RFA က ဧရာဝတီစကားဝိုင်း (သြဂုတ် ၁၆၊ ၂၀၁၀)

{play}images/stories/podcasts/rfa.08.16.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{wd file=images/stories/podcasts/rfa.08.16.10.mp3 name='အသံဖိုင်ရယူရန်'}
လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယိုပရိသတ်အတွက် ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။

အခုတပတ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဝန်းကျင်တခု ဖြစ်မလာခဲ့တဲ့အတွက် ပါတီခေါင်းဆောင်တဦး ပါတီမှ နုတ်ထွက်သွားတာက တည်ထောင်ခါစနိုင်ငံရေးပါတီများအပေါ် ဘယ်လို့သက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာကို ဧရာဝတီ မဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ ဧရာဝတီ ရွေးကောက်ပွဲစာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ ရွေးကောက်ပွဲသတင်းတွေကို ရေးသားနေတဲ့ ကိုခက်ထန်တို့က ဆွေးနွေးထားပြီ RFA က သြဂုတ်လ ၁၁ ရက်နေ့တွင် ထုတ်လွှင့် ခဲ့ပါတယ်။

ကိုကျော်စွာမိုး ။     ။ ဧရာဝတီ စကားဝိုင်းမှ ကြိုဆိုပါတယ်။ မင်္ဂလာပါခင်ဗျာ။ ကျနော်ကတော့ ကျော်စွာမိုးပါ။ ကျနော်နဲ့ ဒီတပတ်ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ရွေးကောက်ပွဲစာမျက်နှာကိုတာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ ရွေးကောက်ပွဲ သတင်းတွေ ကို တောက်လျှောက်ရေးသားနေတဲ့ ကိုခက်ထန်တို့ ဝင်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကိုထက်အောင်နဲ့ ကိုခက်ထန်ရေ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့အပတ်က လှုပ်လှုပ်ရှားရှားလေဖြစ်သွားတာကတော့ဗျာ ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) ပေါ့နော်။ အဲဒီပါတီရဲ့ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်း သူ့ရဲ့ပါတီကနေပြီးတော့ ရုတ်တရက် နုတ်ထွက် သွားတဲအကြောင်းအရင်း ပေါ့လေ။ အဓိက သူပြောသွားတဲ့ အကြောင်းအရင်းကတော့ လာမယ့်ရွေးကောက်ပွဲက တရားမျှတမှုရှိမှာ မဟုတ်ဘူး။ နောက်ပြီးတော့ သူတို့ပါတီလက်ရှိရင်ဆိုင်နေရတာတွေက အကြပ်အတည်းအခက်အခဲတွေ များနေတယ်။ ဒီပေါ်မှာ မှုတည်ပြီး ထွက်သွားတာပေါ့လေ။ ဒါဟာ ပြောမယ်ဆိုရင် စစ်အစိုးရကနေပြီးတော့ ရွေးကောက်ပွဲကိုကျင်းပဖို့ စစ်အစိုးရကနေပြီး တော့ ပါတီဝင်တွေကို မှတ်ပုံတင်ဖို့ မတ်လမှာပြောပြီးနောက်ပိုင်းထဲက ပါတီပေါင်းလေးဆယ်ကျော်ထဲက ပထမဆုံး နုတ်ထွက်တဲ့ ပါတီခေါင်းဆောင်လို့ ပြောလို့ရတယ်ဗျ။ အဲဒီဟာနဲ့ နောက်ဆက်တွဲမှာလည်း ရိုက်ခတ်မှုတွေရှိနေတာ ခင်ဗျားတို့ နှစ်ယောက်လည်း သိပြီးသားပဲ။ ရှေ့လာမယ့်လတွေမှာရော ဒီလိုမျိုးအလားတူ ဖြစ်ရပ်မျိုးတွေ ကြုံကြိုက်လာနိုင်လား အဲလိုမျိုးတွေ ပိုများလာမယ်ဆို နအဖ အတွက်လည်း အကြပ်အတည်း ဖိအားတစ်ခုမျိုးလို့ ပြောလိုရတယ်ဗျ။ ဆိုတော့ သူထွက်ရတဲ့ အကြောင်းအရင်းနဲ့ ရှေ့လာ မယ့်လတွေမှာ အဲလိုမျိုးဖြစ်နိုင်မလားဆိုတာတွေကိုလည်း အဖြေရှာပြီးတော့ သုံးသပ်ကြည့်ရင် ကောင်းမယ်ထင်တယ်။

