ဇဝေဇဝါ မြန်မာ့ နျူကလီးယားပြဿနာ

မြန်မာစစ်အစိုးရ၏ သံသယဖြစ်ဖွယ် နျူကလီးယား လက်နက်စီမံကိန်းနှင့် ပတ်သက်၍ နျူကလီးယား သိပ္ပံပညာရှင်နှင့်  နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာ ရောဘတ် အီး ကယ်လီ (Dr. Robert E. Kelly) ကို ဧရာဝတီသတင်းထောက် ဆိုင်မွန် ရောက်ဂ်နင်း (Simon Roughneen) က တွေ့ဆုံမေးမြန်းခဲ့သည်။

Robert_Kellyမြန်မာ စစ်အစိုးရက နျူကလီးယား လက်နက်စီမံကိန်းတခုကို အကောင်အထည်ဖော်နေသည်ဟု စွပ်စွဲမှုများ ရှိနေသော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာက စုံစမ်းစစ်ဆေးမှု မရှိသလောက် နည်းလွန်းသည်ဟု ဒေါက်တာ ကယ်လီက ဆိုသည်။

ထို့အပြင် မြန်မာ့ နျူကလီးယား လက်နက်စီမံကိန်းအား လိုအပ်သလို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကြိုးပမ်းကြရာတွင် အာဆီယံ အနေနှင့် ရှေ့တန်းမှ ဆောင်ရွက်သင့်သည် ယူဆကြောင်းလည်း ၎င်းက ပြောသည်။

မေး ။    ။ မြန်မာစစ်အစိုးရရဲ့ သံသယဖြစ်ဖွယ် နျူကလီးယား လက်နက်စီမံကိန်းနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က မှတ်တမ်း ရုပ်ရှင်နဲ့ ထုတ်ဖော်တင်ပြခဲ့ပါတယ်။ အဲဒီမှတ်တမ်း အချက်အလက်တွေထဲက ဒေါက်တာ ကယ်လီရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ပြောပြပေးပါ။ ပြီးတော့ အဲဒီတွေ့ရှိချက်တွေရဲ့ အရေးပါမှုနဲ့ သူတို့က ဘာကို ဆိုလိုတယ်ဆိုတာကိုပါ ပြောပြပေးပါ။

ဖြေ ။    ။ ပထမဆုံးပြောလိုတာကတော့ “မြန်မာနျူကလီးယားစီမံကိန်း” နဲ့ ပတ်သက်လို့ အတိုကောက် အသုံးအနှုန်းတွေနဲ့ တခြားအခေါ်အဝေါ်တွေဟာ သာမန်ဝေါဟာရတွေမဟုတ်ဘဲ ဒီကိစ္စကို ထဲထဲဝင်ဝင် သိနားလည်တဲ့သူတွေ သုံးတဲ့ စကားလုံးတွေဖြစ်တယ် ဆိုတာပါပဲ။ ဗိုလ်မှူး စိုင်းသိန်းဝင်း မြန်မာနိုင်ငံက ထွက်လာပြီးတဲ့နောက်မှာ ကျနော် သူနဲ့ တွေ့ဆုံစကားပြောခွင့်ရခဲ့တယ်။ ပြီးတော့ သူယူလာတဲ့ ဓာတ်ပုံတွေကိုလည်း ကြည့်ခွင့်ရခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေကတော့ သူအလုပ်လုပ်ခဲ့တဲ့ စက်ရုံတွေထဲက ဓာတုပစ္စည်းထုတ်လုပ်မှုနဲ့ဆိုင်တဲ့ ကိရိယာတန်ဆာပလာ ပုံတွေပဲဖြစ်ပါတယ်။ ဒီအထဲက တခုဆိုရင် ယူရေနီယံ ဒါမှမဟုတ် ပလူတိုနီယံ ကွန်ပေါင်းတွေထုတ်တဲ့ ဓာတ်ပေါင်းဖိုပုံဖြစ်တယ်လို့ ကျနော်ပြောနိုင်ပါတယ်။တခြား ကျနော်တွေ့ခဲ့တဲ့ပုံတွေထဲမှာ နျူကလီးယား ဓာတ်ပေါင်းဖို ဒါမှမဟုတ် နျူကလီးယားဗုံး လုပ်တဲ့နေရာမှာ သုံးတဲ့ ယူရေနီယံ ကွန်ပေါင်းပုံတွေလည်း ပါပါတယ်။ ဒီပစ္စည်းတွေကို တခြားအသုံးချစရာ အများကြီးရှိတယ်လို့ ကျနော်မထင်ပါဘူး။ မြန်မာစစ်အစိုးရအနေနဲ့လည်း တကယ်လို့ ဒီအရာတွေဟာ နျူကလီးယား လက်နက်စီမံကိန်းအတွက် မဟုတ်ဘူးဆိုရင် ဒါနဲ့ ပတ်သက်ပြီး ဘာမှ လျှို့ဝှက်ထားစရာအကြောင်း မရှိပါဘူး။

