RFA က ဧရာဝတီစကားဝိုင်း (ဇူလှိုင် ၁၅၊ ၂၀၁၀)

{play}images/stories/rfa.07.15.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{wd file=images/stories/rfa.07.15.10.mp3 name='အသံဖိုင်ရယူရန်'}
လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယို ပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။

အခုတပတ်မှာ ၂၀၁၀ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုဟာ ပြည်တွင်းမှာရော နိုင်ငံတကာကရော နည်းပါလားခြင်း၊ မြန်မာနိုင်ငံရေးရဲ့ အဓိက ပြဿနာရပ်တွေဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စ၊ တိုင်းရင်းသား အရေးကိစ္စနဲ့ နိုင်ငံရေးအပြောင်းအလဲမှာ သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရရေး ကိစ္စရပ်တွေကို အာရုံစိုက်မှု ပြောဆိုဆွေးနွေးမှုတွေ နည်းပါလာရခြင်း အကြောင်းတွေကို ဧရာဝတီမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ ဧရာဝတီ ရွေးကောက်ပွဲစာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ ရွေးကောက်ပွဲသတင်းနဲ့ နိုင်ငံရေးသတင်းကို တောက်လျှောက်ရေးသားနေတဲ့ ကိုဘကောင်းတို့က ဆွေးနွေးထားတာကို RFA က ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်လွှင်ခဲ့ပါတယ်။

ကျော်စွာမိုး ။    ။ ဧရာဝတီစကားဝိုင်းမှ ကြိုဆိုပါတယ်။ မင်္ဂလာပါခင်ဗျာ၊ ကျနော်ကတော့ ကျော်စွာမိုးပါ၊ ကျနော်နဲ့ အတူ ဝင်ရောက် ဆွေးနွေးမယ့်သူကတော့ ကျနော်တို့ရဲ့ ဧရာဝတီ ရွေးကောက်ပွဲစာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ ရွေးကောက်ပွဲသတင်းနဲ့ နိုင်ငံရေးသတင်းကို တောက်လျှောက်ရေးသားနေတဲ့ ကိုဘကောင်းတို့ ဝင်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကိုထက်အောင်နဲ့ ကိုဘကောင်းရေ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ဆွေးနွေးစရာ ပြောရမယ်ဆိုရင်တော့ ပိုပိုပြီးရှားလာတာလို့ပဲ ကျနော်တို့ ပြောရမှာပဲဗျာ။

ကိုဘကောင်း ။    ။ ဟုတ်ကဲ့ ကိုကျော်စွာရေ၊ ရွေးကောက်ပွဲဆိုလို့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ထူးထူးခြားခြား သတင်းတွေ အခုတလော ဘာမှသိပ်ပြီးမှ ကျနော် မကြားရဘူးဖြစ်နေတယ်။

ကိုကျော်စွာမိုး ။    ။ ဟုတ်တယ် ကိုဘကောင်းရေ။ အဓိက ကျနော်မြင်တာကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်တွင်းမှာရော ပြည်ပမှာရော စိတ်ဝင်စားမှုတွေ နည်းလာတယ်။ ရွေးကောက်ပွဲစလုပ်မယ် ဆိုပြီးတော့ ကြေညာတဲ့ အချိန်ကတည်းကကိုပဲ အပြည်ပြည်ဆိုင်ရာကရော အာဆီယံကရော ပြည်တွင်းပြည်ပ အတိုက်အခံတွေကရော တရားမျှတမှုရှိဖို့ အားလုံးပါဝင်ဖို့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတဲ့ ဒီလိုမျိုးကိစ္စတွေကို တောင်းဆိုခဲ့ တယ်ဗျ။ ဒါပေမဲ့ အခုရွေးကောက်ပွဲ လုပ်ဖို့အတွက် သုံးလေးလပဲ လိုတဲ့အချိန်မှာကျတော့ အဲဒီလိုမျိုး တောင်းဆိုထားတဲ့ဟာတွေ တခုမှဖြစ်မယ့် အလားအလာ မရှိတော့ဘူး။ ဆိုတဲ့အခါကျတော့ ဒီရွေးကောက်ပွဲကြီးဟာ ကမ္ဘာက ယုံကြည်လက်ခံနိုင်စရာ၊ မြန်မာနိုင်ငံက အတိုက်ခံတွေရဲ့  ယုံကြည်လက်ခံနိုင်စရာ ဖြစ်နိုင်ချေ ပိုပြီးတော့ လျော့ပါးလာတယ်ဗျ။ အဲဒါကြောင့်မို့လို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားမှုတွေ ယုံကြည်နိုင်စရာတွေ ပြောဆိုဆွေးနွေးမှုတွေ ပိုပြီး နည်းလာတယ်လို့ သုံးသပ်မိတယ်။

