ဗိုလ်ချုပ်၏ ရွေးကောက်ပွဲ အမြင်နှင့် ၂၀၁၀ ရွေးကောက်ပွဲ

{play}images/stories/rfa.07.22.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{wd file=images/stories/rfa.07.22.10.mp3 name='အသံဖိုင်ရယူရန်'}

လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယို ပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အခြေအနေများကို ဆွေးနွေး တင်ပြထားပါတယ်။

အခုတပတ် အာဇာနည်နေ့ကျရောက်တဲ့ ရက်သတ္တပတ်မှာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီ လပိုင်းအလို ၁၉၄၇ ခုနှစ် အစောပိုင်းကာလအတွင်း မြန်မာ့အသံမှာ ဖဆပလအဖွဲ့ချုပ်အတွက် သူမဲဆွယ် တရားဟောခဲ့ပုံ၊ ထိုခေတ်က ရွေးကောက်ပွဲနဲ့ ပါတီတွေရဲ့ အခြေအနေနဲ့ ယနေ့ခေတ် နိုင်ငံရေးနဲ့ နိုင်ငံရေးပါတီတွေရဲ့ အခြေအနေကို ဧရာဝတီ မဂ္ဂဇင်းရဲ့ တာဝန်ခံ အယ်ဒီတာ ကိုကျော်စွာမိုး၊ ရွေးကောက်ပွဲ စာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ နိုင်ငံရေးသတင်းတွေကို အစဉ်တစိုက် ရေးသားနေတဲ့ ကိုဘကောင်းတို့က ဆွေးနွေးထားပြီး RFA က ဇူလိုင်လ ၂၁ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။

ကိုကျော်စွာမိုး ။    ။ ဧရာဝတီ စကားဝိုင်းမှ ကြိုဆိုပါတယ်။ မင်္ဂလာပါခင်ဗျာ။ ကျနော်က ကျော်စွာမိုးပါ။ ကျနော်နဲ့ ဒီတပတ် စတူဒီယိုထဲ ထိုင်နေတဲ့သူတွေကတော့ ကျနော်တို့ရဲ့  ဧရာဝတီ ရွေးကောက်ပွဲ စာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲသတင်းတွေကို ရေးသားနေတဲ့ ကိုဘကောင်းတို့ ဝင်ရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကိုထက်အောင်နဲ့ ကိုဘကောင်းရေ၊ ဒီတပတ်ကတော့ ကျနော်တို့ရဲ့  ဆွေးနွေးဝိုင်းဟာ အာဇာနည်နေ့မှာ ကျရောက်တဲ့ သီးတင်းပတ်နဲ့လည်း သွားရောက်ပြီး တိုက်ဆိုင်နေတယ်ဗျ။ အဲဒီတော့ အာဇာနည်နေ့ မတိုင်မီမှာ ပြန်ပြီးဖတ်မိတဲ့ ဆောင်းပါးလေးတွေက ဒီဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ ကောင်းလိမ့်မယ်လို့ ထင်တယ်ဗျ။ ကျနော်ဖတ်ခဲ့တဲ့ ဆောင်းပါးလေးတွေထဲကဆိုဗျာ ဗိုလ်ချုပ်အောင်ဆန်းရဲ့  ၁၉၄၇ ခုနှစ်မှာ လွှင့်ထုတ်ခဲ့တဲ့ မိန့်ခွန်းတွေပေါ့ဗျာ။ “နိုင်ငံရေး စားဖားကြီး”ဆိုတဲ့ မိန့်ခွန်းတွေ၊ “လူထုကို တပတ်မရိုက်နဲ့” ဆိုတဲ့ မိန့်ခွန်းတွေ၊ “အားရှိမှ အခွင့်ရေးရမယ်” ဆိုတဲ့ မိန့်ခွန်းတွေပေါ့ဗျာ။ ပြန်ပြီးတော့ ဖတ်ကြည့်လိုက်တဲ့အခါမှာ အဲဒီမိန့်ခွန်းတွေ အားလုံးဟာ မြန်မာပြည်မှာ တိုင်းပြုပြည်ပြု ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေ ဖြစ်ပြီးတော့ သူ့ရဲ့  ဖဆပလပါတီကို မဲဆွယ်စည်းရုံးခဲ့တဲ့ မိန့်ခွန်းတွေပဲဗျ။ ကိုထက်အောင်နဲ့ ကိုဘကောင်းရေ၊ အဲဒီခေတ် ရွေးကောက်ပွဲ နိုင်ငံရေး အခြေအနေတွေကို အခုလက်ရှိ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး အခြေအနေတွေနဲ့ ပြန်ပြီးတော့ နိုင်းယှဉ်ပြီး ပြောကြရင် ကောင်းမယ် ထင်တယ်ဗျ။

