RFA က ဧရာဝတီ စကားဝိုင်း (ဇွန် ၁၀၊ ၂၀၁၀)

လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယို ပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန်ကာလ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေများကို  ဆွေးနွေးတင်ပြထား ပါတယ်။

အခုတပတ် နားဆင်ရမှာကတော့ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလ ပြောင်းလဲလာတဲ့ နိုင်ငံရေးပတ်ဝန်းကျင်မှာ တိုင်းရင်းသားပါတီတွေဟာ သက်ဆိုင်ရာပြည်နယ်တွေမှာ အားကောင်းမောင်းသန်ဖြစ်လာပါက  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို စိန်ခေါ်နိုင်တဲ့အခြေအနေ ရှိလာနိုင်ကြောင်းကို ဧရာဝတီမဂ္ဂဇင်းရဲ့  တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ သတင်းအယ်ဒီတာ ကိုရဲနည်နဲ့ ရွေးကောက်ပွဲစာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်တို့က  ဆွေးနွေးထားပြီး RFA က ဇွန်လ ၉ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။

ကိုကျော်စွာမိုး ။     ။ ဧရာဝတီ စကားဝိုင်းမှ ကြိုဆိုပါတယ်။  မင်္ဂလာပါ ခင်ဗျာ။ ကျနော်က ကျော်စွာမိုးပါ။ ကျနော်နဲ့ အတူ စတူဒီယိုခန်းထဲမှာ ရှိနေကြတဲ့သူတွေက ကျနော်တို့ရဲ့ သတင်းအယ်ဒီတာ ကိုရဲနည်နဲ့ ရွေးကောက်ပွဲ စာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်တို့ ဖြစ်ပါတယ်။ 

ဒီတပတ်တော့ တိုင်းရင်းသား ပါတီတွေရဲ့ အကြောင်းကို အဓိက ဆွေးနွေးသွားမယ်လို့ ကျနော် စိတ်ကူးထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ အခု ၂၀၁၀ လာမယ့်ရွေးကောက်ပွဲကို ယှဉ်ကြည့်မယ်ဆိုရင် နိုင်ငံရေး အခင်းအကျင်းက တော်တော်ကို ပြောင်းလဲသွားတာ တွေ့ရတယ်။ ခင်ဗျားတို့ နှစ်ယောက်စလုံး သိတဲ့ အတိုင်းပဲ။ ၁၉၉၀ ရွေးကောက်ပွဲက မဲပေးတဲ့သူတွေ အားလုံးကရော၊ တခြားပါတီ အားလုံးကရော၊ NLDကို မဏ္ဍိုင်ထားပြီး ရွေးကောက်ပွဲဟာ ဖြစ်ပေါ်လာတယ်လို့တောင် ပြောလို့ရတယ်။ နောက်ဆုံးမှာလည်းပဲ NLD ကပဲ အများဆုံး နိုင်သွားတာကိုး။

အခုလာမယ့် ရွေးကောက်ပွဲကို ကြည့်မယ်ဆိုရင် NLD ပါတီမျိုးကလည်း ကျနော်တို့မှာ မတွေ့ရသေးဘူး။ ရှိလာမယ့် ပုံစံလည်း သိပ်မတွေ့ရဘူး။ ဆိုတဲ့အခါကျတော့ မဲတွေအကုန်လုံးက NLD လိုပါတီ တခုတည်းကို မသွားတော့ဘဲနဲ့ ပါတီ တော်တော်များများကို ပြန်သွားမယ့် သဘောရှိတယ်။ အဲဒီတော့ ဒီနေ့အထိဆိုရင် မှတ်ပုံတင်ထားတဲ့ ပါတီပေါင်း ၄၂ ပါတီ ရှိပြီးတော့ အဲဒီထဲမှာ ၂၂ ပါတီ (တ၀က်ကျော်ကျော်) ဟာ တိုင်းရင်းသား ပါတီတွေ ဖြစ်နေတယ်။ အဲဒီခါကျတော့ တိုင်းရင်းသားပါတီတွေဟာ ဘယ်လောက်ထိ ဒီလာမယ့် ရွေးကောက်ပွဲမှာ အရေးပါလာနိုင်မလဲ ဆိုတာကို ကျနော်တို့ ဆွေးနွေးကြည့်ရင် ကောင်းမယ်ထင်တယ်။

