“ကျနော်တို့ပါတီကိုပဲ ကွက်ချန်မထားဘူး ထင်ပါတယ်”

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ကို ၂၀၀၉ ခုနှစ် မတ်လတွင် စတင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံ တင်ခွင့်ရရန် ရွေးကောက်ပွဲ ကော်မရှင်တွင် လျှောက်လွှာ တင်ခဲ့သည်။ သို့သော် ယခုချိန်အထိ ပါတီတည်ထောင် ခွင့်ပြုချက် မရရှိသေးပေ။ ထို ပါတီတွင် စစ်အစိုးရ နှင့် အပစ်အခတ် ရပ်စဲထားသည့် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) မှ ခေါင်းဆောင်ဟောင်း တချို့လည်း ပါဝင်နေသည်။ ရွေးကောက်ပွဲ ကော်မရှင်က မည်သည့် အတွက်ကြောင့် ပါတီ မှတ်ပုံတင်ခွင့် ချမပေးသေးသည် ဆိုသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် ကိုထွေးက အဆိုပါ ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ မနန် တူးဂျာအား ဆက်သွယ်မေးမြန်းထားပါသည်။ ဒေါက်တာ မနန် တူးဂျာသည် KIO တွင် ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

မေး။     ။ KSPP က ပါတီ မှတ်ပုံတင်ဖို့ လျှောက်ထားပေမယ့် အခုချိန်ထိ ဘာတခုမှ တုန့်ပြန်မှုမရှိသေးဘူး၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ထင်ပါသလဲ။

ဖြေ။     ။ အဲဒါကို ကျနော်တို့ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ လူကြီးတွေကလည်း စောင့်ပါဦးလို့ ပြောထားတယ်။

မေး။     ။ မှတ်ပုံတင် ချမပေးခဲ့ရင် ဘာဆက်လုပ်မယ်လို့ စဉ်းစားထားပါသလဲ။

ဖြေ။     ။ ကျနော်တို့ အဲဒီအဆင့်လောက်အထိတော့ မစဉ်းစားသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ မှတ်ပုံတင်ခွင့် ရမယ်လို့ ကျိန်းသေ တွက်ထားတယ်။ လူကြီးတွေကလည်း ခဏစောင့်ပါ ဆိုပြီး ပြောထားတယ်၊ ကျနော်တို့ကလည်း မှန်မှန် ကန်ကန် လုပ်နေတယ် ဆိုတော့ မရနိုင်စရာ အကြောင်းတော့ ရှိလိမ့်မယ်လို့တော့ မထင်ဘူး။ လူကြီးတွေကလည်း တိုင်းရင်းသား အားလုံး အပေါ်မျှမျှတတပဲ စဉ်းစားကြမှာပါ။ ကျနော်တို့ကိုပဲ ကွက်ပြီးတော့မှ ချန်မထားဘူး ထင်ပါတယ်။ ဒါကြောင့် မျှော်လင့်ချက် အပြည့်နဲ့ စောင့်နေဆဲ ဖြစ်ပါတယ်။

မေး။     ။ မှတ်ပုံတင်ချမပေးတာဟာ ကချင်ပြည်နယ် တိုးတက်ရေး ပါတီအနေနဲ့ လက်နက်ကိုင် ကချင်ပြည် လွတ်မြောက် ရေးအဖွဲ့ (KIO) နဲ့ ပတ်သက်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း သိချင်ပါတယ်။

ဖြေ။     ။ ဒါက ခိုင်လုံမှုမရှိတဲ့ ပြောကြားချက်တွေပါ။ အပြင်မှာ ပြောနေကြတာပါ။ အဲဒါကို သက်ဆိုင်ရာ အစိုးရ ခေါင်းဆောင် တချို့က ယုံသလား မပြောတတ်ဘူးလေ။ ကျနော်တို့ အနေနဲ့က ဒါ ခိုင်လုံတဲ့ အကြောင်း မဟုတ်ဘူး။ ဒီပါတီဖွဲ့စည်းတာဟာ ဥပဒေနဲ့ အညီ ဖွဲ့စည်းတာ။ ဥပဒေနဲ့ ဆန့်ကျင်ပြီး ဖွဲ့စည်းရင် ပါတီ မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့လည်း သိပြီးသားပါ။ ဒါကြောင့် KIO နဲ့ ပတ်သက်စရာ အကြောင်း ဘာမှ မရှိဘူး။ ပတ်သက်လို့လည်း မရပါဘူး။ ကင်းကင်းရှင်းရှင်းလည်း ရှိပါတယ်။ လူတွေက ထင်ကြေး အမျိုးမျိုး ပြောနေကြတာပါ။ ကျနော်တို့ကို မှတ်ပုံတင်ခွင့် မရအောင် ဆန့်ကျင်တဲ့ လူတွေလည်း တချို့ရှိနေမှာပါ။ အစိုးရလူကြီးတွေ ကျနော်တို့ အပေါ်မှာ သံသယ ရှိအောင်လုပ်တဲ့လူတွေ မရှိဘူးလို့လည်း မပြောနိုင်ဘူးလေ။ နောက်ဆုံးမှာတော့ လူကြီးတွေက အမြင်ရှင်းလာကြမယ်လို့ ထင်ပါတယ်။

မေး။     ။ အခုရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်မချပေးတဲ့ ပါတီတွေထဲမှာ ကချင်ပါတီက အများစုဖြစ်နေတော့ ဘာကြောင့် ကော်မရှင်က ကချင်ပါတီတွေကို ကန့်သတ်ထားတယ်လို့ ထင်ပါသလဲ။

