RFA က ဧရာဝတီစကားဝိုင်း (ဇူလိုင် ၈၊ ၂၀၁၀)

{play}images/stories/podcasts/rfa.07.08.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{wd file=images/stories/podcasts/rfa.07.08.10.mp3 name='အသံဖိုင်ရယူရန်'}
လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယို ပရိတ်သတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ NLD ခေါင်းဆောင်ဟောင်းတွေ တည်ထောင်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု အကြား  ပါတီအမှတ်တံဆိပ် အပေါ် အငြင်းပွားမှုတွေဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ မညီညွတ်မှုကို ပြသရာရောက်ပြီး စစ်အစိုးရအတွက် လာမယ့်ရွေးကောက်ပွဲမှာ ပိုမို အကျိုးအမြတ် ရရှိသွားစေမလားဆိုတာကို ဧရာဝတီမဂ္ဂဇင်းရဲ့တာဝန် ခံအယ်ဒီတာ ကိုကျော်စွာမိုးနဲ့ ဧရာဝတီ ၀ိုင်းတော်သားတွေဖြစ်တဲ့ ကိုရဲနည်နဲ့ ကိုဝေမိုးတို့ ဆွေးနွေးထားတာကို ဒီတပတ်မှာ နားဆင်ရမှာ ဖြစ်ပါတယ်။

ကိုကျော်စွာမိုး ။    ။ ဧရာဝတီ စကားဝိုင်းမှ ကြိုဆိုပါတယ်။ ကျနော်က ကျော်စွာမိုးပါ။ ဒီတပတ် ကျနော်နဲ့ အတူ ၀င်ရောက်ဆွေးနွေးမယ့် သူတွေကတော့ ကျနော်တို့ ဧရာဝတီရဲ့ သတင်းအယ်ဒီတာ ကိုရဲနည်နဲ့ ဧရာဝတီရဲ့ စာမျက်နှာပေါ်မှာ နိုင်ငံရေးသတင်းတွေနဲ့ ရွေးကောက်ပွဲ သတင်းတွေကို တောက်လျှောက်ရေးသားနေတဲ့  ကိုဝေမိုးတို့ ၀င်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကိုရဲနည်နဲ့ ကိုဝေမိုးရေ ဒီတပတ်ကတော့ဗျာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ၀င်ဟောင်းတွေ ဖွဲ့စည်းတည်ထောင်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) တို့ကြားက ခမောက်လုပွဲက အတော်ပဲ နိုင်ငံရေးသမားတွေကြားမှာ အသံတွေ ထွက်နေတယ်ပေါ့ဗျာ။ တကယ်တော့ NDF ရော NLD ရောက အနှစ် ၂၀ လုံးလုံး တပါတီထဲကနေ ထောင်တွေလည်းကျ၊ တောက်လျှောက် အတူတူ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့တာကိုး။ ဒါပေမယ့် အခုကျတော့လည်း တယောက်နဲ့ တယောက် ရန်သူကြီးတွေလိုပဲ ဝေဖန်တိုက်ခိုက် ပြောဆိုနေတာတွေ ကျနော်တို့ ကြားနေရတယ်ဗျ။

ဘာဖြစ်လို့များ NLD ရဲ့ ခေါင်းဆောင်တွေနဲ့ ဟိုဘက်က ဦးခင်မောင်ဆွေတို့ ခေါင်းဆောင်တဲ့ NDF အဖွဲ့နဲ့က  ခမောက်ပေါ်မှာ သွားပြီးတော့ ဒီလောက်တောင်ပဲ ပြဿနာတွေ တက်နေရတာလဲ။

ကိုဝေမိုး ။    ။ ဖြစ်ပုံက ဒီလိုဗျ။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အင်အားစုရဲ့ အလံနဲ့ သူတို့ရဲ့ တံဆိပ်ပေါ့၊ တံဆိပ်မှာ ဘာသွားတွေ့လည်း ဆိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၁၉၉၀ မှာ သုံးခဲ့တဲ့ ခမောက်ပုံနဲ့ သွားပြီးတော့ တထေရာတည်း ဖြစ်နေတယ်။ အမျိုးသား ဒီမိုကရေစီ အင်အားစုရဲ့ တံဆိပ်ကတော့ အပေါ်မှာ ကြယ်တော့ ပါတာပေါ့။ ကြယ် ၂ ထပ်ပေါ့။     

