အာဏာအတွက် အားပြိုင်မှု

ဧရာဝတီမဂ္ဂဇင်းနှင့် ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သော အင်တာဗျူး အပြည့်အစုံ

မနုဿဗေဒပညာရှင် ဂူစတပ်ဖ် ဟောက်တ်မင် (Gustaaf Houtman) က မြန်မာစစ်တပ်၏ ပေါ်ပေါက်လာပုံ ဇာတိမူရင်း အစကို

လေ့လာသုတေသနပြုခဲ့ပြီး မြန်မာစစ်ဗိုလ်ချုပ်များက လိမ်ညာလုပ်ကြံထားသော အချက်အလက်များကို အခြေခံ၍ တရားဝင်မှုရှိသယောင် ဖော်ပြနေကြကြောင်း ဆိုခဲ့သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက သံဃာများကို နိုင်ငံတော်အား တည့်မတ်လမ်းညွှန်ပေးသည့် အဓိက အင်အားစုများဟု မြင်ခဲ့သည်။ ယခုလက်ရှိအခြေ အနေတွင် ဖြစ်ပွားနေသည့် သံဃာထုနှင့် စစ်တပ်အကြား ပဋိပက္ခသည် စစ်တပ်က မနိုင်သည့် တိုက်ပွဲကို ဆင်နွှဲနေ ခြင်းသာ ဖြစ်သည်ဟု သူကဆိုပါသည်။

သူရေးသားထားသည့် စာအုပ်၊ စာတမ်းများကို httpp://ghoutman.googlepages.com အင်တာနက် စာမျက်နှာတွင် ရရှိနိုင်ပါသည်။ သူ့ကို ဆက်သွယ် နိုင်သည့် အီး-မေးလ်မှာ This e-mail address is being protected from spambots. You need JavaScript enabled to view it ဖြစ်ပါသည်။

မေး။ စစ်တပ် အာဏာပိုင်တွေက မြန်မာနိုင်ငံကို အုပ်ချုပ်ဖို့ရာ တရားဝင်ဖြစ်မှု အခွင့်အလမ်းလုံးဝ မရှိဖူးလို့ ခင်ဗျားက ဆိုထားပါတယ်။ ဘာကြောင့် ဒီလို ပြောနိုင်ပါသလဲ။

ဖြေ။ ဘယ်လို အစိုးရမျိုးပဲ ဖြစ်ဖြစ်၊ ထိထိရောက်ရောက် အုပ်ချုပ်နိုင်ဖို့ဆိုရင် လူထုတွေဆီက အနည်းဆုံး ယုံကြည်သက်ဝင်ပြီး ပူးပေါင်းဆောင်ရွက်လိုတဲ့စိတ်၊ လိုလားထောက်ခံမှုတွေ ရှိရပါလိမ့်မယ်။ လွန်ခဲ့တဲ့ ရာစုနှစ် တ၀က်လောက်မှာ မြန်မာ နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ဟာ လူထုတွေဆီက သူတို့ ရနိုင်တဲ့ လိုလားထောက်ခံမှုတွေကို ဖြုန်းတီးပစ်ခဲ့ ကြပါတယ်။ သူတို့ကိုယ်သူတို့ တရားဝင်မှုရအောင် ဆောင်ရွက်ကြတဲ့နေရာမှာ ရွေးကောက်ပွဲ နည်းလမ်းကို မသုံးဘဲ အင်အားကိုသာ အဓမ္မအားကိုးပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့က “ပြည်သူ့ဆန္ဒသဘောထား” ဆိုတာတွေ ပြောနေပေမယ့် အနှစ်အသားမပါဘဲ မြန်မာ့သမိုင်းရဲ့ ဗဟိုချက်မမှာ စစ်တပ်အခန်းကဏ္ဍကို အရေးပါနေရာရှိသယောင် ထည့်သွင်း ပြောဆိုနေကြခြင်းသာ ဖြစ်ပါတယ်။

စစ်တပ်က သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ အလိမ်အညာလှိုင်းတွေနဲ့ သူတို့ပြန်ညိနေကြပါတယ်။ သူတို့က အတိုက်အခံ သဘောထားဆိုရင် လုံးဝသည်းညည်းခံမှု မရှိသလို၊ ပညာရှင်တွေရဲ့ အခန်းကဏ္ဍကိုလည်း မှေးမှိန်ဖျောက်ဖျက်ပစ်ကြပါ တယ်။ ဒီအဖြစ်အပျက်တွေကို အမှန်အတိုင်း တင်ပြတာမျိုးမဟုတ်ဘဲ ဒီလိုမတိကျတဲ့အချက်တွေကို သမိုင်းသဖွယ် ဖန်တီး လုပ်ကြံနေကြတာ စိတ်ပျက်စရာကောင်းလှပါတယ်။ တခါတလေမှာ ပညာရှင်ရှုထောင့်ဘက်က ကြည့်ရင် အတော့ကို ငြင်းချက်ထုတ်စရာ ကောင်းတဲ့ကိစ္စတွေပါ။

မေး။ ဘာဖြစ်လို့ အောင်ဆန်းက မြန်မာပြည်သူတွေအတွက် သိပ်အရေးပါရပါသလဲ။

ဖြေ။ အောင်ဆန်းက သူရဲကောင်းတဦး ဖြစ်သလို၊ မြန်မာလူထုတွေက လေးစားတဲ့ အာဇာနည်ပါ။ အထူးသဖြင့် ထက်မြက် ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရအောင် ဗြိတိသျှတွေနဲ့ ဂျပန်လက်အောက်က ရုန်းကန် အရယူပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ဘ၀နဲ့ ပတ်သက်တဲ့ကဏ္ဍ၊ အစိတ်အပိုင်းတွေကို တနိုင်ငံလုံးကအားလပ်ရက်၊ ပွဲလမ်းတွေအဖြစ် ကျင်းပခဲ့ကြတာ ရှိသလို၊ ပိုက်ဆံတွေအားလုံးမှာလည်း သူ့ပုံကို ဖော်ပြခဲ့ကြပါတယ်။ ဒီနေ့ထက်တိုင် သူသေလွန်ပြီးလို့ ဆယ်စုနှစ်ခြောက်ခုကြာ သည့်တိုင် ဆန္ဒပြသူတွေက အောင်ဆန်းရုပ်ပုံတွေကို ကိုင်ပြီးဆန္ဒပြနေကြတုန်းပါ။ သူရဲ့ဘ၀ဇာတ်ကြောင်းက ဒဏ္ဍာရီဆန် ဆန် ဖော်ပြမြှင့်တင်ထားခဲလေတော့ စစ်တပ်ကလည်း ဗိုလ်ချုပ်အောင်ဆန်းကို သူတို့ရဲ့ကိုယ်ပိုင်ပြယုဂ်အဖြစ်လုပ်၊ ယုံမှတ် မှားချက်တွေ ဖန်တီးပြီး စစ်တပ်က အုပ်ချုပ်ရေးအာဏာရယူထားတာကိုပဲ တရားဝင်ကြောင်း ပြနေတော့တာပါပဲ။

