ပန်းချီ အေးမင်း၏ မြို့ပြရေဆေး ဖီလင်

ပန်းချီအေးမင်းသည် ၁၉၈၆ - ၈၇ ခုနှစ် ခန့်မှ စတင်၍ ရေဆေး ပန်းချီကို တစိုက်မတ်မတ် ရေးဆွဲခဲ့သည့် ပန်းချီ ဆရာ တဦးဖြစ်ပြီး ပန်းချီပညာကို ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ မန္တလေး ပန်းချီ ဦးတင်အေး တို့ထံမှ

လေ့လာ ဆည်းပူးခဲ့သူဖြစ်သည်။ ၁၉၈၉ ခုနှစ် ၀န်းကျင်က ရန်ကုန် ပန်းချီကျောင်းတွင်လည်း တက်ရောက် သင်ယူခဲ့သည်။ ၎င်းသည် နိုင်ငံတကာ ပြပွဲပေါင်း ၉ ပွဲခန့် ပြသခဲ့သူဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သုဝဏ ဘူမိ ပန်းချီ ပြခန်းတွင် မတ်လ ၂၁ ရက်မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြသနေသော ပန်းချီအေးမင်း၏ Feeling of Water Colour အမည်ရှိ တကိုယ်တော် ရေဆေးပန်းချီပြပွဲနှင့်ပတ်သက်ပြီး တွေ့ဆုံ မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

မေး။     ။ ဒီပြပွဲမှာ ပါတဲ့ ပန်းချီကားအများအစုက မြို့ရှုခင်းတွေများပြီးတော့ အဆောက်အဦးဟောင်းတွေကို အရေးများ တာတွေ့ရတယ်၊ အဲဒီ အပေါ်မှာ ဘယ်လို ခံးမှုဖြစ်ပြီးရေးဖြစ်တာပါလဲ။

ဖြေ။     ။ ဒီ Old building (အဆောက်အဦးဟောင်း)တွေက နဂိုကတည်းက အနုပညာဆန်တဲ့ အဆောက်အဦး တွေ များတယ်၊ သူတို့ အဆောက် အဦးပုံစံကိုက ကြည့်လိုက်ရင် ရင်သပ်ရှုမောကြည့်ရတဲ့ပုံစံမျိုးရှိတယ်၊ အသေ ကြီးတွေ မဖြစ်ဘူး၊ အဆောက်အဦး ကိုက အနုပညာဆန်တာပေါ့၊ ကိုယ်ကလည်း အဲဒီလိုနေရာတွေမှာနေတာဆို တော့ အမြဲကြည့် ဖြစ်တယ်၊ ပန်းချီဆရာ ဖြစ်လာတော့ ရေးဖြစ်သွားတာပေါ့၊ နဂိုကတည်းက အဲဒီ မြို့ပြကို ဖီလင် က ရှိပြီးသား၊ ဒီအဆောက်အဦး တွေကို အမြဲတမ်းမြင်တွေ့နေပြီး ပန်းချီ မရေးတတ်ခင်ကတည်း ကသဘောကျခဲ့ တာ။

မေး။     ။ အဲဒီ အဆောက်အဦးအဟောင်းကြီးတွေက တချိန်ကျရင် ပြိုကျပျက်စီးသွားတာတို့၊ ရောင်းချပစ်လိုက် တာတို့ ဖြစ်သွားပြီး အဲဒီနေရာတွေမှာ အဆောက်အဦးအသစ်တွေ ဖြစ်လာရင်ကော ဘယ်လိုနေမလဲ။

ဖြေ။     ။ အဲဒါမျိုးကျရင်တော့ တော်တော် စိတ်မကောင်းဖြစ်မိမှာပဲ၊ ဘာဖြစ်ဖြစ် ကျနော်တို့က ပန်းချီဆရာဆိုတော့ ပန်းချီ လိုပဲ ကြည့်တာပေါ့၊ ကိုယ်မြင်တာလေးက ပန်းချီဆန်တယ်ဆိုရင် ပန်းချီကားဖြစ် အောင်ရေးမှာပဲ၊ အဲဒီ သဘော ပေါ့၊ ကိုယ်ကနဂိုကတည်း က ဘာကြည့်ကြည့် ပန်းချီအနေနဲ့ကြည့်တာ၊ အဲဒါလေးတော့ ရှိတယ်၊ ပန်းချီဆရာရဲ့ ဖီလင်မှာ။

