ဧရာဝတီက RFA စကားဝိုင်း (သြဂုတ် ၅၊ ၂၀၁၀)

{play}images/stories/podcasts/rfa.08.05.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{wd file=images/stories/podcasts/rfa.08.05.10.mp3 name='အသံဖိုင်ရယူရန်'}
လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယို ပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။

အခုတပတ်မှာ စစ်အစိုးရဗိုလ်ချုပ်များ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ရွေးကောက်ပွဲ မဲဆွယ်ကာလနဲ့ ရွေးကောက်ပွဲ နေ့တွင် ၎င်းတို့ပါတီ အပြတ်အသတ် အနိုင်ရရှိရေး အတွက် ဥပဒေချိုးဖောက်မှုတွေကျူးလွန်နေတဲ့ လူဆိုးလူမိုက်တွေ၊ ဥပဒေနဲ့မကင်းတဲ့လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေအပါအ၀င် နည်းလမ်းပေါင်းစုံသုံးပြီး ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို လွှမ်းမိုးချုပ်ကိုင်မဲ့အစီအစဉ်တွေကို ဧရာဝတီမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ ဧရာ ဝတီ ရွေးကောက်ပွဲစာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ ရွေးကောက်ပွဲသတင်းတွေကို ရေးသားနေတဲ့ သုတေသန၏ လုပ်နေတဲ့ ကိုခက်ထန်တို့က ဆွေးနွေးထားပြီး RFA က သြဂုတ်လ ၄ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။

ကိုကျော်စွာမိုး။     ။ ဧရာဝတီစကားဝိုင်းမှ ကြိုဆိုပါတယ်။ ကျနော်ကကျော်စွာမိုးပါ။ ကျနော်နဲ့အတူ ဒီတပတ်ဝင်ရောက် ဆွေးနွေး မယ့် သူတွေကတော့ ကျနော်တို့ရဲ့ ရွေးကောက်ပွဲစာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ ရွေးကောက်ပွဲ သတင်းတွေကို ရေးသားနေတဲ့ ကိုခက်ထန်တို့ ဝင်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကိုထက်အောင်နဲ ကိုခက်ထန်ရေ့ ဗမာပြည်ရွေးကောက်ပွဲကတော့ ဘယ်နေ့လုပ်မယ်ဆိုတာမသိသေးဘူးပေါ့ဗျာ။ ခင်ဗျားတို့ အားလုံးသိကြတဲ့အတိုင်းပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတစ်ယောက်ကလွဲလို့ ဘယ်သူမှ သိမယ်မထင်ဘူးပေါ့လေ။ ဒါပေမယ့် ကျနော် တို့ အဲ့ဒီနေ့မှာ မဲဆန္ဒရှင်တွေက မဲရုံးကိုသွားမယ့်နေ့မှာ ဘယ်လိုမျိုးမြင်ကွင်းတွေ ကျနော်တို့ မြင်ရနိုင်သလဲဆိုတာ အခုကတည်းက နေ ပုံဖေါ်ကြည့်ရအောင်လားဗျာ။

ကိုထက်အောင် ။     ။ ကောင်းတာပေါ့ဗျာ။

ကိုကျော်စွာမိုး ။     ။ ဒါဆိုရင် ကိုထက်အောင်ရေ။ ခင်ဗျာအဲ့နေ့မှာဗျာ ဘယ်လိုမျိုးမြင်ကွင်းတွေကို မှန်းဆကြည့်လည်းဗျ။