မေး။ စိတ်ဓါတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု (Mental culture) ဆိုတဲ့ ခင်ဗျားစာအုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအမွေကို စစ်တပ်က ပုံမှားရိုက်အသုံးချခဲ့ပြီး၊ သူ့သမီး ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြီးစိန်ခေါ်ခဲ့တယ်လို့ ရေးသားထားတယ်။

ဖြေ။ ဟုတ်ပါတယ်။ ကျနော်ပြောလိုတာက အောင်ဆန်းဟာ လူအများစုထောက်ခံမှုကို ရယူနိုင်ခဲ့တဲ့ သမိုင်းအမွေက ခေတ် အဆက်ဆက်သော နိုင်ငံရေးပါတီများနဲ့၊ လွတ်လပ်ရေး ရပြီးစ ကာလ ၁၉၄၈ ခုနှစ်မှ ၁၉၉၀ ခုနှစ်များတိုင် အစိုးရများမှာ စုစည်းညီညွတ်မှုကို ပေးစွမ်းနိုင်တဲ့ ပြယုဂ်အသွင်ဆောင် ဖော်ပြခဲ့ကြပါတယ်။ ပြန်ကြည့်ပါ။ တခါက ပိုက်ဆံပေါ်မှာ ဖော်ပြ ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တူအောင် တမင်ဖန်တီးထားတယ်ဆိုတာမျိုးတောင် ကော လာဟလ ပြောခဲ့ကြတာ ရှိပါတယ်။ အကြောင်းကတော့ သူ့ရဲ့ဘ၀ဇာတ်ကြောင်းကို ဒဏ္ဍာရီဆန်ဆန် အမွန်းတင်ခဲ့လေတော့ စစ်တပ်ကလည်း သူတို့ရဲ့ ကိုယ်ပိုင်ပြယုဂ် သဖွယ်လုပ်၊ ယုံမှတ်မှားချက်တွေ ဖြစ်အောင်လုပ်ပြီး စစ်တပ်က အာဏာ ရယူထားတာကို တရားဝင်မှုရအောင် လုပ်တာပါပဲ။

တခါက ဒေါ်အောင်ဆန်းစုကြည်က သူ့အဖေနဲ့ ပတ်သက်လို့ စစ်တပ်က အဓိပ္ပါယ်ဖွင့်တာကို စိန်ခေါ်ပြောဆိုခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒီလိုလူအများကိုစုစည်းစေတဲ့ ပြယုဂ်အဖြစ် ဘာနဲ့ အစားထိုးနိုင်မလဲဆိုတာ ရှာဖွေနေကြတုန်းပါ။ ပုဂ္ဂိုလ် ရေး မဟုတ်ခဲ့ရင်၊ လူတဦးတယောက် မဟုတ်ခဲ့ရင်တော့ ကောင်းတာပေါ့။ ပိုပြီး ထိန်းချုပ်ရလွယ်ကူစေတာပေါ့။

အလျင်စလိုပဲ စစ်တပ်က အောင်ဆန်းရဲ့ပြယုဂ်ကို အခြားအမျိုးသား ယဉ်ကျေးမှုလက္ခဏာတခုကို ထုလုပ်ပြီး အစားထိုးဖို့ ကြိုးစားခဲ့ပါတယ်။ ကျနော်တို့နောက်ပိုင်းမှာ မြန်မာဇာတ်သွတ်သွင်းခြင်းကို အကြီးအကျယ်လုပ်ဆောင်လာခဲ့တာကို တွေ့ရ ပါလိမ့်မယ်။ နိုင်ငံတော်အစိုးရကိုယ်၌က ချီးမြှောက်ထားတဲ့ မြန်မာ့ယဉ်ကျေးမှုထွန်းကားရေး ဆိုတာမျိုးတွေကို ၁၉၈၈ ခုနှစ် နောက်ပိုင်း တက်လာတဲ့ စစ်အစိုးရက လုပ်လာခဲ့ပါတယ်။

ပိုက်ဆံမှာပါတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံတွေကို လူမဟုတ်တဲ့အရာဝတ္ထုတွေနဲ့ အစားထိုးခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်နောက်ပိုင်း ထုတ်ဝေခဲ့တဲ့ ပိုက်ဆံတွေမှာ အောင်ဆန်းပုံမပါတော့ဘဲ ခြင်္သေ့ရုပ်ပုံနဲ့ အစားထိုးခဲ့ပါတယ်။ ဘုရားပုထိုးတွေရှေ့မှာ စောင့် နေကြတဲ့ ဒဏ္ဍာရီလာ အကောင်ပါ။ ဒီခြင်္သေ့ကိုပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း (USDA) ရဲ့ အထိမ်းအမှတ်၊ စစ်တပ်ရဲ့ အထိမ်းအမှတ်အဖြစ်လည်း သုံးခဲ့ပါသေးတယ်။ စစ်တပ်ကို နှစ်နှစ်ကာကာ စိတ်လိုလက်ရ မထောက်ခံတဲ့သူတွေ ဆိုရင် (USDA) အဖွဲ့က အနှောက်ယှက်ပေးတာတွေ ခံခဲ့ကြရပါတယ်။

ဒီလို နိုင်ငံတော်ကို စစ်တပ်က ဆက်အုပ်ချုပ်နေရတဲ့အကြောင်းကို တရားဝင်ဖြစ်စေဖို့လည်း သမိုင်းကို အကြီးအကျယ် လိမ်ညာဖန်တီးမှုတွေ လုပ်ခဲ့ပါတယ်။ လူထုတွေကို အကြီးအကျယ်ရွှေ့ပြောင်းနေရာချတာတွေ လုပ်ခဲ့သလို၊ ပုဂံအပါအ၀င် အခြားသမိုင်း ၀င်နေရာတွေကိုလည်း အစားထိုးမရနိုင်အောင် ဖျက်ဆီးခဲ့ကြပါတယ်။

