RFA က ဧရာဝတီစကားဝိုင်း (သြဂုတ် ၁၉၊ ၂၀၁၀)

လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယိုပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။

{play}images/stories/podcasts/rfa.08.19.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{wd file=images/stories/podcasts/rfa.08.19.10.mp3 name='အသံဖိုင်ရယူရန်'}
အခုတပတ်မှာ စစ်အစိုးရက ရွေးကောက်ပွဲနေ့ရက်နဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့် အချိန်ကာလတွေကို သတ်မှတ်လိုက်ပြီးနောက် နိုင်ငံရေးပါတီများ အခက်အခဲ အကြပ်အတည်းနဲ့ ပိုပြီး ရင်ဆိုင်လာရပုံကို ဧရာဝတီမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ ဧရာဝတီ ရွေးကောက်ပွဲ စာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲသတင်းတွေကို ရေးသားနေတဲ့ ကိုခက်ထန်တို့က ဆွေးနွေးထားပါတယ်။

ကိုကျော်စွာမိုး ။     ။ ဧရာဝတီစကားဝိုင်းမှ ကြိုဆိုပါတယ်။ မင်္ဂလာပါခင်ဗျာ။ ကျနော်က ကျော်စွာမိုးပါ။ ဒီတပတ်လည်းပဲ ကျနော်နဲ့အတူ ဝင်ရောက်ဆွေးနွေးမယ့် သူတွေကတော့ ကျနော်တို့ ရွေးကောက်ပွဲစာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ နိုင်ငံရေးသတင်းတွေကို ရေးသားပေးပို့နေတဲ့ ကိုခက်ထန်တို့ ဝင်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကိုထက်အောင်နဲ့ ကိုခက်ထန်ရေ၊ အားလုံးသိပြီးတဲ့ အတိုင်းပဲပေါ့ဗျာ။ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကိုတော့ နအဖ အစိုးရက ကြေညာသွားပြီ။ နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့ ပေါ့ဗျာ။ အခုဆိုရင် ၃ လတောင် မရှိတော့ဘူးပေါ့နော်။ နောက်တချက်က ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေတင်ဖို့ ကာလကိုလည်းပဲ ဩဂုတ်လ ၁၆ ရက်နေ့ကနေ ရက် ၃၀ နေ့အထိ သတ်မှတ်လိုက်တယ်ပေါ့လေ။ ဆိုတဲ့အခါကျတော့ ၂ ပတ်လောက်ပဲ အချိန်ရှိမယ်။ မြန်မာပြည်နဲ့ ပတ်သက်လို့ တခု ထူးခြားတာတော့ ကျန်တဲ့ ကမ္ဘာတဝှမ်းလုံးမှာ ခင်ဗျားတို့လည်း သိကြတဲ့အတိုင်းပဲ ရွေးကောက်ပွဲနေ့နဲ့ ပတ်သက်ပြီးတော့ ထွေထွေထူးထူး သတင်းတွေလုပ်၊ ဆွေးနွေးပွဲတွေလုပ်၊ ပြီးတော့ အမေရိကန် ပြည်ထောင်စုတို့၊  ကုလသမဂ္ဂတို့ကနေပြီးတော့ ကြေညာချက်တွေ ထုတ်ပြီး ထွေထွေထူးထူး ပြောဆို ဆွေးနွေးစရာတွေ မလိုဘူးပေါ့ဗျာ။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ကတော့ ရွေးကောက်ပွဲနေ့ကို ကြေညာလိုက်တာနဲ့ တပြိုင်တည်းပဲ အားလုံးက သတင်းတွေ ဝိုင်းရေးကြတယ်။ US နဲ့ UN ကလည်းပဲ ကြေညာချက်တွေ ထုတ်ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ဖြစ်ချင်တာတွေ ပြောဆိုသွားတယ်ပေါ့လေ။ ဆိုတော့ ဒါက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထူးခြားတဲ့အချက်လို့ ပြောလို့ရတယ်ထင်တယ်။