မေး။     ။ အခုရေးတဲ့ ကားတွေထဲမှာ မြင်ကွင်းတွေက ရန်ကုန်မြို့ထဲ၊ မေမြို့၊ တောင်ကြီး၊ မော်လမြိုင်၊ ပဲခူး စတဲ့ နေရာ တွေကို တွေ့ရတယ်၊ ကိုယ်တိုင် သွားရေးတာပဲပေါ့။

ဖြေ။     ။ ဟုတ်ပါတယ်၊ ကိုယ်တိုင်သွားရေးခဲတာပါ၊ အတော်များများက Out door တွေများတယ်၊ ကိုယ်က နဂိုကတည်း က Out door သမားဆိုတော့ အိမ်မှာရေးလည်း mood ကရပြီးသား၊ ကျနော်သွားလေရာ အမြဲတမ်း ပါတယ်၊ ဆေးဘူး ရော၊ စာရွက်ရော၊ ဓာတ်ပုံရိုက်ရင်လည်း စကက်ခ်ျ ရအောင်တော့ ရေးလိုက်သေးတယ်၊ ပန်းချီကားရေးတော့ ကိုယ့်စိတ်ထဲမှာ ရှိပြီးသားဖြစ်နေရော။

မေး။     ။ အခုလိုမျိုး အဆောက်အဦးပုံတွေ၊ရှုခင်းပုံတွေ မဟုတ်ဘဲ လူပုံတွေ figure တွေ၊ လူတွေရဲ့လှုပ်ရှားမှုတွေ နဲ့ စရိုက် သဘာဝတွေကို ရေးတာရောရှိလား။

ဖြေ။     ။ Figure လေးတွေထည့်တာက တော့ အခုကျနော့်ကားတွေမှာ ဖွဲ့စည်းပုံအရ အဖြည့်သဘောထည့်တာတော့ ရှိ တယ်၊ ဟာနေတဲ့ နေရာလေးတွေပေါ့၊ လူပုံတွေ Figure တွေ၊ လူတွေရဲ့လှုပ်ရှားမှုတွေ နဲ့ စရိုက် သဘာဝတွေ လည်း ရေးဖြစ်တာရှိပါတယ်၊ ပန်းချီက ရေးရင်းနဲ့ သူ့ဟာသူ အကုန်လုံးကတော့ ပါလာတာပါပဲ၊ ဈေးတွေလည်း ရေးဖြစ်တယ်၊ ဘုရားပွဲ၊ ပုဂံအာနန္ဒာ ဘုရားပွဲလိုမျိုးတွေလည်း ရေးဖြစ်တယ်၊ ကျနော်က အဲဒီ လူတွေများတာကို လည်း ကြိုက်တယ်၊ ကျနော့် ပန်းချီကားမှာ လူတွေက လှုပ်လှုပ်သွားနေရမယ်၊ လှုပ်နေရမယ်၊ အပေါ်မှာ ငြိမ်နေ မယ်၊ ကျနော်ကအဲတာမျိုးလေးတွေပေါ့၊ အပေါ်မှာ ငြိမ် အောက်မှာလှုပ်မယ်၊ ကျနော်က အဲဒါမျိုးတွေရေးတယ်၊
အဆောက်အဦးကြီးက အငြိမ်ပေါ့၊ သူ့ဟာသူ လှနေတယ်၊ အောက်က ကားလေးတွေ ဖြတ်မောင်းသွားတာတို့ လူလေးတွေ သူ့ဟာသူ ဟိုသွားဒီသွား သွားနေတာလေးတွေက သွားလိုက်ဖက်တယ်၊ ပန်းချီသဘောအရ လှုပ် တာနဲ့ ငြိမ်တာနဲ့ တွဲရေးရငက် အဆင်ပြောတာပေါ့၊ အားလုံး အငြိမ်ပဲဆိုရင်လည်း ကြည့်တဲ့လူကလည်း ငြိမ်နေ တာပေါ့။