မေး။ “အောင်ဆန်းလမ်းစဉ်- အနာဂတ်အစီအစဉ်နှင့် ဂျပန်က မြန်မာနိုင်ငံကို ကျူးကျော်ခြင်း” (Aung San's Way: The Blue Print and the Japanese Occupation of Burma) ဆိုတဲ့အခန်းမှာ အောင်ဆန်းအပေါ် လူထုထောက်ခံမှုအကြီး အကျယ်ရရှိခဲ့တဲ့ အနေအထားကို စစ်တပ်က သူ့အကျိုးအတွက် အသုံးချလိုတဲ့အတွက် ဖန်တီးဖျက်ဆီးမှုတွေ လုပ်ခဲ့တယ် ဆိုပြီး ရေးထားပါတယ်။ ဘယ်လို အထောက်အထားရှိလို့ပါလဲ။

ဖြေ။ မြန်မာနိုင်ငံကို ဒီနေ့ထိန်းချုပ်ထားတဲ့ စစ်တပ်ရဲ့ နောက်ကြောင်းရာဇ၀င်ကို ပြန်လိုက်ရင် အောင်ဆန်း ပထမအကြိမ် ဂျပန်ကို ရောက်ခဲ့တဲ့ ၁၉၄၀ ခုနှစ်၊ ဖေဖေါ်ဝါရီလက စရပါလိမ့်မယ်။ ဒီအချိန်မှာ တပ်မတော်ကို တည်ထောင်ခဲ့တာပါ။ ဒီ ကာလက သမိုင်းအရ အရေးပါတယ်လို့ သတ်မှတ်ရပါလိမ့်မယ်။ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုအတွက် တရုတ်တို့ဆီ က ကူညီထောက်ပံ့မှုကို ရနိုး-ရနိုးစောင့်ရင်း အောင်ဆန်းက ထိုင်ဝမ်မှာသောင်တင်နေတယ်။ နောက်ပိုင်းမှာ သူ့ကို ဗိုလ်မှူး ကြီးဆူဇူကီး ဦးဆောင်တဲ့ ထောက်လှမ်းရေး အုပ်စုတခုက ဂျပန်ပြည်ကို တရားမ၀င် ခိုးသွင်းသွားခဲ့ပါတယ်။ သူတို့ကို ဂျပန် ခေါ်သွားဖို့ ဂျပန်ဘုရင့်တပ်မတော်က တရားဝင်ထောက်ခံချက် မရပါဘူး။

အဲဒီကာလမှာ အရာရာက လျှို့ဝှက်လုပ်ဆောင်နေရတော့ မြန်မာ့တပ်မတော်တည်ထောင်တာနဲ့ ပတ်သက်ပြီးတော့လည်း တရားဝင် မှတ်တမ်းမှတ်ရာတွေ သိပ်မကျန်ရစ်ပါဘူး။ လူပြောများတဲ့ အထောက်အထားတခုကတော့ အဲဒီကာလက အောင်ဆန်းက ရေးတယ်ဆိုတဲ့ “မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အနာဂတ်အစီအစဉ်” (The Blue Print for a Free Burma) ဆိုတာပါပဲ။ ဒီအချက်ကို စစ်အစိုးရကသာ ပြောတာမဟုတ်ပါဘူး။ မကြာသေးခင်ကပဲ အချို့ပညာရှင်တွေက လည်း ကိုးကားပြီး ပြောဆိုခဲ့ကြပါသေးတယ်။ ဒီအထောက်အထားကို ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အဖေရဲ့နိုင်ငံ ရေး အယူအဆကို အကဲဖြတ်ချက်မှားတယ်ဆိုပြီး ဆန့်ကျင် ပြောဆိုနေကြတာမျိုးပါ။ ပြောရရင်တော့ မြန်မာပြည်ဟာ ပါလီမန် စနစ်မျိုးနဲ့ မသွားသင့်ဘူး၊ တပါတီအုပ်ချုပ်ရေးမျိုးနဲ့ သွားသင့်တယ်ဆိုတာမျိုး အောင်ဆန်းက ပြောခဲ့တယ်ဆိုတဲ့ ကိစ္စပါ။ ဒီအထောက်အထားက သူ့အဖေရဲ့ ရည်ရွယ်ချက်ကို ခြေရာနင်းဖို့ လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည် ပြောဆိုချက်တွေကို ထိခိုက်စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စဟာ စစ်တပ်က လွဲမှားအဓိပ္ပါယ်ဖွင့်တာလို့ ပြောပါတယ်။

ဒါပေမယ့် ဒီစာတမ်းကို အောင်ဆန်းရေးတယ်ဆိုတာ လွဲမှားပြီး ရည်ညွှန်းနေကြတာပါ။ အောင်ဆန်းက ဒီစာတမ်းကို လုံးဝ မရေးခဲ့ပါဘူး။ ဂျပန် ထောက်လှမ်းရေးအဖွဲ့ကပဲ ဘုရင့်တပ်မတော်ရဲ့ ထောက်ခံမှုကို ရရှိအောင် လုပ်ကြံပြီးရေးခဲ့တဲ့စာတမ်း ပါ။

ဒီအနာဂတ်စာတမ်း (Blue Print) ကို အောင်ဆန်းရေးတယ် ဆိုပြီး စလုပ်ကြံဖန်တီးတာဟာ ဒေါက်တာမောင်မောင်ပါ။ ဂျပန်အုပ်ချုပ်ရေး ကျော်လွန်လို့ အတော်ကြာမှ၊ ၁၉၅၇ ခုနှစ်က ရန်ကုန်မှာ စထုတ်ခဲ့တဲ့ ဂါဒီယန်သတင်းစာမှာ (အဲဒီမှာ သူက စတင်တည်ထောင်သူ အယ်ဒီတာ) ဖော်ပြခဲ့တာဖြစ်ပြီး ဒေါက်တာမောင်မောင်ကနောက်ကွယ်က ပါခဲ့ပါတယ်။ အဲဒီအချိန်မှာ အောင်ဆန်းလုပ်ကြံခံရတာလည်း အတော်ကြာခဲ့ပါပြီ။

အဲသည်ပုံနှိပ်ထုတ်ဝေမှု လုပ်လာတဲ့အချိန်ကလည်း တိုက်တိုက်ဆိုင်ဆိုင် စစ်တပ်က စိတ်ဓါတ်စစ်ဆင်ရေးလုပ်ငန်းတွေ စတင် လုပ်ဆောင်လာတဲ့ အချိန်ပါ။ စစ်တပ်ကို လူထုထောက်ခံမှုရဖို့၊ သြဇာရှိလာဖို့ လုပ်ဆောင်နေခဲ့ကြတဲ့ အချိန်ဖြစ်ပါ တယ်။