ကိုထက်အောင် ။     ။ ထူးခြားဆို အခုလုပ်မယ့် ရွေးကောက်ပွဲကလည်း နှစ် ၂၀ အတွင်းမှာလုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်သလို ဒီရွေးကောက်ပွဲကို လုပ်ပေးမယ့် စစ်အစိုးရကလည်း ကမ္ဘာ့အသိုင်းဝိုင်းရဲ့ ဝေဖန်ပြောဆိုမှုတွေကို တောက်လျှောက်ခံနေရတဲ့ အစိုးရဖြစ်တဲ့ အခါကျတော့ ဒီလို အာရုံစူးစိုက်မှုတွေ ရှိလာတာပေါ့။

ကိုကျော်စွာမိုး ။     ။ ဟုတ်တယ် ကိုထက်အောင်ရေ။ နောက်တချက်ကဗျာ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်က ဒေါ်အောင်ဆန်းစုကြည် လွှတ်ရမယ့်ရက်နဲ့ဆိုရင် တပတ်လောက် ကွာမယ်ဗျ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၃ ရက်နေ့မှာ တကယ်တော့ လွတ်ရမှာပေါ့လေ။ ဒါပေမယ့် လွှတ်တာမလွှတ်တာ အားလုံး သိကြတဲ့အတိုင်းပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စိတ်သဘောထား အတိုင်းပေါ့ဗျာ။ ဒါပေမယ့် သေချာတာ တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမတိုင်မီမှာ လုံးဝလွတ်မှာ မဟုတ်ဘူးပေါ့လေ။ ဆိုတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က သူတို့ရဲ့ ဆန္ဒအတိုင်းပဲ ဒီရွေးကောက်ပွဲနဲ့ လုံးဝပတ်သက်ခြင်း ခံရသူတယောက် မဟုတ်တော့ဘူးလေ။  ကိုထက်အောင်နဲ့ ကိုခက်ထန်ရေ၊ ရွေးကောက်ပွဲနေ့ ကြေညာပြီးနောက်ပိုင်းမှာ လက်ရှိပါတီတွေ အခြေအနေကရော ဘယ်လိုဖြစ်လာသလဲဆိုတာကို ဆွေးနွေးရင် ကောင်းမယ်ထင်တယ်။ ပိုပြီးကောင်းလာလား၊ ဒီအတိုင်းပဲလား၊ ပိုပြီးဆိုးလာလား။ ဘာတွေများ ရထားကြလဲမသိဘူး။

ကိုခက်ထန် ။     ။ လွတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းဖို့က ကိုကျော်စွာပြောသလို ၂ ပတ်ပေါ့။ ဒါပေမယ့် ၂ ပတ် တင်းပြည့်ကျပ်ပြည့်ရတာတော့ မဟုတ်ဘူး။ ရုံးပိတ်ရက်တွေ နုတ်လိုက်တဲ့အခါမှာ ၁၁ ရက်လောက်ပဲရတယ်။ ဆိုတော့ကာ ပါတီတွေအဖို့က အခက်အခဲဖြစ်လိမ့်မယ်လို့ မျှော်လင့်ရတယ်ဗျ။