ကိုထက်အောင် ။    ။ နောက်တချက်ကလည်းဗျ၊ ဒီရွေးကောက်ပွဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ နိုင်ငံရေးပါတီတွေဟာ လူထုကြားထဲမှာ လောက်လောက်လားလား လူလုံးထွက်ပြတာ မရှိတဲ့အခါကျတော့ စိတ်ဝင်စားမှုရေချိန်ဟာ နည်းလာတာလည်း ပါတယ်ဗျ။

ကိုကျော်စွာမိုး ။    ။ အဲဒီတော့ ကိုဘကောင်းနဲ့ ကိုထက်အောင်ရေ၊ ပြီးခဲ့တဲ့ လပိုင်းတုန်းက တကယ်ကို ဆူဆူလောင်လောင် ဖြစ်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရေ ကိစ္စတွေ၊ ပါတီတွေ အားလုံးပါဝင်နိုင်ခွင့်ဆိုတဲ့ ကိစ္စတွေ၊ ဒါတွေ အားလုံးဟာ ဘာလို့ မကြာသေးခင်မှာ အသံတွေ တိတ်သွားရတာလဲ။ 

ကိုထက်အောင် ။    ။ ဟုတ်တယ်ဗျ။ ကျနော်လည်း သတိထားမိတာက အခုတလော ပြည်တွင်းမီဒီယာတွေမှာ ထူထောင်ပြီးတဲ့ နိုင်ငံရေးပါတီတွေဟာ သူတို့ပါတီတွေရဲ့  မူဝါဒတွေနဲ့ ပတ်သတ်ပြီးတော့  အနည်းအကျဉ်း မိတ်ဆက်လာတာတွေ ရှိတယ်ဗျ။ ကျနော် လေ့လာကြည့်တဲ့အခါမှာ ဘယ်ပါတီကမှ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော်ကိစ္စကို ပြောဆိုထားတာ မတွေ့ရဘူးဗျ။ ဒါကတော်တော် ထူးခြားတဲ့ အချက်တစ်ခု ပေါ့ဗျာ။

ကိုဘကောင်း ။    ။ ဟုတ်ကဲ့၊ သူတို့ကလည်း အခု အနေအထားက အငြင်းပွားဖွယ်ဖြစ်တဲ့ ရွေးကောက်ပွဲ  ဥပဒေကို လက်ခံပြီးတော့မှ ပါတီမှတ်ပုံတင်ကြတယ်ဆိုတော့ အကျဉ်းသားကိစ္စကို မပြောတာ သိပ်ပြီးတော့ အထူးအဆန်း မဟုတ်ဘူးလို့ ကျနော်ထင်တာပဲဗျ။ ဒါပေမယ့် NLD မပါဘဲနဲ့ ဒီရွေးကောက်ပွဲတခုကို ဝေဝေဆာဆာ အစိုးရကနေပြီးတော့ ကျင်းပနေမယ်လို့ တချို့ တလေက ထင်ကြတာပေါ့နော်။ ဟန်ပြ ရွေးကောက်ပွဲကိုတော့ သိုက်သိုက်ဝန်းဝန်းနဲ့ အစိုးရက ကျင်းပလိမ့်မယ်ဆိုပြီးတော့ လူတွေထင်ကြတယ်။ အခုတော့ နိုင်ငံရေးအခင်းအကျင်းက ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာလေ၊ ၂၀၁၀ ကုန်ဖို့ နီးလာလေ နိုင်ငံရေး အခင်းအကျင်းဟာ ပိုပြီးပိုပြီးတော့ပဲ မှောင်မည်းလာတယ်လို့ ကျနော်တွေ့ရတယ်ဗျ။