သို့သော် အောင်ဆန်းက ဂျပန်မှာရှိနေစဉ် သူ့ကိုယ်ပိုင် စီမံကိန်းရေးခဲ့တာမျိုး တခုမျှ မရှိဖူးလို့ ပြတ်ပြတ်သားသား ငြင်းချက် ထုတ်ခဲ့ပါတယ်။ သူပြောတာက ဗိုလ်မှူးကြီးဆူဇူကီးက ဒီအစီအစဉ်အတွက် ရေးဖို့ သူ့ကို အတင်းအကျပ်တိုက်တွန်းပြီး၊ အောင်ဆန်းကို သူ့လက်ရေးနဲ့ ပြန်ချရေးဖို့ ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲသည်စာတမ်းနဲ့ ပတ်သက်လို့ ဘာဆက်ဖြစ်ခဲ့ တယ်ဆိုတာ မသိဖူးလို့ အောင်ဆန်းက ပြောခဲ့ပါတယ်။

ဝမ်းနည်းစရာကောင်းတဲ့အချက်ကတော့ အောင်ဆန်းက ပြင်းပြင်းထန်ထန် ငြင်းပယ်ခဲ့တဲ့၊ ဒုတိယကမ္ဘာစစ်ကာလက နိုင်ငံ ခြား ကျူးကျော်သူတွေက (မြန်မာပြည် ကျူးကျော်ဖို့ ရည်ရွယ်ချက်နဲ့) ရေးထားတဲ့ စာတမ်းကို၊ ဒီနေ့ စစ်အစိုးရက ကိုယ့် လူမျိုးတွေ ကိုယ်တိုင် ဖန်တီးထားတဲ့ သမိုင်းအစဉ်အလာတခုအဖြစ် ဂုဏ်ယူအမွှန်းတင် ပြောဆိုနေတဲ့ ကိစ္စဖြစ်ပါတယ်။

မေး။ ဒါဖြင့်ဆိုရင် ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်အုပ်စိုးမှုဟာ တရားမ၀င်ဘူးလို့ ခင်ဗျားက ဆိုလိုချင်တာလား။

ဖြေ။ အင်း..ဒါကတော့ အောင်ဆန်းရဲ့ကိုယ်ရေးအထုပ္ပတိမှာ သိပ်အရေးကြီးနေတဲ့ကာလ အပိုင်းအခြားမှာ၊ ရည်ရွယ်ချက် ရှိရှိနဲ့ လိမ်ညာလုပ်ကြံဖန်တီးခဲ့တယ် ဆိုတဲ့ အထောက်အထားတခုမျှသာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေက စစ်အုပ် ချုပ်ရေးအတွက် အားသာချက်ရှိစေဖို့ တမင်ပြန်ရေးခဲ့တာတွေပါ။ စစ်တပ်က သူတို့အလိုကျအနေနဲ့ ကိုးကားနေတဲ့စာတမ်း က ဂျပန်က မြန်မာပြည်ကို ကျူးကျော်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ပြင်ဆင်ခဲ့တဲ့စာတမ်း ဖြစ်နေပါတယ်။

ဒီလို အသားလွတ်လိမ်ညာမှုတွေက ၀ါဒဖြန့်ချိရေးယန္တယားတွေကနေ၊ နောက်ဆုံး ပညာရှင်တွေရဲ့ကိစ္စ၊ နောက်ပြီး သမိုင်း မှတ်တမ်းလိုဖြစ်လာတာ စိုးရိမ်စရာကိစ္စ တခုပါပဲ။ အဲသည်လို လိမ်ညာမှုမျိုး ဘယ်မျှရှိနေမှာလဲ မသိနိုင်ပါဘူး။ ကျနော် ထောက်ပြခဲ့တဲ့အတိုင်း စစ်တပ်က အဲသည် လွတ်လပ်ရေးအတွက် အနာဂတ်အစီအစဉ် (Blue Print) ကို ၁၉၅၇ ခုနှစ်မှာ ပထမဦးဆုံးအကြိမ်ထုတ်ဝေခဲ့ပြီးတဲ့နောက်ပိုင်း၊ နောက်မူကွဲကို ၁၉၈၈ နောက်ပိုင်းမှာ စစ်တပ်ရဲ့ တရားဝင်မှတ်တမ်း အနေနဲ့ ပြန်ထုတ်ဝေခဲ့ပါသေးတယ်။ အဲသည်မှာ ဖြုတ်ချန်ခဲ့တဲ့အထဲမှာ မြန်မာပြည်အရေးမှာ ဂျပန်က ဗဟိုချက်မနေရာက ပါနေ တယ်ဆိုတဲ့အချက်တွေ၊ ဘုရင်စနစ်ကို ပုတ်ခတ်တိုက်ခိုက်ထားတဲ့ အချက်တွေ အပါအ၀င်၊ အချို့ကိစ္စတွေကို ဖြုတ် ချန်ထားခဲ့ပါတယ်။

ပညာရှင်တွေအနေနဲ့ ပိုပြီး နက်နက်ရှိုင်းရှိုင်းလိုက်သင့်တယ်။ စစ်တပ်က သူတို့သမိုင်းအဖြစ် ပြောနေတဲ့ကိစ္စတွေကိုလည်း ပြန်ပြီး သုံးသပ်သင့်တယ်။ စစ်အစိုးရက ပညာရှင်တွေကို သူတို့ပြောနေတာတွေနဲ့ ဆန့်ကျင်နေတဲ့အချက်တွေကို လိုက်လံ မလေ့လာနိုင်အောင်လည်း ကန့်သတ်ထားလေတော့ ဒီကိစ္စက ပိုခက်ပါတယ်။ ဂုဏ်သိက္ခာရှိတဲ့ပညာရှင်တွေ ကိုယ်၌က ဒီလို မုသားတွေကို စီစစ်ပိုင်းခြားမှုမရှိဘဲ ထပ်ဖြန့်နေတဲ့အတွက် စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။ အကြောင်းကတော့ ဒီလိုရေးသားနေကြတာဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အနှောက်အယှက် ဖြစ်စေပြီး၊ စစ်အစိုးရကို တရားဝင် အသိအမှတ်ပြုပေးရာ ရောက်စေပါတယ်။

မေး။ အကယ်၍ အောင်ဆန်းက အာဏာရှင်စနစ်ကို မထောက်ခံဘူးဆိုပါတော့။ သူကဘယ်လိုစနစ်မျိုးကို ထောက်ခံတာလဲ။