ကိုထက်အောင် ။     ။ ကောင်းတာပေါ့ဗျာ။ ကိုဖြိုးမင်းသိန်းနုတ်ထွက်တဲ့ ကိစ္စကတော့ ပြည်တွင်းနိုင်ငံရေးမှာ လှုပ်လှုပ် ရှားရှား ဖြစ်သွားရုံတင်မကဘူး။ ပြည်ပက ဗမာပြည်ရဲ့ လာမယ့်ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အတွက်လည်း မျက်စိဒေါက်ထောက်ကြည့်စရာ ကိစ္စတစ်ခုဖြစ်လာတာပေါ့။

ကိုခက်ထန်။     ။ ဟုတ်တယ်။ ကိုကျော်စွာနဲ့ ကိုထက်အောင်ရေ ကိုဖြိုးမင်းသိန်းက သူနုတ်ထွက်တဲ့ နေရာမှာ သူက ဝေဖန်ပြောဆိုတာတွေ ရှိတယ်။ အဲဒီမှာ ကျနော်သတိထားမိတာက အဓိကသုံးချက်ပေါ့ဗျာ။ ပထမတစ်ခုက ကြံ့ဖွံ့ပါတီက အာဏာ ကိုသုံးပြီးတော့ မဲဆွယ်တဲ့နေရာတွေ ပိုင်ဆိုင်မှုတွေလွှဲပြောင်းတဲ့ နေရာတွေမှာ  လုပ်ရတဲ့ဘောင်တွေကို ကျော်နေတယ် ဆိုပြီးတော့ တစ်ချက်ဝေဖန်သွားတယ်။

ကိုထက်အောင် ။     ။ ဆိုလိုချင်တာ ဥပဒေဘောင်ပြင်ပကနေပြီးတော့ လုပ်ဆောင်နေတယ်ဆိုတဲ့ သဘောမျိုးကို ပြောတာ လား။

ကိုခက်ထန် ။     ။ ဟုတ်ကဲ့၊ အဲလိုပေါ့ ဥပမာ ရှင်းလင်းမှုမရှိဘူးပေါ့။ ပိုင်ဆိုင်မှုတွေကို ကြံ့ဖွံ့အသင်းကနေပြီးတော့ ကြံ့ဖွံ့ ပါတီကိုလွှဲပြောင်းတာမျိုးတွေပေါ့လေ။ ဒါကော်မရှင်က ဘာမှမပြောဘူး။ နောက်တစ်ချက်က မဲဆွယ်တဲ့နေရာမှာ သူတို့ကတော့ ဆန်တွေပေးလိုက် ငွေတွေထုတ်ချေးလိုက်ပေါ့ ဒါပေမယ့် တခြားပါတီတွေကိုတော့ ဥပဒေတွေ အမျိုးမျိုးထုတ်ပြီးတော့ ကန့်သတ် တာ တွေရှိတယ်။ စောင်ကြည့်တာတွေ ရှိတယ်။ နောက်ဆုံးတစ်ချက်ကတော့ သူအမြဲတမ်းပြောနေတဲ့ မီဒီယာကိစ္စပေါ့။ မီဒီယာ ကိစ္စမှာလည်း သူကန့်သတ်တာတွေရှိတယ်။ ရှိတယ်ဆိုတော့ အဲ့သုံးချက်ပေါ်မှာ ထောက်ပြဝေဖန်ပြီးတော့ သူကတော့ အတိ အလင်း နုတ်ထွက်သွားတယ်ပေါ့လေ။

ကိုထက်အောင် ။     ။ အင်းပေါ့လေ၊ USDP ကျတော့လည်း သူကအစိုးရရဲ့ သတင်းစာကြီးသုံးစောင်လုံးကို သူ့အိတ်ထဲ ထည့်ထားသလို ဖြစ်နေတာပေါ့ဗျာ။

ကိုကျော်စွာမိုး ။     ။ ကိုထက်အောင်နဲ့ ကိုခက်ထန်ရေ သူထွက်သွားပြီးတဲ့ နောက်ပိုင်းမှာ ရှေ့လာမယ့်ရွေးကောက်ပွဲ ကာလက ဘယ်လိုတွေဖြစ်လာနိုင်လဲ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်မယ်လို့ထင်လဲ။

