RFA က ဧရာဝတီစကားဝိုင်း (ဇူလိုင် ၁၊ ၂၀၁၀)

{play}images/stories/podcasts/rfa.07.02.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{wd file=images/stories/podcasts/rfa.07.02.10.mp3 name='အသံဖိုင်ရယူရန်'}
လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယို ပရိသတ်အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အခြေအနေများကို ဆွေးနွေး တင်ပြထားပါတယ်။

အခုတပတ်မှာ ရွေးကောက်ပွဲကော်မရှင်ဟာ ပါတီပေါင်း ၄၂ ပါတီထဲက ပါတီထောင်ခွင့်ပြုဖို့ ၄ ပါတီပဲ ကျန်ရှိတော့တဲ့ အချိန်ထိ ကချင်လူမျိုးများ ဖွဲ့စည်းတည်ထောင်ထားတဲ့ နိုင်ငံရေးပါတီ ၃ ပါတီကို ပါတီထောင်ခွင့် ဘာကြောင့် ခွင့်မပြု သေးတာလဲ၊ နောက်ကွဲကအကြောင်းအရင်းတွေက ဘာတွေလဲဆိုတာကို ဧရာဝတီမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ ရွေးကောက်ပွဲစာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ ချင်းမိုင်အခြေစိုက် ကချင်သတင်းဌာန ရဲ့ အယ်ဒီတာ ကိုလဖိုင် နော်ဒင်းတို့က  ဆွေးနွေးသုံးသပ်ထားပြီး RFA က ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်လွှင်ခဲ့ပါတယ်။

ကိုကျော်စွာမိုး ။    ။ ဧရာဝတီစကားဝိုင်းမှ ကြိုဆိုပါတယ်။ မင်္ဂလာပါခင်ဗျာ။ ကျနော်က ကျော်စွာမိုးပါ။ ဒီတပတ် စတူဒီယိုခန်းမှာ ရှိနေကြတဲ့သူတွေကတော့ ရွေးကောက်ပွဲစာမျက်နှာကိုတာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ ကျနောတို့ဖိတ် ကြားထားတဲ့ ချင်းမိုင်အခြေစိုက် ကချင်သတင်းဌာနရဲ့ အယ်ဒီတာ ကိုနော်ဒင်းတို့ ၀င်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကိုနော်ဒင်းကို ဖိတ်ရတဲ့ အဓိက အကြောင်းအရင်ကတော့ လက်ရှိအချိန်အထိ နအဖအစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီဖွဲ့စည်းဖို့ မှတ်ပုံတင်ထားတဲ့ ပါတီပေါင်း ၄၂ ပါတီ ရှိပြီးတော့ အဲဒီပါတီ ၄၂ ပါတီထဲက ၃၈ ပါတီကို ပါတီတည်ထောင်ခွင့် ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ၄ ပါတီထဲမှာ ဆိုရင် ၃ ပါတီဟာ ကချင်အမျိုးသားတွေကို  ကိုယ်စားပြုတဲ့ ပါတီတွေချည်းပဲ ဖြစ်ပြီးတော့ အခုထက်ထိ သူတို့ကို ပါတီ တည်ထောင်ခွင့် မပေးသေးပါဘူး။

ကိုနော်ဒင်းရေ ကျနော်တို့ သိရသလောက် ခုနကပြောတဲ့ ကချင်ပါတီ ၃ ပါတီဟာ ကချင်ပြည်နယ် တိုးတက်ရေးပါတီ၊ နောက်တခုက ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ၊ ဒါကလည်းပဲ တနည်းအားဖြင့် ကချင်ပါတီပဲ။ နံပါတ် ၃ ပါတီဟာဆိုရင် ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) ဆိုတဲ့ ပါတီ ၃ ပါတီလုံးဟာ ကချင် အမျိုးသားတွေကို ကိုယ်စားပြုတဲ့ ပါတီတွေချည်း ဖြစ်နေတယ်ဗျာ။ အဲဒီတော့ ဘာကြောင့်မို့လို့ ကချင်ပါတီတွေ အကုန်လုံးကို နအဖ အစိုးရက ကနေပြီးတော့ ပါတီထောင်ခွင့် မပေးတာလဲလို့ ခင်ဗျားထင်လဲ။