ကျနော်က အလင်းကိုရေးတာများတယ်၊ အလင်းက ပူတာ အေးတာ ပါသွားတော့ စိတ်ကို လှုပ်ရှားသွာတယ်၊ ကျနော် အညာဘက်ရောက်တော့ အဲဒီက ကလေးလေးတွေရဲ့ ကာရိုက်တာလေးတွေ ရေးခဲ့ဖူးတယ်၊ သူ့တို့ မျက်နှာကခံစားမှုလေးတွေ၊ သူတို့ လှုပ်ရှားမှုလေးတွေ၊ ချစ်ဖို့လည်းကောင်းတယ်။

မေး။     ။ ဒီလို လူပုံတွေရေးတာနဲ့ Building ရေးတာ စိတ်အာရုံ ခံစားမှု ဘယ်လိုကွာလဲ။

ဖြေ။     ။ Building တွေရေးတာက ကျနော့်အတွက် ခံစားမှုပို ဖြစ်တယ်၊ ကျနော့် အထင်ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ သူက အကြီးကြီးကို ကြည့်ပြီး ရေးတာ ၊ အကြီးကြီးကို ကြည့်ရတဲ့ အတွက် အားရှိတယ်၊ ကျနော်က အားရှိပါးရှိ ရေးချင် တယ်၊ လူတယောက်ကိုပဲ ကြည့်ပြီးရေးဆိုရင် ကျနော် နည်းနည်းပျင်းတယ်၊ ကျနော် ပုဂံ မှာ Out door သွားရင် ပိုရေးဖြစ်တယ်၊ ပုဂံမှာ ဘုရားတွေက အကြီးကြီးတွေကို၊ ဒါရိုက် ကျနော့်ကို လာထိတာ၊ ထုတည်ကြီးတွေ က အရမ်းရေးလို့ ကောင်းတယ်၊ ပုဂံကား ရေဆေးတွေ တော်တော်များများရေးဖြစ်တယ်၊ ကိုယ်ရေးတဲ့ လိုင်းနဲ့က တော်တော်လေးအဆင်ပြေတယ်၊ ပုဂံက နှစ်တိုင်းရောက်တယ်၊

မေး။     ။ အခု ပြပွဲမှာ တင်ထားတဲ့ ကားတွေထဲက ကိုယ်တိုင် နှစ်သက်ခံစားမိတဲ့ကားတွေကို ပြောပြပါ။

ဖြေ။     ။ ကိုယ်ကတော့ တကားရေးပြီး တကားကြိုက်သွားတာမျိုးရှိတယ်၊ မှတ်မှတ်ရရပြောရရင်တော့ အဆောက် အဦး ကားလေးတွေ၊ တကယ့်လိုက်တင်လေးတွေကို မိအောင်ရေးတဲ့ ကားလေးတွေ၊ ပြီးတော့ မိုး ကားလေး တွေ၊ မိုး ကား လေးတွေဆိုရင် တော်တော် မိလည်းမိတယ်၊ ကိုယ်ပေးချင်တဲ့ အရသာလည်းရတယ်၊ အဲဒါ မျိုးလေး တွေ ကျတော့ ကိုယ်ကြိုက်တာပေါ့၊ အခု ပြပွဲဖိတ်စာမှာ ပါတဲ့ Evening ဆိုတဲ့ကားလေး၊ အဲဒီ ကားလေးက တိုက်တွေ ကို ကျနေ ထိထားတာပေါ့၊ အပေါ်မှာလင်းပြီးတော့ အောက်လေးမှာ အရိပ်လေးတွေနဲ့အေးနေတာပေါ့၊ အဲဒါ လေး က တကယ့် ဖီလင်လေးပဲ၊ ပြီးတော့အဲဒီတိုက်မှာထိတဲ့ အလင်းပက်တန်လေးက တော်တော်လှတယ်၊ ကျနော် စရေးကတည်းက အဲဒါလေးကို ဖော်ပြီးရေးတော့ ကောင်းနေတာ၊ ရေးကတည်းက ကြိုက်တယ်၊ အလင်း လည်း အားရှိတယ်၊ အမှောင်လည်း အားရှိတယ်၊ ပိုလက်တွေ့တာလည်း ပါတယ်။