ဖြေ။ အောင်ဆန်းက တိုင်းပြည်ရဲ့ နိုင်ငံရေးဖွဲ့စည်းပုံ ဗဟိုချက်မမှာ စစ်တပ်က ၀င်ရောက်နေရာယူထားမယ့် အခြေအနေမျိုး ကို မျှော်လင့်ထားတဲ့သူ မဟုတ်ပါဘူး။ စစ်တပ်ကသာ အောင်ဆန်းကို အချက်အလက်အမှားတွေနဲ့ အသုံးချပြီး၊ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ သူတို့ကိုယ်သူတို့ သမိုင်းမှာ တရားဝင်မှုရှိသယောင် ဖန်တီးခဲ့တာပါ။ ကျနော်အခြားနေရာတွေမှာ ဆွေးနွေး တင်ပြခဲ့သလိုပါပဲ။ အောင်ဆန်းက ဆိုရှယ်လစ်စနစ်နဲ့ သွားဖို့ မျှော်မှန်းချက်ရှိပါတယ်။ ဒါပေမယ့် ဂျပန်အုပ်ချုပ်ရေးကာလ နောက်ပိုင်းမှာတော့ သူကပဲ ပထမဦးဆုံး ဒီမိုကရေစီကိုပဲ ပြောခဲ့တာပါ။

မေး။ ခင်ဗျားတရားဝင် ပြောခဲ့တာက ဘုန်းကြီးကျောင်းတွေရဲ့ တည်ရှိနေမှုဟာ စစ်အာဏာပိုင်တွေကလွဲရင် မြန်မာပြည်မှာ လွတ်လပ်စွာတည်ရှိနေတဲ့ တခုတည်းသော လူမှုအဖွဲ့အစည်းဖြစ်တယ်။ စစ်တပ်က အတိုင်းအတာတခုအရ အုပ်ချုပ်ထိန်း ကွပ်ဖို့ မဖြစ်နိုင်တဲ့ လူမှုအဖွဲ့အစည်းလို့ ဆိုခဲ့ပါတယ်။ ဘယ်လိုအကြောင်းကြောင့် ဒီလိုဖြစ်နေတာလဲ။

ဖြေ။ ဗုဒ္ဓဘာသာရဲ့လွတ်မြောက်ရေးအကြောင်း ၀ိမုတ္တိတရားဟာ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ကတည်းက သန္ဓေတည်ခဲ့ပြီး၊ လွန်ခဲ့တဲ့ ၂၀ ရာစု ပထမရာစုအဆန်းပိုင်းတ၀က်လောက်ထဲက စခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ဒီကိစ္စက နိုင်ငံမှာ အကျပ်အတည်းတွေ ကြုံလာတိုင်း ပြန်ပြန်ပေါ်လာလေ့ ရှိပါတယ်။ ရဟန်းသံဃာတွေက စစ်အစိုးရအပေါ်မှာ သြဇာရှိကြပါတယ်။ သူတို့ စစ်ခေါင်းဆောင်တွေရဲ့ ဇနီးသားမယားတွေက သူတို့ခင်ပွန်းယောက်ျားတွေအတွက် ကုသိုလ် ပြုဖို့၊ အကာအကွယ် အစောင့်အရှောက်ရစေဖို့ ဘာသာရေးအရိပ်ကို ခိုလှုံလေ့ရှိပါတယ်။ ဒါ့အပြင် ၁၉၉၀ ခုနှစ်၊ ရွေး ကောက်ပွဲပြီး ကာလ စစ်တပ်က NLD ပါတီကို အာဏာလွှဲပေးဖို့ ပျက်ကွက်တုန်းကလည်း၊ ရဟန်းသံဃာတွေက သူတို့ ဘုန်းတော်ကြီး ကျောင်းတွေမှာ ပထမဦးဆုံး ဒီမိုကရေစီပါလီမန်ကျင်းပဖို့ နေရာပေးခွင့်ပြုခဲ့တာ ရှိပါတယ်။ ဒီလိုတုံ့ပြန်ခဲ့ ကြဖူးပါတယ်။

ဒီနေ့အချိန်မှာတော့ အရပ်သား အတိုက်အခံအင်အားစုတွေကို အပြင်းအထန်နှိပ်ကွပ်ပြီးတဲ့ကာလမှာတော့၊ ဒီပဋိပက္ခတွေ ကနေ တိုက်ရိုက်အကျိုးသက်ရောက်မှု မခံရဘဲ ကင်းလွတ်နေတာဆိုလို့ ရဟန်းသံဃာတွေပဲ လွတ်လပ်တဲ့အဖွဲ့အစည်း ဆို ပြီး ကျန်ပါတော့တယ်။ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ချေမှုန်းမှုတွေမှာ စစ်အစိုးရက တိတ်တဆိတ်မီးရှို့အစဖျောက်လိုက်တဲ့ သူတွေအထဲမှာ ရဟန်းတွေ ဘယ်နှစ်ပါး ပါသွားမယ်ဆိုတာ ကျနော်မသေချာပါဘူး။ ဒါပေမယ့် စစ်တပ်ကသာ အမြဲတစေ တိုင်းပြည်ကို ထိန်းချုပ်ထားမယ်၊ သူတို့ကသာ ဖွံ့ဖြိုးအောင်လုပ်နိုင်မယ်ဆိုတဲ့ အယူအဆကတော့ သိပ်ရက်စက်ကြမ်းကြုတ် လွန်းပါတယ်။ လူထုတွေနဲ့လည်း ကင်းလွတ်လွန်းရာကျပါတယ်။ ကျနော့်ကိုလာပြောကြတဲ့သူတွေကတော့ စစ်တပ်ရဲ့ အနေအထားဟာ ဒီအတိုင်းဆက်သွားလို့ မရတော့ဘူး၊ မခိုင်မြဲတော့ဘူးဆိုတာ ပေါ်လွင်နေပါတယ်။

မေး။ ဒါပေမယ့် သေချာတဲ့အချက်ကတော့ နိုင်ငံရေးနဲ့ ဘာသာရေးစည်းခြားရမယ်လို့မြင်တဲ့ အောင်ဆန်းကတော့ ဗုဒ္ဓ ဘာသာကို နိုင်ငံရေးအတွက် အသုံးချစရာ လက်နက်တခုလို့ မမြင်ပါဘူး။

ဖြေ။ ဗုဒ္ဓဘာသာကို နိုင်ငံရေးလက်နက်တခုအဖြစ် အသုံးချတယ်ဆိုတာက အခြား ကိစ္စတခုပါ။ ဗုဒ္ဓဘာသာ သဘောကို နားလည်မည်ဆိုရင် မတည်ငြိမ်မှုတွေက ဘယ်လိုဖြစ်လာသလဲ၊ တည်ငြိမ်မှု (စနစ်) ရအောင် ဘယ်လိုတည်ဆောက်ရမလဲ ဆိုတာ ရှိပါတယ်။ နိုင်ငံရေးအထဲမှာ ဘယ်လိုဝင်ရောက်စွက်ဖက်နိုင်တယ် ဆိုတာက တကဏ္ဍဖြစ်ပါတယ်။