မေး ။    ။ DVB မှတ်တမ်း ရုပ်ရှင်ထွက်ပြီးတဲ့ ဇွန်လကစလို့ အခုအထိ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဘာများ ထူးထူးခြားခြား ရှိပါသလဲ။

ဖြေ ။    ။ ဒါကတော့ ကျနော်အတွင်းကျကျ သိရတဲ့အချက်ပဲ ဖြစ်မယ်ထင်တယ်။ ဒီကာလတွေမှာ စီမံကိန်းနောက်ကွယ်က အခြေအနေကို ကျနော်သိအောင် ကြိုးစားခဲ့ပါတယ်။ ဘယ်သူ့မှာ ငွေရှိတယ်၊ ဘယ်သူက ကြိုးကိုင်နေတယ် စသည်ဖြင့်ပါ။ အခုတော့ ဒါနဲ့ပတ်သက်ပြီး အရင်ကထက်စာရင် ကျနော် နည်းနည်းပိုနားလည်လာပါပြီ။ လူတွေထင်နေကြတာက ဒီစီမံကိန်းကို စစ်တပ်နဲ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အကောင်အထည် ဖော်နေတယ်ပေါ့။ အံ့သြဖို့ကောင်းတာက ဒါနဲ့ပတ်သက်ပြီး တပ်နဲ့ ဝန်ကြီဌာနကြားမှာ အမြင်မတူတာတွေ ရှိနေတယ်ဆိုတာပါပဲ။ ဒါကြောင့်လည်း စီမံကိန်းက ကြန့်ကြာနေတယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် ရေရှည်မှာတော့ အာဏာလုပွဲမှာ အနိုင်ရသူက စီမံကိန်းကို ထိန်းချုပ်ပြီး ဆက်လက်အကောင်အထည် ဖော်သွားမယ်လို့ မြင်ပါတယ်။

မေး ။    ။ ကျနော်တို့ အခုဘန်ကောက်မှာပါ။ ဆိုတော့ လက်နက်ခဲယမ်း မပြန့်ပွားရေးနဲ့ပတ်သက်ပြီး ကိုးကားရမယ်ဆိုရင် ဘန်ကောက် စာချုပ် (Bangkok Treaty) ပဲ ဖြစ်မယ်ထင်ပါတယ်။ ဘယ် နျူကလီးယားလက်နက် စီမံကိန်းကိုဖြစ်ဖြစ် ရပ်တန့်ဖို့ ဒါမှမဟုတ် ကြိုတင်တားဆီးဖို့ ဒီစာချုပ်ကို ဘယ်လို အသုံးပြုနိုင်ပါသလဲ ရှင်းပြပေးပါ။ ဒါမှမဟုတ်ရင်လည်း နိုင်ငံတကာ မိသားစုအနေနဲ့ မြန်မာပြည်မှာ ဖြစ်လာနိုင်တဲ့ နျူကလီးယား လက်နက်စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာများလုပ်နိုင်ပါသလဲ၊ ဒါမှမဟုတ် ဘာတွေလုပ်သင့်ပါသလဲ ပြောပြပေးစေလိုပါတယ်။