ကိုရဲနည် ။    ။ ရွေးကောက်ပွဲအကြောင်း ပြောရမယ်ဆိုရင်တော့ များသောအားဖြင့်က ပျင်းစရာကြီးဗျ။ တကယ်တမ်းကတော့ အခု ကိုကျော်စွာနဲ့ ကိုဝေမိုးတို့ ပြောသလိုပဲ ပြန်ပြီးတော့ ရွေးကောက်ပွဲ ကိစ္စက အာရုံဝင်စားစရာ ဖြစ်လာတာ ခမောက်လုပွဲကြောင့်ပေါ့ဗျာ။ ခမောက်ကိုလည်း နှစ်ဖက်စလုံးက လိုချင်ကြမှာပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ ခမောက်ဆိုတဲ့ အမှတ်အသားက မဲဆန္ဒရှင်လူတိုင်းရဲ့ ရင်ထဲမှာ စွဲကျန်ခဲ့တာကတော့ ပြောရရင် ခမောက် ဆောင်းရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပေါ့ဗျာ။ အဲဒီပုံရိပ်က စွဲနေတဲ့အခါကျတော့ အခုလာမယ့် ရွေးကောက်ပွဲမှာလည်း ပုံရိပ်ရဲ့ သြဇာကို ယူပြီးတော့ မဲဆန္ဒရှင်တွေပေါ်မှာ မဲဆွယ်ဖို့ လုပ်တယ်လို့ သုံးသပ်လို့တော့ ရတာပေါ့ဗျာ။  ဒါပေမယ့် ဒီလိုမျိုး ယူသုံးလိုက်တဲ့ အတွက်ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကိုယ်ပိုင်လို ဖြစ်နေတဲ့ နိမိတ်ပုံ အမှတ်အသားကို  တရားမ၀င်ဘဲနဲ့ ယူပါတယ်ဆြိုပီး တဖက်ကလည်း စွပ်စွဲစရာတွေ ဖြစ်လာတာပေါ့။

ကိုကျော်စွာမိုး ။    ။ မကြာသေးခင်က ဖွဲ့လိုက်တဲ့ ပါတီတွေ အတော်များများဆိုရင် ခွပ်ဒေါင်းအလံကို ယူပြီးသုံးကြတာပဲလေ။ အဲဒီမှာလည်း တကယ်တော့ ပြဿနာလေးတွေ ရှိတယ်။ ခွပ်ဒေါင်းအလံဆိုတာ ကျောင်းသားသမဂ္ဂရဲ့ အလံဖြစ်တယ်။ အဲဒီအတွက် မသုံးရဘူးဆိုတဲ့ ပြဿနာရှိတယ်။ ၁၉၉၈ တုန်းကလည်း NLD ပါတီကို စဖွဲ့တုန်းက ခွပ်ဒေါင်းအလံနဲ့ ကြယ်တလုံးနဲ့ သုံးတာပဲ။ အဲဒီကာလမှာလည်း ကျနော်တို့တွေ ကြားနေရတာပဲ။ ကျောင်းသမဂ္ဂ တချို့ကနေပြီးတော့ ခွပ်ဒေါင်းဆိုတာ ကျောင်းသားထု တခုလုံးကို ကိုယ်စားပြုတာဖြစ်တယ်။ အမျိုးသားရေးတိုက်ပွဲကို ကိုယ်စားပြုတာဖြစ်တယ်။ပါတီတခုရဲ့ အလံမဖြစ်သင့်ဘူး ဆိုပြီးတော့ အဲဒီအချိန်ကလည်း ဝေဖန်သုံးသပ်မှုတွေရှိတယ်။ ခုအချိန်ထိလည်း ရှိနေတာပဲ၊ ပါတီ အမှတ်တံဆိပ်တွေနဲ့ ပတ်သက်ပြီး။