ကိုကျော်စွာမိုး ။    ။ ကျနော်က ဒီနေရာကပဲ တခုလောက်မေးချင်တာက အပြည်ပြည်ဆိုင်ရာက လေ့လာသုံးသပ်သူတွေကရော ရွေးကောက်ပွဲကို ဝင်သင့်တယ်ဆိုတဲ့ ပြောဆိုနေသူ အားလုံးရော၊ အခုအချိန်မှာကျတော့ သူတို့ အရင်တုန်းက ပြောဆိုခဲ့သလောက် အသံတွေ ထွက်မလာတော့ဘူး။ ပြောချင်တာက ရွေးကောက်ပွဲက အရင်တုန်းကဆိုရင် ပါလီမန်မှာ အတိုက်ခံဘက်ကပဲ ဖြစ်ဖြစ်၊ အစိုးရမဟုတ်တဲ့ ဘက်ကပဲ ဖြစ်ဖြစ် ၁၀ ရာခိုင်နူန်း၊ ၂၀ ရာခိုင်နူန်း ရမလားလို့ဆိုပြီးတော့ မျှော်လင့်ချက်တွေ အများကြီးရှိခဲ့တယ်လေ။ အခု ဟာက အဲဒီလောက်တောင် ရပါ့မလားဆိုပြီးတော့ မေးခွန်းက မေးစရာ ဖြစ်လာတယ်။

ကိုထက်အောင် ။    ။ ဒါကလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဆိုပြီးတော့ အစိုးရကနေ ထူထောင်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ ဒီလို အခြေအနေတွေဟာ ပိုပိုပြီးတော့ များလာတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အခုပဲကျနော်တို့ ကြားနေရတယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ငွေကြေးအားဖြင့်ရော လူအင်အားအဖြစ်နဲ့ရော အာဏာအားဖြင့်ရော လုပ်ပိုင်ခွင်အားဖြင့်ရော အကုန်လုံးပြည်စုံနေတဲ့ အချိန်မှာ ဒီဘက်မှာ ကျန်တဲ့ လေးဆယ်သော နိုင်ငံရေးပါတီတွေဟာ သူတို့ပါတီကို စပြီးတော့ ဘယ်လို အုတ်မြစ်ချပြီး ထူထောင်ရမှာလဲ ဆိုတဲ့ဟာနဲ့ လုံးပန်းနေရတယ်။ အဲဒီမှာ ငွေကြေးအခက်ခဲတွေရှိမယ်၊ အခုဆိုရင် ပါတီတွေအတွက် အခြေခံပါတီဝင်ဦးရေ ရရှိရေးအတွက် စုဆောင်းတဲ့ ကိစ္စက သူတို့အတွက် အဓိက အခက်အခဲ မဟုတ်ပေမယ့် ရွေးကောက်ပွဲမှာ သူတို့ပါတီကို ကိုယ်စားပြုပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ရရှိရေးဟာ သူတို့အတွက် အကြီးအကျယ် စိန်ခေါ်ချက်တစ်ရပ်လို ဖြစ်နေတယ်။ ပါတီတွေက ငွေရှာဖို့အတွက်၊ ကိုယ်စားလှယ်ရှာဖို့ အတွက်နဲ့ပဲ လုံးပန်းနေပြီးတော့ တိုင်းပြည်မှာ နှစ်နဲ့ချီပြီးတော့ ရှိနေခဲ့တဲ့ မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေး ပြဿနာကြီးတွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စတွေ တိုင်းရင်းသားအရေးကိစ္စတွေ ဒါတွေကို ဘယ်ပါတီကမှ လောက်လောက်လားလား ပြောလာတာမရှိဘူးဗျ။

