အမှောင်ထဲက Messenger

ပန်းချီ ချောအိသိမ်းသည် ၂၀၀၀ ပြည့်နှစ်က  မြန်မာပြည်တွင် ပထမဆုံး ကျင်းပသော စိတ်ဝေဒနာ ခံစားနေရသူများ ရေးဆွဲသည့် ပန်းချီပြပွဲဖြစ်မြောက်ရေးအဖွဲ့တွင် ပါဝင်ခဲ့သည်။ ထိုစဉ်မှစ၍ ပန်းချီပြပွဲများ၊ ပါဖောမင့် (သရုပ်ပြ အနုပညာ) ပွဲများစွာတွင် ပါဝင်ပြသခဲ့ပြီး ပြည်တွင်း၌သာမက နိုင်ငံတကာ ပွဲပေါင်း များစွာတွင် ဖန်တီး ပါဝင်ခဲ့သည်။ တပ်ဆင်ခြင်း အနုပညာ (Installation art) အနေနှင့် ယခုနှစ် အတွင်း စင်ကာပူ နိုင်ငံတွင် ၁၁ ပေအမြင့် ၇ ပေအကျယ်ရှိ သကြားပန်းပု ကျောင်းဆောင် တဆောင် အဆင့်ဆင့် ပျက်စီး ပြိုကျခြင်းကို ဖန်တီး ပြသခဲ့သည်။ ယခု ချင်းမိုင်မြို့ Balance ပန်းချီပြခန်းတွင် ပြသလျှက်ရှိသော “ဒီ ပိန်းပိတ် အမှောင်ထု ကြီးထဲမှာ” (In This Dark And Closed Space) အမည်ရှိ ပြပွဲမှာ ပန်းချီ ချောအိသိမ်း၏ တတိယ အကြိမ်မြောက် တကိုယ်တော် ပြပွဲဖြစ်သည်။

မေး။     ။ ခုပြပွဲမှာ မြင်ရတဲ့ ကားတိုင်းလိုလိုက အဆိုးဘက်ကိုချည်း ပြောပြနေသလိုပဲနော် … ။

ဖြေ။     ။ ဟုတ်တယ် လက်ရှိ ဖြစ်ပျက်နေတာကိုပဲ ပြောပြချင်တာဆိုတော့ လက်ရှိဖြစ်ပျက် နေတဲ့ အတိုင်းပဲပေါ့။

မေး။     ။ ဆွဲနေတဲ့အချိန်မှာ စိတ်ခံစားချက်ကကော … ။

ဖြေ။     ။ ဒီဟာကို ဆွဲနေတဲ့ အချိန်ကစဉ်းတော့ စဉ်းစားမိတယ်။ ငါဆွဲနေတဲ့ ဟာတွေက အကောင်းဘက်ကို ပြောတာထက် အဆိုးတွေကို ပြောသလိုဖြစ်နေတယ်ဆိုတာတွေ့မိတယ်။ ငါပေးတဲ့ အနုပညာက၊ ကိုယ်ပြော ချင်တာက ပရိသတ်ကိုမျှော်လင့်ချက် ကင်းမဲ့အောင်လုပ်သလို၊ စိတ်ညစ်နေတဲ့အချိန်မှာ စိတ်ညစ်စရာတွေ ထပ်ပေးသလိုဖြစ်နေသလားလို့စဉ်းစားမိပေမယ့် ကိုယ်က ဒီထဲက နေရုန်းမထွက်နိုင်ဘူး ဒါကိုပဲ သွားလုပ် ချင်နေမိတယ်။ အမှန်တော့ ဒီအချိန်က ကျမကိုယ်တိုင် စိတ်ဓာတ်ကျနေတဲ့ အချိန်ပဲ။ ကိုယ်ကိုယ်တိုင် စိတ်ဓာတ်ကျနေတာ သိတယ်။ မကျသင့်ဘူး လုပ်လို့ရမယ့်နည်းလမ်းတွေရှိတယ်လို့ စဉ်းစား မိပေမယ့် အမှန်ကတော့ စိတ်ညစ်နေတဲ့ အချိန်ပဲ။

မေး။     ။ စိတ်ဓာတ်ကျနေတာက နိုင်ငံရေးနဲ့ကော ပတ်သက်မှုရှိလား။

ဖြေ။     ။ ရှိတာပေါ့။ လူတိုင်းဟာ နိုင်ငံရေးနဲ့ မပတ်သက်လို့မှ မရတာ။ ဒီနိုင်ငံမှာ နေသရွေ့ လူတိုင်းက ဒီနိုင်ငံရေးနဲ့ပတ်သက်မှာပေါ့။ ဒီနိုင်ငံရဲ့ အခြေအနေက ဒီနိုင်ငံသားတွေကို ရိုက်ခတ်နေတာပဲဟာ။