ကိုဝေမိုး ။     ။ ပြောရမယ်ဆိုရင်တော့ ၁၉၉၀ တုန်းကလည်း ခပ်ဆင်ဆင်ပေါ့။ နိုင်ငံရေးပါတီတွေ အကုန်လုံးက စိတ်ထဲမှာစွဲနေတဲ့ သင်္ကေတကို သုံးကြတာပေါ့။ အဲဒီတုန်းကဆို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်တိုင် ခွပ်ဒေါင်းပုံ သုံးတယ်လေ။ ခွပ်ဒေါင်းဆိုတာကလည်း ဒီမိုကရေစီ အင်အားစု လှုပ်ရှားမှု၊ ဒီမိုကရေစီ တော်လှန်ရေးရဲ့ သင်္ကေတလို ဖြစ်နေတာကိုး။ အခုလည်း ပြောမယ်ဆို သဘောက အမျိုးသား ဒီမိုကရေစီ အင်အားစုက အဲဒီလို သုံးတာပဲလေ။ ကိုအေးလွင်တို့ ညီအစ်ကို နှစ်ယောက်ရဲ့ ပါတီ ၂ ခုဆို ပြီးခဲ့တဲ့ လပိုင်းမှာ အကြီးအကျယ် ပြဿနာတက်တာပဲ။ သူတို့ရဲ့ အလံနဲ့ သင်္ကေတမှာ ခွပ်ဒေါင်းအလံကို သုံးထားတဲ့အတွက်။ အဲဒီတုန်းကဆို ဆရာကြီး ဒဂုန်တာရာ အပါအ၀င် မြန်မာပြည်မှာရှိတဲ့ အသိပညာရှင် အတတ်ပညာရှင် ၄၀ လောက် စုပေါင်း လက်မှတ်ထိုးပြီး ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်ကြတာကိုး။ ကိုယ်ကိုယ်တိုင် အစွမ်းအစမရှိတဲ့အခါ ရှိပြီးသား သင်္ကေတ အမှတ်တံဆိပ်တွေနဲ့ မဲဆွယ် စည်းရုံးကြတဲ့ သဘောတော့ရှိတာပေါ့။

ကိုကျော်စွာမိုး ။    ။ ခွပ်ဒေါင်းဆိုတာလည်း တကယ်တော့ ပြည်သူလူထုကိုရော၊ ကျောင်းသားထုကိုရော ဆွဲဆောင်နိုင်တဲ့
အမှတ်တံဆိပ်ကိုး။ ၁၉၈၈ မှာ တနိုင်ငံလုံး ဆန္ဒပြတုန်းကလည်းပဲ ဒီခွပ်ဒေါင်းအလံနဲ့ပဲ စပြီးတော့ ချီတက်ခဲ့ကြတာကိုး။ ဆိုတော့ အဲဒီဟာပေါ်မှာတော့ မဲဆန္ဒရှင်တွေကေ၀၀ါးစရာတွေလည်း ဖြစ်နိုင်တယ်။ ဒါ ၈၈ ကျောင်းသားမျိုးဆက်တွေရဲ့ ပါတီဆိုတာလည်း ထင်သွားစရာရှိတာပေါ့။

ကိုဝေမိုး ။    ။ ဇွန်လ ၃၀ ရက်နေ့ကပဲ ကျနော် အမျိုးသား ဒီမိုကရေစီ အင်အားစု ခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့ စကားပြောဖြစ်တယ်။ သူကိုယ်တိုင်လည်း ၀န်ခံတယ်။ ဒါ ပြည်သူတွေကိုေ၀၀ါးနိုင်စေတယ်။ ဒါပေမယ့် ခမောက်ပုံဆိုတာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူပိုင် မဟုတ်ဘူး။ သူတို့လည်း သုံးခွင့်ရှိတယ်။ ဒါပေမယ့် ခုထိကိုက လူတွေကြားမှာ ခမောက်ဘေးမှာ ကြက်ခြေခတ် ပြည်သူ့အောင်ပွဲမှတ်၊ ၁၉၉၀ က ဆောင်ပုဒ်တွေ၊ ကဗျာတွေ၊ သီချင်းတွေက ခုထိကို လူတွေစိတ်ထဲမှာ စွဲနေသေးတယ်ဆိုတော့ ခမောက်ပုံသုံးတာကေ၀၀ါးစရာ အငြင်းပွားစရာ ကိစ္စဖြစ်တာပေါ့။

ကိုကျော်စွာမိုး ။    ။ ဒါပေမယ့် တကယ်တော့ NLD ရော NDF ရောက ဒီမိုကရေစီရဖို့ အတွက်ကို ကြိုးပမ်းနေကြတာကိုး။ အဓိက သူတို့ပြောဆို ဝေဖန်ရမှာက လက်ရှိ စစ်အစိုးရနဲ့ USDP ပေါ့ဗျာ။ နအဖ အစိုးရကနေ ဖွဲ့ထားတဲ့ ပါတီပေါ့။ ဒါတွေက သူတို့ရဲ့ အဓိက ပစ်မှတ်တွေလို့ ထင်တယ်။ ဒီကိစ္စကို အနှစ် ၂၀ တုန်းက ဝေဖန်ပြောဆိုသလို ဒါမျိုးတွေ ဝေဖန် ပြောဆိုရမှာလေ။ ဒီလပိုင်းနဲ့ ဒီရက်ပိုင်းတွေ ဆိုလို့ရှိရင် NLD ကနေပြီး ပြောဆိုတဲ့ အသံတွေကို ကြည့်လို့ရှိရင် သူတို့ထဲက ခွဲထွက်သွားတဲ့ NDF နဲ့ သူတို့ရဲ့ အကြားက ပြဿနာတွေက ပိုများနေတယ်။ USDP ပါတီကို ဝေဖန်တာထက်စာရင်၊ နအဖကို ဝေဖန်တာထက်စာရင် လမ်းကြောင်းပျောက်နေသလိုပဲ။ အချင်းချင်းထပြီး ပြဿနာတွေ တက်နေကြတယ်။ ဆိုတဲ့ အခါကျတော့ နအဖက အမြတ်ထွက်နေတယ်။