ကိုထက်အောင် ။    ။ ကောင်းတာပေါ့ဗျာ။ စိတ်ဝင်စားစရာ ကောင်းတာပေါ့။ ခုနက ကိုကျော်စွာ ရွတ်ပြခဲ့တဲ့ ခေါင်းစဉ်တွေဆိုရင် အင်မတန်မှ အားရှိတဲ့ ခေါင်းစဉ်တွေ ဖြစ်တယ်ဗျ။

ကိုကျော်စွာမိုး ။    ။ ဟုတ်တယ် ကိုထက်အောင်ရေ။ အဲဒီ အထဲမှာ အဓိက စပြီး ဆွေးနွေးချင်တာကတော့ ဗိုလ်ချုပ်အောင်းဆန်းဟာ သူ့ရဲ့  “လူထုကို တပတ်မရိုက်” နဲ့ ဆိုတဲ့ မိန့်ခွန်းထဲမှာ ဘာပြောခဲ့သလဲဆိုတော့ သူတို့ ဖဆပလခေတ်မှာပေါ့ဗျာ၊ ဗမာပြည်နိုင်ငံရေးမှာ ဖဆပလနဲ့ ဖဆပလဆန့်ကျင်ရေး ဆိုပြီးတော့ အကျဉ်းအားဖြင့် နိုင်ငံရေးသမား အမျိုးအစား နှစ်မျိုးရှိတယ်လို့ ပြောတယ်ဗျ။ နောက်ပြီး သူက ထပ်ပြီပြောတာက ဖဆပလ ဆန့်ကျင်ရေးသမားများမှာ ဆိုရင်လည်း ဗြိတိသျှ နယ်ချဲ့သမားတို့ရဲ့  ပဉ္စမံတပ်သားများနဲ့ မင်းသားကြီး လုပ်ချင်သူများ ပါကြတယ်လို့ ပြောတယ်ဗျ။ ဒီနေ့ခေတ်မှာရော နိုင်ငံရေးသမား အမျိုးအစား ဘယ်နှမျိုးလောက်ရှိနေသလဲဗျ။

ကိုထက်အောင် ။    ။ ကျနော် လက်တလော သုံးသပ်မိတဲ့ အနေထားကတော့  ဖဆပလ က အင်္ဂလိပ် နယ်ချဲ့ နဲ့ ရင်ဆိုင်နေရတဲ့ ကာလပေါ့ဗျာ။ ဒီနေ့ခေတ်မှာတော့ ဒီမိုကရေစီ အင်အားစုတွေနဲ့  တဖက်က စစ်အစိုးရနဲ့ ရင်ဆိုင်နေရတဲ့ ကာလပေါ့ဗျ။ နည်းနည်းတော့ ဆင်တူသလို ရှိတယ်ဗျ။ စစ်အစိုးရနဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့ အင်အားစုဆိုပြီးတော့ ယေဘုယျ နှစ်ပိုင်းခွဲလို့ ရတယ်။ ဒါပေမယ့်လည်း သေသေချာချာ ကျနော်တို့ လေ့လာကြည့်မယ်ဆိုရင် စစ်အစိုးရကို ဆန့်ကျင်တဲ့ ဒီမိုကရေစီရေးကို ဖော်ဆောင်ဖို့အတွက် ကြိုးပမ်းနေတယ်ဆိုတဲ့ အုပ်စုထဲမှာ အပိုင်းပိုင်း ဖြစ်နေတာကို တွေ့ရတယ်။ ဥပမာ ပြောရရင်ဗျာ အခု ထူထောင်ခဲ့တဲ့ ပါတီတွေကို ပြန်ကြည့်ရင် တိုင်းရင်းသားပါတီတွေ တ၀က်ကျော်ကျော်ပါတယ်။ တိုင်းရင်းသား ပါတီတွေက သူတို့ တိုင်းရင်းသားအရေး နိုင်ငံရေးကိုပဲ ဦးထိပ်ထားတဲ့ ပါတီတွေများသလို တဖက်ကလည်း ဒီမိုကရေစီရေးကို ဆောင်ရွက်မယ်ဆိုတဲ့ ပါတီတွေ ကြားထဲမှာလည်း မညီမညွတ် ဖြစ်နေတာကို တွေ့ရတယ်ဗျ။