ကိုနော်ဒင်း ။    ။ အဓိကကတော့ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေက လူမိုက်လုပ်ပြီးမှ ဒီ ကချင်နိုင်ငံရေး ခေါင်းဆောင်တွေကတော့ လူကြီးလူကောင်း လုပ်တယ်ဆိုတာကို ကျနော်တွေ့ရတယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ကချင်ပါတီတွေက ကချင်လူမျိုးတွေ အားလုံးကို ကိုယ်စားပြုထားတဲ့ ပါတီတွေ ဖြစ်တယ်။ ဥပမာအားဖြင့် ကချင်ပြည်နယ် တိုးတက်ရေး ပါတီက ကချင်ပြည်နယ်မှာရှိတဲ့ ကချင်လူမျိုးတွေသာ မကဘဲနဲ့ ဌာနေတိုင်းရင်းသားတွေ အားလုံးကို ကိုယ်စားပြုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ထားတဲ့ နိုင်ငံရေးပါတီဖြစ်တယ်။ တဖက်က ရှမ်းပြည် မြောက်ပိုင်း တိုးတက်ရေးပါတီကလည်း ရှမ်းပြည်နယ်မှာရှိတဲ့ ကချင်လူမျိုးတွေအားလုံးကို ကိုယ်စားပြုထားတဲ့ ပါတီ ဖြစ်တယ်။ အဲဒါကြောင့်မို့ ဒီပါတီတွေက တိုင်းရင်းသားတွေနဲ့ နအဖ ကြားမှာရှိတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေး နည်းလမ်းအားဖြင့် ဖြေရှင်းချင်တဲ့ အတွက်ကြောင့်မို့ ဒီရွေးကောက်ပွဲ ၀င်ဖို့အတွက် သူတို့ လုပ်ထားတာဖြစ်တယ်။ ဒါကို နအဖ လက်မခံတာဖြစ်တယ်။ အဓိက ဆိုလိုချင်တာက ဒီပါတီတွေကို နအဖ အနေနဲ့ ထိန်းချုပ်လို့မရဘူး ဆိုတာကို သိတော့ ဒီပါတီတွေကို နိုင်ငံရေး တည်ထောင်ခွင့် အခုအချိန်အထိ မပေးတာဖြစ်တယ်ဆိုတဲ့ဟာ ကျနော်တို့သိတယ်။

ကိုထက်အောင် ။    ။ ဒီနေရာမှာ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့က နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုခြင်း၊ မပြုခြင်း ဆိုတဲ့ ကိစ္စက နိုင်ငံရေးပါတီများ ထူထောင်ခြင်း ဥပဒေနဲ့ ညီသလား မညီဘူးလား ဆိုတာကို စစ်ဆေးရမှာက သူ့ရဲ့  တာဝန်ပဲ။ ညီတယ်ဆိုရင် သူတို့က ခွင့်ပြုရုံပဲ။ မညီဘူးဆိုရင်တော့ ဘယ်အချက်နဲ့ မညီတဲ့ အတွက်ကြောင့် ခွင့်မပြုနိုင်ဘူး ဆိုတာကို ကာယကံရှင် နိုင်ငံရေးပါတီကိုရော၊ ပြည်သူလူထုကိုရော ရှင်းရှင်းလင်းလင်း  အသိပေးရမှာ ဖြစ်တယ်။ အခု အခြေအနေအထိ ရွေးကောက်ပွဲကော်မရှင်က ဒါနဲ့ ပတ်သက်ပြီးတော့ ရေငုံနှုတ်ပိတ် နေနေတဲ့ဟာမျိုး ဖြစ်တယ်။ ကချင်ပါတီတွေကို ထူထောင်ခွင့် မပေးတာက ဒီဥပဒေအရ ဘယ်နေရာနဲ့ သွားငြိနေလဲဆိုတာ ကျနော် ရှာကြည့်တယ်။ ဥပမာပေါ့ဗျာ ကချင်ပြည်နယ် တိုးတက်ရေးပါတီကို ဒေါက်တာတူးဂျာတို့က ဖွဲ့ထားတာကိုး။ ဒေါက်တာ တူးဂျာက အရင် KIO ခေါင်းဆောင်ဟောင်းတယောက် ဆိုတဲ့အခါကြတော့ နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်သော သောင်းကျန်းသူ အဖွဲ့အစည်များနဲ့ ဆက်နွယ်နေရင် ထူထောင်ခွင့် မပြုဘူးဆိုတဲ့ဟာကို နိုင်ငံရေးပါတီများ ဥပဒေမှာ  ထားထားတယ်၊ ဆိုတော့ အဲဒီအချက်နဲ့များ သွားပြီးတော့ ငြိစွန်း နေတယ်လို့များ ကိုနော်ဒင်း အနေနဲ့ ထင်သလားခင်ဗျ။