ကိုရဲနည် ။     ။ ခုနက ကိုကျော်စွာ ပြောသလိုပေါ့ဗျာ။ အခုလာမယ့် ဒီရွေးကောက်ပွဲဟာ တိုင်းရင်းသားတွေ အများစု နေထိုင်ကြတဲ့ ပြည်နယ်တွေမှာ ဘယ်လောက် ပြောင်းသွားမလဲဆိုတဲ့ ဒီတိုင်းရင်းသား နိုင်ငံရေးသာမားတွေရဲ့ အမြင်တွေ ပြောင်းလဲသွားတာကတော့ ထင်ထင်ရှားရှားပဲ တွေရတယ်ဗျ။ အဲဒါကတော့ ၉၀ တုန်းကတော့ ပြည်နယ်တွေမှာ ပေါ့ဗျာ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ အများစုအနိုင်ရခဲ့တဲ့ ရခိုင်တို့၊ ရှမ်းတို့၊ မွန်ပြည်နယ်တို့ စသဖြင့်ပေါ့ဗျာ။ အဲဒီမှာ အနိုင်ရရှိခဲ့တဲ့ ပါတီတွေအများစုက အခုလာမယ့်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ဆန္ဒမရှိတာကို ကျနော်တို့ တွေ့ရတာကိုး။ ဆိုတော့ အခု မှတ်ပုံထားတယ်ဆိုတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို စစ်အစိုးရရဲ့ ဖွဲ့စည်းပုံကို လိုလားသူတွေလို့ ပြောလို့ရတာပေါ့။ သဘောအားဖြင့် ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို လက်ခံသဘောတူတဲ့ အတွက် ကြောင့် သူတို့မှတ်ပုံတင်တာကိုးဗျ။ ဒါပေမယ့် အဲဒီထဲမှာ အနည်းစု တိုင်းရင်းသား နိုင်ငံရေးသမားတွေကိုလည်း တွေ့ရတာက ဘာလဲဆိုတော့ ဥပမာ - ကချင် နိုင်ငံရေးပါတီလို မျိုးပေါ့ဗျာ၊ သူတို့က ပြည်နယ်အဆင့်လွှတ်တော်မှာ လုပ်ပိုင်ခွင့် တစုံတရာကို မျှော်လင့်ပြီးတော့ ရလာနိုင်မယ့် အတိုင်း အတာတွေက ပြုပြင်ပြောင်းလဲရေး လုပ်မယ်လို့ ရည်ရွယ်ချက်ရှိတဲ့ လူတွေလို့ တချို့ကလည်း မြင်တာကိုးဗျ။

ကိုထက်အောင် ။     ။ ကိုရဲနည် ခုနကပြောတဲ့ ဒီတိုင်းရင်းသား ပါတီတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံတဲ့ အတွက်ကြောင့် ဒီလိုမျိုး ရွေးကောက်ပွဲဝင်ကြတယ် ဆိုတဲ့ဟာကို ကျနော်က နည်းနည်း ထပ်ဖြည့်ပြောချင်တယ်ဗျ။  အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ NLD က မ၀င်တော့ဘူးဆိုတော့ ဒီမိုကရေစီ ဘက်ကပေါ့ဗျာ၊ အဓိကအင်အား ကြီးပါတီ မရှိသေးတဲ့အတွက်ကြောင့် နိုင်ငံရေးအခင်းအကျင်းက ဘယ်လိုပြောင်းသွားလဲဆိုတော့ လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်တဲ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပေါ်လာတဲ့အခါမှာ လူတွေအားလုံးက “ဟာ၊ ဒီပါတီကိုတော့ ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ဘူး။ သူတို့က အာဏာလည်း ရှိတယ်၊ ငွေလည်းရှိတယ်။ အစစ အရာရာ ပြည့်စုံတယ်” ဆိုပြီးတော့ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ အခုတိုင်းရင်းသား ပါတီတွေက သူတို့ရဲ့ Strategy ပြောင်းလာတာ တွေ့ရတယ်ဗျ။