မေး။     ။ In this dark and closed space no.2 (ယခုပြပွဲတွင် အရွယ်အစားအကြီးဆုံး ပန်းချီကား ဖြစ်ပြီး ပြပွဲ၏ အဓိပ္ပာယ်ကို ဖော်ကျူးထားသော ကားဖြစ်သည်။ ထိုပန်းချီကား၏ အကြောင်းအရာခွဲများကို ပန်းချီ ကားငယ် များဖြင့် ထပ်မံပံ့ပိုး ရေးဆွဲထားသည်) အကြောင်းပြောပြပါဦး။

ဖြေ။     ။ အဲဒီကားကြီးက ကနေဒါမှာ ၁၀ ရက်နေပြီးဆွဲခွင့်ရတဲ့ ကားကြီးပေါ့။ (7A - 11D) လို့ နာမည် ပေးထားတဲ့ ကနေဒါမှာ နှစ်တိုင်းနီးပါးလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ပါဖောမင့်အာ့ထ် ပြပွဲပဲ။ ခုဟာက ၇ ကြိမ်မြောက်ဖြစ်တဲ့အတွက် နိုင်ငံတကာက အနုပညာရှင် ၇ ယောက်ကိုဖိတ်ပြီး အချိန်ကြာကြာနေခိုင်းပြီး ပြည်သူလူထုနဲ့ဆက်နွှယ်တဲ့ အနုပညာတခုခုကို လုပ်စေချင်တယ်။ အဲဒီမှာ ကျမက စဉ်းစားထားပြီးသား ရှိတယ်။ ဘာလဲဆိုတော့ လမ်းပေါ်မှာလုပ်ရတဲ့ လမ်းအနုပညာပေါ့ အပြင်က လူသွားလူလာ များတဲ့ နေရာကိုရွေးပြီ အနုပညာတခုလုပ်ချင်တယ်။ အဲလိုလုပ်ရင် လူတွေနဲ့ထိတွေ့ပြီး စကားပြောလို့ ရမယ်ပေါ့။ အဲဒါကိုရွေးလိုက်တယ်။ ဒါလုပ်လို့ရမလားဆိုတော့ ရတယ်တဲ့။ စပြီးပြောတုန်းက သူတို့ကို ပန်းခြံလို နေရာတခုမှာ နံရံတခုရှာခိုင်းထားတယ်။ ဒါပေမယ့် ပြဿနာက ရာသီဥတုက အရမ်းအေးလာပြီ ဆိုတော့ အပြင်မှာရပ်ပြီးဆွဲဖို့ဆိုတာ မလွယ်ဘူး။ နေ့တိုင်းဆွဲရမှာလေ။ နောက်တခုက နံရံရဖို့ ခက်တယ်။ ကိုယ်လိုချင်တဲ့နေရာမှာ လိုချင်တဲ့ အနေအထားနဲ့ နံရံရဖို့မလွယ်ဘူး။ အဲဒါနဲ့ လမ်းဘေးမှာပဲ ရှိတဲ့ ဂယ်လယ်ရီတခုမှာ နံရံတော့မရနိုင်ဘူး ကင်းဗတ်စ် အကြီးကြီးစီစဉ်ပေးမယ်။ ဖြစ်လားပေါ့။ ကျမကလည်း ဖြစ်ပါတယ်ဆိုပြီး အဲဒီမှာပဲ လုပ်ဖြစ်တယ်။ အဲဒါကို ဒီပြပွဲမှာ အဓိကထားပြီး ပြဖို့ စဉ်းစားလိုက်တယ်။ ဒီကားကြီးက အားကောင်းတယ်လေ။ ဆိုဒ်အရကော အကြောင်းအရာအရကော အားလုံး အဆင်ပြေတယ်။ တခြားအကြောင်းအရာတွေပါ ရောပြီးလုပ်မလို့ပဲ ဒါပေမယ့် အဲဒီကား ကြီးကိုပဲ ထောက်ပံ့မယ့် ကားတွေ လုပ်ရင် ပိုကောင်းမယ်။ ကိုယ့်စိတ်ထဲမှာလည်း စဉ်းစားထားတာတွေရှိနေတာနဲ့ လုပ်ဖြစ်သွားတာ။