ကိုထက်အောင်။     ။ ကျနော် မှန်းဆကြည့်တာတော့ ရွေးကောက်ပွဲနေ့ မနက်စောစောပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ မဲရုံ တွေက မနက် ၆ နာရီစဖွင့်မယ်လို့ မျှော်လင့်ရတယ်။ ဆိုတော့ အဲ့အချိန်မှာ ရပ်ကွက်တိုင်း ကျေးရွာတိုင်းကျေးရွာတိုင်မှာ အသံချဲ့ စက်ကနေ ပျံ့လွှင့်လာတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ဂုဏ်ပြုသီချင်းကို မဲဆန္ဒရှင်တွေ အားလုံးကြားနေရပါလိမ့်မယ်။ အဲဒီအချိန်မှာပဲ ကြံ့ဖွံ့ပါတီက ရပ်ကွက်တိုင်း ကျေးရွာတိုင်းမှာ အသင့်ဖွဲ့ထားတဲ့ ဆော်ဩရေးအဖွဲ့တွေက ရပ်ကွက်တွေထဲ ရွာတွေထဲ ကို ဝင်ပြီးတော့ မဲဆန္ဒရှင်တွေကို မဲရုံးကိုသွားပြီး မဲပေးဖို့အတွက်ကို စုဆောင်းကြပါလိမ့်မယ်။ ဒီလိုမဲဆန္ဒရှင်တွေကို စုဆောင်းပြီးတဲ့ အချိန်မှာ အစိမ်းရောင်ကြံ့ဖွံ့အလံကြီးကိုထောင်ပြီးတော့ အသင့်စောင့်စားနေတဲ့ အိုးစည်ဗုံမောင်းတွေ အကတွေနဲ့အတူ မဲရုံကို ချီတက်ပြီ မဲပေးကြပါစို့ ဆိုပြီးတော့ သူတို့လှုပ်ရှားမှုတွေကို ကျနော်တို့ တွေရလိမ့်မယ်လို့ ခန့်မှန်းရတယ်ပေါ့ဗျာ။

ကိုကျော်စွာမိုး ။     ။ အင်း...ကိုထက်အောင် စိတ်ဝင်စားစရာပဲဗျာ။ ခင်ဗျားကတော့ ကြံ့ဖွံ့ကနေပြီးတော့ ရွေးကောက်ပွဲကို အုပ်စီးထားမယ့်သဘောကို ဆိုလိုတာထင်တယ်နော်။ ကျနော်မြင်တာတော့ ဒါတွေမကဘူးပေါ့ဗျာ။ မဲရုံးသွားတဲ့အခါမှာ မဲရုံးကို ဘယ်လိုသွားမလဲဆိုတာ လိုတာကိုး။ ရန်ကုန်မြို့မှာမကပဲနဲ့ တခြားမြို့တွေအားလုံး ကျေးရွာတွေ အားလုံးမှာ လည်း မဲဆန္ဒရှင်တွေ မဲရုံးကိုသွားတဲ့အခါမှာ  မော်တော်ကား တင်မကပဲနဲ့ဟုတ်လား ဆိုက်ကားတွေ မြင်းလှည်းတွေ နွားလှည်းတွေ ထော်လာဂျီပေါ့ဗျာ။ အဲဒါတွေအားလုံးကို အသုံးပြုပြီးတော့ မဲရုံးကိုသွားကြလိမ့်မယ့်လို့ထင်တယ်ဗျ။ အဲဒီအထဲမှာ သက်ကြီးရွယ်အိုတွေလည်း ပါလိမ့် မယ်။ ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့သူတွေလည်း ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေပေါ့လေ ဗိုက်ကြီးသည်ပါမကျန် ပေါ့ဗျာ။ ဆိုတော့ အားလုံးဟာထော်လာဂျီတွေ နွားလှည်းတွေနဲ့ ရွာတွေမှာ ဆိုပေါ့ဗျာ။ အဲ့လိုမျိုးနဲ့ တကယ့်ကိုပဲ မဲရုံးကို တက်ညီ လက်ညီ စုစုဝေးဝေးနဲ့သွားပြီးတော့ မဲပေးနေတာတွေ မြင်ရလိမ့်မယ်ဗျ။

ကိုခက်ထန်။      ။ ဒါတင်မကသေးဘူး ကိုကျော်စွာနဲ့ ကိုထက်အောင်ရေ့။ အဲ့ဒီမဲပေးရမဲ့ မဲရုံးနားမှာ တခါ မဏ္ဍပ်ကြီးတွေ ထိုးထား ဦးမယ်။ မဏ္ဍပ်ထဲမှာ ထိုင်ခုံတွေ ဖျာတွေနဲ့ နောက်တစ်ခါရောက်လာတဲ့လူတွေ အပန်းဖြေလို့ရအောင် သောက်ရေသန့်၊ လက်ဖက် သုပ်၊ အချိုရေတို့ကိုလည်း ထားပေးဦးမယ်ဗျ။ ပြီးတော့ ခုနကကိုကျော်စွာပြောသလို သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ပါလာတဲ့အတွက် မူးမော်ပျောက်ဆေးတို့၊ ရှူဆေးတို့၊ ဒဏ်ကြေလိမ်းဆေးတို့လည်း ထားပေးဦးမှာခင်ဗျ။