ဘာလဲဆိုတော့ အရင်တုန်းက ကျနော်တို့က ထင်ထားတာ ပြည်နယ်လွှတ်တော်တွေမှာပဲ သူတို့က ၀င်ပြိုင်မယ်လို့ ကျနော်တို့ ထင်တာ။ အခုမဟုတ်တော့ဘူးဗျ သူတို့က ဒီပြည်နယ်မှာ ဥပမာ - ဒေါက်တာ တူးဂျာတို့ ပါတီဆိုရင် သူတို့က ဘယ်လို မဟာဗျူဟာ ချထားလဲဆိုတော့ ပြည်နယ်လွတ်တော်မှာလည်း သူတို့က အကုန်ဝင်ပြိုင်မှာ ဖြစ်သလို ကချင် ပြည်နယ်မှာရှိတဲ့ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နေရာတိုင်းမှာလည်း သူတို့က ၀င်ပြိုင်တယ်။ ဆိုတဲ့ အခါကျတော့ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍက ပြည်နယ်မှာတင်မဟုတ်ဘဲနဲ့ တနိုင်ငံလုံးကို ချုပ်ကိုင်မယ့် ဥပဒေပြုလွှတ်တော်ကြီး နှစ်ရပ်ပေါ့ဗျာ၊ ဒီနှစ်ရပ်မှာပါ သူတို့က ၀င်ပြီးတော့ ကစားမယ်ဆိုတဲ့ သဘောမျိုးတွေ တွေ့လာရတယ်။ တကယ်လို့သာ တိုင်းရင်းသားတွေဟာ ကစားနိုင်တယ်ဆိုရင် သူတို့ရဲ့ သက်ဆိုင်ရာဒေသတွေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ယှဉ်လာနိုင်တဲ့ အနေအထား တွေ့ရတယ်ဗျ။ 

ကိုရဲနည် ။     ။ ကိုထက်အောင် ပြောတဲ့ဟာကို ကျနော် စိတ်ဝင်စားတယ်ဗျ။ ဒီ တိုင်းရင်းသား နိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေး ဗျူဟာပေါ့ဗျာ။ ထားပါတော့ ဗျူဟာ ဘယ်လောက်ပဲ၊ ဘယ်လိုပဲ ရှိနေပါစေ၊  ရွေးကောက်ပွဲ အောင်နိုင်ရေးဟာ ပြည်နယ်တွေမှာရှိတဲ့ မဲဆန္ဒရှင်တွေကို ဘယ်လို ဆွဲဆောင်နိုင်မလဲဆိုတဲ့ အချက်အပေါ်မှာ ပိုပြီး အဓိကကျမယ်လို့ ထင်တယ်။ ကျနော်မြင်တာကတော့ ဥပမာ - နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စပေါ့ဗျာ။ အခုထက်ထိ လိပ်ခဲတည်းလည်း မတင်မကျ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင် သူပုန်ထတဲ့ အကြောင်းအရင်းကိုက ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ တောင်းဆိုပြီးတော့ နိုင်ငံရေး တောင်းဆိုချက်တွေပေါ်မှာ မူတည်ပြီးတော့  သူပုန်ထရတဲ့ ကိစ္စတွေ ရှိတာကိုးဗျ။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ သဘာဝအရင်းအမြစ် သယံဇာတ ထုတ်လုပ်မှုတွေကလည်း တိုင်းရင်းသား ပြည်နယ်တွေမှာ အဓိကအများစု ဖြစ်တဲ့ အတွက်ကြောင့် ဥပမာ - ဓာတ်ငွေ့ ဆိုလို့ရှိရင် ရခိုင်က၊ ပြီးတော့ ရေကာတာ ဆောက်လုပ်မှုတွေ ဆိုလိုရှိရင်လည်း ကချင်တို့၊ ရှမ်းပြည်နယ်တို့မှာ အများအပြား ဖြစ်တယ်။ အဲဒီနဲ့ ပတ်သက်ပြီးတော့ပဲ ဒီသူပုန်ထတာတွေရော၊ နောက် စစ်အစိုးရရဲ့ စီးပွားရေး စီမံကိန်းကြီးတွေကို အကောင်အထည်ဖော်ရတဲ့ ကိစ္စတွေမှာ တဆက်တည်း ဘာဖြစ်လာလဲ ဆိုတော့ ပြည်နယ် မဲဆန္ဒရှင်တွေပေါ်မှာ ဖိနှိပ်မှုတွေ ရှိလာတယ်။ ဥပမာဆိုလို့ရှိရင် အဓမ္မ လုပ်အားပေးခိုင်းစေမှု ကိစ္စတွေ ပေါ့ဗျာ။ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ဘယ်လောက်ထိ ရှင်းလင်း ထင်ရှားစွာနဲ့ သူတို့ ဗျူဟာပိုင်း ဆိုင်ရာရောပေါ့နော်။ နောက်ပြီး မဲဆန္ဒရှင်တွေရဲ့ မဲပေါ့ဗျာ။

