တောင်ပေါ်မြေ၏ ဧကရာဇ်ဟောင်း

ဤနေရာတွင် လူမနေတော့သည်မှာကြာလှပြီ။ သို့သော်လည်း အိမ်ကြီးမှာ အိမ်ကြီးရှင်ဟောင်း၏ ဓာတ်ပုံကြီးများဖြင့် အသက်ဝင်နေဆဲ ဖြစ်သည်။ နေ့လယ်နေ့ခင်း သစ်ပင်အောက်၌ အနားယူနေပုံ၊ အမ်-၁၆ မောင်းပြန်ရိုင်ဖယ်ဖြင့် ပစ်ခတ် ရန်ချိန်ရွယ်နေပုံ၊ သူ၏လှပသော

မျိုးကောင်းမြင်းကြီးကို စီးနေပုံ၊ လက်နက်တစ်မျိုးကို စမ်းသပ်ပစ်ခတ်နေပုံ၊ ဆေးပြင်းလိပ် ခဲပြီး တစုံတခုကို လေးလေးနက်နက် စဉ်းစားနေပုံ စသည်ဖြင့် ဓာတ်ပုံများကို စနစ်တကျချိတ်ဆွဲထားပါသည်။ ပစ္စတို ခါးကြားထိုးပြီး စစ်ယူနီဖောင်းကို သပ်ရပ်စွာဝတ်ဆင်ထားသော ဓာတ်ပုံကြီး ထောင့်တထောင့်တွင် ဓာတ်ပုံ၏အမည်ကိုပါ ရေးထိုးထားပါသေးသည်။ “တောင်ပေါ်မြေ၏ ဧကရာဇ်”ဟူသတည်း။

{slimbox images/multimedia/Khunsa/01.jpg,images/multimedia/Khunsa/01-sm.jpg,သစ်ပင်အောက်တွင် အနားယူနေသော တောင်ပေါ်မြေ၏ ဧကရာဇ် ခွန်ဆာ;images/multimedia/Khunsa/02.jpg,images/multimedia/Khunsa/02-sm.jpg, ခွန်ဆာနှင့် သူ၏ မျိုးကောင်း မြင်းကြီး; images/multimedia/Khunsa/03.jpg,images/multimedia/Khunsa/03-sm.jpg, ထိုင်းနိုင်ငံမြောက်ပိုင်း ဘန်းသို့ဝက်ထိုင်းရှိ ခွန်ဆာပြတိုက်; images/multimedia/Khunsa/04.jpg,images/multimedia/Khunsa/04-sm.jpg,စစ်ဆင်ရေးတခုအတွက် ခွန်ဆာနှင့် သူအဖွဲ့စစ်သားများ ဆွေးနွေးနေပုံ; images/multimedia/Khunsa/05.jpg,images/multimedia/Khunsa/05-sm.jpg,ခွန်ဆာ၏ ပုံတူ ပန်းချီကား; images/multimedia/Khunsa/06.jpg,images/multimedia/Khunsa/06-sm.jpg, ခွန်ဆာ၏ ပုံတူ ပန်းချီကား}
အများ၏အမြင်တွင် သူသည် “ဘုရင်တပါး” သဖွယ် ဖြစ်ခဲ့ပါသည်။ သူသည် သစ္စာရှိနောက်လိုက်ငယ်သားများအတွက် ပြိုင်ဖက်ကင်း ခေါင်းဆောင်ဖြစ်ခဲ့သည်။ ထို့အတူ ရွှေတြိဂံဒေသ၏ ဘိန်းဘုရင်လည်း ဖြစ်ခဲ့ပါသည်။ အမေရိကန်အစိုးရ အတွက်မူ သူသည် အရှေ့တောင်အာရှဒေသ၏ ရှာရအခက်ဆုံးနှင့် အဖမ်းချင်ဆုံးသော ဘိန်းဘုရင် ဖြစ်ပါသည်။ ခွန်ဆာ သည် ရှမ်းတရုတ်ကပြားဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် မြန်မာစစ်အစိုးရထံ၌ လက်နက်မချမီအချိန်အထိ အင်အား ၁၅,၀၀၀ ခန့် ရှိသော သူ၏ကိုယ်ပိုင်စစ်တပ်ဖြင့် ရွှေတြိဂံဒေသကို အုပ်စိုးချယ်လှယ်ခဲ့သူ ဖြစ်ပါသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းတွင်ရှိသော အဆောက်အဦးသုံးလေးလုံးခန့်သာရှိသည့် သူ၏စခန်းဟောင်းတခုကလည်း “ခွန်ဆာ စခန်းဟောင်း” ဟုပင်အမည်တွင်နေဆဲ ဖြစ်ပါသည်။ ထိုရွာမှာ ထိုင်းနိုင်ငံမြောက်ပိုင်းစွန်း ချင်းရိုင်ခရိုင်တွင်တည်ရှိပြီး မြန်မာ နိုင်ငံ၏ ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်နှင့် ၆ ကီလိုမီတာသာ ကွာဝေးပါသည်။ ဘန်းသို့ဝက်ထိုင်းရွာကလေးရှိ ပျက်စီးယို ယွင်းနေသော ဤအဆောက်အဦးဟောင်းများက ယခုတိုင် ခွန်ဆာပြတိုက်အဖြစ် အသုံးတော်ခံလျက်ရှိနေပါသေးသည်။