ကိုရဲနည် ။    ။ အဲဒီအချက်ကိုလည်း ကျနော် လက်ခံပါတယ်။ ဒါပေမယ့် တခုရှိတာက ဘာလဲဆိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်စုရဲ့ အခန်းကဏ္ဍဟာ အခုလာမယ့် ရွေးကောက်ပွဲမှာ မပါတော့ပေမယ့် သူတို့ရဲ့ သြဇာ၊ သူတို့ရဲ့ နိုင်ငံရေးရပ်တည်ချက် အနေအထားတွေက မြန်မာပြည်သူ အများစု ထောက်ခံမှုကို ဆက်ပြီး သိမ်းပိုက်ထားမယ် ဆိုတာကတော့ ကျနော်က အဲဒီအတိုင်းပဲ ယုံကြည်တာပေါ့ဗျာ။ ဒါပေမယ့် အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လို ဖြတ်ကျော်မလဲဆိုတာနဲ့ ပတ်သက်ပြီး သိပ်ပြီးတော့ ဘ၀င်မကျဘူးဗျ။ စစ်အစိုးရ ရွေးကောက်ပွဲကို သဘိတ်မှောက်တာနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ရဲ့ ပေါ်လစီကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သား ကြေညာခြင်းမရှိသေးဘူး။  မဲမပေးလို့ရတယ်လို့ ပြောရုံနဲ့တော့ မပြီးဘူးဗျ ကျနော်မြင်တာကတော့ ရွေးကောက်ပွဲကို Game တခုလိုမျိုး သတ်မှတ်လိုက်ပြီဆိုလို့ ရှိရင် ကိုယ်ကဘယ်လောက်ပဲ အင်အားကြီးတဲ့ သြဇာရှိတဲ့ ပါတီတခုပဲဖြစ်ပစေ။ Game ပြီးသွားရှိရင် ကိုယ်နိုင်မယ်လို့ ပြောလို့ မရဘူးဗျ။ ဒီကစားပွဲရဲ့ အဆင့်တိုင်းမှာ စနစ်တကျနဲ့ လုပ်နိုင်မှသာလျှင် ရွေးကောက်ပွဲ အပြီးမှာ ကိုယ်ရဲ့ အဆင့်အတန်းကို ပုံဖော်လို့ရမှာကိုး။ ဆိုတဲ့အခါကျတော့ အဲဒီလမ်းကြောင်းကို မကြိုက်တဲ့ ဒီမိုကရေစီ ဘက်သားတွေ ရှိတယ်။ သူတို့က ရွေးကောက်ပွဲမှာ ၀င်ပါမယ်ဆိုတဲ့ အတွက်ကြောင့် ကိုယ်က ၀င်ပြီးတော့ သူတို့နဲ့ သဘောကွဲပြားတာနဲ့တင် ကိုယ့်ရန်သူလို့ သတ်မှတ်လိုက်တဲ့ အနေအထားကိုတော့ သိပ်ပြီးတော့ ကျနော်တော့ သဘောမကျလှဘူး။