ကိုခက်ထန် ။     ။ ဒီရက်ထဲမှာ ကျနော်ကြားနေရတာကတော့ ကိုဖြိုးမင်းသိန်း မနုတ်ထွက်ခင်ကတည်းက တချို့ပါတီ တွေပေါ့ ဥပမာ ကိုနေမျိုးဝေတို့ရဲ့မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီပေါ့။ သူတို့ဆိုလို့ရှိရင် ပါတီတောင် ဖျက်သိမ်းမယ်လိုလို အဲလို ဘဏ္ဍာရေးအခက်အခဲပေါ့လေ အဲလိုလေသံတွေကြားနေရတယ်။ ကိုဖြိုးမင်းသိန်း ဝေဖန်နုတ်ထွက်လိုက်ခြင်းဟာ တစ်စုံတရာ ဂယက်ရိုက်မှုတွေ ပေါ်လာလိမ့်မယ်လို့ ခန့်မှန်းရတယ်။

ကိုထက်အောင် ။     ။ ကျနော်အမြင်ကတော့ဗျာ ကိုဖြိုးမင်းသိန်းနုတ်ထွက်တဲ့ ကိစ္စအပေါ်မှာ အမြင်အမျိုးမျိုးတွေ ရှိလာနိုင် တယ်လို့ထင်တယ်။ ပထမ တစ်ချက်အနေနဲ့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ ပါတီကတော့ ကိုဖြိုးမင်းသိန်း နုတ်ထွက်မှုကို ဝမ်းတာအားရ ကြိုဆိုလိမ့်မယ်ဆိုတာ သံသယရှိစရာ မလိုဘူးပေါ့ဗျာ။ ဒါပေမယ့် တစ်ဖက်မှာ ဒီရွေးကောက်ပွဲကို အရင်ကတည်းက တရားမျှတမှုရှိမှာ မဟုတ်ဘူးဆိုတာကို ကြိုပြီးတော့ ပြောထားရဲ့သာနဲ့ ရွေးကောက်ပွဲကို ဝင်မယ်ဆိုပြီးတော့ ပါတီတည်ထောင်ခဲ့တဲ့ ပါတီဥက္ကဋ္ဌ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါးလလောက်ကြာတဲ့ အချိန်မှာ ရုတ်တရက် ဆုံးဖြတ်ချက်နဲ့ ထွက်သွားတဲ့ကိစ္စအပေါ်မှာ နဂိုထဲက ဒီလိုအခြေအနေတွေကို မသိရကောင်းလား ဘာဖြစ် လို့ အခုကျတော့မှာ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး ကိစ္စမျိုးကိုတောင်းဆိုထားတယ်။ ဒါကိုမရဘူးလို့ သူကပြောတယ်။ မဖြစ် နိုင်တဲ့ ကိစ္စကိုသိရဲ့သားနဲ့ ဒီလိုနုတ်ထွက်တဲ့ကိစ္စကို သံသယ ပွားမယ့်သူတွေကတော့ ရှိကောင်းရှိနိုင်တယ်။

ကိုကျော်စွာမိုး ။     ။ ကျနော်ထင်တယ်။ ဒီနေရာမှာ ကိုထက်အောင်ရေ့ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးကိစ္စတွေ အားလုံးအပါအဝင်ပြီးတော့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နိုင်ရေး တောင်းဆိုမှုတွေအားလုံးက တချို့ဟာမဖြစ်နိုင်မှန်းသိပဲနဲ့ အပြည် ပြည်ဆိုင်ရာအနေနဲ့ရော တခြားပါတီအနေနဲ့ရောတောင်းဆိုထားတာလေ။ ဒါပေမယ့် ပြဿနာက မမျှော်လင့်ထားတဲ့ အခက်အခဲ တွေ ပိုပြီးရင်ဆိုင်လာရတယ်လို့ ကျနော်ထင်တယ်။ ပြီးခဲ့တဲ့ ငါးလအတွင်းပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောတဲ့ ငွေရေး ကြေး ရေးကိစ္စတွေ ပြဿနာတက်လာတယ်။ အရင်တုန်းက သူတို့တွေခန့်မှန်းထားတာက နအဖ စစ်အစိုးရကနေပြီးတော့ လာမယ့် ပါလီမန်ထဲမှာ ၂၅ ရာခိုင်နူန်းယူပြီးသားကိုး။ ကျန်တဲ့ ၇၅ ရာခိုင်းနူန်းကတော့ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ကြရအောင်ဟေ့ ဆိုတဲ့သဘောမျိုးကို တွေးထားတယ်ပါတီအားလုံး။ ဒါပေမယ့် စစ်အစိုးရကနေပြီးတော့ ၂၅ ရာခိုင်နူန်း ယူတဲ့အပြင်ကိုပဲ ကျန် ၇၅ ရာခိုင်နူန်းမှာကော လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်မှာ မဟုတ်ဘဲနဲ့ သူတို့က USDP ကို ပါဝင်ယှဉ်ပြိုင်ပြီးတော့ နောက်ထပ် ၇၀ ရာခိုင်နူန်းလောက်ထပ်ယူမယ့်သဘောကိုမြင်နေရတယ်ဗျ။ ပြဿနာက မမျှော်လင့်ထားတဲ့ အကြပ်အတည်းအခက်အခဲတွေက ပိုများလာတယ်။ အဲဒါကြောင့်မို့လို့ ဒီလိုမျိုးနုတ်ထွက်တယ်ဆိုတာကတော့ ယုံကြည်လို့ရတယ်ဗျ။

