစ်အောင်၊ တခါတလေ မု(ဒ်) အောက်သွားလို့ ရပ်လိုက်ရတာတွေလည်းရှိတယ်။

မေး။     ။ ဒီလို အလုပ်တွေလုပ်နိုင်အောင် စိတ်ကျန်းမာရေး၊ လူကျန်းမာရေးကအစပေါ့ ပန်းချီဆရာဘ၀ရဲ့ Life Style ဘ၀နေနည်းပေါ့၊  ဘယ်လိုကျင့်ကြံနေထိုင်တယ်၊ ဘယ်လိုသဘောထားတယ်ဆိုတာကို အကျဉ်းချုပ်ပြောပြ ပေးပါ။

ဖြေ။     ။ ကျနော်က ပန်းချီဆရာ ဖြစ်တာက တပိုင်း၊ အရင်က အားကစားသမားတယောက်ဖြစ်ဖူးတယ်၊ ခန္ဓာကိုယ် ကျန်းမာရေးကို လိုက်စားတယ်၊ ကျနော် ဆေးလိပ်မသောက်၊ အရက်မသောက်ဘူး၊ ဘာသာရေးလုပ်တယ်၊ အခြေခံက အားကစားသမားဖြစ်တဲ့အတွက် ဒီနေ့အထိ ကျန်းမာရေးလေ့ကျင့်ခန်းကို လုပ်တုန်းပဲ၊ ကျနော် အသက် ၃၂ နှစ်လောက်မှာ အိမ်ထောင်ကျတယ်၊ ကံကောင်းတာက ကျနော့်အမျိုးသမီးက အလွန်အေးချမ်းတဲ့ အိမ်ထောင်ဖက်၊ ကျနော် အခုလိုမျိုးမအောင်မြင်သေးတဲ့အချိန်မှာ သူနဲ့ကျနော် လက်ထပ်တာ၊ အခုလို အောင်မြင် မှာမို့လို့ဆိုတာ သူမသိဘူး၊ ပန်းချီဆရာ ဆိုတာလည်း ကျနော်နဲ့ ပေါင်းပြီးမှ သိတာ။

တချို့ ပန်းချီဆရာ မိသားစုတွေမှာ ကျနော်ကြားရတာ၊ ပန်းချီကားရောင်ရတယ်ဆိုရင် မိန်းမ က အဲဒီကားမျိုးပဲ ရေးပါလားလို့ပြော တာ၊ အဲဒါမျိုး သူ့မှာမရှိဘူး၊ ပြီးတော့ ကျနော်လုပ်နေတာကိုလည်း မြတ်နိုးတယ်၊ ကျနော့် ပန်းချီကားတွေကိုလည်း သူချစ်တယ်၊ အဲဒီအတွက် ကျနော်စိတ်ချမ်းသာတယ်၊ အလုပ်ပိုအားစိုက်နိုင်တယ်၊ ဘာသာရေးတွေအလှူအတန်း တွေလုပ်၊ အဲဒီလိုမျိုးတွေနဲ့ ကျနော်တို့နေတယ်၊ နောက်တခုက ကျနော့်မိန်းမမှာ လောဘမရှိဘူး၊ ကျနော်ကတော့ နေ့တိုင်း ပန်းချီရေးတယ်၊ မရေးရင် ၂ ရက် ၃ရက်ပဲ၊ သမာအာဇီဝနဲ့ ရတဲ့ ပိုက်ဆံ နဲ့ ကျနော်တို့စားသောက်နေ ထိုင်တယ်။ စိတ်နဲ့ အလုပ်လုပ်တာဆိုတော့ ကိုယ့်ကိုယ် စိတ်ချမ်းသာအောင် နေတယ်၊ စိတ်ချမ်းသာမှ အလုပ်လုပ်လို့ကောင်း တယ်၊ စိတ်ဒေါသဖြစ်နေရင် ပန်းချီကားတွေမကောင်းဘူးဗျ၊ အဲဒီကျရင် ကျနော် အလုပ်မလုပ်ဘူး၊ ဘာသာရေး ကိုင်းရှိုင်းတာကလည်း အကျိုးဖြစ်တယ်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်