မေး။     ။ ဒီပန်းချီကားကြီးက နည်းနည်း ပိုစတာဆန်တယ် ထင်တယ်နော်။

ဖြေ။     ။ ဟုတ်တယ်။ သူက Street work ဖြစ်တဲ့အတွက် ပိုစတာပုံစံပေါ့။

မေး။     ။ မချောအိရဲ့ ပေါ့ထရိတ် (ကိုယ်တိုင်ရေးပုံတူ) အကြောင်းလည်း ရှင်းပြပေးပါဦး။

ဖြေ။     ။ ကျမဆွဲတဲ့ ပေါ့ထရိတ်တွေမှန်သမျှက ကျမရဲ့ ပါဖောမင့်တွေပေါ်မှာ အခြေခံတယ်။ ပါဖောမင့် လုပ်ရင်းနဲ့ရလာတဲ့ တချို့ကို ပန်းချီကားအဖြစ်အသက်သွင်းတာ။ ဒီပုံကတော့ ကျမပထမဆုံး လုပ်တဲ့ ပါဖောမင့်ကို ပန်းချီအဖြစ်အသက် ပြန်သွင်းတာပါ။ ဒါပေမယ့် ပန်းချီအနေနဲ့မဟုတ်တော့ ပန်းချီအနေနဲ့ ပုံစံတမျိုးဆို ဘယ်လိုခံစားရမလဲ ဆိုပြီး လုပ်ကြည့်တာ။ တကယ်က ကျမက မျက်နှာကိုကြိုက်တာ မဟုတ်ဘူး။ ကိုယ့်လည်ပင်းကို ကိုယ်ကိုင်ထားတဲ့ ပုံစံကို ကြိုက်တာ ပုံမှာတွေ့မှာပေါ့။ ဘယ်လိုခေါ်မလဲ စိတ်ဓာတ်ကျနေတဲ့ အပိုင်း၊ ဘယ်လိုမှ အားမရှိတော့တဲ့ အချိန်မှာ ပြန်ပြီးတော့ ထူကိုထူရမယ်ဆိုတာကို ပြောချင်တာ။ လည်ပင်းကြီးကို အရှည်ကြီးဆွဲထားတာ တွေ့မှာပေါ့။ အဲဒီလည်ပင်းနေရာကို အဓိက ဆွဲချင်လို့ ဒါကြီးတခုလုံးကိုထည့်ဆွဲတာ။

မေး။     ။ ဒီပွဲမှာ မြေအိုးကလေးတွေ သုံးပြီး အင်စတော်လေးရှင်း လုပ်ပြထားတာလဲ တွေ့ရတယ်။ ပြောပြပါဦး။