ကိုကျော်စွာမိုး ။    ။  ဒီကိစ္စပြန်ပြီး ဆွေးနွေးမယ်ဆိုရင် အစောပိုင်းကာလက ဆွေးနွေးခဲ့သလိုပဲ၊ ရွေးကောက်ပွဲမှာ ၀င်မလား မ၀င်ဖူးလားဆိုတဲ့ ကိစ္စရယ်။ နောက် တချက်က ကွန်စတီကျူးရှင်းကို ဘယ်လောက်ထိ လက်ခံ လက်မခံဘူးရယ် ဆိုတဲ့ကိစ္စတွေ ပြန်ပါလာတယ်။ NLD က အဓိက ရွေးကောက်ပွဲကို မ၀င်ဘူးလို့ ဆုံးဖြတ်ရခြင်း အကြောင်းရင်းကလည်း ၂၀၀၈ အခြေခံ ဥပဒေအရ တရားမမျှတဲ့အတွက် ဒီမိုကရေစီ စကားလုံးတွေနဲ့ မကိုက်ညီဘူး။ ဒီအတွက်ကြောင့် မ၀င်တာကိုး။ NDF အပါအ၀င် ရွေးကောက်ပွဲမှာ ၀င်မယ့် ပါတီအားလုံးက ရွေးကောက်ပွဲကို ၀င်ဖို့အတွက် ပါတီမှတ်ပုံတင်တဲ့အခါမှာ ၂၀၀၈ အခြေခံ ဥပဒေကို လိုက်နာစောင့်ထိန်းပါ့မယ်ဆိုတာ လက်မှတ်ထိုးရတာကိုး။ ပြဿနာ အဲဒီမှာ သွားတတ်တယ်လို့ထင်တယ်။ ဒါပေမယ့် ကိုရဲနည်နဲ့ ကိုဝေမိုး ပြောသလိုပဲ သူတို့ ၀င်ခြင်း မ၀င်ခြင်း ၂ ဖွဲ့ကြားမှာ ရန်သူဖြစ် မသွားဘူးလို့ ကျနော် ထင်တယ်။ အဓိက ၀င်ချင်တဲ့ လူတွေကလည်း သူတို့ နည်းလမ်းတသွယ်နဲ့ ကစားဖို့ စဉ်းစားပုံရတယ်။ ပါလီမန်တွေက ၀င်ကစားမယ်ပေါ့လေ။ ပါလီမန် ပြင်ပမှာလည်း NLD က အခု ကစားသလိုမျိုး ဆက်ပြီး ကစားလို့ ရလိမ့်မယ်လို့ ကျနော်တော့ ထင်တယ်။ အဲဒီတော့ နှစ်ခုပေါင်းပြီး သွားလို့ရတယ်လို့ ထင်တယ်။ တဖက်က အဓိက ကတော့ နားလည်မှုပေးဖို့၊ သည်းခံဖို့ကတော့ ပိုလိုတာပေါ့လေ။

ကိုရဲနည် ။    ။ ကိုကျော်စွာ ပြောတဲ့အပေါ်မှာ ဆက်ပြီး နည်းနည်းလေး ဆွေးနွေးချင်တာက ဘာလဲဆိုတော့ ရွေးကောက်ပွဲပြီး နောက်ပိုင်း ပါလီမန်ထဲမှာ ကိုယ့်လူ အနိုင်ရတာ အနိုင်မရတာ အပထား။ ဒီရွေးကောက်ပွဲထဲမှာတင် ကိုယ့်လူပါခဲ့တယ်ဆိုရင်၊ ကိုယ့် ဒီမိုကရေစီ ဘက်တော်သားတွေက နေရာတိုင်းမှာ ပါခဲ့တယ်ဆိုရင် စစ်အစိုးရအနေနဲ့ ကလိန်ကကျစ် လုပ်လို့မရဘူး။ ကိုယ့်လူပါတဲ့အတွက် အဲဒီနယ်မှာ မဲကို သူကိုယ်တိုင်က စောင့်ကြည့်ရတော့မှာ ဖြစ်တဲ့အတွက်ကြောင့် အနည်းဆုံးတော့ စစ်အစိုးရ လုပ်ချင်တိုင်း လုပ်လို့မရဘူး။ သူတို့ ပုံဖော်ချင်တိုင်း ရွေးကောက်ပွဲကိုပုံ ဖော်လို့မရဘူး။

ကိုကျော်စွာမိုး ။    ။ သမိုင်းတလျှောက်ကို ပြန်ကြည့်မယ်ဆိုရင် နအဖက ဒီလိုမျိုး နိုင်ငံရေးပါတီတွေ၊ သူ့ကို အတိုက်အခံ လုပ်တဲ့  လက်နက်ကိုင်အဖွဲ့ အစည်းတွေ အားလုံးကို သပ်လျှိုထိုးပြီး ခွဲတဲ့ပေါ်လစီကို သုံးနေတာကို ကျနော်တို့ တောက်လျှောက် တွေ့နေရတာပဲလေ။ မြို့ပေါ်နိုင်ငံရေး ပါတီတွေတင် မကဘူး။ တောထဲက လက်နက်ကိုင် အဖွဲ့တွေဆိုရင်လည်း ထိုးခွဲဖို့ ကြိုးစားတာပဲ။ ၁၉၈၈ နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် ဦးဆောင်တဲ့ ထောက်လှမ်းရေး အဖွဲ့တွေဆိုရင်လည်း ဒါကို အဓိက လုပ်တာပဲ။ လက်နက်ကိုင် အဖွဲ့အစည်းတွေကို အပစ်အခတ်ရပ်စဲဖို့ ဆွဲခေါ်တယ်။ ၁၉၉၄ မှာဆိုလို့ရှိရင် KNU က DKBA ဆိုပြီး ခွဲထွက်တဲ့ ပြဿနာတွေရှိတယ်။ အဲဒီကိစ္စတွေမှာဆိုရင် အနဖရဲ့ လက်တွေ အများကြီး တွေ့နေရတယ်။