သူ၏ နောက်လိုက်အချို့နှင့် ၎င်းတို့၏ မိသားစုဝင်အချို့မှာ ဤပြတိုက်အနီးဝန်းကျင်တွင် နေထိုင်နေကြဆဲဖြစ်သည်။ သို့သော်လည်း ခွန်ဆာအကြောင်းကို ပြောဆိုရန် ၀န်လေးနေကြပါသည်။ မပြောလိုကြပါ။ ပြတိုက်ဝင်းအတွင်းရှိ အဆောက် အဦးတခုတွင် နေထိုင်လျက်ရှိသော သူ၏ထမင်းချက်ဟောင်းက “အဲဒါခွန်ဆာနေတဲ့အိမ်ပဲ၊ ကိုယ့်ဘာသာသွားကြည့်” ဟု ပြောပါသည်။

ပြတိုက်တွင် ကျနော့်ကို လမ်းညွှန်အဖြစ်လိုက်ပေးသော မိန်းကလေးက သူမ၏အဖေသည် တချိန်က ခွန်ဆာ၏တပ်ဖွဲ့ဝင် ဟောင်းတစ်ဦးဖြစ်ကြောင်း ပြောပြပါသည်။ ကျနော်က စကားပြောလို့ရမလားဟုမေးသောအခါ သူမက “အဖေက ဘယ်လူစိမ်းနဲ့မှ စကားမပြောဘူး၊ အတိတ်ကအကြောင်းတွေကိုလည်း ဘယ်တော့မှပြန်မပြောဘူး”ဟု ဖြေပါသည်။

ခွန်ဆာနှင့် သူ၏တပ်ဖွဲ့များသည် ၁၉၈၂ ခုနှစ်မတိုင်ခင်အထိ တောင်ပေါ်ရွာကလေးတွင် အခြေစိုက်နေထိုင်ခဲ့ကြသည်။ ထိုင်းတပ်ဖွဲ့ဝင်များက သူ၏စခန်းဟောင်းကို ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အချိန်တိုင်နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့က ရှမ်းပြည်နယ်အတွင်းရှိ ဟိုမိန်းစခန်းသို့ ပြောင်းရွှေ့သွားကြပါသည်။ မောင်ထိုင်းတပ်မတော် သို့မဟုတ် အမ်တီအေ (MTA) ဟု လူသိများသော သူ၏လက်နက်ကိုင်တပ်ဖွဲ့သည်လည်း အထူးလေ့ကျင့်ထားသော စစ်သား အင်အား ၁၅၀၀၀ ခန့်အထိရှိသော တပ်အဖြစ် ကြီးထွားလာခဲ့ပါသည်။

“ခွန်ဆာဦးဆောင်သော အမ်တီအေအဖွဲ့ ဘာကြောင့်လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ရသလဲ” ဟူသော စာအုပ်တွင် ဖော်ပြထားချက်များအရ ဟိုမိန်းဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုးချဲ့ရေးအတွက် ခွန်ဆာသည် ထိုင်းဘတ်ငွေ သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၉.၃ သန်း) အထိ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆိုပါသည်။ ထိုစာအုပ်ကို မြန်မာအစိုးရက မြန်မာဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။