မေး။     ။ ရေဆေး ပန်းချီကိုပဲ တစိုက်မတ်မတ်ရေးလာတဲ့ အတွေ့အကြုံနဲ့ အခက်အခဲ ရှိရင်ပြောပြပါဦး။

ဖြေ။     ။ ရေဆေးကိုပဲ တောက်လျှောက်ရေးလာတာ ၁၈ နှစ်လောက်ရှိပါပြီ၊ ရေဆေးနဲ့ ပတ်သက်ပြီးတော့ အခက်အခဲ ဖြစ်တာဆိုလို့ သိပ်မကြုံသေးဘူး၊ ကိုယ်သုံးမယ့်ပစ္စည်း စာရွက်တွေဘာတွေ ကိုယ်လိုတာတွေကတော့၊ တခါ တလေကျ ကိုယ်လက်တွေ့တဲ့စာရွက်က နောက် မရှိတော့ဘူး၊ အခုနောက်ပိုင်း ဘာစာရွက်လာလာ အကုန်ရေး တတ်အောင်လို့ စာရွက် တွေ ရှိသမျှအကုန်လုံးစမ်းတယ်၊ ဒီစာရွက်အပေါ်မှာလည်း ဘာသံယောဇဉ်မှ မထား တော့ဘူး၊ စာရွက် တခုအပေါ်မှာ သံယောဇဉ်ထားလိုက်ရင် အဲဒါ မရှိပြန်ရင်တော့ ဒုက္ခတွေ့ပြန်ရော၊ ဒါက အခက် အခဲတခုပေါ့၊ အဲဒီ တော့ ဘာစာရွက်လာလာ ပန်းချီကားကောင်းကောင်းဖြစ်အောင် ရေးမယ်ဆိုတဲ့ စိတ်က ၀င် လာတယ်၊ ကျနော်ရေး နေသမျှမှာတော့ ရေဆေးပန်းချီနဲ့ပတ်သက်လို့ အခက်အခဲကြီးကြီးမားမား မတွေ့ရဘူး။

မေး။     ။ အကြောင်း အရာ ရွေးချယ်မှုကရော ဘယ်လိုရွေးချယ်လဲ။

ဖြေ။     ။ အကြောင်းအရာ ရွေးတာကလည်း ရေဆေးကတော့ အကုန်လုံးရေးလို့ ရနေတာပဲ၊ ဒါပေမယ့် ကျနော် အဓိက ရေးတာက မြို့ပြတွေများတယ်၊ မြို့ပြတွေ ရေးခဲ့တဲ့ နှစ်က မနည်းတော့ဘူး၊ ရေးစရာတွေက အရမ်းများတယ်၊ တော်တော်များများ ရေးလို့ရတယ်၊ ရန်ကုန်မှာပဲ လှည့်ပတ်ရေးလို့ ရတယ်၊ မြို့ပြမှာရေးစရာတွေက အစုံပါတယ်၊ ပန်းချီ သဘောနဲ့ပြောရင် သူ့မှာ မျဉ်းဖြောင့်တွေလည်းပါတယ်၊ ထုထည်တွေလည်းပါတယ်၊ အရောင်တွေရော၊ အလင်းတွေရော သူ့မှာတော်တော်များများ ပါတယ်၊ အားလုံးက ပန်းချီကားလို ဖြစ်နေတယ်၊ အဲဒါမျိုးက ရေဆေး လေးနဲ့ ရအောင် ရေးပြနိုင်ရင် တော်တော်လေးအရသာရှိမယ်၊ ကိုယ့်အတွက်လည်း အရသာရှိမယ်၊