ကိုထက်အောင် ။     ။ သေချာတာပေါ့ဗျာ။ ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေမှူး ဒေါ်သန်းသန်းနုနဲ့ ကျနော်စကားပြောဖြစ်တယ်ဗျ။ ဒေါ်သန်းသန်းနုတို့က ဘာပြောလဲဆိုတော့ ကိုယ်စားလှယ်လောင်း တင်သွင်းတဲ့ကာလ စတင်တဲ့ ဒီလ ၁၆ ရက်နေ့မှာ ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးကိုလည်း သွားခဲ့တယ်။ ကော်မရှင်ရုံးက ဘာပြောလဲဆိုတော့ ရန်ကုန်တိုင်းအတွင်းမှာ နေတဲ့ ရခိုင်တိုင်းရင်းသားနဲ့ ကရင်တိုင်းရင်းသား လူမျိုး ၂ မျိုးရဲ့ ကိုယ်စားလှယ်လောင်းကိုပဲ လက်ခံတယ်။ ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းကတော့ ခရိုင်ရုံးမှာသွားပြီးတော့ မေးပါဆိုပြီးတော့ လွှတ်လိုက်တယ်။ အဲဒါနဲ့ သူတို့လည်း ခရိုင်ရုံးကို သွားတယ်ဗျ။ ခရိုင်ရုံးရောက်တော့ ခရိုင်ရုံးက ၃ မျက်နှာပါတဲ့ ကိုယ်စားလှယ်လောင်း လျှောက်လွှာကို သူတို့ကို ပေးလိုက်တယ်။ နောက်တချက်က ကိုယ်စားလှယ်လောင်းကို တင်တဲ့နေရာမှာ ခင်ဗျားတို့လည်း သိပြီးတဲ့ အတိုင်းပဲ ငွေ ၅ သိန်းသွင်းရမယ်။ ငွေ ၅ သိန်းက ကော်မရှင်ကနေ ဒီကိုယ်စားလှယ်လောင်းကို အရည်အချင်း ပြည့်မီတဲ့အတွက် အတည်ပြုပြီးတဲ့ အခါကျမှ သွင်းရမယ်လို့ သူတို့က ထင်ခဲ့တယ်။ အခုဟာက မဟုတ်ဘူးဗျ။ ငွေ ၅ သိန်းကို သက်ဆိုင်ရာ မဲဆန္ဒနယ်မှာရှိတဲ့ အစိုးရဘဏ်တခုမှာ အရင်ဆုံးကြို သွားသွင်းရမယ်ဗျ။ ပြီးတဲ့အခါကျရင် အဲဒီ ငွေသွင်းလက်မှတ်နဲ့အတူ နောက်တဆင့်က ဘာကျန်သေးလဲဆိုတော့ မြို့နယ်တရားသူကြီးရုံးမှာ  ကျမ်းကျိန်လွှာ သွားပြီး လုပ်ရမယ်တဲ့ဗျ။

ကိုကျော်စွာမိုး ။     ။ ဆိုတော့ ပြောချင်တာကတော့ အားလုံးက လုပ်ရမယ့် အစီအစဉ်တွေက အရမ်းကို များပြီးတော့ အရမ်းကို ကြန့်ကြာတာပေါ့ဟုတ်လား။

ကိုထက်အောင် ။     ။ အရမ်းများပြီး အချိန်ယူရတဲ့ အနေအထားမျိုးဖြစ်သလို ရွေးကောက်ပွဲ ကော်မရှင်က ပါတီတွေကို ကြိုတင် ရှင်းပြထားတာလည်းမရှိသလို ကော်မရှင် ကိုယ်နှိုက်က အောက်အဆင့်ဆင့်က ခရိုင်၊ မြို့နယ် ကော်မရှင်ရုံးတွေကိုလည်း အသေးစိတ် ညွှန်ကြားတာ မရှိတဲ့အခါကျတော့ ဒေါ်သန်းသန်းနုတို့က သူတို့သိချင်တဲ့ အချက်အလက်တွေကို မေးတဲ့အခါမှာ ကော်မရှင်က မဖြေနိုင်ဘူးဗျ။ မဖြေနိုင်တော့ သူတို့က ကျနော်တို့ရဲ့ အထက်ကို မေးပေးပါ့မယ်၊ ကျနော်တို့ကို ဖုန်းနံပတ်ပေးထားပါ၊ ကျနော်တို့ ပြီးရင် ပြန်ဆက်သွယ်ပါ့မယ်ဆိုတဲ့ ဟာမျိုးတွေ ဖြစ်တယ်ဗျ။ ဆိုတဲ့အခါကျတော့ အချိန်က ခုနက ကိုခက်ထန်ပြောသလို ရှိတာမှ ၁၁ ရက်ထဲရတယ်၊ အခု ပထမတနေ့က အချိန်က ပုပ်သွားပြန်ပြီ ဆိုတဲ့ဟာမျိုးဖြစ်တယ်။