ကိုဝေမိုး ။    ။ အထင်ကရဆိုရင် ၁၉၉၀ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲနိုင် ပြီးတဲ့နောက်မှာ နအဖ အစိုးရက အာဏာမလွှဲချင်တဲ့အခါမှာ NLD က ဂန္ဒီအစည်းအဝေး မခေါ်ခင်ရက်ပိုင်းမှာပဲ  ၁/၉၀ ဆိုပြီး ထုတ်ခဲ့တယ်။  အဲဒီတုန်းက NLD ကြားမှာ အကြီးအကျယ်ကို အငြင်းပွားကြတယ်။ ကိုယ့်ဖာသာကိုယ်ပဲ အစိုးရဖွဲ့ပြီး ပါလီမန်ခေါ်မလား ဒါမှမဟုတ် နအဖ လမ်းကြောင်းပဲ လိုက်မလား။ နောက်ဆုံးတော့  ဦးအောင်ရွှေ သွားပြီးတော့  ဗိုလ်ချုပ်ခင်ညွန့်နဲ့ သဘောတူပါတယ် လုပ်လိုက်ရတယ်။ ဒေါက်တာ စိန်ဝင်းတို့ ဆိုတာတောင် အမရပူရမှာ အစည်းအဝေးခေါ်ပြီး တောထဲ ရောက်လာတဲ့ အထိဖြစ်လာတယ်။ ၉၃ မှာကျတော့ နအဖက ၁၁ / ၉၂ အရ အဲဒီတုန်းက NLD နဲ့ တက်မလား မတက်ဘူးလား ဖြစ်ကြတာပဲလေ။ နောက်ဆုံးက ဦးအောင်ရွှေ ကနေပြီးတော့  အမျိုးသား ညီလာခံကို တက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်ကျန်တဲ့ လူတွေနဲ့တောင်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ထုတ်ထားတာ။ တောက်လျှောက်က ကြည့်လိုက်မယ် ဆိုရင်တော့ နအဖက စင်ပေါ်ကနေပြီး ကစားတာပဲ။  တခုလေး ချကျွေးလိုက် အဲဒီဟာအပေါ် အငြင်းပွားလိုက်၊ အတိုက်အခံတွေတင် မဟုတ်ဘူး၊ နိုင်ငံတကာမှာလည်း နအဖ ကစားကွက်မှာ ကွဲကြတာရှိတယ်လေ။ နအဖ ပြောတဲ့အတိုင်း ရွေးကောက်ပွဲကို ထောက်ခံမလား။ NLD လမ်းကြောင်းကိုပဲ လိုက်မလားဆိုတာ ဥရောပသမဂ္ဂတို့ အမေရိကန် နိုင်ငံခြားရေးဌာနတို့မှာလည်း အကြီးအကျယ်ကို သူတို့ အငြင်းပွားမှုတွေရှိနေတယ်။


ကိုကျော်စွာမိုး ။    ။ အဲဒါကြောင့်မို့လည်း International Policy ကလည်းပဲ  ခုထက်ထိ မအောင်မြင်သေးတာလို့ ပြောလို့ရတာ ပဲ။ အာဆီယံက မြန်မာနဲ့ ပတ်သက်လာရင် ပေါ်လစီ ဘယ်လိုမျိုး ကိုင်တွယ်တယ်။ အမေရိကားက တမျိုး၊ EU က တမျိုး၊ တရုတ်က တမျိုး၊ ရုရှတို့က တမျိုး၊ အပြည်ပြည်ဆိုင်ရာကလည်း မြန်မာပြည်ပေါ်လစီနဲ့ ပတ်သက်လို့ရှိရင် ကွဲနေတာပဲ။ အဲဒီ ကွဲတဲ့အတွက်လည်း မြန်မာအစိုးရကပဲ  အကျိုးအမြတ်တွေ ရနေတာပဲ။ အခု ၂၀၁၀ ရွေးကောက်ပွဲကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့  ဥပဒေတွေ စထွက်ကတည်းကကို အဲဒီလို အရိပ်အယောင်တွေ စပြီးပေါ်လာတာလေ။ ရွေးကောက်ပွဲအတွက် ပါတီကို မှတ်ပုံတင်ခွင့်ရမယ်ဆိုတဲ့ ဥပဒေတွေ ထွက်တယ်ဆိုကတည်းက ၀င်မယ့်သူတွေ မ၀င်မယ့်သူတွေ စကွဲမယ်။ NLD နဲ့ NDF ကလည်း အဲဒီလိုပဲ ဖြစ်တာပဲ။ နအဖကတော့ သူကစားတဲ့ အကွက်တွေတိုင်းက သူ့အတွက် ကောင်းကွက်တွေချည်းပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်ကတည်းကလည်း အတိုက်အခံတွေထဲမှာ မညီညွတ်တာတွေ အများကြီးရှိတယ်။ အခုတော့ ပိုပြီး ကွဲတာ ပြဲတာတွေ မြင်ရတယ်။ အနဖ အတွက်ကတော့ ကျနော်ထင်တယ် အသားစီးတွေချည်းပဲ။

