အစိုးရက တံခါး မဖွင့်ဘဲနဲ့တော့ ကျနော်တို့ မတတ်နိုင်ဘူး

နအဖ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို ငြင်းပယ်ခဲ့ပြီးနောက် ရှမ်းပြည်တိုးတက်ရေးပါတီ၏ ရှမ်းပြည် တပ်မတော် (SSA/SSPP) နှင့် ယခု မြန်မာအစိုးရ တပ်တို့ နှစ်ဘက် တိုက်ခိုက်မှုများ မတ်လက စတင်ဖြစ်ပွားခဲ့သည်။ ၄ လ နီးပါး ကြာမြင့်လာပြီ ဖြစ်သော်လည်း တိုက်ခိုက်မှုများ ရပ်တန့်သွားခြင်း မရှိဘဲ နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိသည်။ SSA/SSPP ၏ ဌာနချုပ် ၀မ်ဟိုင်း အနီးတွင်လည်း အစိုးရတပ်များ ၀ိုင်းရံထားပြီး အင်အားများ ထပ်မံတိုးမြှင့် ထားသည်။ ထို တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး SSA/SSPP တွဲဖက် အထွေထွေ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းထူးကို ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ် မေးမြန်းထားသည်။

Sai_Htoo2မေး ။    ။ ငြိမ်းချမ်းရေး ယူပြီးတော့ ဘယ်လိုပျက်ပြားသွားလဲ။

ဖြေ ။    ။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတာကို မျှော်လင့်ပြီးတော့ ငြိမ်းချမ်းရေး ယူထားတယ်။ ဗိုလ်ချုပ် ခင်ညွန့်ပြောသလို ခင်ဗျားတို့ ငြိမ်းချမ်းရေး ယူရင်လည်း တက်လာတဲ့အစိုးရနဲ့ စကားပြောပါ၊ အခု အပစ်အခတ် ရပ်စဲရေးကိစ္စကို ဒေသဖွံ့ဖြိုးရေး အတွက်လုပ်မယ်၊ ရှိတဲ့ပြဿနာကိုလည်း မပေါ်အောင် ကျနော်တို့ ၂ ဘက်ကနေ ဖြေရှင်းသွားမယ်ဆိုတဲ့ အကြောင်းပေါ့လေ၊ အဲဒါလည်း ကတိပေးထားပြီးတော့ နောက်ပိုင်း ဗိုလ်ချုပ် ခင်ညွန့်ကလည်း အဖြုတ်ခံရပြီး နောက်ပိုင်း အခြေအနေက တမျိုးဖြစ်သွားတယ်။ နောက်ပြီး ကျနော်တို့ ဒီ ၂၀၀၈ အခြေခံ ဥပဒေလည်း ရေးဆွဲနေတဲ့အချိန်မှာ ကျနော်တို့ ညီလာခံ တက်ခဲ့ဖူးတယ်။ တက်တဲ့အချိန်မှာ ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး စတဲ့ကျနော်တို့ အကြံပြုတာတွေလည်း လက်မခံပါဘူး။ လက်မခံတဲ့နောက်ပိုင်းမှာ ကျနော်တို့ကို နယ်ခြားစောင့်တပ်လုပ်ဖို့ အတင်းအကျပ် လုပ်ခိုင်းပါတယ်။