ဗုဒ္ဓဘာသာကို နိုင်ငံရေးလက်နက်တခုအဖြစ် သုံးတယ်ဆိုတဲ့ ကောက်ချက်မျိုးကတော့ ဖြစ်နေတဲ့အခြေအနေတွေ အပေါ်မှာ သိပ်အလွယ်လိုက်လွန်း အပေါ်ယံဆန်လွန်းပြီး၊ မှားယွင်းသုံးသပ်တာမျိုးနဲ့ တူပါတယ်။ လောင်စာဆီဈေးတွေကို လူတွေ မတတ်နိုင်တဲ့ဈေးနှုန်းအထိ မြှင့်လိုက်တယ်။ ဒီအခါမှာ ဒကာ ဒကာမတွေကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကို လှူဒါန်း မထောက်ပံ့နိုင်တော့တဲ့ အခြေအနေအထိ ရောက်လာအောင် လုပ်လိုက်တယ်ဆိုတာဟာ ဗုဒ္ဓဘာသာကို နိုင်ငံရေး ထဲဆွဲသွင်းလိုက်တာသာ ဖြစ်ပါတယ်။

အောင်ဆန်းရေးတဲ့ “နိုင်ငံရေးအမျိုးမျိုး” ဆိုတဲ့ အက်ဆေးဆောင်းပါးမှာ လူတွေက နိုင်ငံရေးဆိုတာကို ဘယ်လိုတီထွင်ခဲ့ကြ တယ်ဆိုတာ ဖော်ပြထားပါတယ်။ လူတွေက လူမှုရေးအခင်းအကျင်း ဖွဲ့စည်းစီစဉ်မှု တခုလုံး စိတ်ပိုင်းဆိုင်ရာအရ ခြစားပျက် ယွင်းမှု (ကိလေသာ) တွေ၊ မတော်လောဘတွေကြောင့် မပြိုကွဲ မပျက်စီးစေဖို့အတွက် ထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်လာကြ တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီနေရာမှာ စိတ်ပိုင်းဆိုင်ရာခြစားပျက်ယွင်းမှုတွေကို အဆုံးသတ်နိုင်ဖို့အတွက် ဗုဒ္ဓဘာသာဖော်ပြတဲ့ ကျင့်စဉ်ကတော့ ဒီလို ဖရိုဖရဲ မတည်ငြိမ်ဖြစ်ရမှုတွေအတွက် နောက်ထပ် ဖြေရှင်းနည်းတခုပဲ ဖြစ်ပါတယ်။ သေချာကတော့ ဒီလိုကျင့်စဉ်တွေက နိုင်ငံရေးဆိုတာ မပေါ်ခင်ကတည်းက တည်ရှိနေခဲ့တာပါ။ ဒါကြောင့်မို့လို့ ရဟန်းတွေက အခုလိုအောင်မြင်စွာထွက်ပြီး ကျင့်သုံးပြလိုက်တာဟာလည်း နိုင်ငံရေးကိစ္စတွေအပေါ်ကို လူတွေက တုံ့ပြန်နိုင်ဖို့ လိုအပ်တဲ့အခြေအနေတွေ ဖန်တီးပေး လိုက်တယ်လို့ လူထုအများက မြင်ကြပါတယ်။ ပထမဦးဆုံး မဟာ သမတမင်းကို သူ့ရဲ့ အကျင့်သီလကောင်းမှု၊ အာရုံ ခိုင်ကြည်မှု၊ နားလည်သိမြင်မှုတွေကြောင့် လူတွေက ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ (ဒီအချက်တွေကြောင့် သူ့ကို ဘုရားအလောင်းလို့လည်း ဆိုကြပါတယ်။) ဒါကြောင့် သူက လူတွေရဲ့ လောက၊ သံသရာထဲက ချွင်းချက်ရှိတဲ့ဘ၀တွေကို ဖြစ်ပေါ်လာမယ့် မတည်ငြိမ် ဖရိုဖရဲဖြစ်ရမယ့် အခြေအနေတွေက ၀င်ရောက်စွက်ဖက်ပိုင်ခွင့် ရလာပါတယ်။ (ဥပမာအားဖြင့် ကျနော်တို့ မွေးဖွား (ဇာတိဖြစ်ပေါ်) ရခြင်း၊ သေဆုံးရခြင်း စသဖြင့် သံသရာဝဲသြဂထဲ အဖန်ဖန်ကျင်လည်နေရခြင်းမှာ စိတ် ပိုင်းဆိုင်ရာ မပြည့်စုံမှု၊ မရင့်ကျက်မှုတွေကနေ ဖြစ်လာတဲ့ အလွန်အကျူးကိစ္စတွေကို ထိန်းသိမ်းဖို့ပါပဲ။)

အောင်ဆန်းက ဒီအခြေခံတွေကို လက်ခံပါတယ်။ ဒါကြောင့် သူက နိုင်ငံရေးကို လောကီအရေး၊ သံသရာအရေးလို့ပဲ အဓိပ္ပါယ်ဖွင့်ပါတယ်။ ဒီလိုပဲ အခြားမြန်မာအရေး ဟောပြောနေသူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကလည်း ဒီဝေါဟာရတွေ ကို ပြောနေကြတာပါပဲ။ (ဥပမာ-နေ၀င်းရဲ့ ကိုယ်ရေးအထုပ္ပတိ မြန်မာလိုရေးထားတာကို ကြည့်ပေါ့။)