ကိုထက်အောင်။     ။ ဟာ...ဒါဆိုရင်တော့ဗျာ။ စီးပွားရေးသမားတွေအတွက်ကတော့ ဂွင်ပဲဗျ။ စပွန်ဆာ ပေးဖို့အတွက် အပြိုင်အဆိုင် ကြိုးစားကြမှာပဲ ဟုတ်လား။ ဒဏ်ကြေဆေးလိမ်းဆေးကို ဘယ်သူက စပွန်ဆာပေးမယ်။ သောက်ရေသန့်ကို ဘယ်သူက စပွန်ဆာ ပေးမယ်ဆိုတဲ့ဟာတွေကလည်း ဖြစ်လာဦးမယ်ထင်တယ်။

ကိုကျော်စွာမိုး ။     ။ ကိုထက်အောင်နဲ့ ကိုခက်ထန်ရေ့ အခုလောက်ဆိုရင်တော့ ကျနော်တို့ရဲ့သော်တရှင်တွေကတော့ ဝေဝေဝါးဝါး ဖြစ်နေလောက်ပြီးထင်တယ်။ ဒါမှမဟုတ်လည်း ကျနော်တို့တတွေပြောနေတာတွေဟာ စိတ်ကူးရင်ပြီးတော့ပေါ့လေ လျှောက်ပြောနေသလို ထင်ကောင်းထင်လောက်ပြီဗျ။ ဒါပေမယ့် ကျနော်တို့ ခုနကပြောနေတဲ့ဟာတွေအားလုံးဟာ စိတ်ကူးရင်တွေ မဟုတ်ပဲနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ပညာရေးဌာနကြီးကနေပြီးတော့ သူ့ရဲ့ပါတီဝင်တွေအတွက် ထုတ်ထားတဲ့   ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းစဉ်တွေထဲက အချက်တချို့ပဲဗျ။ ကိုထက်အောင်ပြောသွားတဲ့ အပိုင်းဆိုရင် ဒီစာတန်းထဲမှာ ပါတဲ့ ဆော်ဩရေးဆိုတဲ့ ခေါင်းစဉ်တပ်ထားတဲ့အပိုင်းကပေါ့လေ ကျနော်ပြောသွာတဲ့ အပိုင်းဆိုလည်းပဲ   မဲဆန္ဒရှင်တွေကို သယ်ယူ ပို့ဆောင်ရေးဆိုတဲ့ အခန်းကဏ္ဍမှာရေးထားတဲ့ အချက်အလက်တွေပေါ့ဗျာ။ နောက်ပြီးတော့ ကိုခက်ထန်ပြောသွားတဲ့ အချက်ဆို ရင်လည်း ဧည့်ခံမဏ္ဍပ်နဲ့ ကျွေးမွေးရေးအဖွဲ့ဆိုတဲ့ အခန်းကဏ္ဍဟာတွေ အားလုံးကိုထုတ်ပြောသွားတာကိုး။ ဆိုတော့ ဒီညွှန်ကြား လွှာဆို စာမျက်နှာ ၁၀ မျက်နှာရှိတယ်ခင်ဗျာ။ ခင်ဗျားတို့သိပြီးတဲ့အတိုင်းပဲ ဒီလောက်ထိ ကြံ့ခိုင်ဖွံ့ရေးကနေပြီးတော့ အသေးစိပ် မဲဆွယ်စည်းရုံးရေးတွေ အောင်နိုင်ရေးတွေ လုပ်နေတယ်ဆိုတာကော ကျနော်တို့ ဗမာပြည်သူတွေက သိချင်မှ သိလိမ့်မယ်ဗျ။ ဆိုတော့ဗျာ။ သူတို့ရဲ့ ၁၀ မျက်နှာပါတဲ့ညွှန်ကြားချက်ထဲမှာတော့ အသေးစိတ်အားလုံးကို ညွှန်ကြားထားတာပေါ့လေ စိတ်ဝင်စားဖို့ ကောင်းတာက အဲ့လောက်အထိ ရွေးကောက်ပွဲအောင်နိုင်ရေးကိုလုပ်နေတာက သူတို့မှာ ပါတီအဖွဲ့ဝင် စုဆောင်းရေးတို့ ဘာတို့က အဓိကကျတော့ပေါ့ဗျာ။ ကိုခက်ထန်ရေ ဒီနေ့မနက်ပဲ ကျနော်တို့ကြားထားတာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးကနေပြီးတော့ ပါတီအဖွဲ့ဝင် တွေကို သဲကြီးမဲကြီးစုဆောင်းနေတယ်လို့ သိရတယ်ဗျာ။ ဒီထဲက အချက်အလက်တွေနဲ့ အပြင်မှာ တကယ်ဖြစ်နေတဲ့ အချက် အလက်တွေ နောက်ဆုံးခင်ဗျားဘာတွေများသိထားတာတွေရှိသလဲ။