မေး ။    ။ နောက်ဆုံး အခြေအနေတွေ ဘယ်လိုရှိပါသလဲ။

ဖြေ ။    ။ နောက်ဆုံး အခြေအနေကတော့ ကျေးသီးမြို့နယ်က ဘုန်းကြီး ၂ ပါး လာပြီးတော့ ကျနော်တို့ SSA/SSPP ကို ငြိမ်းချမ်းရေး မလိုလားဘူးလား၊ ငြိမ်းချမ်းရေး လိုလားရင် စစ်ရပ်စဲရေး လုပ်ပါဆိုတဲ့ သဘောမျိုးပေါ့။ ဒါပေမယ့် အခိုင်အမာ မရှိဘူး၊ သက်သေ အထောက်အထား စာရွက်စာတမ်းလည်း မရှိဘူး။ ဘယ်သူလွှတ်လိုက်လဲ မသိဘူး။ ရှမ်းပြည်အစိုးရလား၊ တိုင်းမှူးတွေလား၊ ဘယ်ကမှန်း အတိအကျ မသိဘူး။ ကျနော်တို့ ယုံရခက်နေတယ်။ ငြိမ်းချမ်းရေးကို ကျနော်တို့ လိုလားပါတယ်။ ကျနော်တို့ ဧရိယာမှာ ရှိတဲ့ တပ်မတော်ကို ဆုတ်ပေးပါဆိုတဲ့ သဘောမျိုး ကျနော်တို့ တခုတောင်းဆိုတော့ အခု ပြန်ငြိမ်သွားပြီး ဘာမှ ပြန်အကြောင်း မပြန်ဘူး။

မေး ။    ။ တိုက်ပွဲတွေရော ဆက်ဖြစ်နေသေးလား။

ဖြေ ။    ။ တိုက်ပွဲတော့ ဆက်ဖြစ်တယ်။ အနည်းအများပေါ့လေ။ သိပ်ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ဘူးပေါ့။ ပြောက်ကျား စနစ်နဲ့ တိုးလာတဲ့သူတွေကို ခံတိုက်တဲ့ သဘောပါပဲ။

မေး ။    ။ ၀မ်ဟိုင်း ဌာနချုပ်ရဲ့ နောက်ဆုံး အခြေအနေကိုလည်း ပြောပြပေးပါလား။

ဖြေ ။    ။ တပ်မတော်တွေက ၀ိုင်းထားတဲ့သဘောပေါ့။ ရှေ့လည်း မတိုး၊ နောက်လည်း မဆုတ်ဘူး။ ၀င်လာတဲ့သူကို တိုက်ရအောင် ကျနော်တို့လည်း အသင့်ပြင် စောင့်ထားပါတယ်။ 

မေး ။    ။ တချို့သတင်းတွေမှာက SSA/SSPP ဌာနချုပ်နဲ့ ၂ ဖာလုံအကွာ ရောက်နေပြီဆိုပြီး ပြောနေကြတာတွေလည်း ရှိနေတယ်။

ဖြေ ။    ။ မှန်တယ်ခင်ဗျ။ မိုင်းရှုး-မိုင်းနောင် ကားလမ်းနဲ့ ကျနော်တို့ ကင်းစောင့်တဲ့နေရာက ၂ ဖာလုံပဲ ဝေးတယ်။

မေး ။    ။ အဲဒီ အကွာအဝေးက အရင်ကတည်းက ရှိနေတဲ့ အကွာအဝေးလား။ အခု လက်ရှိ တပ်မတော်က ပိုပြီး တိုးလာတဲ့ အကွာအဝေးလား။

ဖြေ ။    ။ အခုပိုပြီးတိုးလာတဲ့ အခြေအနေရှိပါတယ်။ ဖိအားသဘောမျိုးလည်း ရှိတယ်။

မေး ။    ။ ၀မ်ဟိုင်းဌာနချုပ် ကျတော့မယ်ဆိုတဲ့ ပြောဆိုမှုတွေ သတင်းတွေ ထွက်နေတာလည်း ရှိပါတယ်။ အဲဒီ အပေါ်ရော ဘယ်လိုထင်လဲ။

ဖြေ ။    ။ ၀မ်ဟိုင်းဌာနချုပ် ကျသွားနိုင်တဲ့ဆိုတဲ့ သတင်းတွေကတော့ မဟုတ်မှန်ဘူးလို့ ပြောချင်ပါတယ်။ မကျဘဲနဲ့ ဒီလို သတင်းမျိုး ထွက်နေတာကတော့ ရန်သူဘက်ကို အားပေးတဲ့ သဘောမျိုးလား၊ ကျနော်တို့ဘက်ကို စိတ်ဓာတ်ကျသွားစေမယ့် စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေး သဘောမျိုးလား ဆိုတာတွေကို ကျနော်တို့ တွက်မိတယ်။