ဖြေ။     ။ အင်စတော်လေးရှင်းကတော့ ကျမလုပ်ခဲ့သမျှ အနုပညာထဲမှာ အနည်းဆုံးလို့ပြောလို့ ရပါတယ်။ နောက်ဆုံးမှ လုပ်ဖြစ်တာပေါ့။ ဒီနှစ်ထဲကျမှ လုပ်ဖြစ်တာ။ သကြားပန်းပု (စင်ကာပူတွင် ပြသခဲ့သည့် သကြားဖြင့် တည်ဆောက်သော ၇ပေ x ၁၁ပေ အရွယ် ကျောင်းဆောင် အင်စတော်လေးရှင်း) က ပထမ ဆုံးပဲ။ ခု အိုးလေးတွေ ကတော့ ဒုတိယပေါ့။ အရမ်းစိတ်ဝင်စားခဲ့တဲ့ အလုပ်တခုပါပဲ။ ဒီအိုးလေးတွေ လုပ်ဖြစ်တာက ဒီလို အမှန်ကတော့ ပန်းချီကားပေါ်မှာ ဆွဲတယ်ဆိုတာက ဘောင်ရှိတယ်ပေါ့နော်။ တချို့ ဟာတွေဆို ပြောချင်တာကို ပြောလို့မရဘူး။ ကိုယ့်လက်က မလိုက်နိုင်တာလည်း ပါမယ်ပေါ့။ အဲဒီတော့ ပန်းချီကား မဟုတ်ဘဲ ဘယ်လိုပြောနိုင်မလဲဆိုတာ စိတ်ကူး နေရင်း တနေ့ဈေးသွားတော့ အိုးလေးတွေ သွားတွေ့တယ်။ နေ့စဉ်သုံးပစ္စည်းတွေကို အနုပညာ ပစ္စည်း အဖြစ် ဖန်တီးချင်တယ်။ အဲဒီမှာ ဒီအိုးလေးကို တွေ့ပြီး အိုးကလေးထဲကို နေထိုးနေတာ သွားတွေ့တယ်။ ကိုယ်ကြည့်တဲ့အချိန်မှာ နေရောင်က အထဲမှာ အကွက်လေးဖြစ်နေတယ်။ အဲဒီနေကွက် လေးက ကျမကို ပန်းချီဆွဲဖို့ စိတ်ကူးဖြစ်စေခဲ့တယ် ပြောရမှာပေါ့။ အဲဒီတုန်းက အခက်အခဲဖြစ်နေတာကို သူက ဖြေရှင်းပေး သလိုဖြစ်သွားတာ။ ဒီအိုးလေးထဲမှာ ဆွဲရရင် ကောင်းမှာပဲ ဆိုတဲ့ စိတ်ကူးရခဲ့တာ။ နောက် တရက်ကျတော့ အောက်ထပ်မှာဆွဲနေရင်း မျက်စိညောင်းလို့ မြေကြီးကို ကြည့်လိုက်တော့ ဒီခဲလုံးလေး တွေကို သွားတွေ့တယ်။ အဲဒီခဲလုံး လေးတွေပေါ်က မျက်နှာပြင် မညီတာလေးတွေကိုတွေ့တယ်။ အမှန်တော့ အိုးလေးထဲမှာ မျက်နှာလေးတွေကို ဆွဲနေတာ။ အဲဒီအချိန် ဒီခဲလုံးလေးကိုတွေ့တော့ အဲဒါလေး တလုံးကို ရေဆေးပြီး အဲဒီပေါ်မှာ မျက်နှာလေးကို ဆွဲကြည့်မိတယ်။ အဲဒါကို အရမ်းသဘောကျသွားတယ်။ မညီညာတဲ့ မျက်နှာလေးတွေဆိုတော့ မျက်နှာရဲ့ Expression ကလည်း အော်တို အမျိုးမျိုးဖြစ်လာတယ်။ အဲဒါနဲ့ ကျမ ခဲလုံးလေးတွေကိုကောက်ပြီး ရေဆေးပြီး ရေးဖြစ် သွားတာ။ ဒါကတော့ အင်စတော်လေးရှင်းလို့ လည်းပြောလို့ရတယ်။ Mix media ပေါ့။ ကြားခံပစ္စည်း လည်းသုံးတယ် ပန်းချီလည်း သုံးထားတယ်။

မေး။     ။ အခု ပြပွဲမှာ ၂၀၀၇ စက်တင်ဘာ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ကား တကား တွေ့မိတယ်။ အဲဒီကားတကားတည်း ရီရယ်လစ်ဇင်နဲ့ နီးစပ်တယ်လို့ ထင်ပါတယ်။ အိတ်စ်ပရက်ရှင်တွေ ကြားမှာ ခုလိုကား မျိုးဘာကြောင့် ထည့်ပြထားတာလဲ သိပါရစေ။

ဖြေ။     ။ သြော် တကယ်တမ်းတော့ အဲဒါဖြစ်တဲ့အချိန်မှာ အထဲမှာမရှိဘူး၊ တရုတ်မှာရောက် နေတယ်။ တရုတ်မှာ ပါဖောမင့် တခုလုပ်နေတဲ့ အချိန်ဖြစ်နေတယ်။ အင်တာနက်ကနေ နေ့စဉ် တွေ့နေ မြင်နေ ကြားနေရတာတွေတော့ ရှိတာပေါ့။ အဲဒီလို အင်တာနက်က သိရတဲ့ သတင်းတွေကနေ အမစိတ်ကို ထိခိုက် စေတယ်။ အမှန်တော့ ဓာတ်ပုံရှိပြီးသား။ ဘုန်းကြီးတပါးတည်းနဲ့ အရှေ့မှာ စစ်သားတွေပေါ့။ ခု အတိုင်းကို အစ်မ သိပ်မကြိုက်တော့ဘူး။ သိပ် တိုက်ရိုက်ကြီးဖြစ်နေတယ်။ အပေါ်ပိုင်းမှာ စစ်သားမှန်း သိသာစေတဲ့ ခေါင်းလေးတွေ သေနတ်တွေ တွေ့တယ်မဟုတ်လား။ အဲဒါတွေကို အမည်းအပြည့် ချယ်ပစ်ချင်နေတယ်။

မေး။     ။ မချောအိ ပါဖောမင့်လုပ်ရင်ပဲဖြစ်ဖြစ် ပန်းချီတွေမှာပဲဖြစ်ဖြစ် လူရဲ့အစိတ်အပိုင်းတွေ မျက်နှာတွေ လက်တွေ ခြေထောက်တွေကို အမြဲ သုံးလေ့ရှိတာတွေ့ရတယ်။ ဘာကြောင့်ပါလဲ။