ကိုကျော်စွာမိုး ။     ။ ကျနော်ဒီနေရာမှာ ထင်တာကတော့ ကိုရဲနည် ထောက်ပြတဲ့အချက်ပေါ့လေ။ တချို့တိုင်းရင်းသား ပါတီတွေဆိုရင်လည်းပဲ ဒီလက်နက်ကိုင် အဖွဲ့အစည်းကနေ ထောင်ထားတဲ့ ပါတီတွေကိုး။ သဘောက KIO ကနေ ထွက်ထားပြီး ဒေါက်တာတူးဂျာတို့အဖွဲ့တွေ ထောင်ထားတွေ ရှိတယ်။ ဒါပေမယ့် သူတို့နယ်မြေက ကချင် တိုင်းရင်းသားတွေ အကုန်လုံးကရော သူတို့ရဲ့ ကချင်ပါတီကိုရော သဘောကျရဲ့လားဆိုတဲ့ မေးခွန်းကတော့ တကယ်ရှိတယ်။ ဒါပေမယ့်လည်းပဲ တဖက်က ကြည့်မယ်ဆိုရင်တော့ စစ်အစိုးရနဲ့ သူတို့ရဲ့ တိုင်းရင်းသား ပါတီပေါ့ဗျာ၊ ဆိုတဲ့ အခါကျတော့ နအဖနဲ့ ယှဉ်မယ်ဆိုရင်တော့ သူတို့မှာ ရွေးချယ်စရာနှစ်ခုရှိမယ် ဆိုရင်တော့ ဒီဟာကိုပဲ ရွေးကြလိမ့်မယ်ထင်တယ်။

ကျနော် ပြန်စဉ်းစားလို့ ရသလောက်က ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဆိုရင်လည်းပဲ အနိုင်ရတဲ့ ပါတီပေါင်း ၂၇ ခုရှိတယ်။ အဲဒီထဲမှာ ၁၉ ပါတီက တိုင်းရင်းသားပါတီတွေပဲ။ အဲဒီထဲမှာ ရှမ်းပြည်နယ်တို့၊ ရခိုင်ပြည်နယ်တို့၊ မွန်ပြည်နယ်တို့မှာ သူတို့ရဲ့ ပါတီတွေက အများစုနိုင်တယ်။ ကျန်တဲ့ နေရာတွေမှာလည်း တနေရာ၊ နှစ်နေရာ နိုင်ကြတယ်။ ဆိုတော့ တိုင်းရင်းသားတွေဟာလည်းပဲ သူတို့ရဲ့ တိုင်းရင်းသားတွေ ဖွဲ့စည်းထားတဲ့ သူတို့ပါတီကိုပဲ မဲပေးချင်ကြတာပဲ။  အဲဒီအခါကျတော့ တိုင်းရင်းသား ပါတီတွေအတွက်က အခွင့်အရေးတောင် ပိုရလာနိုင်တယ်၊ လာမယ့် ရွေးကောက်ပွဲမှာ။