ကိုခက်ထန် ။     ။ ဒီမှာ ကျနော်တစ်ချက်မြင်တာကပေါ့ ပါတီတွေထဲကဆိုလို့ရှိရင် ဒါပြည်တွင်းကနေ ကိုဖြိုးမင်းသိန်း ဟာ ပွင့်ပွင့်လင်းလင်းနဲ့ ပြောရဲဆိုရဲရှိတဲ့သူပေါ့။ ခုသူက နအဖက ပေးထား သတ်မှတ်ထားတဲ့အတိုင်းသူပါတီလုပ်လာပြီးတော့ သူနုတ်ထွက်ပစ်လိုက်တယ်ဆိုတာ ကျနော်မြင်တာကတော့ ဒါသူ နအဖကို ခပ်ဆတ်ဆတ်လေးတစ်ချက် ထောက်လိုက်တဲ့ သဘောပဲဗျ။ တော်တော်များများဟာ ကျနော်တွေ့ရတာကမှ သူဒီလိုလုပ်လိုက်တာကို ကြိုဆိုကြတာကို ကျနော်တွေ့ရတယ်။

ကိုထက်အောင် ။     ။ လူတော်တော်များများကတော့ ကြိုဆိုကြလိမ့်မယ်။ ဒါပေမယ့် ကိုဖြိုးမင်းသိန်းက ဒီလိုထွက်လိုက်ပြီး တဲ့အချိန်မှာ နောက်သူဘာဆက်လုပ်မလဲဆိုတဲ့ဟာကလည်း ကျနော်တို့စောင့်ကြည့်ရမယ့် တစ်ချက်ပေါ့ဗျာ။ ထွက်လိုက်ပြီးတော့ ဘေးထွက်ထိုင်နေလို့တော့ မဖြစ်ဘူး။ ရွေးကောက်ပွဲမဝင်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပေါင်းမယ်။ ပြီးတော့ ဒီမိုကရေစီရရှိရေးကို သူကဆက်ပြီးလုပ်ဆောင်မယ်ဆိုရင်တော့ သူ့ရဲ့ နိုင်ငံရေးလမ်းကြောင်းဟာ လေးစားစရာ အချက်တစ်ခုအနေနဲ့တော့ လူတွေက အသိအမှတ်ပြုလိမ့်မယ်ပေါ့ဗျာ။

ကိုကျော်စွာမိုး ။     ။ ကိုထက်အောင်ရေ ဒီဆွေးနွေးပွဲဟာ ကိုဖြိုးမင်းသိန်းဘာလုပ်မလဲဆိုတာထက်စာရင် သူလိုမျိုး အလား တူ တခြားပါတီက နေပြီးတော့ ပါတီတွေကို ရွေးကောက်ပွဲက သူတို့မျှော်လင့်သလောက်တောင်မှပဲ မျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ဘူးဆိုပြီးတော့ ဖျက်သိမ်းလိုက်တာမျိုးတွေ ပါဝင်မပြိုင်တော့ဘူးဆိုပြီးတော့ နုတ်ထွက်လိုက်တာမျိုးတွေ ဖြစ်လာနိုင်မလာ ဆိုတဲ့ဟာက ပိုပြီးတော့ ကျနော်တို့စဉ်းစားစရာလို့ထင်တယ်။ ဒါကမှ တကယ်ကိုရွေးကောက်ပွဲရဲ့ အကျိုးရလဒ်ကိုး။ တခြားပါတီ ကရော အဲလိုမျိုးတွေဖြစ်လာနိုင်မယ်လို့ထင်လာဗျ။