ကိုခက်ထန် ။     ။ ကိုထက်အောင်ရေ။ အဲဒီလို လုပ်ထုံးလုပ်နည်းတွေ ရှုပ်ထွေးပြီးတော့ ရက်အကန့်အသတ် ရှိတဲ့ အတွက်ကြောင့်လည်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ (ဒီငြိမ်းပါတီ) ပေါ့ဗျာ၊ အဲဒီပါတီဆိုလို့ရှိရင် သူက တနိုင်ငံလုံးကို ဝင်ပြိုင်မယ်ဆိုပေမယ့် လက်ရှိအနေအထားအရ သူက ပြည်နယ်တွေမှာ ၁ နေရာဆီနဲ့ တိုင်းတွေမှာ ၃ နေရာဆီ စတိလောက်ပဲ ဝင်ပြိုင်တော့မယ့် အနေအထား ရှိတယ်လို့ ဆိုတယ်ဗျ။ ဒီငြိမ်းပါတီ ဒုဥက္ကဋ္ဌ ဦးစိုးမောင် က ပါတီ မတည်ထောင်ခင် ကတည်းက အဆိုးဆုံး အခြေအနေတွေကို သူတို့ တွက်တော့ တွက်ထားပြီပေါ့ဗျာ။ အဲဒီတော့ ဒါတွေကိုတော့ မညည်းညူတော့ဘူး၊ သူတို့ဆက်လုပ်မယ်။ အဓိက ကတော့ ပါတီစုံစနစ် ပေါ်ပေါက်ရေးနဲ့ ဒီငြိမ်းပါတီ ကလည်း အဲဒီစနစ်ထဲမှာ ရှိနေဖို့ ဝင်ပြိုင်တာပဲ ဖြစ်တယ်လို့ပဲပြောတယ်ဗျ။

ကိုကျော်စွာမိုး ။     ။ ဒီငြိမ်းပါတီက ခေါင်းဆောင်တွေ ပြောသလိုပဲ ကျနော်ထင်တာတော့  လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ပါတီတွေအားလုံးကတော့ ဒီလိုအခက်ခဲ အကြပ်အတည်းအားလုံးကို မျှော်လင့် ပြီးသားလို့ ထင်တယ်ဗျ။ သိပြီးတော့ ဝင်ပြီးတော့ ပြိုင်ကြမှာကိုး။ ဒါပေမယ့် ပြဿနာက ကျနော်ထင်တယ်၊ ခုနောက်ပိုင်းမှာ ပိုပြီးတော့ ခက်ခဲကြပ်တည်းလာပုံ ရတယ်။ ပိုပြီးတော့ ဆိုးဝါးစေတာက USDP ပေါ့ဗျာ။ ကြံ့ဖွံ့ပါတီ၊ အစိုးရ၊ ပြီးတော့ ရွေးကောက်ပွဲကော်မရှင်ပေါ့နော်၊ အဲဒီသုံးခုက တကယ်ကျတော့ တခုတည်းပဲဗျ။ ဆိုတဲ့အခါ ကျတော့ ဒီမိုကရေစီဘက်က ပါတီတွေ အတွက်ကတော့ ဆိုးကျိုးက ဘာလဲဆိုတော့ သူတို့ ၃ ခုပေါင်းပြီးတော့ တခုလုပ်နေတာကိုးဗျ။ အစိုးရလည်း သူတို့ပဲ၊ ကြံ့ဖွံ့ပါတီကလည်း သူတို့ပဲ၊ ကော်မရှင်ကလည်း သူတို့ပဲ။ ဆိုတော့ ဒီဘက်က ဒီမိုကရေစီ ပါတီတွေအတွက်ကတော့ ခံဘက်ကြီးပေါ့လေ။ သူတို့ ဘက်ကကျတော့ အားသာချက်တွေချည်းပဲ။ ဘာလဲဆိုတော့ USDP ဆိုလည်း နိုဝင်ဘာလ ၇ ရက်မှာ ရွေးကောက်ပွဲလုပ်မယ် ဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်က မကြေညာခင်ကတည်းက အစောကြီးက ကြိုသိပြီးနေပြီ။ ပြောချင်တာကတော့ လုပ်ချင်တာတွေ ပြင်ဆင်ရမယ့်ဟာတွေ အကုန်လုံးကို သူတို့က ကြိုတင် ပြင်ဆင်ပြီးသားတွေပဲ။ ခုနက ကိုခက်ထန်ပြောတဲ့ အထဲမှာ ကျနော်တခု စိတ်ဝင်စားတာက ဒီငြိမ်းပါတီဆိုရင် စတိသဘောမျိုးပဲ ဝင်တော့မှာကိုး။ ကျန်တဲ့ပါတီတွေကရော ဘယ်လို အနေ အထားရှိသလဲ ကိုထက်အောင်ရေ။