ကိုထက်အောင် ။     ။ ဟုတ်တယ်။ ဒီနေရာမှ အခုပြောနေတဲ့ ပြည်တွင်းနိုင်ငံရေးမှာ ပြောနေကြတဲ့ အချက်တခုရှိ တယ်ဗျ။ အဲဒါက ဘာလဲဆိုတော့ ထောက်ခံမှု ပြဿနာပေါ့နော်။ ပြည်မမှာလည်းပဲ တချိန်တုန်းက NLD၊ အခုတော့ ရွေးကောက်ပွဲ မ၀င်တော့ဘူး။ သို့ပေမယ့် NLD ခေါင်းဆောင်တချို့က အမျိုးသား ဒီမိုကရေစီ အင်အားစု ဆိုပြီးတော့ ဖွဲ့တယ်။ အဲဒီတော့ ဒီအဖွဲ့ဟာ အလားအလာကောင်းတယ်။ တကယ်လို့သာ မူလ NLD ကသာ ဒီအဖွဲ့ကို နောက်ကနေ ထောက်ခံမှုပေးမယ်ဆိုရင် ဒီအဖွဲ့ဟာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ယှဉ်လာနိုင်တဲ့အဖွဲ့ ဖြစ်လာနိုင်တယ်။ ဒီလိုပြောတာတွေ ရှိတယ်။ အဲဒီလိုမျိုးပဲ အလားတူ ကချင်ပြည်နယ်မှာဆိုရင် ဒေါက်တာ တူးဂျာတို့ရဲ့ ပါတီ၊ နောက်ပြီး တော့ ရှမ်းပြည်နယ်မှ ဆိုရင်လည်း ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်ဆိုတာက အပစ်ခတ်ရပ်စဲရေးက ဖွဲ့ထားတဲ့ ပါတီမျိုး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ ဆိုတာက မွန်ပြည်သစ် ပါတီဝင်ဟောင်းတွေ ပါတယ်ဗျ။ ဆိုတော့ ပြည်နယ်တွေမှာ ဖွဲ့တဲ့ပါတီတွေက ဒီပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသား အပစ်ရပ်ရော၊ အပစ်မရပ်သေးတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တနည်းမဟုတ် တနည်း သွယ်ဝိုက်သောအားဖြင့် အဆက်အစပ်တွေ ရှိနေတယ်။  ဆိုတဲ့အခါကျတော့ ဒီတိုင်းရင်းသား လက်နက်ကိုင် အပစ်ရပ်ရော၊ အပစ်မရပ်တဲ့ အဖွဲ့တွေကသာ ရွေးကောက်ပွဲဝင်မယ့် သူတို့ရဲ့ တိုင်းရင်းသားပါတီတွေကို သွယ်ဝိုက်သော နည်းဖြင့်၊ တနည်းနည်းနဲ့ပေါ့ဗျာ နောက်ကနေ ထောက်ခံမှုပေးမယ်ဆိုရင် ဒါဟာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် အကြီးအကျယ် စိန်ခေါ်မှုတရပ် ဖြစ်လာလိမ့်မယ်။

ကိုကျော်စွာမိုး ။     ။ ဒါပေမယ့် အဲဒီနေရာမှာ အခက်အခဲ ပြဿနာ တခုတက်လာတာဗျ။ အဲဒါကတော့ ဥပဒေ ပြဿနာပေါ့လေ။ ခင်ဗျားပြောတဲ့ ခုနက တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သွားပြီးတော့ အနည်းနဲ့အများ ပတ်သက်မှုတွေ ရှိတာကိုး။ အခု ဒေါက်တာတူးဂျာရဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီဟာ ဆိုရင် KIO လက်နက်ကိုင် တပ်ဖွဲ့ကနေပြီးတော့ ခွဲထွက်ပြီးတော့ ထောင်ထားတဲ့ သဘောမျိုးပဲလေ။ ဆိုတဲ့အခါကျတော့ အခုထိ ကျနော်တို့သိရသလောက်က သူ့ရဲ့ပါတီကို ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ပါတီဖွဲ့ခွင့်ကို အသိအမှတ်ပြုတယ်လို့ ကျနော်တို့ မသိရသေးဘူး။
ဆိုတော့ နအဖက အဲဒီလိုမျိုး တိုင်းရင်းသားပါတီတွေကို ကန့်ကွက်တဲ့နည်းတွေ ရှိလာနိုင်တယ်။ သဘောက ပါတီ ဖွဲ့ခွင်မပေးတာတို့၊  မင်းတို့က နယ်ခြားစောင့်တပ်လည်း ခင်ဗျားတို့ မဖွဲ့ဘူး။ ဒါပေမယ့် ပါတီတော့ ဖွဲ့တယ်။ မင်းတို့ရဲ့ ပါတီနဲ့ မင်းတို့ရဲ့ လက်နက်တပ်ဖွဲ့တွေကြားမှာ အဆက်အဆံတွေ ရှိနေတယ်။ အဲဒါတွေကို သူတို့ ဖျက်ချလိုက်လို့ ရတယ်။ အဲဒီနည်းနဲ့ တိုင်းရင်းသားပါတီတွေကိုလည်း သူတို့က ချုပ်ကိုင်းထားလို့ရတယ်။ အဲဒါက တိုင်းရင်းသား ပါတီတွေရဲ့ အခက်အခဲ။