ကိုထက်အောင် ။     ။ ပြောဖို့တော့ ခက်တယ် ဒီအချိန်မှာ။ ပါတီတော်တော်များများကတော့ သူတို့မထင် ထားတဲ့အခက်အခဲ အကြပ်အတည်းတွေကို အခုရင်ဆိုင်နေရတဲ့ဟာကို ကြိတ်ပြီးတော့ ရင်ဆိုင်နေတယ်။ အဲလိုပဲ ရွေးကောက်ပွဲ ကို ဝင်သွားကြလိမ့်လို့ ကျနော်က မျှော်လင့်တယ်။ တကယ်လို့ ကျန်တဲ့ပါတီတော်တော်များများက ဒီလိုမမျှတတဲ့ ရွေးကောက်ပွဲ ပတ်ဝန်းကျင်မှာတော့ ငါတို့မဝင်တော့ဘူးဆိုပြီးတော့ နုတ်ထွက်ကြမယ်ဟေ့ဆိုရင်ဒါ နအဖအတွက် အကြပ်အတည်းတစ်ခုဖြစ်လိမ့်မယ်လို့ တွေးထင်ထား တဲ့ဟာကတော့ နအဖကဒါကိုသိပ်ဂရုစိုက်မယ်လို့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနည်းဆုံးကြံ့ဖွံ့ပါတီနဲ့ တစညနဲ့ နှစ်ပါတီ လောက်ရှိတောင်သူတို့ကရွေးကောက်ပွဲကို လုပ်ချသွားမှာပဲ။ သူတို့ သွားမယ့်လမ်းကြောင်းကို သူတို့ ဘယ်တော့မှာ နောက်ဆုတ် မှာမဟုတ်ဘူး။

ကိုခက်ထန် ။     ။ ဒီမှာ နောက်တစ်ချက်ရှိသေးတယ်ဗျ ကိုထက်အောင်ရေ။ တိုင်းရင်းသားပါတီ တော်တော်များများက လည်း သူအစုနဲ့သူ အားကောင်းနေတယ်ဗျ။ သူတို့ကလည်း ရှိနေမယ့်သဘောရှိတယ်။ အဓိကက နိုင်ငံတစ်ဝှမ်းပြိုင်မယ့် အဖွဲ့ အစည်းတွေသာ အလှမ်းကျယ်အလယ်လတ်ဖြစ်နေကြတာကိုး။

ကိုထက်အောင် ။     ။ ဟုတ်တယ်။ ဒီနေရာမှာ တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံတစ်ဝှမ်းကို ပြိုင်မယ့် ဖြိုးမင်းသိန်းတို့ ပါတီ ပေါ့ဗျာ။ နောက် ဒီမိုကရေစီပါတီတို့ အမျိုးသားဒီမိုကရေစီအင်အားစုတို့ရဲ့ကြားမှာ မတူတဲ့အားသာချက်တစ်ခုက အားသာချက်ဆို တာ တိုင်းရင်းသားပါတီတွေရဲ့ အားသာချက်ပေါ့ဗျာ။ အဲဒါဘာလည်းဆိုတော့ သူတို့က သူတို့ရဲ့နယ်မြေ သူတို့ရဲ့ တိုင်းရင်းသား လူထုဆိုတဲ့ တိကျတဲ့ target တွေရှိတယ်။ ပစ်မှတ်တွေပေါ့ဗျာ။ သူတို့နယ်မြေလေးထဲမှာ သူတို့ကဒါကို စီမံနိုင်လောက်တဲ့ အင်အားရှိတယ်ပေါ့ဗျာ။ ဒီဘက်က နိုင်ငံအနှံပြိုင်မယ့် ပါတီကြီးတွေအခါကျတော့ လူထုဆိုတဲ့ စကားလုံးနဲ့ ဗမာတပြည်လုံးကို ကိုယ်စားပြုရတဲ့အခါကျတော့ ဒါက ၀န်နဲ့ အင်အားနဲ့မမျှသလို အခြေအနေဖြစ်တယ်။ ဘာလို့ဝန်နဲ့ အင်အားနဲ့မမျှလဲ ဆိုတာ အဓိကက ဘာလဲဆိုတော့ ငွေကြေးကိစ္စပဲဗျ။ ငွေကြေးကသူတို့ဆီမှာ အကြီးအကျယ် အခက်အခဲဖြစ်တဲ့ အခါကျတော့ ဒီငွေကြေး အခက်ခဲကြောင့်သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ နိုင်ငံရေးမျက်နှာစာမှာ လူထုကြားထဲမှာ ဝပ်နေသလိုဖြစ်နေတယ်။ တချိန်ထဲပဲ ဟိုဘက်က ကြံ့ဖွံ့ပါတီက ငွေကြေးအင်အားတအားတောင့်တဲ့အခါကျတော့ သူတို့က အရမ်းပေါ် လွင်သလိုဖြစ်နေတယ်။ အဲဒါက အဓိကပြဿနာ တစ်ခုလိုဖြစ်နေတယ်။