ကိုကျော်စွာမိုး ။    ။ ဘာပဲပြောပြော ကိုဝေမိုးနဲ့ ကိုရဲနည်ရေ၊ မြန်မာပြည် ဒီမိုကရေစီ တော်လှန်ရေးကို ပြန်ကြည့်မယ်ဆိုရင် နှစ် ၂၀ ကျော်ပြီပေါ့လေ။ ဒီမိုကရေစီ ရဖို့အတွက် ဘာလို့ နှစ် ၂၀ တောင်ကြာနေရသလဲ ဆိုတဲ့ဟာကို ဝေဖန်တဲ့သူတွေက  အချက်တချက်က ဘာလဲ ဆိုတော့ အတိုက်အခံ အင်အားစုတွေနဲ့ ဒီမိုကရေစီ အင်အား စုတွေရဲ့ မညီညွတ်မှု ဆိုတာအချက်တချက် ဖြစ်တယ်ဆိုတာကိုလည်း ပြောနေကြတယ်။ ကျန်တဲ့အချက်တွေကလည်း အများကြီးပေါ့ဗျာ။  နအဖဆိုတာ တပ်သားပေါင်း ၄ သိန်းလောက်ရှိတဲ့ စစ်တပ်ကြီးဖြစ်တယ်။ အရမ်းကို အာဏာကို ကစားတဲ့နေရာမှာ ကောက်ကျစ်တယ်။ ရက်စက်တယ် ဒါတွေကတော့ အဓိက အခရာပေါ့။ တပြိုင်ထဲမှာ အတိုက်အခံ အင်အားစုကို ပြန်ကြည့်မယ်ဆိုလို့ရှိရင်၊ ဒီမိုကရေစီ အင်အားစုတွေကို ပြန်ကြည့်မယ် ဆိုရင်လည်း အဲဒါတွေ ကွဲပြဲနေတာလည်း အများကြီးပါတယ်။ အခုလက်ရှိ ခမောက်ပေါ်မှာ ဖြစ်နေတဲ့ ပြဿနာကိုပဲဖြစ်ဖြစ် ခွပ်ဒေါင်းအရုပ်တွေပေါ်မှာ ပြဿနာ တက်နေတာပဲဖြစ်ဖြစ် ဒါတွေဟာ ဒီမိုကရေစီအင်အားစုရဲ့ မညီညွတ်မှုကို ဆက်ပြီးတော့ ပြနေတယ်လို့ပဲ ကျနော်ကတော့ မြင်တယ်။

ကိုဝေမိုး ။    ။ ဟုတ်ကဲ့၊ ဒီမိုကရေစီ အင်အားစုတွေအပေါ် ဝေဖန်သုံးသပ်သူတွေ အမြင်ကတော့ ညီညွတ်ရေးနဲ့ နောက်တခုက နိုင်ငံရေး ပရိယာယ်မကြွယ်ဝမှု၊ အဲဒီ ၂ ခုကတော့ အဓိကပဲ။ တယောက်နဲ့ တယောက် ခုနကလို မညီမညွတ်ပဲ လုပ်မယ်ဆိုရင် အားလုံးလည်း သိတဲ့အတိုင်းပဲ၊ ဘေးက ဒိုင်စားမှာပေါ့။ ဒိုင်ကတော့ နအဖပေါ့။ လက်ရှိက ပရိယာယ် မကြွယ်လို့ ရှိရင်လည်း ကိုယ့်ဘက်က ဒီမိုကရေစီ လှုပ်ရှားမှုဟာ နှောင့်နှေးစရာပဲရှိတယ်။