မေး။     ။ ပန်းချီရေးတဲ့ အခါမှာ ပရိသတ်အတွက် ဘယ်လို ရည်ရွယ်ချက်ထားပြီးရေးလဲ။

ဖြေ။     ။ Message တခုပေးချင်တဲ့ သဘောတော့ပါတယ်၊ နံပါတ် ၁ က ပန်းချီကားကို အကောင်းဆုံးဖြစ်အောင်၊ ကျနော် အကြိုက်ဆုံး ဖြစ်အောင် ရေးတယ်၊ လောလောဆယ် ကိုယ့်ကားလေးကိုယ်ကြိုက်သွားတယ်၊ ကိုယ့်ကားကို ၁၀၀ ရာနှုန်း ကြိုက်ရင် ပရိသတ်အနေနဲ့ အနည်းဆုံး ၄၀-၅၀ ရာနှုန်းလောက်တော့ ကြိုက်နိုင်မယ်လို့စိတ်ကထင်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ပန်းချီဆရာနဲ့ ကြည့်တဲ့ လူနဲ့က အဲဒီလောက်တော့ ဆက်နွယ်မှုတော့ရှိမှာပဲ၊ အပြည့် ကြီး တော့ ရချင်မှရမယ်၊ နံပါတ် ၁ က တော့ ကိုယ်အကြိုက်ဆုံး ဖြစ်ရမယ်။
မေး။     ။ ရေဆေး ပန်းချီကို ဘယ်လိုလေ့လာ ဆွဲဖြစ်တာလဲ။

ဖြေ။     ။ ကျနော့်မျိုးရိုးမှာ ပန်းချီဆရာ တယောက်မှ မရှိဘူး၊ အရင်က ကျနော့် အိမ်က ပန်းချီရေးတာ သိပ်မကြိုက်ဘူး၊ ပန်းချီကျောင်း မတက်ခင်က အိမ်မှာ ပန်းချီ ခိုးခိုးဆွဲရတယ်၊ အခန်းထဲမှာ ခိုးခိုး ရေးရတယ်၊ စာကျက်တာနည်း တာပေါ့၊ ခိုးခိုးရေးရင်း လူက ခါးကုံးသလို ဖြစ်လာတယ်၊ အဲဒါ မင်းပန်းချီဆွဲလို့ ခါးကုံးတာလို့ အဖေကပြောတယ်၊ ကျနော်က မြို့ထဲသွားရင် ပန်းချီပြပွဲ ၀င်ကြည့်တယ်၊ ပန်းချီဆေးတွေ ၀ယ်တယ်၊ ဘယ်လိုတားတား၊ အဖေက သူ့သား ပန်းချီ ဆရာ ဖြစ်မှာ စိုးတယ်။

ဟိုတုန်းက သူတို့က သဘောမပေါက်ဘူး၊ ကျနော်က စိတ်ထဲမှာ နဂိုကတည်းကရှိနေတော့ သူတို့ တားလို့လည်း မရဘူးဖြစ်နေတာပေါ့၊ နောက်ပိုင်း ပန်းချီကားတွေ ရောင်းလာရတဲ့ အချိန်အထိ ကျနော့် အဖေက သိပ် မကြိုက် သေးဘူး၊ ကျနော် ၁၀ တန်းလည်း ကျတယ်၊ အဖေက ဒေါသ ထွက်တယ်၊ ပန်းချီကြောင့်ကျတယ်ချည်း ပြော တယ်၊ ကျနော် ပန်းချီကျောင်းတက်တော့ ကျနော်လေးစားတဲ့ပန်းချီဆရာတွေနဲ့တွေ့တယ်၊ သူတို့က ပန်းချီ ဆရာ ဆိုတာ ၁၀ တန်းအောင်မှ ကောင်းတာလို့ ပြောတယ်၊ အဲဒီလို ပြောလိုက်တော့ ကျနော် အဲဒီနှစ် ၁၀ တန်း အောင် သွားတယ်။