ကိုနော်ဒင်း ။    ။ အဲဒီအချက်ကတော့ အခု နအဖနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း ပြောနေတာပေါ့။ ကချင်ပြည်နယ် တိုးတက်ရေး ပါတီဟာ KIO ရဲ့ ငွေကြေး အကူအညီတွေ ရတယ်။ သူနဲ့ နီးနီးစပ်စပ် ဆက်စပ်မှု ရှိတယ်လို့ သူတို့က အဲဒီလိုမျိုးပြောပါတယ်။ ဒါပေမယ့် တကယ်တမ်းကတော့ အဲဒီ အချက်က အဓိကအချက် မဟုတ်ပါဘူး။ အဓိကအချက်က ဒီ ကချင်ပြည်နယ် တိုးတက်ရေးပါတီက ပြီးခဲ့တဲ့ ဧပြီလ မတိုင်ခင်ကတည်းက ပါတီ တရားဝင် မထူထောင်ခင်မှာ ကချင်ပြည်နယ် တခုလုံးကို သူတို့ သွားရောက်ခဲ့တယ်။ ကချင်ပြည်နယ်သာမက ရှမ်းပြည်နယ်  အရှေ့မြောက်ပိုင်း ကချင်တွေရှိတဲ့ နေရာကိုလည်း သွားခဲ့တယ်။ သွားပြီးမှ ပါတီ ဖွဲ့ရင်ကောင်းမလား၊ ရွေးကောက်ပွဲဝင်ရင် ကောင်းမလား၊ အကြံဉာဏ်တွေလည်း ယူခဲ့တယ်။ အဲဒီအချိန်မှာ သူတို့ အဲဒီလိုမျိုးသွားဖို့လည်း အခု နအဖရဲ့ ထောက်လှမ်းရေး စရဖ အကြီးအကဲ ဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်တိုင်လည်း ခွင့်ပြုခဲ့တယ်။ သူတို့ စည်းရုံးခွင့်လည်း ခွင့်ပြုခဲ့တာ ဖြစ်တယ်။ တရားဝင် ထူထောင်ပြီးတဲ့ နောက်ပိုင်းမှာ ပါတီမှတ်ပုံတင်တဲ့ အချိန်မှာမှ  ခွင့်မပြုဘူးဆိုတာ သိရတယ်။ 

ကိုကျော်စွာမိုး ။    ။ ဆိုတော့ဗျာ ကိုနော်ဒင်းရေ၊ အဓိကက နအဖက သူတို့တည်ထောင်ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ နောက်ပြီးတော့ တခြား သူတို့ရဲ့ မဟာမိတ်ပါတီတွေကို ရှုံးသွားမှာ စိုးတဲ့အတွက်ကြောင့်မို့လို့ ကချင်ပြည်နယ် တိုးတက်ရေးပါတီကို ပါတီထောင်ခွင့် မပေးတာလား။ တကယ်လို့များ အဲဒီပါတီတွေက ရွေးကောက်ပွဲ ၀င်ခွင့်ရမယ်ဆိုရင် ကချင်ပြည်နယ်မှာ တကယ်နိုင်တဲ့ အလားအလာတွေ ရှိလား။

ကိုနော်ဒင်း ။    ။ ကျနော် တိုတိုနဲ့ ပြောရရင် ကချင်ပြည်နယ် တိုးတက်ရေး ပါတီဆိုတာ မဖွဲ့ခင်မှာ ကချင်ပြည်နယ် ယာယီ ကော်မတီဆိုတာ ရှိခဲ့ပါတယ်။ ဒီကော်မတီကိုတော့ ကချင်ပြည်နယ် ကချင်လူမျိုးတွေကို ကိုယ်စားပြုတဲ့ ကချင် အတိုင်ပင်ခံအဖွဲ့၊ နောက်ပြီးတော့ ကချင်လက်နက်တပ်ဖွဲ့မှာ အကြီးဆုံး ဖြစ်တဲ့ KIO ၊ နောက်တခု နယ်ခြားစောင့်တပ်ကို ပြောင်းသွားတဲ့ NDAK ပေါ့။ ဘာပဲပြောပြော ဒီလိုမျိုး ကချင်မှာ ကိုယ်စားပြုတဲ့ အကြီးဆုံး အဖွဲ့အစည်းတွေကတော့ မှုအားဖြင့် ကချင်ပြည်နယ် ယာယီကော်မတီကို ဖွဲ့ခဲ့တယ်။ အဲဒီယာယီ ကော်မတီကနေပြီးမှပဲ အခု ကချင်ပြည်နယ် တိုးတက်ရေးပါတီ ဆိုတာကို ဖွဲ့ရခြင်း ဖြစ်တယ်။ ကချင်ပြည်နယ် တိုးတက်ရေးပါတီရဲ့ ထူးခြားချက်ကတော့ ကချင်လူမျိုးတွေအားလုံး အဖွဲ့အစည်းတွေအားလုံး မူအားဖြင့် ထောက်ခံချက်အားဖြင့် ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။