ဖြေ။     ။ အဲဒါကိုယ့်ကိုယ်ကိုယ်တောင် မေးဖြစ်တယ်။ အဲဒီအစိတ်အပိုင်းတွေကို သဘောကျတာမျိုး ပေါ့။ အမှန်ပြောရရင် ကျမကိုလွှမ်းမိုးတဲ့ နံပါတ် ၁ အချက်က ကျမက တက်တူး အရမ်းကြိုက်တယ်။ ဒါကြောင့် ပါဖောမင့် လုပ်ဖြစ်ရင် မျက်နှာတွေ လက်တွေမှာ အဲဒီအစိတ်အပိုင်းတွေကို ဆွဲတယ်။ အဓိပ္ပာယ်က ရိုးရိုး လေးပါ။ ငါလုပ်နေတာ တယောက်တည်းမဟုတ်ဘူး။ လက်လှမ်းနေရင်လည်း လက်တခုတည်း မဟုတ်ဘူး။ လူတွေ အများကြီးလှမ်းနေတယ်ပေါ့။ အဲဒီနောက်ပိုင်းဘာဆွဲဆွဲ အဲဒါလေးတွေ အများကြီး လုပ်ဖြစ်သွားတာ။ ခန္ဓာဗေဒ ပုံစံမှန်မှန်နဲ့ဆွဲထားတာတော့ မဟုတ်ဘူး လူပုံမှန်းသိရုံပါပဲ။

မေး။     ။ မြန်မာပြည်တွင်းမှာ အနုပညာဖန်တီးရတဲ့ အနေအထား လွတ်လပ်မှုကို ဘယ်လို သုံးသပ်ချင် ပါသလဲ။

ဖြေ။     ။ အမှန်အတိုင်းဖြေရရင် အထဲမှာကော အပြင်မှာကော ဘယ်မှာမှ အနုပညာ ဖန်တီးရတာ လွတ်လပ်တယ်လို့ မရှိသေးပါဘူး။ တချို့က အပြင်ရောက်လို့ ငါတို့တော့ လွတ်လပ်ပြီ လို့ထင်ကောင်း ထင်မယ်။ ကျမကိုမေးရင်တော့ ကျမက အထဲဖြစ်ဖြစ် အပြင်ဖြစ်ဖြစ် လွတ်လပ်တယ် လို့ကို မခံစားရပါဘူး။ ဒါကတော့ ကျမရဲ့ ပြဿနာပေါ့လေ။ အပြင်ကို စစချင်းထွက်လာတုန်းကတော့ ငါလွတ်လပ်ပြီ၊ ငါလုပ်ချင်တာ လုပ်လို့ ရပြီဆိုပေမယ့် အကြောက်တရားက ကျမကျောမှာ ကပ်ပါ လာနေတာပဲ။ ဒါကြောင့်ကျမတို့ဖန်တီးတဲ့ အနုပညာတိုင်းမှာ ဘယ်သူကမှ ကိုယ့်ကို ဆင်ဆာမလုပ်ခင် ကိုယ့်ဘာသာ ဆင်ဆာလုပ်မိနေတတ်တယ်။ ကျမတို့က ကိုယ့်အိမ်ကိုယ် အမြဲပြန်နေကြတာ ဆိုတော့ … အမြဲထည့်ပြီး အဲဒါကြီးကိုစဉ်းစားနေတာဆိုတော့။

မေး။     ။ ပြည်တွင်းက ပန်းချီဆင်ဆာတွေနဲ့ ပတ်သက်လို့ ကိုယ်ပိုင်ထင်မြင်ချက်ကို ပြောပါဦး။

ဖြေ။     ။ ကိုယ်ပိုင်ထင်မြင်ချက်ဆိုရင်တော့ မရှိရင်ကောင်းတာပေါ့နော်။ အနုပညာဆိုတာ လွတ်လွတ် လပ်လပ် ဖန်တီးခွင့်ရရင်အကောင်းဆုံးပေါ့။ လွတ်လပ်မှုမရှိဘူးဆိုရင် သူဖန်တီးချင်သလောက် ဖြစ်မလာ နိုင်ဘူးပေါ့။

မေး။     ။ ပါဖောမင့်တွေ အင်စတော်လေးရှင်းတွေ လုပ်နေတဲ့ သူတယောက်အနေနဲ့ လက်ရှိမြန်မာပြည်တွင်းက အနုပညာဖန်တီးမှုတွေကို ဘယ်လိုသဘောရလဲ။