ဖြေ။     ။ ဒါကလည်း ကျနော်တို့ကြားသိရတဲ့ အတိုင်း ဆိုရင်တော့ KIO ရဲ့အသွင်ကူးပြောင်းရေးနဲ့ နည်းနည်း ဆက်နွှယ် နေတာပေါ့။ KIO အသွင်ကူးပြောင်းရေး အဆင်ပြေရင်တော့ အားလုံးကို ချပေးမယ်။ KIO အသွင်ကူးပြောင်းရေးကို ဆက်လက် စောင့်ကြည့်ဖို့ပေါ့။ KIOကလည်း သူ့အလုပ် သူလုပ်နေတယ်၊ ကျနော်တို့ကလည်း ကျနော်တို့လုပ်စရာရှိတာကိုလုပ်နေတယ်။ KIO အသွင် ကူးပြောင်းရေးနဲ့ ပါတီမှတ်ပုံတင်ရေး ဆက်စပ်ထားတာကို ကျနော်တို့က သိပ်သဘောမကျပါဘူး။ KIOအနေနဲ့ကလည်း  သဘောတူထားတဲ့ အတိုင်းဆိုရင် အသွင်ကူးပြောင်းရေးကို သူတို့လက်ခံမယ်၊ ကျန်တာတွေကို သူတို့နည်း သူတို့ဟန်နဲ့ ဆောင်ရွက်သွားမယ်ဆိုပြီး သက်ဆိုင်ရာ အစိုးရလူကြီးတွေနဲ့ သဘောတူထားတယ် ဆိုတာကြားသိရတယ်။ ဒါကြောင့် ဒါက မလွှဲမသွေ သူတို့ လုပ်ဆောင်ကြမယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် ကျနော်တို့ကို ညွှန်ကြားတဲ့အတိုင်း ဒါနဲ့ ဆက်စပ်ထားစရာ အကြောင်း တော့မရှိဘူး။ ဒါနဲ့ ဆက်စပ်ထားတယ် ဆိုတော့ ကျနော်တို့ ပါတီအတွက်ရော၊ ဒေသခံ ပြည်သူတွေအတွက်ရော အင်မတန် နစ်နာပါတယ်။

မေး။     ။ KIOကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းပြီးတော့မှ ပါတီမှတ်ပုံတင် ချပေးမယ်ဆိုတဲ့ သဘောမျိုးလား

ဖြေ။     ။ KIO အသွင်ကူးပြောင်းရေးကို စောင့်မယ်ဆိုရင် အကြာကြီးစောင့်ကောင်း စောင့်ရနိုင်တယ်။ သူတို့လည်း လနဲ့ ချီကောင်း ချီနိုင်တယ်ဆိုတော့ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် သူတို့က တကယ်တမ်း အသွင်ကူးပြောင်းတော့မယ် ဆိုတဲ့ဟာ အစိုးရဘက်က ယုံကြည် လောက်တယ် ဆိုတဲ့ အဆင့်ရှိပြီဆိုရင်တော့ အစိုးရအနေနဲ့ ကျနော်တို့အပေါ်မှာ စဉ်းစားစရာ တမျိုး ပြောင်းလဲ လာနိုင်တယ်။

မေး။     ။ အခုပါတီတော်တော်များများက မှတ်ပုံတင်ခွင့်တွေ ချပေးထားတယ်၊ ပြီးတော့ တချို့ပါတီတွေဆိုလည်း ပါတီ လုပ်ငန်းစဉ် တွေကို ဆောင်ရွက်နေကြပါပြီ။ ကချင်ပါတီအနေနဲ့ မှတ်ပုံတင် ချပေးတာ နောက်ကျတယ် ဆိုတော့ ပါတီရဲ့ ဆောင်ရွက်ချက်တွေ အတွက် အချိန်က အရမ်းနည်းသွားတာနဲ့ ပတ်သက်ပြီးတော့ ဘာပြင်ဆင်မှုတွေလုပ်ထားလဲ။

ဖြေ။     ။ ဒါကတော့ သေချာတာပေါ့၊ ဘယ်လိုတတ်နိုင်မလဲ။ ကျနော်တို့ကတော့ ရတယ်ဆိုတဲ့ အချိန် အတောအတွင်းမှာ တတ်နိုင်သလောက် လုပ်ပြီးတော့မှ ဆက်လက် လှုပ်ရှားသွားရမယ်လေ။

မေး။     ။ ကချင်ပြည်နယ် တိုးတက်ရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အစိုးရ ချမှတ်ပေးတဲ့ ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားခဲ့တဲ့ အပေါ် အခုပါတီ မှတ်ပုံတင်မချပေးတော့ ဘယ်လိုခံစားရပါသလဲ။

ဖြေ။     ။ ဒါကတော့ဗျာ ကျနော်တို့ အနေနဲ့က ဘယ်လိုပြောမလဲဆိုတော့ မဖြစ်သင့်တာ တခုပေါ့နော်၊ မဖြစ်သင့်တာ ဖြစ်နေတယ်လို့ပဲ ခံစားမိတယ်။ ဘာပဲဖြစ်ဖြစ်လေ ကျနော်တို့ကတော့ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရမှာပဲ။ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာ လူကြီးတွေကလည်း စိတ်ကောင်းစေတနာရှိတဲ့ လူကြီးတွေ အများကြီးရှိပါတယ်။ သူတို့လည်း ကျနော်တို့ အပေါ်မှာ စာနာစိတ်တွေရှိမှာပါ။ ကျနော်တို့ကိုလည်း နောက်ကျတယ်ဆိုပေမယ့် တအားကြီး နောက်ကျတာ မဟုတ်ဘဲနဲ့ အတတ်နိုင်ဆုံး အမြန်ဆုံး စီစဉ်ပေးမယ်လို့ ထင်ပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်