ကိုကျော်စွာမိုး ။    ။ အကြမ်းဖျင်းအားဖြင့် ကျနော်တို့ ခွဲခြမ်းကြည့်မယ်ဆိုရင် တဖက်က နအဖ က ရှိနေတယ်၊ စစ်အစိုးရပေါ့ဗျာ။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဒီမိုကရေစီ ဘက်တော်သားတွေ ရှိနေတယ်။ တပြိုင်တည်းမှာပဲ  အရင် တစည၊ လက်ရှိ အစိုးရရဲ့ အတိုက်အခံအစစ် မဟုတ်ဘဲ တချိန်တုန်းက အာဏာရှင်ပါတီဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ နအဖ ကိုယ်တိုင် ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ USDP  ဆိုတာ ရှိနေတယ်ဗျ။ ဆိုတော့ ဒီမှာက ပိုပြီးတော့ နိုင်ငံရေးသမား အမျိုးအစား ပိုများတယ်လို့ပဲ ပြောလို့ရမယ်ထင်တယ်။

ကိုဘကောင်း ။    ။ ဟုတ်ကဲ့၊ ပိုပြီးတော့လည်း ရှုပ်ထွေးနိုင်တဲ့ အနေအထားရှိတာပေါ့။ အခုလက်ရှိ ရွေးကောက်ပွဲမှာတော့ တကယ် ပြည်သူလူထုကို ကိုယ်စားပြုနိုင်တဲ့ ပါတီတွေ အင်အားကောင်းကောင်းပါတီဖြစ်တဲ့ NLD မပါဘူး။ နောက်ပြီးတော့ တိုင်းရင်းသားအားလုံးကို တိုင်းရင်းသားတစုခြင်းကို ကိုယ်စားပြုနိုင်မယ့် တိုင်းရင်းသား ပါတီတွေကလည်း ပါဝင်ခွင့်မရတဲ့ အခြေအနေမှာ ရှိနေတယ်။ အဲဒါကြောင့် တော်တော်လေးကို ရှုပ်ထွေးမယ်။ နောက်ပြီးတော့ အစိုးရကို တိုက်ရိုက်ဩဇာခံတဲ့ ပါတီတွေ၊ နောက် အစိုးရနဲ့ တိုက်ရိုက် သြဇာမခံဘဲနဲ့ အစိုးရက နောက်ကနေပြီးတော့ မသိမသာ ကျားကန်ထားပေးတဲ့ ပါတီတွေ၊ အဲလိုဟာမျိုးနဲ့ ရွေးကောက်ပွဲဟာ တော်တော်လေး ရှုပ်ထွေးမယ့်သဘော ရှိတယ်ဗျ။

ကိုထက်အောင် ။    ။ နောက်တချက် စိတ်ဝင်စားစရာ ကောင်းတာက ဗိုလ်ချုပ်တို့ ခေတ်တုန်းက ပြည်သူလူထုရဲ့  နိုင်ငံရေး ရေချိန်ပေါ့ဗျာ။ အဲဒါနဲ့ ဒီနေ့ခေတ်မှာ မြန်မာပြည်လူထုရဲ့  နိုင်ငံရေးရေချိန် ဒီ နှစ်ခုဟာ အင်မတန် စိတ်ဝင်စား ဖို့ကောင်းတယ်။ ပြောမယ်ဆိုရင် နိုင်ငံရေး ရည်မှန်းချက်ကလည်း အတူတူပဲဗျ။ ဗိုလ်ချုပ်ခေတ်တုန်းက ပြည်သူတွေရဲ့ နိုင်ငံရေးရည်မှန်းချက်၊ နိုင်ငံရေးသမားတွေကလည်း ပြည်သူတွေကိုပေးတဲ့ နိုင်ငံရေး ရည်မှန်းချက်ကလည်း ဒီမိုကရေစီပဲဗျ။ ဒါပေမယ့် အဲဒီ ဒီမိုကရေစီက ကနေ့အထိ ကျနော်တို့ မရသေးဘူး။ အဲဒီတော့ ဒီနေ့ခေတ် ပြည်သူတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်က ဒီမိုကရေစီပဲ။ ခေတ်နှစ်ခေတ်မှာ ပြည်သူတွေရဲ့  အခန်းကဏ္ဍ ကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။