ဖြေ။     ။ အဲဒီတခုက တော်တော်အံ့သြဖို့ကောင်းတယ်။ ကျမတို့ နိုင်ငံက အနုပညာ သမားတွေက တခြားနိုင်ငံတွေထက်စာရင် အဆက်အသွယ်ကအစ လုပ်ရကိုင်ရတာ အခက်အခဲ အမျိုးမျိုးရှိနေတဲ့ကြားက အနုပညာလုပ်ငန်းတွေမှာ အထူးသဖြင့် စာပေ တို့ ရုပ်ရှင်တို့နဲ့ယှဉ်ရင် ပန်းချီက တကယ်ကိုရင်ဘောင် တန်းနိုင်တယ်။ ပြတ်မကျန်ခဲ့ဘူး။ ကျမတို့ အနုပညာသမားတွေမှာ နောက်ကပံ့ပိုးမယ့်သူ မရှိဘူး။ ကိုယ့်အားပဲ ကိုယ်ကိုးနေရတာ။ အခက်အခဲတွေ အမျိုးမျိုးရှိတဲ့ကြားက အမီလိုက်နိုင်တယ်။ ကွာလှလည်း နည်းနည်းပေါ့။

မေး။     ။ ကလေးပန်းချီလည်း သင်တယ်ဆိုတော့ ကလေးတွေနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ ကလေး တိုင်းက ပန်းချီဆွဲတယ်လို့ ကြားဖူးတယ် ဟုတ်ပါသလား။

ဖြေ။     ။ ဟုတ်တာပေါ့။ ကလေးတိုင်းက ပန်းချီဆွဲကြတယ်။ ကလေးတွေက သူတို့စိတ်ထဲမှာ ခံစားရတဲ့ အကြောင်းအရာတွေကို စကားနဲ့ မဖော်ပြတတ်တော့ အရုပ်ကလေးတွေဆွဲပြတာ။ အဲဒီကမှတဆင့် ကိုယ်က သူဘာဖြစ်နေတယ်ဆိုတာ သိရတာ။ ဒါကြောင့် ကလေးတိုင်းက ပန်းချီဆွဲတယ်လို့ပြောတာ။ သုတေသနတခု အရဆိုရင် အသက် ၁၂ နှစ်လောက် ထိကလေးတိုင်း ပန်းချီဆွဲကြတယ်။ ကျော်မှသာ သူသန်ရာသန်ရာ ခွဲသွားတယ်။ ကျမသင်ဖူးတဲ့ ကလေးတွေကို ပြန်ကြည့်ရင်လည်း အဲဒီအတိုင်းပဲတွေ့ရတယ်။ တချို့ဆို ကလေးဘဝမှာ အရမ်း ပန်းချီတော်တယ်။ အသက် ၁၂ နှစ်ကျော်လာတော့ လုံးဝ ပန်းချီကိုလှည့် မကြည့်တော့တာမျိုးပေါ့။ သူတို့ အကြိုက်တွေကို သူတို့ သိသွားတဲ့အချိန်မှာ ပန်းချီကို ဆွဲချင်မှ ဆွဲတော့တာလေ။

မေး။     ။ ကလေးပန်းချီသင်တဲ့ အလုပ်ကို ဘာလို့ရွေးချယ်ခဲ့တာလဲ။

ဖြေ။     ။ “ကလေးပန်းချီ” က ဖန်တီးမှုနဲ့ ဝေဖန်ပိုင်းခြား နိုင်မှုကိုပေးတယ်။ ဒါက သိပ်အရေးကြီးပါလား ဆိုတာ ဖေဖေကနေတဆင့် သိလာတယ်။ နောက် ကိုယ်က စာသင်ရတာလည်း ဝါသနာပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ပန်းချီဆွဲတယ်။ အနုပညာနဲ့လည်း ခွဲမထွက် လို့ ဒါပဲလုပ်ဖြစ်သွားတာပါ။

မေး။     ။ မြန်မာပြည်က ကလေးတွေနဲ့ တခြားနိုင်ငံတွေက ကလေးတွေ ဘယ်လိုကွာခြားလဲ ဆိုတာလေး မြင်သလို ပြောပေးပါဦး။ ဖန်တီးနိုင်မှု စွမ်းအားကတော့ ကလေးဆိုတာ တူတူပဲလို့ ထင်ပါတယ်။ ဆိုလိုတာက သူတို့တွေ ရကြတဲ့ အခွင့်အရေးခြင်းယှဉ်ပြီး ပြောပြပေးပါလား။