၁၉၉၃ ခုနှစ်တွင် ၎င်း၏ အမ်တီအေတပ်ဖွဲ့နှင့် ဒေသတွင်းသြဇာရှိသူများ၏ထောက်ခံမှုဖြင့် သီးခြားလွတ်လပ်သော ရှမ်းနိုင်ငံ ထူထောင်ကြောင်း ကြေငြာခဲ့သည်။ ကိုယ်စားလှယ် ၃၅ ဦးပါဝင်သော ပါလီမန်တရပ်ကို ဖွဲ့စည်းခဲ့ပြီး ထိုပါလီမန်က ခွန်ဆာ ကို သမ္မတအဖြစ်တင်မြှောက်ခဲ့ပါသည်။ သို့သော် နောက်သုံးနှစ် မပြည့်ခင်မှာပင် ခွန်ဆာနှင့်သူ၏ အမ်တီအေတပ်ဖွဲ့တို့ မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့ကြပါသည်။

ယခုအခါ အသက် ၇၀ ၀န်းကျင်ခန့်ရှိနေပြီဖြစ်သော ခွန်ဆာမှာ သူရဲကောင်းအဖြစ် အများက မျှော်လင့်တောင့်တကြ သော်လည်း ဖြစ်မလာနိုင်တော့သော လူစွမ်းကောင်းအဖြစ်သို့ ရောက်ရှိနေပါတော့သည်။ လျှို့ဝှက်တနေရာတွင် နေထိုင် လျှက်ရှိသော်လည်း သူနှင့်ပတ်သက်သည့်အရိပ်ဟောင်းများက မေ့ဖျောက်၍မရနိုင်သော အတိတ်ပုံရိပ်များစွာကို ချန်ထား ရစ်ခဲ့ပြီး ဖြစ်ပါသည်။ ခွန်ဆာစခန်းဟောင်းအနီးတွင် ထိုင်းသင်္ဘောသီးထောင်းရောင်းနေသော ဈေးသည်တဦးက “ခွန်ဆာ အခု ဘယ်မှာနေတယ်ဆိုတာ ဘန်းသို့ဝက်ထိုင်းက ဘယ်သူမှ မသိကြဘူး” ဟုပြောပြပါသည်။

သို့သော်လည်း ဇင်းမယ်မြို့အခြေစိုက် ရှမ်း (SHAN) သတင်းဌာန၏ လက်ထောက်အယ်ဒီတာတဦးဖြစ်သော ဦးစိန်ကြည်က ရေကြည်အိုင်ဒေသအနီးတွင် နေထိုင်နေသည်ဟု ပြောပါသည်။ ရေကြည်အိုင်ဆိုသည်မှာ မင်္ဂလာဒုံမြို့နယ်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားလှသော စစ်ကြောရေးစခန်းတခု ဖြစ်သည်။ သူက မြန်မာစစ်အစိုးရ၏ စောင့်ရှောက်ကာကွယ်ပေးမှုဖြင့် နေနေသည်ဟု ဆိုသည်။

အချို့သတင်းများကလည်း ၀န်ကြီးချုပ်ဟောင်းနှင့် တပ်မတော်ထောက်လှမ်းရေးအကြီးအကဲဟောင်းဖြစ်သူ ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့် ၂၀၀၄ ခုနှစ်တွင် အဖြုတ်ချခံရပြီးနောက်၊ နေအိမ်အကျယ်ချုပ်ချထားခံရချိန်မှစ၍ ခွန်ဆာကို အနီးကပ်စောင့်ကြပ် ခံနေရသည်ဟု ဆိုကြပါသည်။ ဒု ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ခွန်ဆာအပါအ၀င် လက်နက်ကိုင်လူမျိုးစုခေါင်းဆောင်များနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိရန် စေ့စပ်ညှိနှိုင်းရာတွင် အဓိကအခန်းမှ ပါဝင်ခဲ့သူလည်း ဖြစ်သည်။

ဦးစိန်ကြည်က ပြောပြရာတွင် ခွန်ဆာသည် ၎င်းအနေဖြင့် အမေရိကန်ထောက်လှမ်းရေးတို့လက်တွင်အပ် အဖမ်းခံပြီး အမေရိကန်တွင် ထောင်ကျမခံမိခြင်းအတွက် နောင်တရနေသည်ဟု သိရကြောင်းဆိုပါသည်။ လူအများကြား ကျော်ကြား လှသော ဘိန်းဘုရင်ကြီးက အကယ်၍ သူသာ အမေရိကန်တွင်ထောင်အကျခံခဲ့ပါက မန်နျူယယ် နိုရီရေးဂါး (Manuel Noriega) ကဲ့သို့ပင် သံတိုင် နောက်ကွယ်၌ ရှိနေသော်လည်း အသိအမှတ်ပြုလေးစားခံရမှု အဆင့်အတန်းကို သူလည်း ရလိမ့်မည်ဟု တွေးထင်နေပါသည်။ နိုရီရေးဂါးသည် ပနားမားမှ စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုဖြင့် အမေရိကန်သို့ဖမ်းဆီးခေါ်ဆောင်လာကာ အမေရိကန်တွင်ပင် ရုံးတင်စစ်ဆေး ထောင်ဒဏ်အပြစ်ပေး ခံထားရသူ ဖြစ်သည်။