ကိုကျော်စွာမိုး ။    ။ ဟုတ်တယ် ကိုထက်အောင်ရေ၊ ဒါပေမယ့် အဓိက က ဟိုဘက်ခေတ်နဲ့ ဒီဘက်ခေတ် ကွာခြားချက်က ဟိုဘက်ခေတ်က ဖဆပလ နိုင်ငံရေးသမိုင်းဟာ တောက်လျှောက်ရှိခဲ့တယ်။ ဗိုလ်ချုပ်တို့ ခေါင်းဆောင်ခဲ့တယ်။ လွတ်လပ်ရေးရဖို့လည်း အဲဒီအချိန်မှာဆိုရင် အရမ်းကို နီးစပ်နေပြီပေါ့ဗျာ။ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေကလည်း ပြောင်ပြောင်မြောက်မြောက်နဲ့ ပြောတဲ့ မိန့်ခွန်းတွေက ပြည်သူကို အများကြီး စည်ရုံးနိုင်တယ်။ အဲဒီဟာက အဓိက ကွာခြားချက်ပဲလို့ ထင်တယ်။ ဒီဘက်ခေတ်မှာကျတော့ ခုနလို နအဖကလည်း အရမ်းကို အားကောင်းနေတယ်။ ဆိုတဲ့ခါကျတော့ ဟိုဘက်ခေတ်နဲ့ ဒီဘက်ခေတ်မှာ တော်တော်လေး ကွာခြားတာကို တွေ့ရတယ်။ ဗိုလ်ချုပ်တို့ခေတ်က ဖဆပလ ပါတီနဲ့ လက်ရှိ ဒီနေ့ မြန်မာပြည်မှာရှိနေတဲ့ နိုင်ငံရေးပါတီနဲ့ဆို အရမ်းကို ကွာခြားတယ်ပေါ့လေ။ ဖဆပလနဲ့ ခုနကပြောတဲ့ ဩဇာအရှိန်အဝါ ကြီးမားတယ်။ ခေါင်းဆောင်မှုကလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ ခေါင်းဆောင်တဲ့ ခေါင်းဆောင်မှုအောက်မှာ ရှိနေတယ်။ ဒီဘက်ခေတ်က ပါတီခေါင်းတွေကလည်း ပြည်သူ ကိုယ်စားယုံကြည်ရလောက်တဲ့ ခေါင်းဆောင်တွေ မတွေ့ရဘူး။ အရည်ချင်းရှိတဲ့ ခေါင်းဆောင် တော်တော်များများကလည်း ထောင်ထဲမှာရှိနေတယ်။ တချို့ ကလည်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် စိတ်မဝင်စားကြဘူး။ ဆိုတော့ ပါတီတွေက ဘာပဲပြောပြော အနည်းနဲ့အများ အားနည်းကြတာပဲ။ နောက်တချက်က တပြိုင်တည်းမှာပဲ နအဖ ကလည်း အဲဒီ အားနည်းတဲ့ပါတီကို ဆက်ပြီးတော့ တားဆီးပိတ်ပင်မှုတွေကလည်း တောက်လျှောက်လုပ်နေတာကိုး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့  မိန့်ခွန်းတွေဆိုရင် တချို့ နေရာတွေမှာ အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။ သူ့ရဲ့ ဖဆပလပါတီထဲမှာကိုပဲ အချောင်သမားတွေ နိုင်ငံရေးစားဖားတွေ ရှိနေတယ်လို့ ပြောခဲ့တယ်။ အဲဒီလူတွေကို အမတ်ရွေးတဲ့နေရာမှာ ဘယ်လိုမျိုး အမတ်စာရင်း ထဲကနေ ဖယ်ထုတ်ခဲ့တယ်ဆိုတာ တိတိကျကျ ပြောခဲ့တယ်။