ကိုဘကောင်း ။    ။ မနေ့တနေ့ကပဲ တွေ့လိုက်ပါတယ်။ နိုင်ငံခြား သံတမန်တစ်ယောက်ကို ကိုးကားပြီးတော့ ပြောဆို တာတွေကတော့ NLD မရှိတဲ့ အခြေအနေမှာ အစိုးရရဲ့ ကြံ့ခိုင်ရေးပါတီကို ယှဉ်ပြိုင်ဖို့ဆိုတာ တော်တော်ကြီးကို မဖြစ်နိုင်တဲ့အကြောင်း၊ အခုဆိုလို့ရှိရင် ဦးခင်မောင်ဆွေတို့ ဒေါက်တာ သန်းငြိမ်းတို့ ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုကို ပြည်သူလူထုရဲ့  ရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်လာနိုင်တယ် ဆိုပြီးတော့ ရွေးကောက်ပွဲကို လိုလားတဲ့လူတွေကလည်း ပြောဆိုနေတယ်ခင်ဗျ။ တခြားတဖက်ကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ယှဉ်ပြိုင်ဖို့ အတွက်တော့ ဒီမိုကရေစီ ပါတီတွေဟာ ဆိုလို့ရှိရင် မဟာမိတ်တခု ဖွဲ့ကိုဖွဲ့မှ ဖြစ်မယ်။ မဖွဲ့လို့ရှိရင် ဘယ်လိုမှ ယှဉ်ပြိုင်နိုင်စရာ အကြောင်းမရှိဘူး ဆိုပြီးတော့ သုံးသပ်ကြတယ်။ ဒါပေမယ့် ဒီပါတီတွေ ကိုယ်တိုင်ကိုက သူတို့ကိုယ်သူတို့ ဘယ်လို မဟာမိတ်ဖွဲ့ရမလဲ။ မဟာမိတ်ဖွဲ့လို့ရှိရင်လည်း အစိုးရက သူတို့ကို အရေးယူမလား၊ ဒါမျိုးတွေ သူတို့မှာ စိုးရိမ်မှုတွေရှိတယ်။ နောက်ပြီးတော့ မဟာမိတ်ဖွဲ့မယ် ဆိုလို့ရှိရင်လည်း ဘယ်သူတွေက အမတ် ဝင်ရောက်ယှဉ်ပြိုင်ကြမှာလဲ။ ဘယ်သူတွေက ဘယ်နေရာမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာလဲနဲ့ ပတ်သတ်ပြီးတော့ သူတို့ ကိုယ်တိုင်ကိုက အခုချိန်အထိ ကွဲကွဲပြားပြား မသိရသေးတဲ့ အခြေအနေမှာ ဖြစ်နေတယ်ဗျ။