ဖြေ ။    ။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာက အစုအဖွဲ့နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ပုံစံ ၃ မျိုးရှိပါတယ်။ ပထမဆုံးအနေနဲ့ IAEA ကတဆင့် ဆောင်ရွက်တာပါ။ IAEA သဘောတူညီချက်တွေထဲက၂ ခုဖြစ်တဲ့ Small Quantities Protocol (SQP) နဲ့ Additional Protocol ကို နိုင်ငံအတော်များများက လိုက်ပါဆောင်ရွက်ပေမယ့် မြန်မာစစ်အစိုးရကတော့ ငြင်းဆန်ဆဲဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ သံတမန်နည်းလမ်း အကူအညီတွေရရင်တော့ အတော်ခက်ခဲပေမယ့်လည်း IAEA အနေနဲ့ စစ်အစိုးရက လိုက်ပါဆောင်ရွက်အောင် လုပ်နိုင်ပါလိမ့်မယ်။ ဒုတိယပုံစံကတော့ အခြားအချုပ်အခြာ အာဏာပိုင် နိုင်ငံတွေကနေ နျူကလီးယားလက်နက် မပြန့်ပွားရေးအတွက် ဆောင်ရွက်နေကြတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံက နျူကလီးယားကိစ္စကို ဆောင်ရွက်တာပါ။ ဒါပေမယ့် သူတို့မှာလည်း တခြားနိုင်ငံတွေ (ဥပမာ အီရတ်၊ အာဖဂန်နစ္စတန်) နဲ့ ဆက်စပ်ဆောင်ရွက်စရာတွေရှိနေလေတော့ မြန်မာ့အရေးမှာ ပါဝင်ချင်မှ ပါဝင်ပါလိမ့်မယ်။ ဒီကိစ္စကို ကိုင်တွယ်နိုင်တဲ့ တတိယအစုအဖွဲ့ကတော့ အာဆီယံ ပဲဖြစ်ပါတယ်။ မြန်မာပြည်ဟာ သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်၊ ပြီးတော့ သူတို့ရဲ့ စာချုပ်ဟာ အချိုးဖောက်ခံနေရတယ်။ ဒါကြောင့် ဒီကိစ္စဟာ သူတို့ရဲ့ ပြဿနာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေက သူတို့ကိစ္စတွေနဲ့ အလုပ်ရှုပ်နေနိုင်တယ်ဆိုတော့ မြန်မာနျူကလီးယားကိစ္စဟာ အာဆီယံ ကိုင်တွယ်သင့်တဲ့ ကိစ္စလို့ မြင်ပါတယ်။

မေး ။    ။ နည်းပညာအရ မြန်မာနျူကလီးယားစီမံကိန်းဟာ အကန့်အသတ်ရှိတယ်။ ပြီးတော့ ခေတ်မီဆန်းပြားမှု မရှိဘူးလို့ ဒေါက်တာ့ အမြင်နဲ့ ပြောခဲ့ဖူးတာ ရှိပါတယ်။ ဒါဆိုရင် မြန်မာပြည်မှာ တကယ်ပဲ နျူကလီယားဗုံး တီထွင်နေတယ်ဆိုတာ ဟုတ်မဟုတ် အကဲဖြတ်နိုင်ဖို့၊ ဒါမှမဟုတ်လည်း မြန်မာနျူကလီးယား စီမံကိန်းနဲ့ ပတ်သက်ပြီး ကိုင်တွယ်နိုင်ဖို့ အခုထက် ပိုသတိထားပြီး ချဉ်းကပ်ဆောင်ရွက်ဖို့လိုတယ်လို့ ဒေါက်တာ ဆိုလိုချင်တာလား။

ဖြေ ။    ။ မြန်မာစစ်အစိုးရကို ကူညီနေတဲ့ မြောက်ကိုရီးယားအစိုးရက အခုထက်ပို ကူညီဖို့ မဆုံးဖြတ်ရင်၊ ဒါမှမဟုတ်လည်း  နျူကလီးယားလျှို့ဝှက်ချက်တွေ ဝယ်လိုသူတိုင်းကို ရောင်းလာခဲ့တဲ့ ပါကစ္စတန်နိုင်ငံက စစ်အစိုးရကိုကူညီဖို့ မဆုံးဖြတ်ဘူးဆိုရင်တော့ မနက်ဖြန်၊ သန်းဘက်ခါ ဘာခြိမ်းခြောက်မှုတွေမှ ဖြစ်မလာနိုင်ပါဘူး။ ဒါက တချိန်တည်းမှာ တခြား မမြင်နိုင်တဲ့အရာတွေလည်း ရှိနေနိုင်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်အနေနဲ့ မြင်တွေ့ခဲ့ရတဲ့ အချက်အလက်နဲ့ မှတ်တမ်းတွေပေါ်မှာပဲ မူတည်ပြီး သုံးသပ်နိုင်တာ ဖြစ်လို့ပါ။ ကျနော်တို့မသိတဲ့ မြန်မာနိုင်ငံထဲက တခြားနေရာတွေမှာလည်း နျူကလီးယား လက်နက်စီမံကိန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေနိုင်ပါသေးတယ်။ ဒီလုပ်ငန်းတွေကို  ဗိုလ်မှူး စိုင်းသိန်းဝင်းကိုယ်တိုင်လည်း သိမှာမဟုတ်ပါဘူး။  