ကိုထက်အောင် ။     ။ ကျနော်ကတော့ ဒီလိုမမြင်ဘူး။ ကျနော်က ဒီလိုမမြင်ဘူး ဆိုတာက အဲဒီနေရာမှာ နည်းနည်း သိမ်မွေ့တာလေး တခုရှိနေတယ်လို့ ကျနော်ထင်တယ်။ ခုနက ကိုကျော်စွာမိုး ပြောတဲ့ဟာ မှန်တယ်။ အဲဒါမျိုးက မဖြစ်လာနိုင်ဘူးလို့ ပြောလို့မရဘူး။ ဒါကိုလည်းပဲ ပြီးခဲ့တဲ့လက ထုတ်သွားတဲ့ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဒီအချက်ကို ထောက်ပြထားတာ တွေ့ရတယ်။ ဒါပေမယ့် ဒီ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် အဖွဲ့တွေကို စစ်အစိုးရက မတရားအသင်းတွေထဲမှာ သူတို့ကို ထည့်မထားတော့ဘူးဗျ။ ဆိုတဲ့အခါကျတော့ အခု ဒေါက်တာတူးဂျားတို့ ပါတီနဲ့ KIO ရဲ့ကြားက အဆက်အစပ်က တရားဥပဒေအရ နိုင်ငံရေးပါတီမှာ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ (က-၃) မှာ နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်းများနှင့်   မတရားအသင်းအဖြစ် ကြေညာခံရသော အဖွဲ့အစည်းများနှင့် ဆက်သွယ်တဲ့ ပါတီကို ဖျက်သိမ်းနိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ဒီထဲမှာ KIO ပါလား၊ မပါဘူးလား ဆိုတဲ့ဟာက ဥပဒေအရ အငြင်းပွားစရာ တခုဖြစ်တယ်။

ကိုကျော်စွာမိုး ။     ။ မှန်တယ်လေ။ အဲဒီတော့ ဥပဒေဆိုတာ လက်တလုံးခြားလုပ်နေတာပဲ နအဖကလည်းပဲ။ ဆိုတဲ့ အခါကြတော့ ဒီဟာကိုပဲ ပြန်ကိုင်ပြီးတော့ သုံးလို့ ရနိုင်တာပေါ့။

ကိုရဲနည် ။     ။ ကျနော်မြင်တာက တိုင်းရင်းသားနိုင်ငံရေး လှုပ်ရှားမှုတွေကို ကြည့်မယ်ဆိုရင် သမိုင်းမှာ တခါမှ တစုတစည်းတည်း ဖြစ်ခဲ့တာ မရှိတဲ့အတွက်ကြောင့် ဒီတိုင်းရင်းသား နိုင်ငံရေးပါတီတွေကို စုစည်းပြီးတော့ USDP ကို ယှဉ်ဖို့ ဆိုတဲ့ နိုင်ငံရေး အမြော်အမြင်ဟာ နည်းနည်းလေးတော့ ပြောစရာများ ဖြစ်နေလားလို့။ ဘာဖြစ်လို့လဲဆိုတော့ ခုနက ကျနော် ပြောသလို့ ဒီမှတ်ပုံတင်တဲ့ တိုင်းရင်းသား ပါတီအများစုဟာ စစ်အစိုးရကို လိုလားတဲ့ပါတီတွေ များတယ်ဆိုတာ ပြန်ကြည့် လို့ရတယ်။ အများစုက နိုင်ငံရေး ပွဲစားတွေ၊ တိုင်းရင်းသား လုပ်ငန်းရှင်တွေ၊ အဲဒီလူတွေကိုမက်လုံးတွေ ပေးပြီးတော့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ထောင်ထားခိုင်းတယ်။ တကယ်တမ်း တိုင်းရင်းသား နိုင်ငံရေးသမား စစ်စစ်တွေကျတော့ ထောင်တွေထဲမှာ ရောက်နေတယ်။ နောက်ပြီးတော့ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ တိုင်းရင်း သားပါတီတွေဟာ ဒီရွေးကောက်ပွဲကို သပိတ်မှောက်ထားတယ် ဆိုတဲ့ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေး လမ်းစဉ်ကို နည်းနည်းလေး သံသယရှိတယ်။