ကိုကျော်စွာမိုး ။    ။ ကျနော်မြင်တာကတော့ဗျာ၊ ခုနက ဆွေးနွေးခဲ့တာ အားလုံးကတော့ အခုဖြစ်ပျက်နေတဲ့ ဟာတွေပေါ့။ ဒါပေမယ့်လည်း ပထမ အစကတည်းက ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေးဆိုတာ ဖြစ်ခဲ့တယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ယုံကြည်စရာ ပိုပြီးတော့ ကင်းမဲ့လာတာတွေ ပိုပြီးတော့ စိတ်ဝင်စားမှု နည်းလာခဲ့တာတွေ ပြည်သူတွေဆိုလည်း မဲပေးဖို့ဆိုတဲ့ စကားကို ပြောတာမတွေ့ရဘူး။ ဆိုတဲ့အခါကျတော့ NLD ဆုံးဖြတ်ခဲ့တဲ့ ရွေးကောက်ပွဲကို မဝင်ဘူးဆိုတဲ့ ဟာကပဲ ဒီအချိန်မှာ ပိုပြီးတော့တောင်မှပဲ မှန်ကန် သင့်တော်နေလားဆိုတာ ကျနော်တို့ ပြန်ပြီးစဉ်းစားစရာ ဖြစ်လာတယ်။ ပြန်ကောက်ရမယ်ဆိုရင် ပထမဦးဆုံး ကျနော်ပြောခဲ့တဲ့ ဒီရွေးကောက်ပွဲကို ယုံကြည်မှု မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ပေးလို့ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်လို့ ကချင်ပါတီဆိုရင် တရားဝင်ဖွဲ့ခွင့် မပေးသေးဘူးလေ။ ဒါတွေက ပြောမယ်ဆိုရင် တရားမမျှတဘူး။ တရားမမျှတဘူးဆိုတာ အားလုံးက သိပြီးသား။ ဒါပေမယ့် အခုဟာက ထင်ထားတာထက် ပိုဆိုးတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကို ကျနော်တို့တွေ တွေ့နေရတယ်။ ဆိုတော့ ပြဿနာတွေက အဲဒါတွေမရှိဘဲနဲ့ ဒီရွေးကောက်ပွဲကို သွားမယ်ဆိုရင် NDF ပဲ ဖြစ်ဖြစ်၊  ဒီမိုကရက်တစ် ပါတီပဲဖြစ်ဖြစ် လွှတ်တော်ထဲမှာ သူတို့မျှော်လင့်ထားတဲ့ အတိုင်းအတာပေါ့ဗျာ ၁၀ ရာခိုင်နူန်း ၂၀ ရာခိုင်နူန်း ရမှာလား ဆိုတာ တကယ့်ကို ပြဿနာလို့ ထင်တယ်။ 

ကိုထက်အောင် ။    ။ ခုနက ကိုကျော်စွာပြောသလို NLD က ရွေးကောက်ပွဲမဝင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်က  ဒီအချိန်မှာ မှန်သလိုလို ရှိလာတယ်ဆိုတဲ့ အချက်ပေါ်မှာ ကျနော်အနေနဲ့ မြင်တာကတော့ ရှိနေတဲ့ အခြေအနေတွေကနေပြီးတော့ ဒီအမှန်တရားကို ထပ်ဆောင်းပေးလိုက်သလို ဖြစ်နေတယ်လို့ သုံးသပ်တယ်။ ပြန်ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ပြီး ဝင်ကြတဲ့ နိုင်ငံရေးပါတီတွေက သူတို့ပြောခဲ့တာတွေ ရှိတယ်။ ရွေးကောက်ပွဲ လမ်းကြောင်းဟာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်တယ်။ ဒီရွေးကောက် ပွဲလမ်းကြောင်းကနေပြီးတော့ ဥပဒေဘောင်ထဲကနေပြီးတော့ လွတ်တော်မှာ ပြင်မယ့်ဆိုတဲ့ ကိစ္စရပ်တွေကို သူတို့လုပ် ဆောင်မယ်ဆိုပြီးတော့ ပြောခဲ့တာတွေရှိတယ်။ ဒါက ပါတီတွေ ပြောခဲ့တာ။ ပြင်မယ်ဆိုတာက ဘာကိစ္စတွေကို ပြင်မှာလဲ  ဒါကျနော်တို့ ပြန်စဉ်းစားရမယ်။

