ဆက်လက်အုပ်ချုပ်ချင်ရင် စစ်တပ် ရွေးကောက်ပွဲဝင်

နိုင်ဟံသာသည် အပစ်ရပ် လက်နက်ကိုင် အဖွဲ့ အစည်းတခု ဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။ မွန်ပြည်နယ် အခြေစိုက် မွန်ပြည်သစ် ပါတီသည် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ဧရာဝတီက မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်၊ လက်ရှိအခြေအနေ စသည်တို့နှင့်ပတ်သက်၍ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို ဆက်သွယ် မေးမြန်းခဲ့ပါသည်။

မေး။     ။ စစ်အစိုးရက အခြေခံဥပဒေကို ပြန်ပြီး သုံးသပ်မယ်၊ ပြင်ဆင်မယ်ဆိုရင် မွန်ပြည်သစ်ပါတီက ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်မလား။

ဖြေ။     ။ သူတို့က လက်ရှိ ဖွဲ့စည်းပုံ ဥပဒေသစ်ကို ပြုပြင်မယ်လို့ ပြောတာတောင်မှ လက်ရှိ ဘယ်လောက်အထိ ပြုပြင်ခွင့်ပြုမယ် ဆိုတာကိုလည်း ကျနော်တို့က ဆက်ပြီးတော့ ကြည့်ရဦးမယ်။ ကျနော်တို့ရဲ့ လိုအပ်ချက်နဲ့ နီးသလား ဝေးသလားအပေါ် ကြည့်ပြီးတော့ လာမယ့်ရွေးကောက်ပွဲအတွက် ကျနော်တို့ ဝင်သင့် မသင့် ဆိုတာကို ဆုံးဖြတ်မယ်။

မေး။     ။ မွန်ပြည်သစ်ပါတီက ပြုပြင်စေချင်တဲ့အချက်က ဘာလဲ။

ဖြေ။     ။ လက်ရှိ ဖွဲ့စည်းပုံက Unitary State (တပြည်ထောင်စနစ်) ဖြစ်တယ်။ တိုင်းရင်းသား အခွင့်အရေးတွေ မရှိဘူး။ ပြည်နယ်အုပ်ချုပ်ပိုင်ခွင့် ရှိသော်လည်း ဘာမှ အခွင့်ထူးအာဏာ မရှိဘူး။ ဗမာတွေအတွက် အခွင့်အရေး ရှိတယ်။ တိုင်းရင်းသားတွေကတော့ သူတို့ရဲ့စာပေ၊ ယဉ်ကျေးမှု၊ သူတို့ရဲ့ အမျိုးသား လွတ်လပ်မှု ဘာမှ မရှိပါဘူး။  ဒါကို မြင်ပြီးတော့ ဒီဖွဲ့စည်းပုံက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် မဖြစ်နိုင်ဘူး။ ဒါက ကျနော်တို့ မကျေနပ်တဲ့ အချက်တချက် ဖြစ်တယ်။

နောက်တချက်ကတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေး အတွက် ဖွဲ့စည်းပုံထဲမှာ အရမ်း နည်းတယ်။ အနာဂတ် မြန်မာနိုင်ငံမှာ ဒီ ဖွဲ့စည်းပုံနဲ့ ဒီမိုကရေစီစနစ်မဖြစ်နိုင်ပါဘူး။ ကျနော်တို့ ပြုပြင်ခွင့် ရမယ် ဆိုရင် ကျနော်တို့ရဲ့ အဓိက ပထမအချက် ပြုပြင်လိုတာက ဒီမိုကရေစီ စနစ် ပြည့်စုံရမယ်။ အခုလက်ရှိ ဖွဲ့စည်းပုံက အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားတယ်။ ဒါက မဖြစ်သင့်ဘူး။ ဒါကို ပြုပြင်ပေးရမယ်။ စစ်တပ်က ပါချင်ရင် ရွေးကောက်ပွဲ ဝင်ပေါ့။ စစ်တပ်က အစိုးရဝန်ထမ်းပဲ။

ပြီးတော့ စစ်တပ်အကြီးအကဲတွေက အထူး အာဏာ ယူထားတယ်။ တချို့ ဝန်ကြီးဌာနတွေမှာ စစ်တပ်အရာရှိတွေ နေရာယူထားတာတို့၊ စစ်တပ်အကြီးအကဲက သူတို့အကြိုက် သူတို့ခန့်ထားခွင့် ရတာတို့ သူတို့မှာ အခွင့်ထူးရှိတာတို့ ဒါက ဒီမိုကရေစီစနစ် သဘာဝ မကျပါဘူး။ အမျိုးသား လုံခြုံရေး ကာကွယ်မှု ကောင်စီမှာ လိုအပ်ရင် အာဏာသိမ်းခွင့် ရှိတာတို့ ဒါက သဘာဝ မကျပါဘူး။ ဒါတွေကို ပြင်ပေးသင့်တယ်။

တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လူမျိုးနဲ့ စာပေ၊ တိုင်းရင်းသား ဂုဏ်အင်္ဂါရပ် ပြည့်ဝတဲ့ လူမျိုးစု ၈ စု သို့မဟုတ် ဒီထက် ပိုများတာ ရှိရင် ရှိမယ်။ ဒီလူမျိုးစုတွေအတွက် ပြည်နယ် ထူထောင်ပိုင်ခွင့် ရှိရမယ်။

ပြည်နယ်တွေမှာလည်း အုပ်ချုပ်မှု အာဏာ၊ အခွင့်အရေး ရှိရမယ်။ တိုင်းရင်းသားတွေရဲ့ ပြည်နယ်များ တန်းတူညီမှု အုပ်ချုပ်ပိုင်ခွင့် ပြဌာန်းချက် ရှိရမယ်။ တချို့ လူနည်းစုတွေအတွက် သူတို့ရဲ့ လူမျိုးစုဒေသ အုပ်ချုပ်ပိုင်ခွင့် အခွင့်အရေး ရှိရမယ်။

မေး။     ။ တကယ်လို့ မွန်ပြည်သစ်ပါတီရဲ့ တောင်းဆိုချက်တွေကို စစ်အစိုးရက မလိုက်လျောဘူးဆိုရင် ရှေ့ဆက် ဘာလုပ်မလဲ။

ဖြေ။     ။ ဒါကတော့ မပြောနိုင်ပါဘူး၊ ကျနော်တို့ရဲ့ ရပ်တည်ချက်က စားပွဲဝိုင်းမှာ ပြဿနာ ဆွေးနွေးချင်တယ်။ တဘက်နဲ့ တဘက် ပစ်ခတ်ကြတာတော့ ကျနော်တို့ အလိုမရှိပါဘူး။ အပစ်အခတ် ရပ်စဲရေးကိုတော့ ကျနော်တို့ ထိန်းနိုင်သလောက် ထိန်းသွားမယ်။ လောလောဆယ် ဒီလောက်ပဲ ပြောနိုင်တယ်။

မေး။     ။ လက်ရှိအစိုးရရဲ့ ရွေးကောက်ပွဲကို နိုင်ငံရေးအရ ပြေလည်နိုင်တဲ့ အခွင့်အရေးလို့ မြင်သလား။

ဖြေ။     ။ လက်ရှိ ဖွဲ့စည်းပုံက ကျနော်တို့အတွက် ဘာမှ အခွင့်အရေး မရှိဘူး ဆိုတော့ ရွေးကောက်ပွဲ ဝင်ရင်တောင် တကယ်လို့ အမတ် တနေရာ ဖြစ်ခဲ့မယ် ဆိုရင် ဘာအခွင့်အရေးထူး ရနိုင်မလဲ။ ဒီ လက်ရှိ ဥပဒေနဲ့တော့ ရွေးကောက်ပွဲ သွားရင်တောင်မှ ကျနော်တို့ရဲ့ နိုင်ငံရေးပြဿနာက မဖြေရှင်းနိုင်ပါဘူး။

မေး။     ။ တကယ်လို့ တခြား အပစ်ရပ်အဖွဲ့တွေ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင်ရော ဘာပြောချင်သလဲ။

ဖြေ။     သူတို့စိတ်ကြိုက် သူတို့ဝင်တော့ ။ ကျနော်တို့ အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး။ မွန်တိုင်းရင်းသားတွေ ဝင်ခဲ့ရင်တောင်မှ ကျနော်တို့က ဝေဖန်ဖို့ မရှိပါဘူး။ ကျနော်တို့ပါတီကိုယ်တိုင် မြင်တာက လက်ရှိ ဖွဲ့စည်းပုံ ဥပဒေက ဘာမှ အကျိုးအမြတ် မရှိပါဘူး။ ထူးခြားမှုလည်း ဘာမှ မရှိပါဘူး။

မေး။     ။ ပြီးခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ညီလာခံမှာ ရွေးကောက်ပွဲဝင်ရေးအတွက် ထောက်ခံမဲနဲ့ ဆန့်ကျင်မဲ ဘယ်ဟာက များသလဲ။

ဖြေ။     ။ ညီလာခံမှာ ကျနော်တို့ ဖွဲ့စည်းပုံ ဥပဒေ ကို ပြန်ပြီး လေ့လာ သုံးသပ်တယ်။ ပြီးတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီ ဘယ်လို ရှေ့ဆက် ရပ်တည်မလဲ၊ ဒါတွေကို ဆွေးနွေးတယ်။ ရွေးကောက်ပွဲ ဝင်သင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ ညီလာခံမှာ ဘယ်သူကမှ ပြောတာ မရှိပါဘူး။