ကိုထက်အောင် ။    ။ ဟုတ်တယ်ဗျ။ ဗိုလ်ချုပ်မိန့်ခွန်းတွေကို လေ့လာတဲ့ နေရာမှာ တော်တော်ကို ဘွင်းဘွင်း ရှင်းရှင်းပြောတဲ့ အပိုင်းတွေရှိတယ်ဗျ။ နောက်ထပ် ဆောင်းပါးတပုဒ်ဖြစ်တဲ့ “ယူတတ်မှ ရမယ်” ဆိုတဲ့ ဆောင်းပါးပေါ့ဗျာ။ ခေါင်းစဉ်က အားရှိသလို အထဲထဲမှာ လူထုကိုပေးတဲ့ သတင်းစကားကလည်း အင်မတန်မှ ရှင်းလင်း ပြတ်သားတယ်ဗျ။ အဲဒီမှာဆို သူက ဘာပြောလဲဆိုတော့ “ကျုပ်တို့ အားရှိမှ အခွင့်အရေး ရမယ်၊ အင်အားပိုရှိလေလေ အခွင့်အရေး ပိုရလေလေပဲ” လို့ ပြောခဲ့တယ်။ အဲဒီလိုပဲ ကျနော် စဉ်းစားကြည့်တယ်ပေါ့ဗျာ။ ကနေ့ခေတ် ပါတီတွေက မနေ့တနေ့ကမှ စပြီးတော့ ထူထောင်လာတယ်။ သေချာတာတခုကတော့ ပါတီတွေက အားလည်း မရှိဘူးဗျ။ နောက်တချက်က ဘာလဲဆိုတော့ ပါတီတွေရဲ့  သမိုင်း၊ ပါတီတွေက အသစ်တွေ ဖြစ်နေတဲ့ အခါကျတော့ သူတို့မှာ သမိုင်းကြောင်းလည်း ပြောစရာမရှိဘူးဗျ။ အဲဒီတော့ လူထုကို ခေါင်းဆောင်နိုင်ဖို့က လက်ရှိအနေထားမှာ ဒီပါတီတွေကို ခေါင်းဆောင်နေတဲ့ နိုင်ငံရေးသမားတွေ ခေါင်းဆောင်တွေရဲ့ အရည်အသွေးဟာ အရမ်း အရေးကြီးတယ်။ ဒီနေရာမှာလည်း ဗိုလ်ချုပ်တို့ခေတ်က ဖဆပလနဲ့တူတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတဲ့ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်းပဲ တရားမမျှတလို့ဆိုတဲ့ ဒီမိုကရေစီမဆန်တဲ့ ဖွဲ့စည်းပုံ အောက်မှာ ရွေးကောက်ပွဲ မဝင်နိုင်ဘူး ဆိုပြီးတော့ သပိတ်မှောက်လိုက်တယ်ဗျ။ အဲဒါကလည်း နိုင်ငံပါတီတွေကို အကြီးအကျယ် အားနည်းသွားစေတဲ့ အချက်တခု ဖြစ်တယ်ပေါ့ဗျာ။

ကိုဘကောင်း ။    ။ ဟုတ်ကဲ့။ ကိုကျော်စွာတို့ ကိုထက်အောင်တို့ ပြောသလိုပေါ့ဗျာ။ အခြေအနေကတော့ တော်တော်လေး ကွာဟတာပေါ့နော်။ နိုင်ငံရေးပါတီတွေ အားနည်းတယ်၊ နိုင်ငံရေးခေါင်းဆောင်မှုတွေ အားနည်းတယ်။ အဲသလို အားနည်းသလိုပဲ တဖက်မှာလည်း ဘယ်လို ကွာခြားသလဲဆိုတော့ နှိပ်ကွပ်မှုတွေက တော်တော်လေး ကွာခြားတယ်ဗျ။ ယခင် ဗိုလ်ချုပ်အောင်ဆန်း တို့ခေတ်မှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ နှိပ်ကွပ်တဲ့ အခြေအနေနဲ့ အခုအခြေအနေက ကိုထက်အောင်တို့ သိတဲ့အတိုင်းပဲ။ အတော်လေးကို မတူဘူး။ ခုခေတ်ကတော့ ကျနော်တို့ လူမျိုးဟာ အစိုးရတက်လုပ်နေတဲ့ အချိန်မှာပဲ နိုင်ငံရေးသမားတွေမှာ အပြင်းအထန် နှိပ်ကွပ်မှုတွေ ကြုံနေရတာပေါ့။ ဒါပေမယ့် တူညီတာတခုတော့ ရှိတယ်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်းတို့ကအစ ရွေးကောက်ပွဲတရပ် ကျင်းပတဲ့အခါမှာ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတရပ်ကို လိုချင်ခဲ့တယ်ဆိုတဲ့ အာသီသကို လွတ်လပ်ရေးမတိုင်ခင်မှာ ဒီလို ဆန္ဒမျိုးတွေ ရှိခဲ့တယ်ဗျ။ ဗိုလ်ချုပ်အောင်ဆန်း ဆိုလိုရှိရင် ဒုတိယ ကမ္ဘာစစ်အပြီး ရွေးကောက်ပွဲတရပ်လုပ်ဖို့ အတွက် ဗြိတိသျှအစိုးရကို တောင်းဆိုတဲ့နေရာမှာ ဘယ်လို ရွေးကောက်ပွဲမျိုးကို တောင်းဆိုခဲ့သလဲဆိုတော့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲကို အလိုရှိသည်။ နောက်ပြီးတော့ အဲဒီတုန်းက ရှိနေတဲ့ နိုင်ငံပေါင်းချုပ် အသင်းကြီးပေါ့ဗျာ။ နောက်ပိတ်ဆုံး ကုလသမဂ္ဂ ဖြစ်လာတဲ့ နိုင်ငံပေါင်းချုပ် အသင်းကြီးက ကိုယ်စားလှယ်တွေ အဲဒီရွေးကောက်ပွဲကို လာပြီး ကြီးကြပ်ပေးဖို့ ဆန္ဒရှိတယ်ဆိုတာ သူက အတိအလင်း ပြောခဲ့တာ ရှိတယ်ဗျ။ အဲဒါကတော့ ဒီကနေ့ခေတ်မှာ တောင်းဆိုချက်တွေနဲ့ တထပ်တည်းကျတဲ့ အသံဗျ။