ကိုရဲနည် ။    ။ ပိုဆိုးတဲ့ ကိစ္စက ဘာလဲဆိုတော့၊ အခုဟာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လိုမျိုး ဦးဆောင်ပါတီကြီး ကနေ အမြင်ကျယ်ကျယ်နဲ့ စည်းရုံးသိမ်းသွင်းဖို့ဆိုတာထက်ကို အချင်းချင်း ရန်ဖြစ်နေတာကတော့ တကယ်ဆိုးတယ်လို့
ကျနော်ကတော့ အဲဒီအတိုင်းပဲ မြင်တာပဲ။ 

ကိုဝေမိုး ။    ။  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ လက်ရှိမှာတော့ ဒီမိုကရေစီ မြင့်မားလာရေးမှာတော့ အဓိက ဇာတ်ကောင်အဖြစ် ပါနေတယ်။ သူ ရွေးကောက်ပွဲလက်မခံဘူး ဆိုတာကို နိုင်ငံတကာမှာ သူ့လမ်းကြောင်းအတိုင်း လိုက်ပြောနေရတာ။ တိုင်းရင်သားတွေကြားထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ ထောက်ခံကြတယ်။ သူက ပိုပြီးတော့ သဘောထားကြီးကြီးနဲ့ အတ္တတွေလျှော့ပြီးတော့ သွားမယ်ဆိုလို့ရှိရင် ဦးတည်ချက် မပျောက်ဘူးပေါ့။ နို့မို့ဆိုရင် အချင်းချင်းကြားမှာ ပြဿနာတက်မယ်ဆို ဦးတည်ချက် ပျောက်မယ်။

ကိုကျော်စွာမိုး ။    ။ ကိုဝေမိုး ခုနပြောတဲ့ USDP ကို NLD တို့ကရော တခြားပါတီတွေကရော USDP လုပ်နေတာတွေ
ကြည့်ရှု့ပြီး ထောက်ပြသင့်တယ်လေ။ ခုဆို ကျနော်တို့ သိရသလောက် USDP က ကမ်ပိန်းတွေ လုပ်နေတာ နည်းတာ မဟုတ်တော့ဘူးလေ။ တခြားပါတီတွေက ကမ်ပိန်းကာလ စတောင် မစရသေးဘူး။ စလို့လည်း မရသေးဘူး တရားဝင်က။ သူတို့တွေ ရန်ကုန်မြို့မှာ ဆိုလို့ရှိရင် မင်္ဂလာဈေး မီးလောင်ပြီးနောက်ပိုင်း ဆိုင်ခန်းတွေ ပြန်ဆောက်တဲ့ နေရာမှာလည်း USDP ပါတီကနေပြီးတော့ ပိုက်ဆံတွေ ထုတ်ပြီး ချေးနေတာတို့ ဒါတွေဆိုရင် တနည်းအားဖြင့် သွယ်ဝိုက်သောနည်းနဲ့ မဲဆွယ် စည်းရုံးနေတာပဲလေ။ အဓိကကတော့ NLD တို့ NDF တို့ တခြား ဒီမိုကရေစီ အင်အားစုတွေလုပ်ရမှာ ဒါတွေကို ထောက်ပြပြီး ဒါတွေကို ဖော်ထုတ်ရမှာ။ ခုလက်ရှိဖြစ်နေတဲ့ ပြဿနာကို ကြည့်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်က တကယ်တော့ NLD ပါတီရဲ့ အဓိက တည်ထောင်ခဲ့တဲ့သူလည်း ဖြစ်တယ်။ လက်ရှိအထိလည်း သြဇာအာဏာ အရှိဆုံး NLD ရဲ့ မိဘတပါးလို ဖြစ်နေတာပေါ့နော်။ အဲဒီ မိဘကလည်း လောလောဆယ် သူတို့နဲ့ အတူတူမရှိ။ လောလောဆယ်တော့ NLD နဲ့ NDF ကြားမှာ ဖြစ်နေတဲ့ဟာက မိဘမရှိတဲ့အချိန်မှာ ကလေးတွေ ရန်ဖြစ်နေသလိုမျိုးတော့ ကျနော်တို့ တွေ့နေရတယ်။ အဲဒီအတွက်တော့ နအဖပဲ အကျိုးအမြတ်တွေရဖို့ ပိုများတယ်လေ။ ကိုရဲနည်နဲ့ ကိုဝေမိုးတို့ရေ ကျေးဇူးတင်ပါတယ်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်