ကိုကျော်စွာမိုး ။    ။ အဓိက အဲဒါပြဿနာ တက်နေတာပဲ။ အဲလိုမျိုး တွေးခေါ်တဲ့အခါမှာ လက်ရှိအခြေအနေမှာ ပါတီအကုန်လုံးက နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရေး ကိစ္စမျိုးတွေ၊ တခြား တရားမမျှတတဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ ဟာမျိုးတွေဆိုလို့ရှိရင် သူတို့က ဒီချိန်မှာ ထုတ်ဖော်ပြီး မတောင်းဆိုချင်တော့ဘူး။ အဲဒီတော့ သူတို့ ရည်ရွယ်ချက်က ဘာဖြစ်လာမလဲဆိုတော့ ပါလီမန်မှာ စကားပြောမယ်၊ ပါလီမန်အချိန်ကို သူတို့က စောင့်ဆိုင်းလာတဲ့သဘော ရောက်တယ်။ တကယ်တော့ ဒီအချိန်တွေမှာ နိုင်ငံရေး အကျဉ်းသားကိစ္စတွေရော တခြား တရားမမျှတတဲ့ ဥပဒေ ကိစ္စတွေမှာရော အဲဒါတွေကို ကျယ်ကျယ်လောင်လောင် ဆွေးနွေးနေရမယ့် တောင်းဆိုနေရမယ့် အချိန်လေ။

ကိုထက်အောင် ။    ။ အဲဒါကြောင့် ပြောတာပေါ့။ အသစ်ပေါ်ပေါက်လာတဲ့ နိုင်ငံရေးပါတီတွေဟာ စစချင်းမှာတင် သူတို့ကို အားနည်းသွားစေတဲ့ အချက်လို့ ပြောလို့ရတယ်၊ ဒီအချက်က။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အခုတွေ့တွေ့နေရတဲ့ သူတို့တွေပြောတဲ့ စကားတခွန်း ရှိတယ်။ ထိပ်တိုက်ရင်ဆိုင်ရေးကို ကျနော်တို့ ရှောင်မယ်။ ဒီစကားရဲ့  အဓိပ္ပါယ်က အများကြီး တာသွားတယ်။ ဘာလဲဆိုတော့ ထိပ်တိုက်ရင်ဆိုင်ရေးကို ရှောင်မယ်ဆိုတဲ့ဟာက ယခင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်လုပ်ခဲ့တဲ့ နိုင်ငံရေးဟာ ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးလို့ သတ်မှတ်ပြီး ပြောသလိုဖြစ်တယ်။ အဲသလိုမျိုးပဲ တိုင်းပြည်မှာရှိတဲ့ တကယ့်နိုင်ငံရေး ပြဿနာတွေကို ပြောဆိုလိုက်တဲ့အတွက်ကြောင့် စစ်အစိုးရနဲ့ ဆက်ဆံရေး တင်းမာသွားမှာကို ဒီပါတီတွေဟာ တစုံတရာ စိုးရိမ်နေပုံလည်း ရတယ်။ အဲလိုမျိုးပြောတယ် ဆိုရင်လည်း ဒါဟာ ထိပ်တိုက်ရင်ဆိုင် ရေးလုပ်တယ်လို့ ယူဆတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသား ကိစ္စတွေ၊ တိုင်းရင်းသား ကိစ္စတွေ နိုင်ငံရေးပြဿနာတွေကို သူတို့က ရှောင်ကွင်းပြီးနေတဲ့ အတွက်ကြောင့် ပြဿနာတွေဟာ ဒီမှာ စတယ်လို့ထင်တယ်။

ကိုကျော်စွာမိုး ။    ။ ကိုဘကောင်းရေ။ ပြည်တွင်းမှာကတော့ ခုနက ပြောသလိုပေါ့လေ။ အတိုက်အခံအဖွဲ့ အကုန်လုံးကနေပြီးတော့ ခုနကပြောတဲ့ အချက်လက်တွေမှာ နည်းနည်းလေး ရေငုံနုတ်ပိတ်နေတာ ကျနော်တို့ တွေ့နေရတယ်။ ပြည်ပကျတော့ရော အရင်တုန်းကဆို အမေရိကန်ပဲ တချိန်လုံး အော်နေတာဗျာ။ EU ကလည်း တချိန်လုံး အော်နေတယ်။ အာဆီယံဆိုလည်းပဲ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့ တွေ လွှတ်မယ်လို့ ပြောထားတယ်။ ဘာလို့ သူတို့က အသံတိတ်သွားရတာလဲ။