ကိုခက်ထန်။     ။ ဟုတ်ကဲ့ကိုကျော်စွာရေ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပါတီဝင်တွေစုဆောင်းတဲ့နေရာမှာ လမ်းကြောင်း သုံးခု ကိုမြင်မိတယ်ဗျ။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဝင်ဟောင်းဖြစ်တဲ့ ဝန်ထမ်းတွေကတော့ သူတို့ပါတီမှာ အရံအင်အားစု ဖြစ်နိုင်တယ်ပေါ့ဗျာ။ နောက်တစ်ခုကကျတော့ စိတ်ဝင်စားစရာကောင်းတာက ဒီကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေကို ကိုယ်ကျိုးအတွက် လိုလိုလားလားဝင်တဲ့လူတွေ ရှိတယ်။ ဥပမာဆိုလို့ရှိရင် ချဲဒိုင်တွေ အနှိပ်ခန်းလိုဟာမျိုးတွေ ဘောလုံးလောင်းကစားဒိုင်လိုဟာမျိုး တွေပေါ့ဗျာ။

ကိုကျော်စွာမိုး။     ။ ဒါဆိုရင်တော့ ကိုခက်ထန်ရေ ဒါတွေက ၁၉၉၃ ခုနှစ် ကြံ့ဖွံ့အသင်း စပြီးဖွဲ့တုန်းကထဲက စည်းရုံးခဲ့တဲ့ပုံစံတွေ ပေါ့ဗျာ။ အဲ့ဒီတုန်းကလည်း တရားမ၀င်စီးပွားရေးလုပ်နေတဲ့ နှစ်လုံးထီပိုင်ရှင်တွေ လောင်းကစားသမားတွေကို စည်းရုံးတာလည်း အဲ့ဒီလိုပဲလေ။   

ကိုခက်ထန်။     ။ နောက်ဆုံးတစ်ခုကျတော့ မသိနားမလည်တဲ့လူတွေကို တဖက်လှည့်နဲ့သူတို့ဟာသူတို့ ထည့်ထား တာပေါ့။ ဥပမာ ခရီးထွက်နေတဲ့သူတွေ ဧည့်စာရင်းလာတိုင်တဲ့အခါမှာ ထည့်လိုက်တာတွေဆိုပြီးတော့ အဲ့လိုမျိုး လမ်းကြောင်း သုံးခုကို ကျနော်တွေ့ရတယ်ဗျ။

ကိုထက်အောင်။     ။ ကိုခက်ထန်ပြောတဲ့ အုပ်စုသုံးခုထဲမှာ ဒုတိယ အုပ်စုက စိတ်ဝင်စားဖို့ကောင်းတယ်။ ဘာဖြစ်လို့လဲဆို တော့ ခုတလော သတင်းတွေမှာ ခက်စိပ်စိပ် ကြားနေရတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့စည်ရုံးရေးဆင်းနေတဲ့ ပစ်မှတ်တွေက ဥပဒေနဲ့ မလွတ်ကင်းတဲ့ပေါ့ဗျာ၊ ချဲဒိုင်တို့ အရက်ပုံးရောင်းတဲ့သူတို့ အနှိပ်ခန်းတို့ ကာလာအိုကေဘားတို့ ရပ်စတော်ရန့်တို့  အဲဒါမျိုး တွေကို ပစ်မှတ်ထားပြီး စည်ရုံးနေတယ်ဆိုတဲ့ဟာတွေ ကျနော်တို့ ကြားရတယ်။