အဲဒါကြောင့်မို့ တကယ်လို့ စစ်မှန်တဲ့ ရွေးကောက်ပွဲ လွတ်လွတ်လပ်လပ်သာ လုပ်ခဲ့လို့ရှိရင် ကချင်ပြည်နယ်မှာ အကြီးဆုံးပါတီ အနေနဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ ဖြစ်လာဖို့အတွက် အလားအလာတွေ အများကြီး ရှိခဲ့ပါတယ်။ အခု အဲဒီလိုမျိုး သူတို့ကို ပါတီတည်ထောင်ခွင့် အခုချိန်ထိမပေးဘူး ဆိုတာကလည်း ကချင်ပါတီရဲ့ စည်းရုံးမှုတွေ အားကောင်းနေတယ်၊ နိုင်ဖို့အတွက် အလားအလာတွေ များနေတာကို တွေ့ရတယ်။ အဲဒီလိုမျိုး တွေ့ရတော့ သူတို့အနေနဲ့ အထူးစိုးရိမ်ဖွယ်ရတယ်လို့ ကျနော်တို့ တွေ့ရတယ်။

ကိုကျော်စွာမိုး ။    ။ အဲဒီတော့ ကိုနော်ဒင်း ၁၉၉၀ ရွေးကောက်ပွဲမှာလည်း ကချင်ပြည်နယ် ဒီမိုကရေစီ ကွန်ဂရက် ပါတီ ကနေပြီးတော့ မြစ်ကြီးနားတို့၊ စွန်ပရာဘွန်တို့မှာ နိုင်ခဲ့တယ်လို့ ကျနော်တို့ သိရတယ်။ ဒီလာမယ့် ရွေးကောက်ပွဲမှာလည်း တကယ်ကို လွတ်လွတ်လပ်လပ် ဖြစ်မယ်ဆိုရင်တော့ ခုနက ကိုနော်ဒင်း ပြောသလို နိုင်နိုင်တယ်ပေါ့လေ။ အတိတ်ကိုပြန်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် ၁၉၆၀ လောက်တည်းက ကချင်လွတ်မြောက်ရေး အဖွဲ့ကို ကချင်ခေါင်းဆောင်တွေဖြစ်တဲ့ ဇော်ဆိုင်းတို့၊ ဘရန်ဆိုင်းတို့ ထူထောင်ပြီးတော့ တိုက်ခိုက်ခဲ့တာကိုး။ ဆိုတော့ အဲဒီတုန်းကတည်းက နိုင်ငံရေး ရပ်တည်ချက်ပေါ့နော်၊ ဒီဘက်နောက်ပိုင်း နိုင်ငံရေး ရပ်တည်ချက်၊ ဦးနေ၀င်းခေတ်၊ မဆလခေတ်ရဲ့ နိုင်ငံရေးရပ်တည်ချက် အဲဒီကြားထဲမှာရော KIO နဲ့ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ရဲ့ ပေါ်လစီတွေက အပြောင်း အလဲတွေ ရှိနေသလား။

ကိုနော်ဒင်း ။    ။ ဟုတ်ကဲ့၊ ကချင်လူမျိုးတွေက လက်နက်ကိုင်လမ်းစဉ်ကို တကယ်တမ်းကတော့ မလုပ်ချင်ပါဘူး။ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း ပင်လုံစာချုပ်ကြောင့် ပြည်ထောင်တွေကို စုထားတဲ့ ပြည်ထောင်စုကြီးက ပေါ်လာခဲ့တယ်။ ပြည်ထောင်စု ပေါ်ဖို့အတွက် တောင်ပေါ်နေတဲ့ ကချင်၊ ရှမ်း၊ ချင်းတို့က ဗမာခေါင်းဆောင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သဘောတူညီချက်အရ ပြည်ထောင်စု စပြီးမှ ဖြစ်လာတာ ဖြစ်တယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်းမှာလည်းပဲ ပင်လုံမှာ မျှော်မှန်းထားတဲ့အတိုင်း လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။