ဖြေ။     ။ အခွင့်အရေးကတော့ ကွာတာပေါ့။ အပုံကြီးကွာတာပေါ့။ တကယ်တမ်းက စနစ်ကောင်းဖို့ လိုတာကိုး။ စနစ်ကောင်းရင် အဲဒီစနစ်အောက်က တပြုံကြီး ကောင်းစားမယ်။ စနစ်မကောင်းရင် အဲဒီ စနစ်အောက်က တပြုံကြီး ဒုက္ခရောက်ရတာပဲ။ ကျမတို့ဆီမှာက အခွင့်အရေးလည်း မရဘူး။ ပေးရကောင်း မှန်းလည်း မသိဘူး။ အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာချင်းကို ကွာတယ်။ မြန်မာပြည်က ကျောင်းတွေမှာ ပန်းချီလို့ပြောလိုက်ရင် မရှိဘူးတော့မဟုတ်ဘူး။ ပြိုင်ပွဲ ဝင်ဖို့အတွက် တပွဲတိုးပဲ … ကျောင်းသင်ခန်းစာထဲမှာ နည်းနည်းပါးပါး ပါပေမယ့် အဲဒါက ကလေးတွေအတွက် သေသေချာချာ ထည့်ဆွဲထားတဲ့ သင်ခန်းစာမျိုးမဟုတ်ဘူး။ စနစ်က ခေတ်မမီဘူးဆိုတော့ ဘက်ပေါင်းစုံကနေပြီး ဖြည့်ရမှာမျိုးတွေ ရှိသေးတယ် ဆိုရမှာပေါ့။

မေး။     ။ မချောအိလက်ရာ ပထမဆုံး အင်စတော်လေးရှင်း သကြား ဗိမာန်နဲ့ ပတ်သက်လို့ ထူးခြားတာလေးတွေ ပြောပြပါဦး။

ဖြေ။     ။ အဲဒါလုပ်တုန်းက ပုရွက်ဆိတ်တွေ အမျိုးစုံလာတယ်။ အကြာကြီးမနေဘူး။ လာတယ် သယ်တယ် ပြန်တယ်။ ကိုယ် မျှော်လင့်တာက ပုရွက်ဆိတ်နဲ့ ယင်ကောင်လောက်ပဲ မျှော်လင့်တာ။ သုံးရက် မြောက်ထိ ဘာမှ မဖြစ်ဘူး။ လေးရက်မြောက်ကျတော့ ပျား တကောင်တည်းလာတယ်။ နောက်နေ့လည်း ကျရော သောင်းနဲ့ချီပြီးကို လာတာ။ အထဲကို လုံးဝဝင်လို့မရတော့ဘူး။ ကျမက တဲကြီးထိုးပြီးလုပ်တာ။ အဲဒီထဲမှာ ပျားတွေ။ အဲဒါတွေကို မီးခိုးမှိုင်း တိုက်ထုတ်လိုက်ရတာလေ။ ကိုယ်က စိတ်မကောင်းဘူး။ ကိုယ်လုပ်တာက ဘုရားကျောင်းဆောင်၊ အဲဒါလုပ်ဖို့ ကိုယ်က သူတို့ကို သတ်ရသလို ဖြစ်နေတာ။

မေး။     ။ ဒီအင်စတော်လေးရှင်းမှာ သကြားကိုဘာကြောင့်ရွေးဖြစ်တယ်ဆိုတာလေး ပြောပါဦး။

ဖြေ။     ။ သကြားကိုဘာလို့ရွေးလဲ ဆိုတော့ သကြားရဲ့ ဂုဏ်သတ္တိကိုကြိုက်လို့။ သူက ထိလွယ် ခိုက်လွယ်တယ်။ ပူရင်လည်းပျော် ရေထိရင်လည်းပျော်တဲ့ အမျိုးလေ။ ပြီးတော့ ကျမလုပ်တဲ့ ပစ္စည်းကိုက အဲဒီလို အဓိပ္ပာယ်မျိုးသက်ရောက်အောင် လုပ်ချင်တာဖြစ်တဲ့အတွက် သုံးတဲ့ပစ္စည်းကိုလည်း အဲလို ထိခိုက်လွယ်တာမျိုးကို ရွေးလိုက်တယ်။ နောက်တခုကတော့ နေ့စဉ်သုံးနေတဲ့ ပစ္စည်းတွေထဲက လူတွေ သတိမပြုမိတဲ့၊ အနုပညာပစ္စည်းလို့ ထင်မထားတဲ့ ပစ္စည်းကို သုံးတာပါ။ နောက်တော့ တဖြည်းဖြည်း ပျက်စီးသွားတယ် ဆိုတာမျိုးကို ပြချင်လို့ကိုရွေးတာ။