အဖေတို့က စီးပွားရေးသမားတွေ ၊ ကျနော်က ပန်းချီကားလေး ရောင်းလိုက်ပျော်လိုက်နေတာ၊ သူတို့က သိပ် သဘော မကျဘူး၊ ကျနော့် အနာဂတ်ကို သူတို့က ပူပန်တယ်၊ နောက်ဆုံးတော့ အဖေပဲ အရှုံးပေးလိုက်ရတယ်၊ နောက်ပိုင်း ကျနော်ရေးတာကြည့်ပြီး သူအကြံဉာဏ်တွေ ပေးတာတွေဖြစ်လာတယ်။

ကျနော့် အဖေက ဖိနပ်လုပ်ငန်းလုပ်တာ၊ တအိမ်လုံး လုပ်တာ၊ အဲဒီ ဖိနပ် လုပ်တာကလည်း အညောင်းထိုင်ရတာ မနက်ကနေ ညအထိ၊ ပန်းချီဆွဲတာကလည်း အညောင်းထိုင်ရတာပဲ၊ ဒါပေမယ့် ဟိုတုန်းက မတူဘူး၊ ဖိနပ်လုပ် တာက အရမ်းပိုက်ဆံ ရတယ်၊ ကျနော့်ပန်းချီက ဘာမှမရဘူး၊ အဲဒါကြောင့် အဖေက အမြဲတမ်း ဖိနပ်လုပ်ခိုင်း တယ်၊ ကျနော် ပန်းချီရေးဖန်များလာတော့ သူလည်းတားလို့ မရတော့လို့ သူပြန်အားပေးလာရတယ်၊ ကျနော့် အကြောင်း ဂျာနယ်တွေဘာတွေမှာ ပါလာတော့ သူလည်းပျော်တာပေါ့၊ ပီတိဖြစ်နေတဲ့ အဖေ့ရဲ့ အပြုံးတွေ ကျနော်မြင်တာပေါ့။

ကျနော်က ဒီရေဆေးကို ပန်းချီစပြီး ၀ါသနာစပါကတည်းက ရေဆေးနဲ့ပဲ မိတ်ဆက်ခဲ့ရတာပါ၊ စတာထွက် ကတည်းက ရေဆေးနဲ့ ရေးခဲ့တာပေါ့၊ ၈၆-၈၇ လောက်ကပေါ့၊ ကျနော်က ပန်းချီကျောင်း မတက်ခင်ကတည်း က Water color က ရေးနေပြီ။ ပန်းချီ ကျောင်းတက်တာက ၈၉-၉၀-၉၁ ၊ အဓိက ဆရာတွေကတော့ မန္တလေး ဦးတင်အေး တို့၊ ကိုယ့်ဘာသာကိုယ်လည်း လေ့လာတယ်၊ ဒါပေမယ့် ဆရာတွေနဲ့ တွေ့လိုက်တော့ ဉာဏ်ပို ပွင့်သွားတယ်၊ ကျောင်းကတော့ အခြေခံကစသင်ပေးတာ အရင်တုန်းက ကိုယ့်ဘာသာကိုယ်ရေးတာ အခြေခံ တွေဘာတွေ မသိခဲ့ဘူး၊ ကျောင်းတက်တော့ ပိုနားလည်သွားတာပေါ့၊ ပိုကောင်းသွားတာပေါ့။

ရေဆေးရေးတဲ့ ပန်းချီဆရာ တော်တော်များကို ကျနော် ကြိုက်တယ်၊ ဒါပေမယ့် ကျနော်ကြိုက်တာပဲ ရှိတယ်၊ သူတို့လိုတော့ တခါမှ ပြန်မရေးဘူး၊ အဲဒီလိုရေးမယ်လို့ ပြန်မလုပ်ဖြစ်ဘူး၊ ရေဆေး ဦးလူတင်ဆိုတာ ကျနော်တို့ မြင်ဆရာထဲမှာ ပါပါတယ်၊ ရန်ကုန်ကဆို ဆရာ ဦးမြသောင်းတို့ပေါ့၊ သူတို့က ရေဆေးရေးခဲ့ကြတာ။