အဓိကကတော့ လူများစုဖြစ်တဲ့ ဗမာတွေက နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ ဘာသာရေးအရရော တော်တော်လေး ထိန်းချုပ်လာတဲ့ အပိုင်းတွေရှိလာတော့ ဒီကိစ္စကို ဦးနုအစိုးရ ပါလီမန်မှာလည်း ကချင်ခေါင်းဆောင်တွေက အကြိမ်ကြိမ် တင်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဘာမှ တုံ့ပြန်ချက်တွေ မရခဲ့ပါဘူး။တချိန်တည်းမှာပဲ တခြားတိုင်းရင်းသားတွေ ဖြစ်တဲ့ ကရင်တို့၊ မွန်တို့ကလည်း လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်တွေ သူတို့လည်း လုပ်လာတယ်။ သူတို့ လုပ်လာတဲ့ ၁၀ နှစ်ကျော်ကျော် နောက်ပိုင်းမှာပဲ ၁၉၆၀ မှာ KIO ဆိုတဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီ နောက်ပိုင်းမှာပဲ ၁၉၆၁ နောက်တနှစ်မှာပဲ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA ကို ဖွဲ့စည်းပြီးတော့မှ လက်နက်ကိုင် လမ်းစဉ်တွေကို စပြီးတော့ လုပ်လာခဲ့တယ်။

ဒီလိုမျိုး လက်နက်ကိုင်လမ်းစဉ်က စတင်ပေါ်လာတာကတော့ နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းအားဖြင့် ဖြေရှင်းလို့မရနိုင်တဲ့ အခြေအနေ အနောက်ဆုံးမှာမှ ဒီလိုမျိုး ဖြစ်လာတာ ဖြစ်တယ်။ အခုကလည်း KIOက အဲဒီ ပေါ်လစီကို ကိုင်ထားတာ တွေ့ရတယ်။ အစပိုင်း တော်လှန်ရေးကတော့ ဒီကချင်တွေကတော့ ပြည်ထောင်စုထဲကို ခွဲထွက်ချင်တာ မဟုတ်ဘူး။ ဒါပေမယ့် အစပိုင်းကတော့ ကိုယ့်ရဲ့ အခွင့်အရေးကို လိုချင်တယ်။ အဲဒါကြောင့်မို့ ခွဲထွက်ရေးမူကို ကျင့်သုံးခဲ့တယ်။ ၁၉၆၁ ကနေပြီးမှ ၁၉၇၆ အထိ ကျင့်သုံးခဲ့တယ်။ ဒါကတော့ တကယ်တမ်း ခွဲထွက်ချင်တာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုကို လိုလားတော့ ပြည်ထောင်စုကို ဖွဲ့စည်းခဲ့တယ်။ ဒါပေမယ့် အခု ကိုယ့်ရဲ့ အခွင့်အရေးလည်း မရှိတော့ဘူးဆိုတော့ ပြည်ထောင်စုမှာ ၀င်စရာမလိုတော့ဘူး ဆိုတဲ့ ပုံစံဖြစ်သွားတယ်။

ကိုကျော်စွာမိုး ။    ။ ၁၉၇၆ ကျတော့ ဦးနေ၀င်း ခေတ်ဖြစ်သွားပြီးဗျာ။ အဲဒီတော့ သူတို့ရဲ့ ပေါ်လစီက ဘယ်လိုပြောင်း သွားလဲ။