အဲဒါထက်စာလို့ရှိရင် ကျနော့် အမြင်အရတော့ တိုင်းရင်းသား အချင်းချင်းတွေကြားထဲမှ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ပြီးတော့ နိုင်ငံရေးတပ်ပေါင်းစု တည်ဆောက်နိုင်မယ့် အခြေအနေအစား ကျနော်ကတော့ အခုမြင်တာ ကတော့ အပြန်အလှန် မယုံကြည်မှုတွေ တိုးလာပြီးတော့ ကတုတ်ကျင်းတွေ ပိုပြီးနက်အောင် တူးနေတယ်လို့ပဲ ကျနော် မြင်တယ်။

ကိုထက်အောင် ။     ။ ကိုရဲနည်ပြောတဲ့ ဟာကတော့ မကောင်းမြင်ဘက်က နည်းနည်းလေး ပိုများသလားလို့။

ကိုရဲနည် ။     ။ မကောင်းမြင် မဟုတ်ဘူး။ တကယ်တမ်းက တကယ့်လက်ရှိ အခြေအနေလို့ ကျနော်မြင်တယ်။

ကိုထက်အောင် ။     ။ ဟုတ်ကဲ့၊ ကျနော့်မှာက အကောင်းမြင်တဲ့ အချက်လေး တခုရှိတယ်ဗျ။ ကိုရဲနည် ပြောတဲ့ အချက်တခုကို ကျနော် လက်ခံတယ်။ ဘာလဲဆိုတော့  ဥပမာ ကျနော်ပြောမယ်ဗျာ၊ ဒေါက်တာ ဆိုင်မွန်သာ။ ပြောမယ် ဆိုရင် မြန်မာစစ်အစိုးရနဲ့ နီးစပ်မှု အရမ်းရှိတယ်။ နောက်တခုက ကရင်လက်နက်ကိုင် အဖွဲ့တွေ ငြိမ်းချမ်းလုပ်တဲ့ အခါမှာ သူက ကြားပွဲစားလုပ်ခဲ့တဲ့ အခန်းကဏ္ဍရှိတယ်။ ဆိုတဲ့အခါကျတော့ သူ့ကို စစ်အစိုးရရဲ့လူလို့ မြင်တဲ့လူက မြင်ကြတယ်။ ဒါပေမယ့် ကျနော် သတိထားမိတာ သူ့ရဲ့ပါတီအပါအ၀င် တိုင်းရင်းသားပါတီတွေ တော်တော်များများက သူတို့ပါတီ နာမည်မှည့်တာကို တချက် လေ့လာကြည့်ပါ။ သူဆိုရင် ကရင်ပြည်သူ့ပါတီ။ ဆိုလိုတဲ့ သဘောက သူတို့ ကရင် ပြည်သူတွေရဲ့ ကိုယ်စားပြုချင်တယ်ဆိုတဲ့ စိတ်ဓာတ်တွေ သူတို့မှာရှိတယ်။

အဲဒီလိုပဲ တိုင်းရင်းသားပါတီတွေ တော်တော်များများမှာ သူတို့ တိုင်းရင်းသားတွေရဲ့ တိုးတက်ရေးကို အင်မတန်လိုချင်တဲ့ အတွက်ကြောင့် တိုးတက်ရေးပါတီ၊ တိုးတက်ရေးပါတီ ဆိုပြီးတော့ မှည့်ထားတာတွေ ရှိတယ်။ ကျနော်တို့ မဆလခေတ်ကို ပြန်သွားရင် နှစ်ပေါင်း ၄၀ လုံးလုံး တိုင်းရင်းသားတွေကို စစ်အစိုးရတွေက ဖိနှိပ်ခဲ့တဲ့ ဇာတ်လမ်းတွေကို ဒီတိုင်းရင်းသား ခေါင်းဆောင်တွေက မမေ့သေးဘူဗျ။ အခုဖွဲ့တဲ့ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေကလည်း ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့တိုင်းရင်းသားတွေရဲ့ တိုးတက်မှုကိုတော့ မြင်ချင်တယ်ဆိုတဲ့ ဆန္ဒကိုတော့ ကျနော်က မြင်နေရတယ်ဗျ။