ကိုကျော်စွာမိုး။     ။ ဒီမှာဗျာ ပညာရေးဌာနကြီးက ထုတ်ထားတဲ့ ညွှန်ကြားချက် ၁၀ မျက်နှာ မှာဆိုရင် အတိကျဘာပြော ထားလည်းဆိုတော့ သူတို့ရဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေးအဖွဲ့ကနေပြီးတော့ တစ်အိမ်တစ်တက် ဆင်းပြီးတော့ ရပ်ကွက်ထဲက အများကဝိုင်းပယ်ခြင်းခံထားရတဲ့ လူဆိုးလူမိုက် စာရင်းဝင်တွေကိုပါ စည်းရုံးရမယ်လို့ ပြောထားတယ်ဗျ။ အဲ့ဒီထဲမှာ သူတို့က ထက်ပြီးရှင်းပြထားတယ်။ အဲ့ဒီလို လူဆိုးလူမိုက်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက မစည်းရုံးနိုင်ရင် တခြားပါတီက ချည်းကပ်ပြီးတော့ လူဆိုးလူမိုက်တွေကိုအသုံးချပြီးတော့ ကြံ့ဖွံ့ကိုပြန်ပြီးတော့ ဆန့်ကျင်ဘက်တွေ လုပ်မှာတွေ မိုက်ကြေးခွဲတာတွေ အနိုင်ကျင့်တာ တွေ လုပ်လာနိုင်တယ်ပေါ့လေ။ ဆိုတော့ အဲဒီအတွက်ပဲသူတို့က လူဆိုးလူမိုက်တွေကို စည်းရုံးထားရမယ်ပေါ့ဗျာ။ အဲလိုမျိုး အဖြစ်မခံရအောင် သူတို့ပါတီက လူတွေကို မိုက်ကြေးမခွဲအောင် အနိုင်မကျင့်အောင်ပေါ့လေ။ တော်တော်လေးတော့ကောင်းတဲ့ စာသားပဲဗျ။ သူတို့က အနိုင်ကျင့်ခံရမှာစိုးလို့ပဲ လူဆိုးလူမိုက်တွေကို စည်းရုံးရသလိုလိုပေါ့ဗျာ။

ကိုခက်ထန်။     ။ ကိုကျော်စွာရေ လူဆိုးလူမိုက်တွေတင်မကဘူးဗျ၊ သူတို့က လူတန်းစားပေါင်းစုံကို ချည်းကပ်စည်းရုံးဖို့ ညွှန်ကြားလွှာထဲမှာ ထည့်ထားတယ်ဗျ။ ကျေးရွာတွေ ရပ်ကွက်တွေထဲမှာ အများပြည်သူက ကြည်ညိုလေးစားတဲ့သူ သြဇာညောင်း တဲ့သူ၊ ဒါ့အပြင် ကျန်းမာရေးကောင်းရမယ်ဆိုတာလဲ ပါသေးတယ်ဗျ။ နောက်တခါ ပါတီအပေါ်မှာ ဆန့်ကျင်ပြီးတော့ အမြင်မကြည် လင်တဲ့သူတွေကိုလည်း ချည်းကပ်စည်းရုံးရမယ်လို့ ညွှန်ကြားလွှာထဲမှာ ဖော်ပြထားတယ်ဗျ။ 