ကိုကျော်စွာမိုး ။    ။ ကိုဘကောင်း ပြောတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာကလည်း လုံးဝဖြစ်လာမှာ မဟုတ်ဘူးလေ ဒါတွေက။ ဖဆပလခေတ်က ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီဘက်ခေတ်မှာ ပိုဆိုးနေတာပဲ။ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ကလည်း အပြည်ပြည်ဆိုင်ရာကနေ ဝင်ရောက်လာပြီးတော့ ကြည့်ရှုမယ် ဆိုတာတွေကို လက်မခံဘူးလို့ အတိအလင်း ပြောသွားပြီးပြီလေ။ ဆိုတော့ ဒါမျိုးတွေက ၁၉၄၇ လောက်မှာ ဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ကျနော်တို့က ပိုပြီးတော့ နိမ့်ကျတယ်လို့ ပြောလို့ရတယ်ဗျ။

ကိုထက်အောင် ။    ။ အင်္ဂလိပ် အုပ်ချုပ်မှုအောက်မှာ လုပ်ပေးတဲ့ ရွေးကောက်ပွဲထက်တောင်မှ အခု လက်ရှိ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲက စံချိန်စံနှုန်းအားဖြင့် နိမ့်ကျနေတယ်လို့ ပြောလို့ရတယ်ဗျ။ နောက်တချက်ကလည်း ရွေးကောက်ပွဲတိုင်းမှာ အခက်ခဲတွေ ရှိကြတာပဲ။ ကျနော် ဒီမှာတွေ့တယ်၊ ဗိုလ်ချုပ်တို့ ခေတ်တုန်းက တိုင်းပြုပြည်ပြု ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အခါကျတော့ ဖဆပလအဖွဲ့ကြီးက ဒီလောက် အင်အားကြီးတဲ့ အဖွဲ့ကြီးတောင်မှပဲ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ် ခန့်ထားရေးကိစ္စတွေ၊ နောက်တခုက ငွေကြေးကိစ္စတွေမှာ အခက်အခဲ တော်တော်များများ ရှိတယ်။ ဗိုလ်ချုပ်က ဒီမှာ ပွင့်ပွင့်လင်းလင်း ပြောထားတယ်ဗျ။ ကျနော်တို့မှာ ငွေတပြားမှ မရှိဘူး။ ကိုယ်စားလှယ်လောင်း လုပ်ချင်တဲ့လူက ကိုယ့်စရိတ်နဲ့ကိုယ် လုပ်ရမှာပဲလို့ ပြောထားတာရှိတယ်။ အဲဒီတုန်းက အခြေအနေနဲ့ အခုလက်ရှိ နိုင်ငံရေးပါတီတွေ ကြုံတွေ့နေရတဲ့ အခြေနေက သိပ်တော့မကွာဘူးဗျ။ ဆင်တူတယ်။ အခုလည်း ကျနော်တို့ ကြားနေတယ်။ နိုင်ငံရေးပါတီဟာ အခုမှ ထူထောင်စ ဖြစ်တယ်။ ငွေကြေးရန်ပုံငွေ အခက်အခဲ ရှိတယ်။ ကိုယ်စားလှယ်လောင်းတွေ အတွက်လည်း မဲဆွယ်စည်းရုံးရေးကာလ ရောက်လာတဲ့ အခါမှာ ငွေကြေးအခက်ခဲ ရှိတယ်။ ဒါပေမယ့် ကွာခြားတာ အချက်တခုတွေ့ရတယ်။ အဲဒါ ဘာလဲဆိုတော့ ဗိုလ်ချုပ် တို့ခေတ်တုန်းက ဒီလို အခက်ခဲတွေ ရှိနေပေမယ့် မငြီးတွားဘူးဗျ။ သူတို့မှာ အားမာန်အပြည့် ရှိတယ်။ သူတို့မှာ ယုံကြည်ချက် အပြည့်ရှိတယ်။ ဒီနေ့ခေတ် နိုင်ငံရေး ခေါင်းဆောင်တွေက ဒီအခက်ခဲတွေကို ငြီးတွားတယ်ဗျ။ ပြီးတော့ အဲလိုငြီးတွားတဲ့ ဟာတွေရဲ့ ရလဒ်က ဘာလဲဆိုတော့ ပြည်သူလူထုက ယုံယုံကြည်ကြည်နဲ့ သူတို့ကိုထောက်ခံဖို့ အတွက်ကလည်း အားနည်းသွားစေတယ်။ ဒါက ဒီနေ့ခေတ် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့  လိုအပ်ချက်တခုပေါ့ဗျာ။ အခက်ခဲတော့ ရှိတာပေါ့။ ဒါပေမယ့် ဒါကို ရှေ့တန်းတင်နေလို့ မဖြစ်ဘူး၊ နိုင်ငံရေး အခြေအနေက။

ကိုဘကောင်း ။    ။ ဒါပေမယ့် ယခင်က ပြည်သူလူထုက ရွေးကောက်ပွဲဆိုရင် အပြောင်းလဲတရပ်လို့ မြင်တယ်။ ယနေ့ခေတ် ကျနော်တို့ ပြည်သူလူထုကနေပြီးတော့ အခုကျင်းပမယ့် ရွေးကောက်ပွဲကို အပြောင်းအလဲလို့  ထင်သလား၊ မထင်သလားဆိုတာ တော်တော် စကားပြောမယ်ဗျ။ မတူညီတာတွေကတော့ အများကြီးပေါ့ဗျာ။ ဒါပေမယ့် တူညီတာတခုကတော့ အဲဒီခေတ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းတို့ လိုလားခဲ့တဲ့ ဒီမိုကရေစီ စံနှုန်းတွေဟာ အခုချိန်အထိ တောင်းဆိုနေဆဲဆိုတဲ့ အချက်က တူညီတယ်ခင်ဗျ။  ဗိုလ်ချုပ်အောင်ဆန်း ဆိုလို့ရှိရင် ၁၉၄၆-၄၇ တုန်းက စစ်ဝါဒတွေ ဖက်ဆစ်ဝါဒတွေ၊ အဲဒီ ဝါဒတွေ ကြီးစိုးနေသရွေ့  မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရမှာ မဟုတ်ဘူး။ ဒီမိုကရေစီဝါဒ ထွန်းကားမှသာလျင် လွတ်လပ်ရေးရမယ်ဆိုပြီး အဲဒီလို ကြွေးကြော်ခဲ့ကြတယ်ဗျ။ အဲဒါတွေက တူညီတဲ့ အချက်ပေါ့ဗျ။