မေး။     ။ မွန်ပြည်သစ်ပါတီထဲကနေ ခွဲထွက်ပြီးတော့ ရွေးကောက်ပွဲ ဝင်မယ့်သူ ရှိသလား။

ဖြေ။     ။ ကျနော်တို့ လက်ရှိ မမြင်သေးပါဘူး။ ရှိနိုင်မယ်လို့လည်း မထင်ပါဘူး။

မေး။     ။ မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲ မဝင်တော့ဘူး ဆိုတော့ အပစ် အခတ် ရပ်စဲရေးက ဘယ်လောက်အထိ ခိုင်မြဲမလဲ။

ဖြေ။     ။ အပစ်အခတ်ရပ်စဲရေး ဆိုတဲ့ မူက ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ နိုင်ငံရေး ပြဿနာ အဖြေရှာမှုပဲ၊ ဒါက မှန်ကန်တဲ့ မူပဲ။ ဒါပေမယ့် ငြိမ်းချမ်းရေး ယူလာပြီး နောက်ပိုင်းမှာ နိုင်ငံရေးအဖြေရှာခွင့်နဲ့ အချင်းချင်း ညှိနှိုင်းမှု လိုအပ်ချက်တွေ ဒီအချက်တွေ ဖြစ်မလာခဲ့ဘူး။ နိုင်ငံရေးအဖြေရှာဖို့ ဆိုပြီးတော့ ကျနော်တို့ကို အမျိုးသား ညီလာခံ တက်ခိုင်းတယ်။ ဒါပေမယ့် ညီလာခံမှာ သူတို့လူတွေပဲ များတယ်။ ပြီးတော့ မူတွေလည်း သူတို့ ရေးဆွဲထားတဲ့ မူတွေပဲ။ လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့တွေ သူတို့ရဲ့ လိုအပ်ချက်တွေ တင်ပြတယ်။ ဒါပေမယ့် အစိုးရက ဘာမှ အသိအမှတ် မပြုဘူး။ လက်မခံဘူး။ အဲဒီအတွက် ထွက်ပေါက် မရှိပါဘူး။ အမျိုးသားညီလာခံမှာ နိုင်ငံရး ညှိနှိုင်းအဖြေရှာမှု ဆိုတဲ့ အချက်က အဖြေပေါ်မလာပါဘူး။

မေး။     ။ အပစ်ရပ် အဖွဲ့တွေကြားမှာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိသလား။

ဖြေ။     ။ ရှိပါတယ်၊ ပုံမှန် ရှိနေပါတယ်။

မေး။     ။ ဗိုလ်ချုပ်ခင်ညွန့် အနားပေးခံရပြီးနောက်ပိုင်း ဘယ်ဗိုလ်ချုပ်နဲ့ ဆက်သွယ်မှု လုပ်နေသလဲ။

ဖြေ။     ။ လက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တိုင်းမှူးနဲ့ တွေ့နေပါတယ်။ တခါတလေ သူ့ရဲ့ ဂျီဝမ်း (စစ်ဦးစီးမှူး ပထမတန်း) နဲ့ တွေ့ပါတယ်။ များသောအားဖြင့် တိုင်းမှူးနဲ့တွေ့တာ များတယ်။ ဆက်ဆံရေးတော့ ကောင်းကြပါတယ်။

မေး။     ။ အမျိုးသားညီလာခံကို မထောက်ခံဘူး၊ အခြေခံဥပဒေကို မထောက်ခံဘူး စသဖြင့် ကြေညာချက်တွေ ထုတ်ခဲ့ပြီး နောက်ပိုင်း စစ်အစိုးရက ခြိမ်းခြောက်အကြပ်ကိုင်တာတွေ ရှိသလား။

ဖြေ။     ။ မရှိပါဘူး၊ ကျနော်တို့က ထိန်းပြီးတော့ ပြောပါတယ်၊ ပြောခဲ့ရင်တောင်မှ ကိုယ့်ရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ပဲ ပြောတယ် ဆိုတော့ သူတို့ရပ်တည်ချက်နဲ့ သူတို့ ကျနော်တို့ရပ်တည်ချက်နဲ့ ကျနော်တို့ ဆိုတော့ တစုံတရာ ထိခိုက်သွားတာတော့ မရှိပါဘူး။

မေး။     ။ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် ဘာအကျိုးအမြတ်တွေ ရှိသလဲ။

ဖြေ။     ။ အပစ်အခတ် ရပ်စဲမှုက အကျိုးအမြတ်တချို့ ရှိပါတယ်။ အပစ်အခတ် မရပ်ခင် ကာလတလျှောက် တချို့ရွာတွေမှာ အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင်ခွင့် မရှိပါဘူး။ ရွာသားတွေ ထွက်ပြေးရတာတို့၊ ပေါ်တာဆွဲခံရ၊ အရိုက်ခံရတာတို့ ရှိတယ်။ သူတို့ စီးပွားရေးလုပ်ပိုင်ခွင့် မရှိခဲ့ဘူး၊ အခုတော့ လုပ်ခွင့်ရပြီ။ စီးပွားရေး ပိုင်ဆိုင်မှုတွေ တိုးတက်လာတာ ရှိတယ်။ တချို့နေရာတွေမှာ လမ်းတွေပြင်လာတာ ရှိတယ်။ လမ်းပန်းဆက်သွယ်မှု ကောင်းလာတဲ့အတွက် သူတို့ခြံတွေ တန်ဖိုးရှိလာတယ်။ ခြံထွက်ပစ္စည်းတွေလည်း တခြားမြို့တွေကို ပို့ပြီးရောင်းလို့ ရတယ်။

နောက်တခုကတော့ ကျနော်တို့ပါတီကလည်း မြို့ကြီးပြကြီးတွေမှာရှိတဲ့ မွန်ပြည်သူလူထုနဲ့ ထိတွေ့မှု ရှိပါတယ်။ သူတို့နဲ့ နိုင်ငံရေး ဆွေးနွေး ဖြေရှင်းမှုတွေ ရှိလာတယ်။ အဲဒီအတွက် အမြင်တူလာတာ ရှိတယ်။ ပညာရေးဘက်ပိုင်းမှာလည်း ကျနော်တို့ တိုးချဲ့မှုတွေ ရှိလာတယ်။ ကျန်းမာရေးဘက်ပိုင်းကျတော့ ကျန်းမာရေး လုပ်သားတွေ သင်တန်းပေးပြီးတော့ မွေးထုတ်လာတာ ရှိတယ်။ ပါတီ အနေနဲ့ အာဏာပိုင်တွေ သိမ်းတာ ခံထားရတဲ့ ခြံမြေ တချို့ ပြန်လည် ရရှိဖို့ ကူညီဆောင်ရွက်ပေးတာ ရှိပါတယ်။

မေး။     ။ အပစ်အခတ်ရပ်စဲမှု ၁၄ နှစ်ကြာလာချိန်မှာ ဘာအခက်အခဲတွေ ရှိသလဲ။

ဖြေ။     ။ အခက်အခဲကတော့ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ရပ်တည်လာနိုင်သလောက်တော့ သည်းခံပြီးတော့ ရပ်တည်ကြတယ်။ အခု ရပ်တည်ဖို့က လူထု ထောက်ပံ့မှု တချို့ကို ယူပြီးတော့ ရပ်တည်နေရတယ်။ အခု လောလောဆယ်ဆယ်မှာတော့ ရပ်တည်နိုင်ရုံပဲ ရှိပါတယ်၊ လုံလောက်မှုတော့ မရှိပါဘူး။ လူထုရဲ့ နစ်နာမှုကို ကြည့်ပြီးတော့ သည်းခံနိုင်သလောက်တော့ သည်းခံနေပါတယ်။

မေး။     ။ စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးတာ ထိရောက်မှု ရှိသလား။

ဖြေ။     ။ ကျနော့်အမြင် ပြောရရင် ပိတ်တဲ့နိုင်ငံကလည်း ပိတ်၊ ဖွင့်တဲ့ နိုင်ငံကလည်း ဖွင့်၊ ညီညွတ်မှု မရှိကြပါဘူး။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေက  ကျနော်တို့နိုင်ငံမှာရှိတဲ့ သဘာဝ သယံဇာတတွေကို ယူဖို့အတွက် စစ်အစိုးရကို ချဉ်းကပ်ပါတယ်။ ညီညွတ်မှု မရှိတော့ ဖိအားပေးမှုက ထိရောက်မှု မရှိသေးပါဘူး။

အစိုးရဘက်ကနေ ကြည့်ပြန်တော့လည်း သူတို့ဘက်က ခိုင်ခိုင် မာမာနဲ့ ရပ်တည်နေတယ် ဆိုတော့ လက်ရှိ အတိုင်းသာ ဖိအားပေးမှု အနေနဲ့ စားပွဲဝိုင်းထိုင်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ပိတ်ဆို့မှုကြောင့် အာဏာပိုင်တွေလည်း အခက်အခဲတွေ ရင်ဆိုင်ရတာ ရှိပါတယ်။ ရေရှည် သူတို့ ဘယ်လို သွားမလဲ ဆိုတာကိုတော့ သူတို့ စဉ်းစားရမယ်။ ဒါကို ကြည့်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုက အကျိုးမရှိဘူး လို့တော့ ပြောလို့ မရပါဘူး။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်