ကိုထက်အောင်။     ။ မကြာသေးခင်ကပဲ ကျနော်တို့လက်ခံရရှိထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ဖွဲ့စည်းပုံ စည်းမျဉ်းဆိုရင် ဖတ်ကြည့်လိုက်တော့ အားလုံးဟာ ညွှန့်နေတာပဲဗျ။ ကောင်းပေ့တွေပဲ။ ခုနကကျနော်တို့ ဆွေးနွေးသွားတဲ့ လူဆိုးလူမိုက်တွေကို စည်းရုံးရမယ်တို့။ ဥပဒေနဲ့ မလွတ်ကင်းတဲ့ စီးပွားရေးနဲ့ အသက်မွေးနေတဲ့လူတွေကို ပါတီဝင်အဖြစ်နဲ့ အတင်းအဓမ္မ သွတ်သွင်းတဲ့ ကိစ္စတို့ ဒါတွေက ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ ပြန်ကိုက်ကြည့်မယ်ဆိုရင် အဲ့ဒီမှာ ပါတီဝင်များလိုက်နာရမယ့် စည်းကမ်းဆိုတဲ့ ထဲမှာ ဘာပြောထားလဲဆို “နိုင်ငံတော်က ပြဌာန်းထားသည့် ဥပဒေများနှင့် ပါတီ၏စည်းကမ်းများနှင့် တိကျစွာလိုက်နာရမည်။” ဆိုတော့ ဒီမှာ နိုင်ငံတော်မှ ပြဌာန်းထားတဲ့ ဥပဒေများဆိုတဲ့ စကားရပ် ပါတယ်ဗျာ။ နောက်တစ်ချက်ပါတီဝင်တစ်ဦးက တရားဥပဒေနှင့် ပါတီစည်းကမ်းကို ချိုးဖောက်နေကြောင်းသိရှိရင် ချက်ချင်းပါတီ အထက်အဆင့်ဆင့်ကို အကြောင်းကြားရမယ်ဆိုတော့ ဒါက သူတို့က တရားဥပဒေကို ချိုးဖောက်နေတဲ့သူ၊ တရားဥပဒေပြင်ပမှာ ရောက်နေတဲ့ စီးပွားရှာနေတဲ့သူကို ပါတီဝင်အဖြစ်နဲ့ မစည်းရုံးသင့်ဘူး။ ဒါပါတီရဲ့စည်းကမ်းအရမညီဘူးဆိုတဲ့ ဟာကိုတော့ သူက constitution ထဲမှာပြောထားတယ်ဗျ။ ဒါပေမယ့် လက်တွေ့ကတော့ တခြားစီပဲ။

ကိုကျော်စွာမိုး။     ။ ကြံ့ဖွံ့ရဲ့ဖွဲ့စည်းပုံစည်းမျဉ်းအရကော ကျနော်တို့ရထားတဲ့ တခြားကြံ့ဖွံ့ရဲ့ မဲဆွယ်စည်းရုံးရေး အစီအစဉ် အရဆိုရင်တော့ အားလုံးကတော့ ကောင်းနေတာပဲဗျာ။ ရေးထားတာတွေရော။ အားလုံးက တရားဥပဒေအရ လုပ်ရမယ်။ ဒီမိုကရေ စီကျင့်ထုံးအတိုင်း လုပ်ရမယ် သူများတွေကိုသွားပြီးတော့ အနိုင်ကျင့်တာမျိုးမလုပ်ရဘူး။ ဒါမျိုးတွေ အများကြီးပြောထားတယ် ပေါ့လေ။ ဒီနေရာမှာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အချက်တချက်ကဗျာ၊ ယုံကြည်စိတ်ချလွန်ကဲမှု (Over Confidence) မဖြစ် ရေးဆိုပြီးတော့ အဲ့ဒီစာတမ်းမှာတွေ့ရတယ်ဗျာ၊ သဘောကတော့ အောက်ခြေပါတီဝင်တွေဟာ လာမယ့်ရွေးကောက်ပွဲမှာ သူတို့ ပါတီကပဲ မဲအများဆုံးရရှိပြီး အကြီးအကျယ်အောင်မြင်လိမ့်မယ်လို့ ထင်မြင်ယူဆထားတယ်ပေါ့လေ။ ဒါမျိုး ယုံကြည်စိတ်ချ လွန်ကဲမှု မဖြစ်စေဖို့ကိုလည်း ညွှန်ကြားထားတယ်ပေါ့လေ အသေးစိတ်ကို။ ဒါလေးက တကယ်တော့ ပြောမယ်ဆိုရင် သူတို့ရဲ့ အား နည်းချက်ကို သူတို့ဖာသာ ရှာပြီးတော့ ထောက်ပြထားတဲ့သဘောဗျ။  