ကိုနော်ဒင်း ။    ။ အဲဒီအချိန်မှာတော့ ဘာပဲပြောပြော ကမ္ဘာ့အခြေအနေနဲ့ ပြောင်းလဲလာတာကို ကချင်ခေါင်းဆောင် KIO ခေါင်းဆောင်တွေက အဲဒီဟာကို မြင်လာတော့ မြန်မာပြည်က ကျနော်တို့ ကချင်တမျိုးတည်း နေတာမဟုတ်ဘူး။ တိုင်းရင်းသား ပေါင်းစုံနေတဲ့ ပြည်ထောင်စုဖြစ်တယ်။ အဲဒါကြောင့်မို့ ခွဲထွက်လို့တော့ မရဘူး။ အတူတကွပဲ နေပြီးမှ ကျနော်တို့ ပြည်ထောင်စုတခုတည်းမှာပဲ တန်းတူ အခွင့်အရေး စစ်မှန်တဲ့ ပြည်နယ်အုပ်ချုပ်ရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ နေဖို့ပဲ။ ဒါကို မြင်လာပြီးတော့မှ ပေါ်လစီကို ပြောင်းခဲ့တယ်။ အဲဒီ ပေါ်လစီပြောင်းတဲ့ နောက်ပိုင်းမှာလည်းပဲ ဘရန်ဆိုင်း ခေါင်းဆောင်တဲ့ KIO ကိုယ်စားလှယ်တွေဟာ မဆလ ခေါင်းဆောင် ဗိုလ်နေ၀င်းနဲ့ ခဏခဏ အစည်းအဝေးတွေ တက်ခဲ့ရပါတယ်။ ၁၉၈၀ ကျော်မှာ နေ၀င်းနဲ့ ဘရန်ဆိုင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်တွေက ရန်ကုန်မှာ ဆွေးနွေးရင်းနဲ့ အဲဒီအချိန်မှာ ဗိုလ်နေ၀င်းက “နင်တို့ ကချင်တွေအတွက် သီးသန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးမယ်။ ဒါပေမယ့် တခြား  တိုင်းရင်းသားတွေကိုတော့ မပေးဘူး” ဆိုပြီးတော့မှ နေ၀င်းက အဲဒီလိုမျိုး ကတိပြုတယ်တဲ့။ ကချင်တခုတည်းပဲ အခွင့်အရေးရပြီး ကျန်တဲ့ တိုင်းရင်းသားတွေ မရလို့ရှိရင် စစ်မှန်တဲ့ ပြည်ထောင်စုက ပေါ်ထွက်လာမှာ မဟုတ်ဘူးဆိုတဲ့ အတွက်ကြောင့် KIO က လက်မခံခဲ့ဘူး။

ကိုထက်အောင် ။    ။ အခုလက်ရှိ ကချင်နဲ့ ဗမာ စစ်ခေါင်းဆောင်တွေ ကြားမှာ ဖြစ်နေတဲ့ ပြဿနာက နိုင်ငံရေးရော၊ စစ်ရေးရော နှစ်ခုစလုံး ရောနေတာပေါ့နော်။ စစ်ရေးအရ ပြောမယ်ဆိုရင်တော့ KIA ကို နယ်ခြားစောင့်တပ် ပြောင်းတဲ့ ကိစ္စ အခက်အခဲတွေ ဖြစ်နေတယ်။ KIA ဘက်က နိုင်ငံရေးအရ ဖြေရှင်းတဲ့ နည်းလမ်းကို လိုချင်တယ်။ အဲဒီမှာ နောက်ဆုံး ကျနော်တို့ သိထားတာက KIA အနေနဲ့ စွဲကိုင်ထားတာက ပင်လုံစာချုပ်ကို ပြန်ပြီးတော့ အကောင်အထည်ဖော်ဖို့ ကိစ္စကို တောင်းဆိုတာ တွေ့ရတယ်။ ဒီဘက်ကလည်း သတင်းတွေအရပေါ့နော်၊ စစ်အစိုးရရဲ့ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက ပင်လုံစာချုပ်က ပြီးသွားပြီလို့ ပြောတယ်။ ဒီနိုင်ငံရေးအရ ဖြေရှင်းဖို့ အတွက်ကို ရည်ရွယ်ပြီးတော့ ဖွဲ့ဖို့ ကြိုးစားတဲ့ ဒေါက်တာ တူးဂျာတို့ ပါတီကလည်းပဲ KIA နဲ့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် KIA ကနေ သူတို့အားလုံး နှုတ်ထွက်ထားပြီး သွားပြီ။