ကိုထက်အောင် ။     ။ ဒေါ်သန်းသန်းနုတို့ကတော့ မေးကြည့်တာ သူတို့ပါတီအနေနဲ့ကတော့ ကိုယ်စားလှယ်လောင်း ၁၀၀ လောက်ပဲ ဝင်ပြိုင်နိုင်မယ်လို့ ပြောတယ်။ တခြားပါတီတွေထဲကဆိုရင် အမျိုးသား ဒီမိုကရေစီ အင်အားစုပေါ့နော်။ NLD ကနေပြီးတော့ ခွဲထွက်လာတဲ့ပါတီပေါ့။ သူတို့လည်း ၁၀၀ ပတ်ဝန်းကျင်လောက်ပဲ ဝင်ပြိုင်နိုင်မယ်ပြောတယ်။ အများ ဆုံးဝင်ပြိုင်မယ့် ပါတီဆိုလို့ ဦးစိုင်းအိုက်ပေါင်းတို့ရဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီပေါ့ဗျာ။ သူတို့က ၁၅၀ လောက်မှန်းတယ်။ အဲဒါ လွှတ်တော် ၃ ရပ်အတွက်ပေါ့ဗျာ။ ဆိုတော့ တော်တော်ကြီးကို နည်းတယ်လို့ ပြောလို့ရ တယ်။ ကြံ့ဖွံ့ပါတီနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်ပေါ့။

ကိုကျော်စွာမိုး ။     ။ တကယ်တော့ ပြည်သူ့လွှတ်တော်မှာ အားလုံးပေါင်း နေရာပေါင်း ၃၃၀ ရှိမှာကိုး။ အဲဒီထဲမှာမှ ဒီမိုကရေစီဘက်က ပါတီတွေက အပြည့်ဝင်နိုင်ဖို့ကတော့ လုံးဝမလွယ်ဘူး။ အများဆုံးဝင်နိုင်မှ တဝက်လောက်ပဲ ရှိမှာပေါ့နော်။

ကိုခက်ထန် ။     ။ ဟုတ်ကဲ့ ကိုထက်အောင်နဲ့ ကိုကျော်စွာရေ။ ခုနကပြောသလို ဘာဖြစ်လို့ အပြည့် မဝင်နိုင်ဘူးလဲဆိုတာကို ခုနကပြောတဲ့ ရက်ကန့်သတ်ချက်ပေါ့ဗျာ။ တအားနည်းနေတယ်။ ကိုထက်အောင် ပြောသလို ရှမ်းအမျိုးသားများ ဒီမိုကရက်တစ် ပါတီဆိုလို့ရှိရင် သူတိုက ဒီသတ်မှတ်တဲ့ ရက်အတွင်းမှာ သူတို့လိုချင်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းကို သေချာစိစစ်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး။ မဖြစ်နိုင်တော့ ရတာနဲ့ ရှိတာနဲ့ အဲဒီလိုတင်ရမယ့် သဘောရှိနေတယ်ပေါ့ဗျ။ နောက်တချက်ကလည်း ဒီကာလအတွင်းမှာ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ ငွေရေးကြေးရေး အခက်အခဲကလည်း တော်တော်လေး ကြီးမားတယ်ပေါ့လေ။