ကိုထက်အောင် ။    ။ ကိုဘကောင်း ပြောတာလည်း မှန်ပါတယ်။ လွတ်လပ်ရေး ခေါင်းဆောင်ကြီးတွေ တောင့်တခဲ့တဲ့ ဒီမိုကရေစီပေါ့နော်။ နောက်တချက်က အဲဒီအချိန် အဲဒီအခါက မြန်မာပြည်သူလူထု တောင့်တခဲ့တဲ့ ဒီမိုကရေစီဟာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ ကျော်လာခဲ့တဲ့ အထိပေါ့ဗျာ။ မရသေးဘူးလို့ ကျနော်တို့ ပြောလို့ရတယ်။ ဒီနေရာမှာ နောက်တခုက လွတ်လပ်ရေးပဲဖြစ်ဖြစ် ဒီမိုကရေစီပဲဖြစ်ဖြစ် ဗိုလ်ချုပ်က ပြောခဲ့တာ ရှိတယ်။ ဒါတွေက တောင်းယူလို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူးဆိုတဲ့ ဟာမျိုးတွေ ပြောခဲ့တာရှိတယ်။ ဒီနေ့ ရွေးကောက်ပွဲကို ဝင်မယ့် နိုင်ငံရေး ပါတီတွေက လက်ရှိ စစ်အစိုးရက ခင်းပေးသလောက် လမ်းလေးကနေပြီးတော့ လျှောက်တဲ့ သဘောပဲ။ ဒါပေမယ့် အဲဒီလို လျှောက်တဲ့နေရာမှာ အစိုးရက ဒီလမ်းကို ရှေ့ တိုးလေ ကျဉ်းလေ၊ ရှေ့တိုးလေ ကျဉ်းလေ ဖြစ်အောင် လုပ်ထားတယ်ဗျ။ အဲဒီလို ကျဉ်းကျဉ်းလာတဲ့ လမ်းပေါ်မှာ လျှောက်နေတဲ့ နိုင်ငံရေးပါတီတွေက ဒီလမ်းကို ဘယ်လို ပြန်ချဲ့ ထုတ်မလဲဆိုတာ လုပ်ဖို့တော့ လိုတယ်ဗျ။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ သူတို့ ရှိစုမဲ့စု မျှော်မှန်းထားတဲ့ ဒီမိုကရေစီ တမတ်သားပဲရရ တပဲသားပဲရရ လွှတ်တော်ထဲကနေ တဖြည်းဖြည်း ပြောင်းယူမယ်ဆိုပြီးတော့ မျှော်လင့်ချက်ကလည်း မှိန်လာစရာ အကြောင်းရှိသလို၊ လူထုကို မျှော်လင့်ချက်ပေးမယ်ဆိုလည်း ဒီမျှော်လင့်ချက် တွေက လေထဲ တိုက်အိမ်ဆောက်တဲ့ မျှော်လင့်ချက် တွေပဲဖြစ်တယ်။

ကိုကျော်စွာမိုး ။    ။ ကိုထက်အောင်နဲ့ ကိုဘကောင်းရေ၊ နောက်ဆုံးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို အနှစ်ချုပ်ကြည့်မယ်ဆိုရင် ညီညွတ်ရေးပဲ ပြောသွားတာ တွေ့ရတယ်ဗျ။ အခုအချိန်မှာလည်း မြန်မာပြည် နိုင်ငံရေးကို ကြည့်မယ်ဆိုရင် ညီညွတ်ရေးကိစ္စဟာ တကယ့် အရေးကြီးတဲ့ကိစ္စတရပ် ဖြစ်နေဆဲပဲဆိုတာ ကျနော်တို့ တွေ့ရတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတခုဖြစ်တဲ့ လူထုကို တပတ်မရိုက်နဲ့ ဆိုတဲ့ မိန့်ခွန်းထဲက စာသားလေးတပိုဒ်ကို ကျနော် ကိုးကားပြီး ပြောချင်တယ်ဗျ။ ဗိုလ်ချုပ်အောင်ဆန်းက ဘာပြောသလဲဆိုတော့ “ကျားနဲ့ ရင်ဆိုင် တွေ့ခဲ့ရတဲ့ အခါမျိုးတွင် တဦးကိုတဦး စိတ်ကောက်ပြီး ထိုင်နေလို့ မဖြစ်သကဲ့သို့ ဗမာ့သေရေး ရှင်ရေးကြီးနှင့် ရင်ဆိုင်ကြုံတွေ့သည့် အခါတွင်လည်း မကျေနပ်မှု အသေးဖွဲလေးတွေကို ရိုးမယ်ဖွဲ့၍ မနေကြနှင့်” ဆိုပြီးတော့ ပြောကြားခဲ့တယ်ဗျ။ အဲဒီ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၄ နှစ်လောက်က ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကားလေးက လက်ရှိမြန်မာပြည် နိုင်ငံရေးအခြေအနေကို ထင်ဟပ်နေတုန်းပဲ ဆိုတာကို တွေ့နေရတယ်ဗျ။

 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်