ကိုဘကောင်း ။    ။ ဟုတ်ကဲ့၊ အခု ဒီပြည်တွင်းမှာလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အစိုးရကိုယ်တိုင်က ဘာမှ ထူးထူးခြားခြား လှုပ်ရှားမှုလည်း မရှိဘူး။ နောက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ ပါတီတွေနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ရဲ့လှုပ်ရှားမှုတွေ အားလုံးကိုလည်း ကန့်သတ်ချုပ်ချယ်ထားတယ်။ အဲဒီကျတော့ ဘယ်အရာဟာ ပီပြင်လာလဲ ဆိုတော့ ဒီရွေးကောက်ပွဲကြီးဟာ လုပ်ကြံရွေးကောက်ပွဲကြီး တရပ်ဆိုတာ တဖြည်းဖြည်းပိုပြီး ပီပြင်လာလေလေ၊ နောက်ပြီး နိုင်ငံရေးအခင်းအကျင်းက ပိုပြီးတော့ မှုန်ဝါးလာလေလေ ပြင်ပမှာရှိတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးတော့ စိတ်ဝင်စားတဲ့ ပုံစံတောင် မရှိတော့ဘူးဗျ။ အစတုန်းက ဆိုလို့ရှိရင် အာဆီယံကိုယ်တိုင်က မြန်မာနိုင်ငံရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တဖွဲ့ လွှတ်ဖို့ဆိုပြီးတော့ အစိုးရကို ပြောထားတာ ရှိတယ်။ အစိုးရဘက်က ဒါကို အခုချိန်ထိ တုံ့ပြန်မှု မရှိဘူး။ လွန်ခဲ့တဲ့ ၁၀ ရက် လောက်ကပဲ ဥရောပ သမဂ္ဂကနေ အဖွဲ့တဖွဲ့ စေလွှတ်မယ့် ကိစ္စကလည်း ခုဆိုရင် ပျက်ပြားသွားပြီ ဆိုတာကိုလည်း ကျနော်တို့ တွေ့ရတယ်ဗျ။ အဲဒီအဖွဲ့ဟာဆိုလိုရှိရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လေ့လာတဲ့အဖွဲ့ ဖြစ်မှာပါဗျာ။

ကိုကျော်စွာမိုး ။    ။ ဒီအခြေအနေတခုလုံးကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ ရွေးကောက်ပွဲဟာ ပိုပြီးတော့ မယုံကြည်နိုင်စရာတွေ ဖြစ်နေတယ်။ စိတ်ဝင်စားမှုတွေ ပိုပြီးလျော့ပါးလာတယ်။ ဒါပေမယ့် အဲဒီအတွက် စိုးရိမ်စရာတခုက ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်းကလိုပဲ။ မဲပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ သူတို့ကတော့ ၉၂ ရာခိုင်နှုန်းကျော်နဲ့ နိုင်သွားတာပေါ့ဗျာ။ ဆိုတဲ့အခါကျတော့ ဒီမှာလည်းပဲ စိတ်ဝင်စားမှု လျော့ပါးလာတယ် ဆိုပေမယ့် မဲမပေးတဲ့သူတွေက ပိုများလာမယ် ဆိုပေမယ့်လည်းပဲ သူတို့ဘက်က နိုင်ခြေတွေ ပိုများလာနိုင်တယ်။ အဲဒါတွေကို ဘယ်လိုမျိုး အပြည်ပြည်ဆိုင်ရာက ပြည်တွင်းက ရွေးကောက်ပွဲဝင်မယ့် အတိုက်အခံ ပါတီတွေကရော ဘယ်လိုလုပ်မလဲ ဆိုတာက ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်ထင်တယ်။