ကိုကျော်စွာမိုး ။     ။ ဒီနေရာမှ ပိုပြီးတော့ အခြေခံကျတဲ့ ပြဿနာတစ်ခုတော့ ရှိတယ်ဗျ။ သဘောက UDP ပါတီက ပြီးခဲ့တဲ့ လေးငါးလအတင်းမှာ တခြားပါတီတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လူထုကြားမှာ တော်တော်လေးကိုပဲ ရေပန်းစားလာတယ်လို့ ကျနော်တို့ပြောလို့ရတယ်။ အဲဒါကလဲပဲ ခုနကပြောတဲ့ ပါတီရဲ့ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းပေါ့ဗျာ။ သူကနေပြီးတော့ သူများတွေ မပြော တဲ့ အချက်တွေကို ထောက်ပြဝေဖန်ပြောဆိုတာတွေ အများကြီးပဲ ဘာတွေနဲ့ ပတ်သက်လို့လဲဆိုတော့ ခုနက ကိုခက်ထန်ပြောသွား သလိုပဲ ကြံ့ဖွံ့ဖြိုးရေးပါတီကနေပြီးတော့ ညစ်ပတ်တဲ့ မဲဆွယ်စည်းရုံးတဲ့ဟာမျိုးတွေ သတင်းစာ လွတ်လပ် ခွင့်လုံးဝမရှိတာတွေ မျိုးစုံးပေါ့ဗျာ။ ဒီလိုအချက်တွေကို တခြားပါတီခေါင်းဆောင်တွေထဲပိုပြီးတော့ ပြောတယ်ဗျ။ ပြောတဲ့အတွက် သူကလည်း ပိုပြီး ရေပန်းစားလာတယ်။ ကျနော်ပြောချင်တဲ့ အချက်က ပါတီတွေကလည်းပဲ ရွေးကောက်ပွဲဟာ တရားမျှတ မှု မရှိပေမဲ့လည်း အတိုင်းအတာတစ်ခုအထိ သူတို့နိုင်ဖို့ဆိုရင်တော့ ဒီအချိန်မှာ မဲရဖို့က သူတို့ပါတီရဲ့ စီးပွားရေးပေါ်လစီက ဘယ်လောက်ကောင်း သလဲ၊ နိုင်ငံရေးပေါ်လစီက ဘယ်လောက်ကောင်းလဲ၊ နိုင်ငံခြားရေးပေါ်လစီက ဘယ်လောက်ကောင်းလဲဆိုတဲ့ အချက် တွေထက်စာရင် နအဖအစိုးရကို ဘယ်လောက်အထိဝေဖန်ပြောဆိုပြီးတော့ ပြည်သူတွေရဲ့ အခွင့်အရေးကိုကာကွယ်ပေးမယ့် ပါတီဖြစ်သလဲဆိုတာ ပိုအရေကြီးတယ်ဗျ မြန်မာနိုင်ငံမှာက ။ အဲလိုမျိုး ပွင့်ပွင့်လင်းလင်း  ပြောရဲဆိုရဲနဲ့ ဝေဖန်နိုင်တဲ့အချက်တွေ ကိုတော့ ရှာရလိမ့်မယ်၊ ပြောရလိမ့်မယ်ဗျ၊ အဓိက က မဲဆွယ်စည်းရုံးမှုမှာ အောင်နိုင် ဖို့ကလည်းပဲ။

ကိုခက်ထန် ။     ။ ဟုတ်တယ်ဗျ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီအနေနဲ့ ကြေညာချက်တွေထုတ်ပြီးတော့ ဂျက်နဲ့လက်နဲ့ ဥပဒေတွေကို ပြန်ထောက်ပြီးတော့ ဝေဖန်တာမျိုးတွေကို တောက်လျှောက် လုပ်ခဲ့တယ်ဗျ။

ကိုထက်အောင် ။     ။ တခြားပါတီတွေကတော့ အဲလိုလုပ်တာသိပ်မတွေ့ရဘူး။ ခုနက ကိုကျော်စွာ ပြောတာကို ကျနော်က သဘောတူတယ်။ ဒီမိုကရေစီအင်အားစုတွေက အဘက်ဘက်က သူတို့မှာ အားနည်းနေပေမယ့် သူတို့ အားသာချက် တစ်ခုကို သူတို့ရှာလို့ရတယ်။ အဲဒါဟာ ဘာလဲဆိုတော့ လက်ရှိဖြစ်နေတဲ့ တိုင်းပြည်ရဲ့စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေတွေ အားလုံးကို တိတိကျကျပြတ်ပြတ်သားသား ဝေဖန်ပြောဆိုမှုတွေ လုပ်လာမယ်ဆိုရင်လူထုရဲ့ ထောက်ခံမှုဟာ မလွှဲမသွေ သူတို့က ရမှာဖြစ်တယ်။ အဲတော့ အဲဒီအတွက်ကတော့ သူတို့ သတ္တိရှိဖို့တော့လိုတယ်။