အောင်ဆန်းက နိုင်ငံရေးမှာ တကိုယ်ကောင်းဆန်တဲ့ အမူအကျင့်ကို ရှုံ့ချခဲ့ပါတယ်။ (အထူးသဖြင့် ဒီနေ့စစ်တပ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေက လောကီပညာရဲ့ မှော်ဆန်ဆန်အပိုင်းတွေ၊ ဗေဒင်ယတြာတွေ လုပ်နေကြပါတယ်။) နောက်ပြီး လူ့အဖွဲ့အစည်း တည်ငြိမ်စေဖို့အတွက်လည်း ဘုန်းတော်ကြီးကျောင်းတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု ပါတယ်။ ဒီလိုမြင်တဲ့အတွက်ကြောင့်ပဲ အောင်ဆန်းက ရဟန်းသံဃာတွေကို ညီညွတ်ရေးတရားဟောကြဖို့နဲ့ မေတ္တာကို “နိုင်ငံရေးရဲ့ အမြင့်ဆုံးပုံသဏ္ဌာန်” တခုအဖြစ် ဟောပြောပို့ချကြဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အခုရဟန်းတွေ လုပ်လာတာလည်း ဒီကိစ္စပဲ ဖြစ်ပါတယ်။ လမ်းမပေါ်ကိုထွက်လာပြီး မေတ္တာသုတ်ကို ရွတ်ဖတ်ကြတယ်။ လူတိုင်းအတွက် မေတ္တာပို့တယ်။ နောက်ဆုံး စစ်သားတွေလည်း ဒီလိုမေတ္တာပို့တဲ့အထဲမှာ ပါတာပဲ။ ဗုဒ္ဓက ငြိမ်းချမ်းစွာ ကျင့်ကြံနေတဲ့ ဗုဒ္ဓဘာသာ ကျင့်စဉ်ကို ခြိမ်းခြောက်ခံလာရတဲ့ အခြေအနေမှာတောင်မှ မေတ္တာသုတ်ကို အတူတကွစုပေါင်း ရွတ်ဆိုကြဖို့ သွန်သင်ထားပါတယ်။ ဒီအတွက်ကြောင့် ရဟန်းသံဃာတွေ လုပ်ခဲ့တာက နိုင်ငံရေးအရဆန္ဒပြမှု မဟုတ်ပါဘူး။ သူတို့ဆောင်ရွက်ခဲ့တာက သူတို့ရဲ့ဗုဒ္ဓဘာသာ ကျင့်ကြံမှုတွေကို ဘယ်သူတဦးတယောက်ကမျှ အနှောက်အယှက်မရှိစေရ ဘဲ ပုံမှန်အခြေအနေ ပြန်ရောက်လာစေဖို့ တိတ်တိတ်ဆိတ် ဆိတ်နဲ့ ငြိမ်းချမ်းစွာ သူတို့အခွင့်အရေးကို သူတို့ပြန်လည် ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။ လူတွေအားလုံးရဲ့ အကျိုးစီးပွားအတွက် ဒီလိုဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။

အောင်ဆန်းပြောခဲ့တာက ရဟန်းသံဃာတွေက သူတို့တည်ရှိနေရတဲ့ ဘ၀ (လောကီ) အကျိုးစီးပွားနဲ့ ပိုမြင့်မြတ်တဲ့ဘ၀ (လောကုတ္တရာ) အကျိုးစီးပွားအတွက် ဆောင်ရွက်ကြဖို့ ပြောခဲ့ပါတယ်။ ဒါကြောင့် မကြာသေးခင်က စစ်အစိုးရက ပြောခဲ့တဲ့ သံဃာတွေက လောကီကိစ္စတွေမှာ ၀င်ရောက်စွက်ဖက်တယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာတွေဟာ ဘာမှအဓိပ္ပါယ်မရှိပါဘူး။ အခုလို သူတို့ကျင့်ကြံမှုတွေကို ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေမှာ ရဟန်းသံဃာတွေမှာ ဒီလိုလုပ်ဆောင်ဖို့ အခွင့်အရေး အပြည့်အ၀ ရှိပါတယ်။ လမ်းမတွေပေါ်ထွက်ပြီး လူအများစုပေါင်းလို့ မေတ္တာသုတ်ရွက်ကြတာဟာ တာဝန်တရပ်လို့တောင် ဆိုနိုင်ပါတယ်။

မေး။ ခင်ဗျားက တခါတရံ လောက ဆိုပြီး ညွှန်းဆိုပြောလို့ရှိပါတယ်။ ဒီကိစ္စက နိုင်ငံရေးနဲ့ ဘယ်လိုပတ်သက်နေပါသလဲ။

ဖြေ။ ဒီအချက်က မြန်မာစကားမှာ “လောက” တို့၊ “သံသရာ” တို့ဆိုတဲ့ ဝေါဟာရတွေကို နိုင်ငံရေးပတ်ဝန်းကျင်ဖက်က ဘယ်လိုခံယူထားသလဲဆိုတဲ့ အချက်အပေါ်ကို သေသေချာချာ နားလည်အောင် ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။ လောက ဆိုတာကတော့ တိတိကျကျဖော်ပြတာပဲဖြစ်ဖြစ်၊ ယေဘုယျသဘောပဲ ဖြစ်ဖြစ် ပြုပြင်စီရင်ခံရတဲ့အနေအထား (ပဋိစ္စ သမုပ္ပာဒ်တရား) ကို ညွှန်းဆိုတာ ပါပဲ။

စစ်အစိုးရက က သူ့အတွင်းပိုင်းက ထောက်ခံမှုရပြီး တရားဝင်ဖြစ်နိုင်အောင် ကြိုးစားပါတယ်။ လောက ကို သူကထိန်းချုပ် လို့ရတဲ့ အနေအထားကို ပြလိုပါတယ်။ အထူးသဖြင့် အင်အားနဲ့၊ ဂမ္ဘီရပညာတွေ၊ ဗေဒင်ကိန်းခန်းတွေနဲ့ သာမန်ထက် ထူးခြားတဲ့ တန်ခိုးအစွမ်းတခုခု ရှိနေသလိုမျိုး ပြသချင်ပါတယ်။ ဒီကိစ္စတွေအားလုံးကို အောင်ဆန်းက ဆန့်ကျင်ပါတယ်။

ဒီလိုလောက အပေါ် လွှမ်းမိုးထိန်းချုပ်နိုင်တယ်ဆိုတာ ပြတဲ့အနေနဲ့ လက်ရှိစစ်အစိုးရက ရဟန်းသံဃာတွေကို နိုင်ငံရေး အတွက် အသုံးချပြီး၊ သူတို့က မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ရှိနေသလိုမျိုး ဆက်လုပ်ဆောင်လိုကြပါ တယ်။ ဒီအချက်က ဗုဒ္ဓကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ မာရ်နတ်ရဲ့ တပ်မတော်ကြီးနဲ့ မတူဘူးလား။ ဗုဒ္ဓရဲ့ သင်ကြားမှုတွေက သူထိန်းချုပ်ထားတဲ့ လောက (ပြုပြင်စီရင်ထားတဲ့လောက) ကနေ လူတွေကို ဆွဲခေါ်ထုတ်သွားမယ် ဆိုတာ သိတဲ့အခါ မာရ်နတ်ကလည်း ဗုဒ္ဓကို စစ်ဆင်ဖို့ ကြိုးစားတော့တာပါပဲ။