မေး။     ။ ပြီးသွားတဲ့အချိန်မှာ၊ ပြိုကျသွားတဲ့ အချိန်မှာ ခံစားချက်က … ။

ဖြေ။     ။ ပြိုတဲ့ အဆင့်ကိုမြင်တိုင်း မြင်တိုင်း အရမ်းစိတ်တိုင်းကျတယ်။ ကျေနပ်တယ်။ ကျမဖြစ်စေ ချင်တဲ့ ပုံစံအတိုင်း ဖြစ်တယ်။ တကယ်က ကျမက ဒီအလုပ်ကို မှန်းဖို့ပဲတတ်နိုင်တယ်လေ။ လုပ်ကြည့်ရုံလေး လုပ်ကြည့်မလို့။ ဒါလုပ်ဖို့က စင်ကာပူဒေါ်လာ ၇၀၀၀ ကုန်ပါတယ်။ ကုန်တာကတော့ စင်ကာပူ အစိုးရက ကုန်တာပါ။ ဒီ ၇၀၀၀ ကုန်တာကို နောက်ဆုံးမှာ ဒီလောက်လေးပဲ ကျန်ခဲ့တယ်။ ဒီဟာပြိုကျဖို့ကို ၂ လခွဲ ကြာသွားတယ်။ သူ့ရက်နဲ့ သူ အဆင့်ဆင့် ပြိုကျတာပေါ့နော်။ ကိုယ်က ဗိသုကာလည်း မဟုတ်ဘူး ပန်းချီပဲသိတာလေ။ ကိုယ့်ဘာသာ စိတ်ကူးထဲမှာဆွဲပြီး ဗိသုကာတွေနဲ့ တိုင်ပင်ရတယ်။ သကြားက ၅. ၅ တန် ကုန်တယ်။ အဲဒါရဖို့ ၁၀ ရက်လောက် Volunteer ၄၅ ယောက်လောက်နဲ့ ချက်လိုက် ရတယ်။

မေး။     ။ နောက်ဆုံးအနေနဲ့ ခု ပြတဲ့ ပန်းချီပြပွဲနဲ့ ပတ်သက်လို့ တခုခု ပြောပြပေးပါဦး။

ဖြေ။     ။ အဓိကကတော့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကို ကိုယ်ခံစားရသလို လူတယောက်အနေနဲ့ ခံစားပြီး တင်ဆက်ထားတယ် ဆိုတာပါပဲ။ နောက်တခုက ကျမ သွားတဲ့ နေရာတိုင်းမှာ ဘာသိရလဲဆိုတော့ လူတွေက တကယ့် အတွင်းကျကျ ဘယ်သူမှ မသိကြဘူး။ အပေါ်ယံလောက်ပဲ သိတယ်။ အဲဒါကြောင့် ကျမကိုယ်ကျမ အနုပညာသမား တယောက် အနေနဲ့ စကားပါးသူ (Messenger) အဖြစ် အမြဲခံစား ရတယ်။ သူတို့တွေက အပေါ်ယံဖြစ်နေတာ လောက်သာ သိကြတယ်။ စစ်အစိုးရ အုပ်ချုပ်တယ်၊ အန်တီစု နိုဗဲလ်ဆုရတယ်။ ဒီလောက်ပဲသူတို့သိတယ်။ ကျမတို့ နေ့စဉ် နေထိုင်နေရ တဲ့ အခက်အခဲ ပြဿနာတွေကို သူတို့ မသိဘူး။ နောက်ဆုံး အဲဒီ နာမည် နှစ်ခုသာ သူတို့ သိရင်သိမယ် မြန်မာပြည်ဆိုတာကို သူတို့ မသိဘူး …။ အဲဒီတော့ ကျမ လုပ်တိုင်း လုပ်တိုင်းမှာ ပန်းချီဆွဲတာထက် စကားပြောတာ ပိုများတယ်။ ငါတို့ ဘယ်လိုစားရတာ၊ ဘယ်လိုနေရတာ၊ မီးက ဘယ်လိုပဲရတာ၊ ငါတို့ရဲ့ ပညာရေးက ဘယ်လို .. စသည်ဖြင့်ပေါ့ …။ ကျမတတ်နိုင်တဲ့ အနုပညာနဲ့ Messenger တယောက် လုပ်နေ တာပါလို့ … ။     ။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်