ကိုကျော်စွာမိုး ။     ။ အားလုံးကလဲသိပြီးအတိုင်းပေါ့ဗျာ။ ရွေးကောက်ပွဲကတော့ တရားမျှတမှာမဟုတ်ဘူး။ ဒါပေမယ့် နောက်ဆုံးရွေးကောက်ပွဲလုပ်မယ့်နေ့မှာ ပြည်သူတွေက သူတို့ရဲ့အတားအဆီးအခက်အခဲ ခြိမ်းခြောက်မှုတွေကို မေ့ပြီးတော့ သူတို့ ပါတီတွေကို မဲထည့်လာနိုင်ဖို့အတွက်က အခုကတည်းက သူတို့ရဲ့ရပ်တည်မှုကို ပြတ်ပြတ်သားသား ဖော်ထုတ်ဖို့တော့ လိုတယ်ဗျ။ အခုထက်ထိ ကျနော်မတွေ့တာက အဲလိုမျိုးပါတီက အင်မတန် ရှားနေတုန်းပဲ။

ကိုထက်အောင် ။     ။ နောက်တစ်ချက်က အခုသူတို့က ကစားကွင်းထဲကို ဝင်လိုက်ပြီးဗျ။ ပါတီတွေထောင်လိုက်ပြီး ရွေးကောက်ပွဲကို ဝင်တော့မယ်။ ဒီကစားကွင်းထဲမှာ ကစားမယ့်ပလေယာတွေရဲ့ ကဏ္ဍက အင်မတန်အရေးကြီးတယ်။ ခုနလို ကိုဖြိုးမင်းသိန်း နုတ်ထွက်သွားတယ်ဆိုတဲ့ကိစ္စက လက်ခံနိုင်စရာ အခြေခံအကြောင်းအရင်းတွေ အများကြီးရှိနေပေမယ့် တဖက်က ပြန်ကြည့်ပြန်တော့လည်း တကယ့်ကစားသမားကောင်းတစ်ယောက် ကစားကွင်းထဲက ပျောက်သွားသလို ဖြစ်တယ်။ အဲဒါက အနာဂတ် ဒီမိုကရေစီ နိုင်ငံရေးကို လွတ်တော်ဘောင်ထဲကနေပြီးတော့ ကစားမယ်လို့ ဆိုတဲ့လူတွေအတွက် သတိထားစဉ်းစား ရမယ့် အချက်တစ်ရပ်ဖြစ်တယ်လို့ ကျနော်ကတော့ထင်တယ်။

ကိုကျော်စွာမိုး ။     ။ ဟုတ်ပါတယ်။ ဒါပေမယ့်လည်းပဲ သူတို့မှာလည်း ဒေါ်အောင်စုကြည်ပါတီရဲ့ NLD စပြီးတော့ ဒီရွေး ကောက်ပွဲကို မဝင်ဘူးဆိုတဲ့ အချိန်ထဲကိုက သူ့ပါတီကလည်း သူ့ဟာသူရွေးချယ်ပိုင်ခွင့်ရှိတာကိုး။ နောက်ဆုံးပိတ်အချိန်ထိဗျာ ဝင်မှာလား မဝင်ဘူးလားဆိုတာတော့ တစ်ဦးခြင်းအနေနဲ့ တစ်ပါတီခြင်းအနေနဲ့ ရွေးချယ်ပိုင်ခွင့်ရှိတာပေါ့လေ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အချက်တချို့ကိုထောက်ပြရမယ်ဆိုရင် ဟုတ်လား ခြိမ်းခြောက်မှုလို့ပြောလို့ရတယ်ပေါ့ဗျာ။ ပညာရေး ဒုဝန်ကြီး ဦးအောင်မျိုးမင်းက ကျောင်းဆရာ၊ ဆရာမတွေကို သွေးထွက်သံယိုမှု မမြင်ချင်ရင်တို့ အာဏာပြန်ပြီးတော့ သိမ်းမှာမျိုးကို မမြင်ချင် ဘူးဆိုရင် ကြံ့ခိုင်ဖွံ့ရေးပါတီကို မဲပေးပေါ့လေ၊ ပြောတာတွေရှိတယ်။ ပြန်ပြီးတော့ ပြောချင်တာက ဒီလိုမျိုး အာဏာပိုင်တွေရဲ့ စကား လုံးတွေကနေတော့ ကိုဖြိုးမင်းသိန်းတို့လို လူမျိုးတွေ တခြားပါတီ တွေအားလုံးကိုပေါ့ဗျာ ပိုပြီးတော့ Pressure ပေါ့ဗျာ ဖိအားတွေ ပေးနေတယ် ဆိုတဲ့ဟာမျိုးတွေ တွေ့နေရတယ်။ အဲလိုမျိုး ဖိအားတွေက ရှိနေတဲ့ အခါကျတော့ ကျနော်ထင်တာက ရှေ့လာမယ့် လတွေမှာလည်း ခုနကလိုမျိုးအလားတူ ဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့လေ။ အရင်တုန်းက မစဉ်းစားခဲ့တဲ့  ဆုံးဖြတ်ချက်မျိုးတွေ ကို ချလာကောင်း ချလာ နိုင်မယ်လို့ ကျနော်ထင်တယ်။