ကိုထက်အောင် ။     ။ အခုဆိုရင် ကိုယ်စားလှယ်လောင်းတယောက် တင်တော့မယ်ဆိုရင် ငွေ ၅ သိန်းက ပထမဆုံး သွင်းရမယ်ကိစ္စက ဖြစ်လာတဲ့အခါကျတော့ ဒီငွေပြဿနာက ပိုပြီးတော့ ကြီးတယ်ဗျ။  ကိုယ့်ပါတီမှာ ကိုယ်စားလှယ်လောင်း စာရင်းတွေ ရှိတာတောင်မှပဲ ငွေအဆင်သင့်မရှိဘူးဆိုရင် ဒီကိုယ်စားလှယ်လောင်းတွေကို တင်ဖို့တောင် အခက်အခဲ ဖြစ်နေတယ်။

ကိုကျော်စွာမိုး ။     ။ ဒီနေရာမှာ အရပ်တွေး တွေးကြည့်မယ်ဆိုရင်ပေါ့ဗျာ။ ၅ သိန်းတင်ရမှာကို ကိုယ်က မနိုင်နိုင်မှန်း သိလျက်သားနဲ့ ၅ သိန်းကို ရင်းနှီးရမှာတော့ ပြဿနာရှိတယ်။ စီးပွားရေးအတွက်ပဲ တွက်တွက် အရပ်တွက်ပဲ တွက်တွက်ပေါ့ဗျာ ဟုတ်တယ်မဟုတ်လား။ ဘာဖြစ်လို့လဲဆိုတော့ USDP က နိုင်ဖို့ပဲများနေတာကိုး။ အခုကျနော် ကြားသိရသလောက်ဆို UDP ပါတီ အရင် ကိုဖြိုးမင်းသိန်းတို့ပါတီ ပေါ့လေ၊ ဆိုရင် သိပ်အများကြီး မဝင်ဘူးလို့ သိရတယ်။

ကိုထက်အောင် ။     ။ ပါတီရဲ့ ပြောရေးဆိုခွင့်တယောက် ပြောတာကတော့ သူတို့ပါတီအနေနဲ့ကတော့ ပါတီ ဖျက်သိမ်းမခံရရေး အတွက်ဦးတည်ပြီးတော့ အနိမ့်ဆုံးအဆင့်ပေါ့ဗျာ။ ဒီရွေးကောက်ပွဲ ဥပဒေအရ ၃ နေရာဝင်ရမှာ ဆိုတော့ အဲဒီလောက်ကိုပဲ သူတို့မှန်းထားတယ်လို့ပြောတယ်ဗျ။

ကိုကျော်စွာမိုး။     ။ ခုနကပြောတဲ့ အခက်ခဲတွေ အကြပ်တည်းတွေ ကြည့်မယ်ဆိုရင်တော့ လာမယ့် ရွေးကောက်ပွဲမှာကတော့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ တဝက်လောက်မှာ ၃၀၀ မှာ ၁၅၀ လောက်က ပြိုင်ဘက် မရှိဘဲ USDP ပါတီက အများစု နိုင်သွားမယ့်သဘောပေါ့။

ကိုခက်ထန် ။      ။ ဟုတ်ကဲ့ အဲဒီသဘောရှိနေတယ်။ ဘာဖြစ်လို့လဲဆိုရင် အခု နိုင်ငံတဝှမ်းလုံးကို ယှဉ်ပြိုင်မယ့်ပါတီက ပြည်ထောင်စု ဒီမိုကရေစီပါတီလိုမျိုး ၃ နေရာလောက်ပဲ ဝင်နိုင်တယ်ဆိုရင် တော်တော် အခြေအနေဆိုးတယ်လို့ ပြောရမယ်။ အဲဒီတော့ ဟာနေတဲ့ နေရာမှာ ခုနက ကိုကျော်စွာပြောသလိုပဲ သေချာပေါက် USDP က ဝင်ဖြည့်ပြီးတော့ သူတို့နေရာတွေ အများကြီး သိမ်းပိုက်သွားမယ့် အလားလာရှိတယ်ဗျ။