“ခွန်ဆာဦးဆောင်သော အမ်တီအေအဖွဲ့ ဘာကြောင့် လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ရသလဲ” ဟူသော စာအုပ်တွင် အမ်တီအေ ဗဟိုကော်မတီဝင်တဦးက ခွန်ဆာသည် “အမေရိကန်အစိုးရလက်သို့ လွှဲပြောင်းပေးခြင်း မခံရနိုင်” ဟူသော ယုံကြည်ချက်ဖြင့် မြန်မာအစိုးရနှင့် စေ့စပ်ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာဆိုထားပါသည်။

ဖြစ်ပျက်လာခဲ့သည့်အတိုင်း သူ၏တွက်ကိန်းက မှန်သွားပါသည်။ ၁၉၉၆ ခုနှစ်တွင် လက်နက်ချပြီးနောက် ခွန်ဆာသည် ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ပြီး စစ်အစိုးရ၏ အကာအကွယ်ဖြင့် ရန်ကုန်တွင်ပင် ယနေ့တိုင် နေထိုင်လျှက်ရှိပါသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံးက သံတမန်ဆိုင်ရာ အရေးဆိုမှုများပြုခဲ့ပါသည်။ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုအတွက် အမေရိကန်နိုင်ငံတွင် ရုံးတင်စစ်ဆေးနိုင်ရန် ရာဇ၀တ်သားလွှဲပြောင်းပေးရေးကိုလည်း တရားဝင်တောင်းဆိုခဲ့ကြပါသည်။ သို့သော်လည်း မြန်မာအစိုးရက မသိကျိုးကျွံပြုနေခဲ့ပြီး မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံကြားတွင် ရာဇ၀တ်သား လွှဲပြောင်း ပေးရေးသဘောတူစာချုပ် မရှိကြောင်းသာ ပြန်လည်အကြောင်းကြားခဲ့ပါသည်။

သို့သော်လည်း အနည်းဆုံးခွန်ဆာ၏ နောက်လိုက် ၇ ယောက်ခန့်မှာ ထိုင်းနိုင်ငံတွင်အဖမ်းခံရပြီးနောက် အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးပို့ အပြစ်ပေးခြင်းခံခဲ့ကြရပါသည်။ အမေရိကန်ထောင်များတွင်ပင် တချို့က နှစ်အတန်ကြာ ကျခံရပြီးနောက် ပြန်လွတ်လာကြကာ တချို့လည်း အမေရိကန်တွင်လည်းကောင်း၊ ထိုင်းနိုင်ငံတွင်လည်းကောင်း အခြေချနေထိုင်လျှက် ရှိကြပါသည်။

သူ မည်သည့်နေရာတွင်ရှိနေသည်ဖြစ်စေ ခွန်ဆာ၏အတိတ်ပုံရိပ်များက ဤပြတိုက်တခုမျှနှင့်သာ ရပ်တန့်မနေရစ်ပါ။ ဘိန်းဘုရင်အိုကြီး၏ တပ်ဖွဲ့ဝင်များက ၎င်းကိုသစ္စာခံနေကြဆဲဖြစ်ပြီး မြန်မာအစိုးရ၏ ထိန်းချုပ်မှုဖြင့် ဟိုမိန်းဒေသတွင် လှုပ်ရှားနေကြဆဲ ဖြစ်ပါသည်။ ထိုမျှသာမက သူ့ကိုဖမ်းဆီးရန် အမေရိကန်ပြည်ထောင်စု၏ ဖမ်းမိန့်စာချွန်သည်လည်း စားပွဲပေါ်တွင်သာ ရှိနေရဆဲ ဖြစ်ပါသည်။ ထိုင်းနိုင်ငံရှိ ရွာတရွာကပင် သူ၏အမည်ကို ယခုတိုင် အမြတ်တနိုးထား လေးစား နေကြဆဲ ဖြစ်ပါသည်။

၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ ကျော်စွာမိုးရေးသားသော LETTER from Bann Thoed Thai: King of the Highlands ကို ဆီလျော်အောင် ဘာသာပြန် ဆိုရေးသားခြင်း ဖြစ်ပါသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်