ကိုထက်အောင် ။     ။ ဖြစ်နိုင်တာတွေကတော့ အများကြီးရှိတယ်ဗျ။ နိုင်ငံရေးဆိုတာက တခါတလေ  နွားရိုင်းသတ်ပွဲနဲ့ လည်း တူကောင်းတူနိုင်တယ်ဗျ။ အဲဒါတွေကိုတော့ နိုင်ငံရေးပါတီ နိုင်ငံရေးသမားတွေက မျှော်လင့်ထားဖို့တော့လိုတယ်။   နိုင်ငံရေးသမားတွေ အနေနဲ့က ပြည်သူလူထုကို ခေါင်းဆောင်မှု ပေးတဲ့နေရာမှာ အခု လမ်းကြောင်းကတစ်မျိုး နောက်တစ်ချိန်မှာ ပုံသဏ္ဌာန်က နောက်တစ်မျိုးဖြစ်သွားတယ်ဆိုရင် ပြည်သူလူထု ဘယ်လိုလိုက်ရမှန်း မသိတဲ့ ခေါင်းဆောင်မှုမျိုး မပေးမိဖို့တော့ လိုတယ်ဗျ။ အဲ့လို ပြည်သူလူထုက ဝေ့ဝါးသွားတယ်ဆိုရင်တော့ ဒီမိုကရေစီအင်အားစုတွေကြားထဲမှာ မဲတွေအကုန်ပြားကုန်ပြီး တော့ ဒီမိုကရေစီရဖို့ အလှမ်းဝေးနိုင်တယ်လို့ထင်တယ်။

ကိုကျော်စွာမိုး ။     ။ ဒါပေမယ့် အဲဒါကလည်း ကျနော်ထင်တာကတော့ အစောကြီးကတည်းကပေါ့ဗျာ NLD ပါတီစမဝင်ဘူးဆိုကတည်းကကိုးက ကွဲနေပြီးသားပဲ။ ဒီမိုကရေစီအင်အားစုတွေကလည်း အရင်ကတည်းက ကွဲနေတာကိုး။ ဒေါ်အောင်ဆန်းစုကြည်ပါတီ မရှိတော့တဲ့အတွက် NLD ပါတီအရှိတော့တဲ့အတွက် မဲပေးဖို့တောင်မှပဲ စိတ်ဆန္ဒမရှိတဲ့ လူတွေ အများကြီးပဲလေ။ UDP ပါတီ ကိုဖြိုးမင်းသိန်း ထွက်သွားတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ အဆိုးထဲက အကောင်းပဲလို့ ပြောမလားပေါ့ဗျာ။ ရွေးကောက်ပွဲက တရားမျှတမှာ မဟုတ်ဘူးဆိုပြီးတော့ ပြောဆိုပြီးတော့ သူထွက်သွားတဲ့ အတွက် ကျနော်ထင်တယ် အပြည်ပြည်ဆိုင်ရာကနေပြီးတော့ အာရုံစူးစိုက်မှုတွေပိုပြီးတော့  မြန်မာနိုင်ငံက ရလာလိမ့်မယ်လို့ ထင်တယ်။ တကယ်တော့ အားလုံးက သိပြီးတာပဲဗျာ ဒါပေမယ့်လည်းပဲ ဒါကတော့ သက်သေသက်ကာရ အချက်တစ်ချက်ပေါ့ဗျာ။ ဆိုတော့ ရှေ့လာမယ့်လတွေမှာလည်း ဒီလိုမျိုး အလားတူး ကိစ္စရပ်တွေ ထပ်ပြီးတော့ ပေါ်လာလိမ့်မယ်လို့ ကျနော်တော့ထင်တယ်။   ကိုခက်ထန်နဲ့ကိုထက်အောင်ရေ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်