မေး ။    ။ ဌာနချုပ်ရဲ့ အခြေအနေက ဘယ်လို အနေအထားမှာရှိလဲ။ ကျသွားနိုင်လား။

ဖြေ ။    ။ မပြောနိုင်ဘူး၊ ကျနော်တို့တပ် ကျနော်တို့ ကာကွယ်မယ်။ သူတို့လာရင်လည်း ခံတိုက်မှာပဲ။ အဆုံးအဖြတ်က အချိန်ကနေ စကားပြောသွားမှာပါ။ သူတို့ တိုက်တာ အခြေအနေ စောင့်ကြည့်ပြီးမှ ပြောလို့ရမယ်။

မေး ။    ။ အစိုးရတပ်က လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိတယ်ဆိုပြီး သတင်းတွေ ထွက်လာတာရှိတယ်။ အဲဒါရော ဟုတ်လား။

ဖြေ ။    ။ ပြီးခဲ့တဲ့ တပတ် နှစ်ပတ် အတွင်းက လေယာဉ်တွေ ပျံဝဲနေတာတော့ ရှိတယ်။ သူတို့ပြောတာက ဗုံးလာချတယ်ပြောတယ်။ ကျနော်လည်း ကိုယ်တိုင် မကြုံလိုက်ရတဲ့အတွက်ကြောင့် ဟုတ်လား မဟုတ်လား အတည်မပြုနိုင်သေးဘူး။ နောက်တပိုင်းက ပြီးခဲ့တဲ့ လေး ငါးရက်တုန်းကလည်း နေပြည်တော်ကနေ လေယာဉ်ပျံ ၇ စီး ဌာနချုပ်ကို ဗုံးကြဲဖို့ လာတယ်လို့ သတင်းရတယ်။ ဒါပေမယ့် ရာသီဥတုမကောင်းလို့ ဗုံးမကြဲတာလား၊ အခြေအနေ တခုကြောင့် အစီအစဉ်ပျက်သွားတယ်လို့ ကြားတယ်။

မေး ။    ။ အစိုးရတပ်က ဓာတုလက်နက်သုံးတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာတာရှိတယ်။ အဲဒီအပေါ်ရော အတည်ပြုနိုင်လား။ ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ။

ဖြေ ။    ။ ဒီတခေါက်က ဆန်းတယ်။ ၃ ရက် ၆ လ တုန်းက ၇ မိုင်တပ်စခန်းမှာ ခလရ (၃၃) တပ်တွေဝိုင်းပြီးတော့ ချတုန်းက သူတို့ တိုက်မရတော့ အဲဒီလက်နက်ကို သုံးပြီးတော့ ကျနော်တို့ကို ၀င်ချတာ။ ဆန်းကြယ်တာက လက်နက်ဒဏ်မိတဲ့ နေရာမှာ အခိုးအငွေ့လည်း မဲမှောင်ပြီးတော့ ရှုရှိုက်တဲ့ ကျနော်တို့ ရဲဘော်တွေလည်း အော့အန်ကုန်တယ်။ တကိုယ်လုံး ယားတယ်။ ကိုက်ခဲဖြစ်တယ်၊ အဲဒီထူးဆန်းမှုတွေဖြစ်တယ်။ ဒါကြောင့် ဓာတုလက်နက်ပဲလို့ ယူဆတယ်။ ဒါပေမယ့် အခု စစ်ဆေးနေတုန်း ပါပဲ။

မေး ။    ။ ၀မ်ဟိုင်း ဒေသကို ထိုးစစ်ဆင်တော့ ရွာသူရွာသားတွေ ဒုက္ခရောက်တာတွေရှိသလို အဓမ္မ ပေါ်တာဆွဲတာတွေ၊ အဓမ္မ ပြုကျင့်တာတွေ ဖြစ်တယ်လို့လည်း ကြားတယ်။ ဒေသခံတွေက ဘာအခက်ခဲတွေနဲ့ ရင်ဆိုင်နေရလဲ။