မေး ။    ။ တကယ်လို့ မြန်မာနျူကလီးယားစီမံကိန်းကို ကိုင်တွယ်ဖြေရှင်းမှု မရှိဘူးဆိုရင် နိုင်ငံတကာ လက်နက်မပြန့်ပွားရေးစနစ်ဆိုတာ ဘာကို ဆိုလိုတာပါလဲ။

ဖြေ ။    ။ လက်နက်မပြန့်ပွားရေးစာချုပ်ကို မဖြစ် ဖြစ်အောင် အကောင်အထည်ဖော်မယ်လို့များ ကျနော်တို့ ရည်ရွယ်ခဲ့ဖူးလို့လား၊ ဒါမှမဟုတ် သူတို့ (မြောက်ကိုရီးယား၊ ပါကစ္စတန်၊ မြန်မာ) လုပ်ချင်တာ လုပ်ပါစေ၊ နောက်တကြိမ်မှပဲ သူတို့ကို တားဖို့ လုပ်တာပေါ့ဆိုပြီး လုပ်ခွင့်ပေးမှာလား။ ကျနော်ကတော့ အချိန်မဆွဲဘဲ ချက်ချင်း ကိုင်တွယ် ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ IAEA အနေနဲ့ လောလောဆယ်မှာ မြန်မာနျူကလီးယား စီမံကိန်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံမှာ တာဝန်ရှိတယ်လို့ ကျနော် ယူဆပါတယ်။ အာဆီယံအနေနဲ့ သူတို့ရှာဖွေတွေ့ရှိတဲ့ ပြဿနာကို သူတို့ ဖြေရှင်းလိုတဲ့ ဆန္ဒရှိတယ်ဆိုတာကိုပြဖို့ အချိန်ရောက်ပါပြီ။ ဒီပြဿနာကို ပြေလည်အောင် ထဲထဲဝင်ဝင် ဖြေရှင်းဖို့လည်း ကျနော် ပြောလိုပါတယ်။

မေး ။    ။ DVB မှတ်တမ်းရုပ်ရှင် ထွက်လာပြီးကတည်းကစလို့ အခုအထိ မြန်မာနိုင်ငံမှာ နျူကလီးယား လက်နက်စီမံကိန်း အကောင်အထည်ဖော်နေတာ ဟုတ်မဟုတ် တကယ်သိရအောင် စုံစမ်းစစ်ဆေးဖို့ လုပ်နေတာမျိုးရော ရှိပါသလား။

ဖြေ ။    ။ ကျနော်တို့တွေ့ရတဲ့ ပြဿနာတခုက ဘာလဲဆိုတော့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းမှာ ပါဝင်နေကြသူတွေက ထုံးစံအတိုင်း သူတို့ဘာလုပ်နေတယ်ဆိုတာကို မပြောကြတာပါပဲ။ မြန်မာစစ်အစိုးရကတော့ ဘာမှ စုံစမ်းစစ်ဆေးစရာ မရှိဘူးလို့ IAEA ကို ၃ ခါ ပြောခဲ့ဖူးပါတယ်။ ကျနော်သိသလောက်ပြောရမယ်ဆိုရင် နျူကလီးယား လက်နက်စီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ ဘာတွေဖြစ်နေနိုင်တယ်ဆိုတာကို လှစ်ပြထားတဲ့ အရာတွေနဲ့ အချက်အလက်တွေပေါ် မူတည်ပြီး လိုအပ်သလို စုံစမ်းစစ်ဆေးမှုတွေ လုပ်ကြလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ အေဂျင်စီတွေတောင်မှပဲ များများစားစား ဆောင်ရွက်တာ မရှိသေးပါဘူး။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်