၁၉၈၈ အရေးတော်ပုံပြီးတဲ့ နောက်ပိုင်းမှာ စစ်အစိုးရက သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာတွေလို့ ဟန်ဆောင်ဖို့ကြိုးစားပါတယ်။ တနိုင်ငံလုံးမှာ ဘုရားတွေတည်တာတွေ၊ ပြုပြင်မွမ်းမံတာတွေ လုပ်ပါတယ်။ အထူးသဖြင့် ပုဂံခေတ်တပ်မတော်က မြင့်မြတ် တဲ့ သာသနာမြေကို ထိန်းသိမ်းကာကွယ်ဖို့ ကြိုးစားကြပုံမျိုး လုပ်ခဲ့ပါတယ်။ အဲသည်လို သူတို့ကြိုးပမ်းခဲ့သမျှတွေဟာ ယခု ရဟန်းသံဃာတွေကို ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပမ်းတာ၊ သတ်ဖြတ်တာတွေ လုပ်လာပြီးတဲ့နောက်မှာ သဲထဲရေသွန်ဖြစ် သွားပါပြီ။ ဒီလိုပြစ်မှုမျိုးတွေက မြန်မာ့လူမှုအဖွဲ့အစည်းမှာ ကံကြီးထိုက်စေတဲ့ပြစ်မှုတွေလို့ ယူဆထားကြပါတယ်။

မေး။ ခင်ဗျားက လက်ရှိစစ်အစိုးရဟာ လောကကို ထိန်းချုပ်လိုဇောနဲ့ သံဃာတွေကို နိုင်ငံရေးထဲ ဆွဲသွင်း၊ အသုံးချခဲ့တယ် လို့ ဆိုလိုတာပါလား။

ဖြေ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကို တခါတရံ ဗုဒ္ဓဘာသာဝင်တဦးရဲ့ နိုင်ငံရေးပုံစံမျိုးတင်စား ပြောကြတာတွေ ရှိပါတယ်။ ဒီကိစ္စက အောင်ဆန်းနဲ့ ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ ကိစ္စမဟုတ်ပါဘူး။ အောင်ဆန်းရဲ့ ပြောဆိုခဲ့သမျှတွေ အပေါ် ကျနော့သုံးသပ်ချက်ကတော့ အောင်ဆန်းက ဘာသာရေးနဲ့ နိုင်ငံရေးခွဲခြားကျင့်သုံးလိုတဲ့သူလို့ပဲ သဘောရပါ တယ်။ ဒါပေမယ့် လူအများကလက်ခံယုံကြည်ထားကြသလို ဗုဒ္ဓ၀ါဒ အနှစ်သာရတွေကို သူ့နိုင်ငံရေးမှာ ပစ်ပယ်တယ်လို့ ပြောလိုတာ မဟုတ်ပါဘူး။ သူက အင်္ဂလိပ်လိုရေးသားဖော်ပြခဲ့တဲ့ စာတွေ၊ ပြောဆိုချက်တွေမှာတော့ ပရိသတ်က ကွာပါတယ်။ မြန်မာ ပရိသတ်ကို ပြောသလောက် ဒီဘာသာရေးဆိုင်ရာ ကိစ္စတွေက မပေါ်လွင်လှပါဘူး။ အဲဒါတွေကိုသာ မြင်ကြ ဖတ်ကြရတဲ့ ပညာရှင်တွေက သူ့နိုင်ငံရေးအပေါ် အလွယ်ကောက်ချက်ချကြတာသာ ဖြစ်ပါတယ်။

မြန်မာစာပေမှာတော့ အောင်ဆန်းက သူ့ရဲ့မြင့်မြတ်တဲ့ တော်လှန်ရေးလှုပ်ရှားမှုကို လူအများ လက်ခံလာအောင်တိုက်တွန်းဖို့ အတွက်၊ မေတ္တာ၊ ဗြဟ္မစိုရ်တရား၊ လောက၊ နိဗ္ဗာန်၊ သမာဓိ စသဖြင့် တန်ဖိုးရှိလှတဲ့၊ ခက်ခဲနက်နဲလှတဲ့ သဘောတရား အယူအဆတွေကို ထည့်သွင်းပြီး သက်ဝင်လာအောင် အသုံးပြုခဲ့ပါတယ်။ အခြားစကားလုံး အများအပြားလည်း ရှိပါသေး တယ်။ သူက ဒီလိုနိုင်ငံရေးဝေါဟာရတွေအပေါ် သူခံယူထားတဲ့အတိုင်း၊ လူအများက လေးစားလိုက်နာလာစေဖို့ ဝေငှနိုင် ခဲ့ပါတယ်။ လိုအပ်သလိုလည်း အကျယ်ချဲ့ပြောဆိုခဲ့တာတွေ ရှိပါတယ်။ တနည်းပြောရရင်တော့ အင်္ဂလိပ်ဘာသာစကားရဲ့ နူးညံ့သိမ်မွေ့တဲ့အပိုင်းတွေကို သူက ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်ပြီး၊ ကိုလိုနီစနစ်ရဲ့ ဆိုးကျိုးတွေကို ဖော်ပြနိုင်ဖို့ လုပ် ဆောင်ခဲ့ပါတယ်။

အောင်ဆန်းက တခါတရံမှာ နိုင်ငံရေးဆိုတာ နိဗ္ဗာန်ရောက်ကြောင်းတရား မဟုတ်ဘူးဆိုပြီး ပြင်းပြင်းထန်ထန်ပဲ ကြေငြာခဲ့ ပါတယ်။ တချိန်တည်းမှပဲ နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့ကိစ္စ မဟုတ်ဘူးဆိုပြီး ပြောသလို၊ လူတွေကိုလည်း မိမိကိုယ်ကို ဝေဖန်ရေးလုပ်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

လောကအပေါ်မှာ လွှမ်းမိုးနိုင်ဖို့ လက်ရှိစစ်အစိုးရက ရဟန်းသံဃာတွေကို နိုင်ငံရေးအတွက် အသုံးချနေပြီး၊ မြန်မာ့နိုင်ငံရေး မှာ အရေးပါတဲ့အခန်းကဏ္ဍက ဆက်သွားနိုင်ဖို့ သေချာအောင် လုပ်နေပါတယ်။ ဒီကိစ္စတွေကရော မာရ်နတ်ရဲ့ စစ်တပ်နဲ့ သဘော မတူနေဘူးလား။ လူတွေက ဗုဒ္ဓတရားတော်တွေကို သိလာတဲ့ အခါမှာ သူထိန်းချုပ်ထားတဲ့လောကကနေ လွတ် ထွက်သွားကြမှာကို ကြောက်နေပြီး၊ ဒီလိုလွတ်ထွက် မသွားနိုင်ဖို့ ဗုဒ္ဓကို စစ်ခင်းဖို့ ဆုံးဖြတ်တာမျိုးနဲ့ တူနေပါပြီ။

Gustaaf Houtman နှင့်တွေ့ဆုံမေးမြန်းခန်း A Struggle for Authority ကို ဆီလျော်အောင် ပြန်ဆိုတင်ပြပါသည်။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်