ကိုခက်ထန် ။     ။ အဲဒီတော့ အခုလက်တလောမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ လှုပ်ရှားနေတာတွေနဲ့ သူတို့စာရွက် ပေါ်မှာပြထားတဲ့ စည်းမျဉ်းစည်းကမ်းတွေက ဆန့်ကျင်နေတာပေါ့ဗျာ။ မညီမညွတ်ဖြစ်နေတာကို တွေ့နေရတယ်ဗျ။

ကိုထက်အောင်။     ။ ဟုတ်တယ်ဗျ။ ဒီထဲမှာ ခုနက ကိုခက်ထန်ပြောသွားတာ နည်းနည်းတော့ပါတယ်ဗျ။ ရယက ဥက္ကဋ္ဌတွေက ဧည့်စာရင်းလာတိုင်တဲ့အခါမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်မှ ဧည့်စာရင်းပေးမယ်ဆိုတဲ့ ကိစ္စကတော့ ရွေးကောက်ပွဲ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ် ဆိုတဲ့ဟာကိုတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲဥပဒေအရ ဆိုရင် ရယကဥက္ကဋ္ဌ ဆိုတဲ့ဟာ အစိုးရလို့ပြောလို့ရတယ်။ ဆိုတော့ အစိုးရက နိုင်ငံရေးပါတီ တစ်ခုရဲ့ပါတီဝင် စည်းရုံးရေးကိစ္စမှာ သူတို့က လိုက်ပြီးလုပ်ပေးနေတယ်ဆိုတဲ့ဟာက ဒါက ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပေါ့ဗျာ။

ကိုကျော်စွာမိုး။     ။ ဒီနေရာမှာဗျာ ကိုခက်ထန်နဲ့ ကိုထက်အောင်ရေ ကြံဖွံရဲ့ ဒီစာတမ်းထဲမှာဘဲ ကျွန်တော်တခု စိတ်ဝင်စားစရာ သွားတွေ့တယ်ဗျ။ အဲဒါကတော့ ၁၉၉၀ ပြည့်တုန်းက NLD ရွေးကောက်ပွဲနိုင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူတို့ပြောထားတာပေါ့လေ။ အတိအကျကို ပြောရမယ် ဆိုရင်ဗျာ၊ သူက “၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲရုံမှူးများ၏  ဘက်လိုက်ဆောင်ရွက်မှုများကြောင့် NLD ပါတီအများစု အနိုင်ရ သွားသည့် ဖြစ်စဉ်ပေါ် သင်ခန်းစာယူပြီး ယခုရွေးကောက်ပွဲ၌ ယင်းကဲ့သို့ မသမာမှုများ မလုပ်နိုင်အောင် ထိန်းသိမ်းကာကွယ်ရမယ်” တဲ့ဗျာ။ ဆိုတော့ ၁၉၉၀ တုန်းက NLD ရွေးကောက်ပွဲနိုင်တာက မဲရုံမှူးတွေက နေပြီးတော့ ဘက်လိုက် ပြီး အဲလိုမျိုး မဟုတ်တယုတ်တွေလုပ်ပြီးတော့ တရားမမျှမတလုပ်ပြီးတော့ နိုင်သွားတဲ့ သဘောမျိုးကို သူကပြောထားတယ်။  သူရဲ့ မဲဆွယ်စည်းရုံးရေးလုပ်မဲ့သူတွေကို ဒီလိုမျိုးတွေကို ကြိုတင်ကာကွယ်ဖို့နဲ့ ဒါမျိုး တွေကို စောင့်ကြည့်ဖို့ ဆိုတာမျိုး ပြောသွားတယ်။ 

ကိုထက်အောင်။     ။ စောင့်ကြည့်ဖို့ဆိုတာလဲ ကျနော်တွေ့တာ မဲရုံတွေမှာ သူတို့ရဲ့မဲရုံကိုယ်စားလှယ်ဆိုပြီးတော့ နှစ်ယောက်ထား မယ်ဗျာ။ နောက် မဲရုံအပြင်ဘက်မှာလဲ စောင့်ကြည့်တဲ့ အဖွဲ့ဆိုပြီးတော့ သက်သက်ဖွဲ့ထားတယ်။ ဒီအဖွဲ့နှစ်ဖွဲ့က သူတို့က  အပြန်အလှန်ပူးပေါင်းပြီးတော့ မဲရုံထဲမှာဘာဖြစ်နေလဲ အပြင်ကိုသတင်းပို့ အပြင်ကနေချက်ချင်း သူတို့အထက်ကိုသတင်းပို့ အဲဒီ အပြင်ကိုဗျာ ကင်မရာတို့ ဗီဒီယိုတို့ ဒါတွေနဲ့ မဲရုံတ၀ိုက်မှာ ဖြစ်နေတဲ့ဟာတွေ အကုန်လုံးကို သူတို့က မှတ်တမ်းတင်ပြီးတော့ ရိုက်ယူမယ်ဆိုတဲ့ ဟာမျိုးတွေတောင် သူတို့က စီစဉ်ထားတယ်ဗျ။