ကျနော်ရေးတဲ့ဟန်က ရီရာယ်လစ်ဇင်လည်း မဟုတ်ဘူး၊ အစ်ဇင်ထဲမှာ ထည့်ပြောရတာနည်းနည်း ဘယ်လိုပြော မလဲ အင်ပရက်ရှင် စတိုင်နည်းနည်းပါတာပေါ့၊ တကယ့်အရှိကိုရေးတာပဲ၊ တကယ့်ခံစားမှုကိုရတယ်၊ ဒါပေမယ့် အဲဒီ ရှိနေတဲ့ အတိုင်း လိုက်ရေးတာတော့ မဟုတ်ဘူး၊ တူအောင်လိုက်ရေးတာမဟုတ်ဘူး၊ ကြည့်လိုက်ရင် တူသလိုနဲ့ မဟုတ်ပြန်ဘူး၊ ဒါပေမယ့် ကြည့်တဲ့လူကတော့ တကယ်ခံစားရမယ်၊ ဆိုပါတော့ ဒီဟာက ပန်းခြံ၊ ဒီနေရာကြီးက မြို့တော်ခန်းမ၊ ဒီနေရာက ဆူးလေဘုရား၊ အားလုံးသိသာတယ်၊ ဒါပေမယ့် သူ့ရဲ့ ရေဆေး သဘောအရ သွားတဲ့ ရိုက်ခတ်မှုတွေ၊ အဲဒီအပေါ်မှာ လိုက်ပြီးတော့ ရေးတဲ့ဟန်က ဖြစ်သွားတာ။

ကျနော်က အရင်ဆီဆေးတွေ ဘာတွေလည်း ရေးပါတယ်၊ ပန်းချီရေးရင်တော့ ကျနော် အာရုံ ညွှတ်တဲ့ဟာ တခုပဲ ရေးတာ၊ ၀ါတာကာလာပဲဖြစ်ဖြစ်၊ ဘာပဲ ဖြစ်ဖြစ်၊ အခုပြပွဲမှာ ဆိုရင် လိုက်တင်လေးတွေ တော်တော်များများ ပါ တယ်၊ ဒါပေမယ့် အလင်းဆုံး တခုပဲ တင်ပြီးရေးတယ်၊ အဲဒီမှာ ပက်တန်လေးတွေပေါ့၊ ပန်းချီ အဆောက်အဦး ကြီး ဖြစ်ရင်ဖြစ်သွားတာ၊ အဲဒါ မျိုးလေးတွေလည်း ပါတယ်၊ အလင်းကို ဦးစားပေးရေးထားတာ၊ အခုပြပွဲမှာပါတဲ့ လသာလမ်းထိပ်က တရုတ်ဘုံကျောင်း ကားက ဘုံကျောင်းနံရံ မှာ လာထိတဲ့ အလင်းကို ရေးတာ။

မေး။     ။ ရေဆေး ပန်းချီ ဆရာတယောက်အနေနဲ့ ပန်းချီ အနုပညာအပေါ်မှာ ဘယ်လိုခံယူချက်ထားလဲ။

ဖြေ။     ။ ကျနော့်အနေနဲ့ကတော့ ရေဆေးနဲ့ ပန်းချီဆရာကောင်း တယောက်ဖြစ်ချင်တယ်၊ ရေဆေးရေးတဲ့ ပန်းချီဆရာက လည်း အခုဆိုရင် အရေးနည်းလာတယ်၊ ရှားလာတယ်၊ ကျနော်က ရေဆေးကို နဂိုကတည်းက ကြိုက်တော့ ရေဆေး ပန်းချီဆရာကောင်း တယောက်ဖြစ်ချင်တယ်၊ နေ့တိုင်းလည်း ရေးဖြစ်တယ်။


မေး။     ။ နိုင်ငံတကာ ပြပွဲတွေလည်း ပြဖူးတော့ နိုင်ငံတကာအတွေ့အကြုံအရ မြန်မာနဲ့ဘာတွေ ကွာခြားမှု ရှိလဲ၊ ရေဆေး သမား တယောက်အနေနဲ့ အတွေ့အကြုံပေါ့။