ဖြေ ။    ။ ပေါ်တာဆွဲတာတို့၊ လူထုထွက်ပြေးတာတို့၊ မြို့ထဲနီးရင် မြို့ထဲပေါ့။ မြို့ထဲ မသွားနိုင်တဲ့သူ တောမှာ ပုန်းရှောင် နေတာတွေ ရှိတယ်။ အစာရေစာ အခက်အခဲလည်း ရှိတာလည်းရှိတယ်။ အခက်အခဲက စားဝတ်နေရေးပေါ့။ လယ်လုပ်တဲ့သူလည်း လယ်မလုပ်နိုင်ဘူး။ ကျောင်းသူကျောင်းသားတွေလည်း ကျောင်းမတက်နိုင်ဘူး။  ကျောင်းလည်း ပိတ်ရတယ်ဆိုတော့။ တကယ်လို့ ကျောင်းဖွင့်တော့ ကလေးတွေ ကျောင်းတက်ချင်ပေမယ့် အစိုးရတပ်မတော်တွေ ဟိုမှာ ရှိထားတော့ ကျောင်းလည်း မဖွင့်ရဲဘူး။ ဆရာ ဆရာမတွေလည်း မလာရဲဘူး။  ကျောင်းသား မိဘတွေလည်း ကလေးတွေကို မလွှတ်ရဲဘူး။ အခက်အခဲတွေ အများကြီးရှိပါတယ်။

မေး ။    ။ SSA တောင်ပိုင်းနဲ့လည်း ပူးတွဲပြီးတော့ တိုက်ခိုက်တာတွေ လုပ်နေတာတွေရှိတယ်လို့လည်း သိရတယ် အဲဒီ အခြေ အနေရော ဘယ်လိုရှိပါသလဲ။

ဖြေ ။    ။ မေလ ၂၁ ရက်နေ့မှာ ကျနော်တို့ ၂ ဖွဲ့ ပူးပေါင်းရေး ကိစ္စတွေ သဘောတူခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ အခုမပြီးသေးဘူး။ ထပ်ပြီး ဆွေးနွေးဖို့ကလည်း အများကြီးသေးတယ်။ စစ်ရေးအရ လက်နက် လူ အင်အား ထောက်ပံ့တာတော့ မရှိသေးဘူး။ သူတို့ ဧရိယာထဲမှာတော့ သွားလာရေး လမ်းကြောင်းတွေကို ဖြတ်တောက် တိုက်ခိုက်တယ်။ ဆက်ပြီး ကျနော်တို့ ပူးပေါင်းပြီး ဆက်တိုက်သွားမယ်။ 

မေး ။    ။ ဒေါ်အောင်ဆန်းကြည် ပေးပို့တဲ့ စာအပေါ်မှာရော ဘယ်လိုထင်လဲ။ ငြိမ်းချမ်းရေးအတွက် ဘယ်လို လုပ်ဆောင် သွားဖို့ရှိလဲ။

ဖြေ ။    ။ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့စာကို ကောင်းမွန်စွာ လက်ခံရရှိပါတယ်။ သူရဲ့စေတနာကို ကျနော်တို့ အင်မတန် လေးစားပါတယ်။ သူဖြစ်ချင်နေတဲ့ တွေ့ဆုံဆွေးနွေးရေးကို ခြွင်းချက်မရှိ ကြိုဆိုထောက်ခံပါတယ်။ အဲဒီစာကိုလည်း ကြိုဆိုထောက်ခံပါတယ်။ ငြိမ်းချမ်းရေး အတွက်ကတော့ ကျနော်တို့ ပါတီအနေနဲ့၊ တိုင်းရင်းသား လူမျိုးစုအနေနဲ့၊ UN အနေနဲ့၊ US အနေနဲ့ အနှစ်နှစ်အခါခါလည်း တောင်းဆိုလာတာကြာပြီ။ အစိုးရက တံခါး မဖွင့်ဘဲနဲ့တော့ ကျနော်တို့ မတတ်နိုင်ဘူး။ ဒီတခေါက်က သမ္မတ ဦးသိန်းစိန်က စေတနာပြမယ်ဆိုရင်တော့ တတိုင်းတပြည်လုံးကနေ အပစ်ရပ်စဲရေး လုပ်ပြီးတော့ တိုင်းပြည်အေးချမ်းအောင် တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ထောက်ခံပါတယ်။ မျှော်လင့်ပါတယ်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်