ကိုကျော်စွာမိုး ။     ။ ဒီနေရာမှ ကျနော်ပြောချင်တာက တိုင်းရင်းသားပါတီတွေ တချို့ကြည့်မယ်ဆိုလို့ရှိရင် အစိုးရနဲ့ နီးစပ်တာတွေ အများကြီးရှိတယ်။ ဒီမိုကရေစီ အုပ်စုတွေနဲ့ မနီးစပ်ဘူး။ ဒါပေမယ့်လည်းပဲ တိုင်းရင်းသားတွေက ရွေးချယ်စရာ နှစ်ခုရှိလာပြီပေါ့လေ။ နအဖအစိုးရနဲ့ သူတို့ တိုင်းရင်းသားတွေ ဖွဲ့စည်းထားတဲ့ ပါတီပေါ့ဗျာ။ အဲဒီပါတီက လူတွေကို သူတို့က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အဲဒီနှစ်ခုကို ရွေးချယ်မယ်ဆိုရင်တော့ ကျနော်ထင်တယ် သူတို့ရဲ့ တိုင်းရင်းသားပါတီတွေကို ပိုပြီးရွေးချယ်မယ်လို့ ကျနော်ထင်တယ်။ ဒါမှလည်း သူတို့ရဲ့ အနည်းဆုံးတော့ စစ်အစိုးရနဲ့ စာရင်တော့ ပိုကောင်းတဲ့ ကိုယ်စားလှယ် ရလာနိုင်မယ်လို့ထင်တယ်။ ဒါပေမယ့် ပြဿနာက တကယ်လို့များ အဲဒီလို တိုင်းရင်းသားပါတီတွေက သူတို့နေရာမှာ သူတို့ နိုင်ခဲ့ပြီးဆိုပါတော့၊ ဘယ်လိုမျိုး မဟာမိတ်ဖွဲ့ပြီးတော့ စစ်အစိုးရပါတီဖြစ်တဲ့ USDP ပါတီကို ပါလီမန်လွှတ်တော်ထဲမှာ အတိုက်ခံလုပ်မယ်ပေါ့လေ။ အဲဒီကောင်က အဓိက ပိုပြီးတော့ အဲဒီအချိန်ကြရင် ပြဿနာတက်မယ်လို့ ကျနော်ထင်တယ်။

ကိုရဲနည် ။     ။ ဒီကိစ္စကတော့ နောက်ပိုင်း ဆက်ပြီး ဆွေးနွေးစရာကောင်းတဲ့၊ စိတ်ဝင်စားစရာကောင်းတဲ့ Issue တခုပါပဲ။

ကိုထက်အောင် ။     ။ ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီဆိုတာ နအဖက မွေး ထုတ်ပေးလိုက်တဲ့ အတွက်ကြောင့် နအဖက ဘယ်လိုနအဖလည်းဆိုတာကိုတော့ တိုင်းရင်းသားအားလုံးက လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ကောင်းကောင်းကြီးသိပြီး ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ စည်းလုံးညီညွတ်မှုကလည်း အရေးကြီးတယ် ဆိုတာကတော့ အနည်းလေးတော့ သူတို့ သိမှာပါ။

ကိုကျော်စွာမိုး ။     ။ ဟုတ်ကဲ့၊ ကိုရဲနည်နဲ့ ကိုထက်အောင်ရေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
{wd file=images/stories/podcasts/rfa.06.10.10.mp3 name='အသံဖိုင်ရယူရန်'}
ဤအစီအစဉ်ကို နားဆင်ရန် QuickTime Player Software လိုအပ်ပါမည်။ ဤနေရာတွင် ရယူနိုင်ပါသည်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်