ကိုခက်ထန်။     ။ အခု ကြံ့ဖွံ့ပါတီက အသေးစိတ် စီစဉ်ထားတယ်ပေါ့ဗျာ။ ၁၉၉၀ ရွေးကောက်ပွဲမှာရော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ တစညပေါ့ဗျာ။ တစညပါတီကလည်း အခု ကြံ့ဖွံ့ပါတီ အသေးစိတ်စီစဉ်သလိုပဲ လုပ်ခဲ့တာ မဟုတ်လားဗျ။

ကိုထက်အောင်။     ။ ပြန်ပြီးမှစဉ်းစားကြည့်ရင်  ၁၉၉၀တုန်းကလည်း အဲတုန်းကတော့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ပေါ့ဗျာ တစည ပေါ့၊ သူတို့လည်း အလားတူပဲလုပ်ခဲ့တာပဲဗျ။ မဲဆန္ဒရှင်တွေကို ကားတွေနဲ့ခေါ်လာတယ်။ ထမင်းထုပ်တွေ ပေးတယ်။ ပြီးတဲ့အခါကျတော့ သူတို့ပါတီကိုမဲထည့်ပါဆိုပြီးတော့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့ ဗမာပြည်သူ တွေက အဲ့အချိန်တုန်းက အင်မတန်မှာလည်း နိုင်ငံရေးအသိမြင့်တယ်လို့ ပြောရမှာပေါ့ဗျာ။ NLD ကိုပဲ အားလုံးမဲတွေ ပုံအော်ပြီး ပေးသွားတယ်ဗျ။

ကိုကျော်စွာမိုး။     ။ ဒါကြောင့်မို့လည်း ကြံ့ဖွံ့ကလည်း  အဲ့လိုမျိုးနောက်ထပ် တစ်ကြိမ်မမှားအောင်လို့ အသည်း အသန်ပဲ မဲဆွယ်စည်းရုံးရေးတွေကို ပြင်ဆင်နေပုံရတယ်ဗျ။ အဲဒါကြောင့်မို့လိုပဲ တချို့ပါတီတွေဆို ရွေးကောက်ဝင်မှာ မဝင်ဖို့ တောင် ပြန်ပြီးစဉ်းစားနေတယ်လို့ ကျနော်တို့ သိရတယ်ဗျာ။ ကျနော်တို့ရရှိထားတဲ့ ကြံ့ဖွံ့ရဲ့ ပထမစာမျက်နှာ နိဒါန်းပိုင်းမှာ သူတို့ ညွှန်ကြား ထားတာက “ရွေးကောက်ပွဲအောင်နိုင်ရေးသည် ပထမ ရွေးကောက်ပွဲအောင်နိုင်ရေး သည် ဒုတိယ ရွေးကောက်ပွဲအောင်နိုင်ရေး သည် တတိယ” ဆိုပြီးတော့ သေသေချာချာကို ပြောသွားတယ်ဗျ။ ဆိုတဲ့အခါကျတော့ ကြံ့ဖွံ့ပါတီကတော့ လာမယ့်ရွေးကောက်ပွဲ မှာ မနိုင်နိုင်အောင်တော့ နည်းပေါင်းစုံနဲ့ လုပ်မယ်သဘောကို ကျနော်တို့မြင်နေရတယ်။ ကျန်တဲ့ပါတီတွေအတွက်ကတော့ အလားလာမကောင်းတဲ့ သဘောပေါ့လေ။ ကိုထက်အောင်နဲ့ ကိုခက်ထန်ရေ့ ကျေးဇူးတင်ပါ တယ်ဗျာ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်