ကိုနော်ဒင်း ။    ။ KIO က ခုနက ကျနော်ပြောတဲ့ အတိုင်း လူကြီးလူကောင်း လုပ်ပြီးမှ နအဖက လူမိုက်လုပ်တယ် ဆိုတာက ၁၉၉၄ မှာ KIO နဲ့ နအဖ  အကြားမှာ ငြိမ်းချမ်းရေးယူတာကတော့ နှစ်ဖက်ကြားမှာ ဘယ်သူမှလည်း တဖက် နဲ့ တဖက်ကို အပြုတ် မတိုက်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့်မို့ ငြိမ်းချမ်းရေး နည်းလမ်းအားဖြင့်ပဲ ဖြည်းဖြည်းချင်း ဖြေရှင်းသွားဖို့ အတွက်ဆိုတဲ့ ရည်ရွက်ချက်နဲ့ KIO ကလည်း နအဖရဲ့ အဆင့် ၇ဆင့်ရှိတဲ့ Road Map လမ်းပြ မြေပုံကို ထောက်ခံခဲ့ပါတယ်။ ဒီကြားထဲမှာ နိုင်ငံရေးအရ ဆွေးနွေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း KIO မှာ ရှိခဲ့တယ်။ ဒါပေမယ့် အမျိုးသား ညီလာခံလည်း ပြီးသွာတယ်၊ မကြုံခဲ့ပါဘူး။ ၂၀၀၈ မှာလည်း အမျိုးသားညီလာခံကနေ ပေါ်ထွက်လာတဲ့ စစ်အစိုးရ စိတ်ကြိုက်ရေးထားတဲ့ အခြေခံ ဥပဒေကိုလည်း မကြိုက်ပေမယ့် KIO က ဘာပဲပြောပြော ဒီနိုင်ငံ တနိုင်ငံမှာ အခြေခံဥပဒေဆိုတာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ရှိမှသာလျှင် ဖြေရှင်းနိုင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ နောက်ဆုံးမှာ သူတို့က ထောက်ခံပေးခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ စကားပြောဖို့ အခွင့်အရေး မရှိတော့ နိုင်ငံရေးပါတီ အားဖြင့်ပဲ သူ့ရဲ့ ရွေးကောက်ပွဲကို ၀င်ရင်းနဲ့ပဲ ရမယ်ဆိုတဲ့ ဟာကို သူတို့ ပြန်တွေ့ခဲ့တယ်။ တွေ့တဲ့ အတွက်ကြောင့် အခု ပါတီတွေကို ဖွဲ့ခဲ့တာ ဖြစ်တယ်။

ကိုထက်အောင် ။    ။ ဒီပါတီ သုံးပါတီကိုသာ ခွင့်မပြုတော့ဘူးဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ကို ကိုယ်စားပြုတဲ့ ကချင်တိုင်းရင်းသားတွေဟာ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်နေတယ်ဗျ။ အဲဒီတော့ ကျနော်ထင်တယ် စစ်အစိုးရကလည်း အဲသလို အခြေအနေမျိုးကိုတော့ အဖြစ်ခံချင်မှ ခံလိမ့်မယ်။ ဘာဖြစ် လို့လဲ ဆိုတော့ တလောကပဲ ကိုနော်ဒင်းတို့ ကချင်သတင်းဌာန ကနေပြီးတော့ ရေးထားတာ ကျနော်တွေ့ရတယ်။ KIO ကနေ ခွဲထွက်သွားတဲ့ ဗိုလ်မှူးကြီး လဆန်ဟောင်ဝါကို ပါတီထောင်ဖို့ အတွက် နအဖက တွန်းအားပေးနေတယ်လို့ ကြားရတယ်။ 

ကိုနော်ဒင်း ။    ။ ဟုတ်ကဲ့၊ နအဖဘက်ကတော့ ကချင်ပါတီတခုမှ သူတို့ ပါတီတည်ထောင်ခွင့် မပြုဘူး။ ရွေးကောက်ပွဲ ၀င်ခွင့်မပြုဘူး ဆိုလို့ရှိရင် မေးခွန်းကြီး ဖြစ်လာမယ်။ အဲဒါကြောင့်မို့ အခုကတော့ ကျနော်တို့ ဒီ KIO ကနေခွဲထွက်တဲ့ NDAK ဥက္ကဋ္ဌဖြစ်တဲ့ စခုံတင်အေး။ နောက်အခု နောက်ဆုံး ဗိုလ်မှူးကြီး လဆန်ဟောင်ဝါ တို့ကို ဖိအားပေးနေတယ် ဆိုတဲ့ဟာလည်း ကျနော်တို့ သိရတယ်။ နောက်ခုကလည်း ကြံ့ဖွံ့ပါတီထဲမှာရှိနေတဲ့ ကချင်စီးပွားရေးသမားတို့၊ ယဉ်ကျေးမှု ခေါင်းဆောင်တို့ကို သူတို့က ဘာမှ နိုင်ငံရေး နောက်ခံတွေလည်း မရှိခဲ့ဘူး။ သူတို့ကိုလည်း အခု ကြံ့ဖွံ့ ပါတီကနေ အတင်းနှုတ်ထွက်ခိုင်းပြီးတော့မှ သီးသန့်ကချင်ပါတီ ထူထောင်ဖို့အတွက် ဖိအားပေးနေတယ် ဆိုတဲ့ ဟာကိုလည်း ကျနော်တို့ သိရတယ်။