ကိုဘကောင်း ။    ။ ကျနော့်အမြင်ကတော့ ခုလိုမျိုး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပိုပြီးမှုန်ဝါးလာတယ်။ အပြည်ပြည် ဆိုင်ရာကလည်း ပိုပြီး စိတ်ဝင်စားမှုနည်းလာတယ်။ ပြည်သူလူထု ကိုယ်တိုင်ကလည်း ဒါနဲ့ ပတ်သက်ပြီး မောလာတာ ပေါ့ဗျာ။ အဲဒီအခြေအနေတွေဟာ မတော်တဆဖြစ်လာတဲ့ အခြေအနေတွေမဟုတ်ဘူးဗျ။ ဒီအခြေအနေကြီး ဖြစ်လာအောင် တမင်သက်သက်ကို ပုံသွင်းပြီးလုပ်လာတာ။ နောက်ပိတ်ဆုံး ရွေးကောက်ပွဲလုပ်တော့ ဘာမှ အခက်အခဲတွေ မရှိ၊ ပြဿနာတွေမရှိနဲ့ဘဲ သူတို့ အနိုင်ရတယ်ဆိုပြီး ဖြစ်လာမယ်ဗျ။

ကိုထက်အောင် ။    ။ တဖက်မှာ ကြည့်ပြန်တော့လည်း ဒီရက်ပိုင်း တောက်လျှောက်ပေါ့ဗျာ။ အစိုးရရဲ့ သတင်းစာတွေ၊ မြန်မာအလင်း သတင်းစာကဆိုရင် အစိုးရရဲ့  နှစ် ၂၀ ကာလတလျှောက်လုံးမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ သူတို့ လုပ်ခဲ့တဲ့ ဟာတွေ။ ဖွံ့ဖြိုးရေးစီမံကိန်းတွေ အနယ်နယ်အရပ်အရပ်ကပေါ့ဗျာ။ ဒါတွေကို စာရင်းဇယားတွေနဲ့ရော ပုံတွေနဲ့ရော အကြီးအကျယ်၊ ဒီဖွံ့ဖြိုးရေး စီမံကိန်းတွေကို ၀န်ကြီးချုပ် ဦးသိန်းစိန် ကိုယ်တိုင်က လှည့်လည်စစ်ဆေးတဲ့ ခရီးစဉ်တွေကို အကြီးအကျယ်ဖော်ပြတယ်။ ဒါက တနည်းပြောရရင်တော့ အစိုးရက ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို သွယ်ဝှိုက်သောနည်းနဲ့  ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပေးနေတယ်ဆိုတဲ့ အဓိပ္ပါယ်ရတယ်ဗျ။

ကိုကျော်စွာမိုး ။    ။ ကိုထက်အောင်နဲ့ ကိုဘကောင်းရေ။ ပြန်ပြီး သုံးသပ်ကြည့်မယ်ဆိုရင်တော့ လာမယ့် ရွေးကောက် ပွဲကတော့ အရင်တုန်းက တွက်ထားတဲ့အတိုင်းပေါ့လေ၊ ယုံကြည်နိုင်လောက်စရာ လက်ခံနိုင်လောက် စရာဖြစ်လာမယ့် ရွေးကောက်ပွဲမဟုတ်ဘူး။ ဒါပေမယ့်အရင်တုန်းက တွက်ထားတာထက် ပိုပြီးဆိုးမယ့် သဘောတော့ရှိတယ်။ ပြည်တွင်းက ၀ါရင့် စာနယ်ဇင်းသမားတယောက်နဲ့ ပြောတဲ့အခါမှာလည်း သူကလည်း ဘာပြောလဲ ဆိုတော့ တချိန်တုန်းက ရွေးကောက်ပွဲအပေါ်မှာ ထားရှိတဲ့ ရှိစုမဲ့စု မျှော်လင့်ချက်လေးတောင်မှပဲ ဒီနေ့မှာတော့ ပိုပြီး အရောင်တွေ မှိန်လာတယ်လို့ ပြောသွားတယ်ဗျ။ သူ့စကားက လာမယ့် ရွေးကောက်ပွဲရဲ့ တကယ့်ဖြစ်ရပ်ကို ထင်ဟပ်နေတယ်လို့ ကျနော်တော့ ထင်တယ်။ ကိုဘကောင်းနဲ့ ကိုထက်အောင်ရေ။ ကျေးဇူး တင်ပါတယ်ခင်ဗျာ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်