ဖြေ။     ။ အများစုက ပြမယ့်သူက ကျနော်တို့ ပန်းချီကားတွေကိုသူတို့က လာရွေးတာ၊ ကျနော်တို့ လက်ရာကို ကြိုက်လို့ ပေါ့၊ သူတို့က ပွဲလုပ်ပေးတယ်၊ ၀ါတာကာလာပဲ ၊ မြို့ပြရှုခင်းတွေပဲ များတယ်၊ ပြည်တွင်းနဲ့ အများကြီးကွာခြားမှုတွေရှိတယ်၊ ဟိုမှာက ကျနော်တို့ ပြောချင်တာကို သိတယ်၊ ဟိုက ခံစားနိုင်တယ်၊ ကိုယ်မှားရင်လည်း သိတယ်၊ အဲဒီ သဘောတော့ ရှိတယ်၊ ဈေးကွက်ကလည်း ကွာတယ်၊ တန်ဖိုး ပိုရတယ်။


မေး။     ။ ပန်းချီ အနုပညာနဲ့ ပန်းချီကား အရောင်းအ၀ယ် အလုပ်အပေါ် သဘောထားကရော ဘယ်လိုရှိလဲ။

ဖြေ။     ။ ကျနော် ပန်းချီရေးတာကတော့ တကယ် ဖီလင်ဖြစ်လို့ ရေးတာ၊ စီးပွားရေးအရ ပြောရင်တော့ ကျနော့် ကားတွေ က ရောင်းရခက်တဲ့ အထဲမှာ ပါတယ်၊ တော်ရုံတန်ရုံ ၀ယ်မယ့်သူကလည်း စဉ်းစားတာပဲ၊ ဒါပေမယ့် ကျနော့်ခေါင်းထဲမှာ အဲဒါတွေ မရှိဘူး၊ ကျနော်ကြိုက်တာကို ကျနော်ရေးတယ်၊ လူတွေက၀ယ်ကြတယ်၊ ကျနော် ပျော်တာပေါ့၊ ကျနော်ကြိုက်တာကို လူတွေက ၀ယ်တာကိုး၊ သူတို့ အကြိုက်ကို ကျနော် တခါမှမရေးပြဖူး ဘူး၊ ကျနော့်အကြိုက် ကို သူတို့ အားပေးတာ ပိုပျော်ဖို့ ကောင်းတယ်။


မေး။     ။ အခုလိုမျိုး ပန်းချီ ဆရာတယောက်အနေနဲ့ အလုပ်တွေ လုပ်နိုင်အောင် ဘယ်လိုကျင့်ကြံ လုပ်ကိုင် နေထိုင်သလဲ၊ စိတ်ကျန်းမာရေး၊ လူကျန်းမာရေးကအစ ပြောပြပါဦး။

ဖြေ။     ။ ကျနော်က ကျနော့် မိသားစုနဲ့ အနေများတယ်၊ ကျန်တဲ့ အချိန်မှာ ဘာသာရေးလုပ်တယ်၊ အဲဒါက ကျနော် တို့နဲ့ တော်တော် နီးစပ်တယ်၊ ပန်းချီရေးတာမှာလည်း အာရုံစူးစိုက်မှု ရှိလာတယ်၊ ဒါကိုလည်း မိသားစုကို ပြန်ပြော ပြ တယ်၊ ကျနော့်အိမ်ထောင်ဖက်က ကျနော့်ကို နဂိုကတည်းက ပန်းချီဆရာမှန်းသိပြီးယူခဲ့တာ၊ ကျနော့်ကို အားပေး တယ်၊ ကျနော်တို့မှာ သမီးလေး တယောက်လည်းရှိတယ်၊ အဲဒီတော့ ပန်းချီနဲ့ မိသားစုကို မျှတအောင် နေထိုင် လုပ်ကိုင် ပါတယ်။     ။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်