ကိုကျော်စွာမိုး ။    ။ ကိုနော်ဒင်း သုံးသပ်ချက် အရဆိုရင်တော့ အဓိကကတော့ နအဖက ကချင်ပါတီကို လိုချင်နေတယ်။ ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့။ ဒါပေမယ့် သူတို့ ခါးပိုက်ဆောင်ထဲက ပါတီကို လိုချင်နေတာ။ ဒေါက်တာ တူးဂျာ ဦးဆောင်တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီတို့ ဘာတို့ဆိုရင် သူတို့ ခါးပိုက်ဆောင်ထဲ ထည့်ထားလို့ မရနိုင်တဲ့ပါတီလို့ သူတို့ သုံးသပ်နေပုံရတယ်။ ဒါကြောင့်မို့ သူတို့တွေ ဒီပါတီ ၃ ပါတီကို ပါတီ ထောင်ခွင့် မပေးတာပေါ့လေ။ ဒါပေမယ့် ဒီနေရာမှ ကျနော်သွားပြီး တချက်သုံးသပ်မိတာက တကယ်တမ်းကျတော့ ဒေါက်တာ တူးဂျာတို့ တခြား ကချင်ပြည်နယ် တိုးတက်ရေးပါတီက အဖွဲ့ဝင်တွေ အားလုံးဟာ၊ KIA တို့၊ KIO တို့ကနေ နှုတ်ထွက်ပြီးသားပဲဗျ။ ဆိုတော့ အဲဒီ မှာ ဘာသွားပြီး အသွင်သဏ္ဌာန် တခုရှိလဲဆိုတော့ အခုလက်ရှိဖွဲ့ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့လည်း မကြာသေးခင်ကပဲ စစ်တပ်ကနေ  နှုတ်ထွက်လိုက်တယ်ဗျ။ တကယ်တော့ ဆင်တူနေတယ်။ ကုလားကြီးနဲ့ အရာကြီးဗျ။ ဒါပေမယ့် သူတို့က အာဏာရှိနေတော့ ကချင်ပါတီကိုကျတော့ မင်းတို့က ဒါမျိုး မလုပ်ရဘူးဆိုတဲ့ သဘောမျိုး သွားပြီးသက်ရောက်နေတယ်။

ကိုနော်ဒင်း ။    ။ အဓိကကတော့ ကျနော်မြင်တာကလေ၊ သူတို့ မနာလိုတဲ့ ဟာဖြစ်တယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ မှာ ကချင်လွတ်မြောက်ရေး အဖွဲ့ရဲ့ ၁၆ နှစ်ပြည့် ငြိမ်းချမ်းရေး အထိမ်းအမှတ် ပွဲတော်ကြီး လုပ်ခဲ့တယ်။ ကချင်ပြည်နယ် တခုလုံးက လူတွေ ထောင်နဲ့ချီပြီး လာခဲ့ကြတယ်။ တဖက်ကလည်း ဗုဒ္ဓဘာသာဝင်တွေဘက်က ဘုန်းကြီးတွေလည်း အပါး ၃၀၀ ကျော်ကျော်လောက် ပါဝင် တက်ရောက်ခဲ့တယ်။ အဲဒီအချိန်မှာကKIO လက်ရှိ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဇော်ဆိုင်းက သူ့ရဲ့မိန်ခွန်းထဲမှာ ထည့်ပြောသွားတယ်။ ကချင်ပြည်နယ်ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး ကောင်းမွန်ရေးအတွက် ကချင်ပြည်နယ် တိုးတက်ရေးပါတီ ထူထောင်တာ ဖြစ်တယ်။ အဲဒါကြောင့်မို့ ရွေးကောက်ပွဲ ရောက်လို့ရှိရင် ဒီပါတီကို ထောက်ခံပေးကြပါ ဆိုပြီးတော့ ပြောခဲ့ပါတယ်။ 

ကိုကျော်စွာမိုး ။    ။ ဟုတ်ကဲ့ ကိုနော်ဒင်းရေ၊ ဒါဆိုရင်တော့ ကျနော်တို့ ရှေ့လျှောက်ပြီးတော့ နအဖ ကနေပြီး ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ပေါ့လေ၊ ပါတီတွေကြားမှာ ဘယ်လိုမျိုး ခွဲခြားပြီးတော့ မညီမမျှနဲ့ ဆက်ဆံဦးမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမယ်။ နောက်တချက်က ဘယ်လိုမျိုး ကချင်ပါတီတွေ ထွက်ပေါ်လာဦးမလဲ ဆိုတာကို စောင့်ကြည့်ရမှာပေါ့နော်။ ကိုနော်ဒင်းရေ ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျာ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်