ကိုကျော်စွာမိုး ။     ။ ဒါဆိုရင်ဗျာ နအဖနဲ့ မဟာမိတ်လို့ ပြောလို့ရတဲ့ တစညပါတီကျတော့ရော။

ကိုထက်အောင်။     ။ တစညကတော့ ဒုတိယ အင်အားအကြီးဆုံးပါတီ၊ ကိုယ်စားလှယ်လောင်း အရေအတွက်လည်း ဒုတိယအများဆုံး ယှဉ်ပြိုင်နိုင်တဲ့ ပါတီအဖြစ် ရပ်တည်သွားလိမ့်မယ်လို့ ထင်တယ်။ ကြံ့ဖွံ့ပါတီပြီးရင်ပေါ့ဗျာ။ ဒီဘက်က ကျနော်တို့ ဒီမိုကရေစီပါတီတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ သူကအများကြီး အခြေအနေကောင်းတယ်လို့ ပြောရမှာ ပေါ့ဗျာ။ နောက်တချက်က ဒီမိုကရေစီပါတီတွေကလည်း ဟိုတလောတုန်းကသူတို့ တပါတီနဲ့ တပါတီရွေးကောက်ပွဲ ကျရင် ကိုယ်စားလှယ်လောင်း မထပ်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မယ်တို့ ဘာတို့ ပြောထားတာတွေရှိတယ်။ အခု ကျနော်တို့ မေးကြည့်လိုက်တဲ့ အခါကျတော့ သူတို့ပါတီတွင်း အခက်ခဲအကျပ်အတည်းတွေနဲ့ လုံးပန်းနေရပြီးတော့ ဒီကိစ္စကိုတောင် လုံးဝ ဦးမလှည့်နိုင်တော့မယ့် အနေအထားကို ရောက်နေပြီဗျ။

ကိုကျော်စွာမိုး ။     ။ ကျနော်ကတော့ အဆိုးမြင်တာတော့ မဟုတ်ဘူးဗျ။ တစညပါတီ ဆိုရင်လည်းပဲ ကျနော်ကတော့ သိပ်မထင်ဘူးဗျ။ တကယ်တော့ တစည က အထည်ကြီးပျက် ဖြစ်နေပြီဗျ။ ၁၉၈၈- ၉၀ တုန်းကတော့ ဟုတ်တာပေါ့ဗျာ။ သူကတော့ နံပတ်တစ် ပါတီပေါ့။ အခု  USDP ပါတီနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ တခြားစီပဲ ထင်တယ်။ သူလည်းပဲ ကျနော်ထင်တာကတော့ ၃၃၀ တောင် ပြိုင်နိုင်ပါ့မှလားပဲ။ ခုနက ကိုထက်အောင်ပြောတဲ့ ဒီမိုကရေစီ အင်အားစုဘက်က ပါတီတွေအနေနဲ့လည်းပဲ ပူးပေါင်းပြီးတော့ ကိုယ်စားလှယ်လောင်းတွေ မထပ်အောင် လုပ်ဆောင်မယ်ဆိုတာကလည်း သိပ်ပြီးတော့ မလွယ်ဘူးဗျ။ ၁၁ ရက်ပဲ အချိန်ရတာကိုး။ ဘယ်လောက်အထိ လုပ်နိုင်မှာလဲ။ အဲဒါတွေကလည်း ရှိသေးတာကိုး။

ထက်အောင်။   ။ ပါတီခေါင်းဆောင် သုံးလေးငါးယောက်ကို စကားပြောကြည့်တာပေါ့၊ အခုလိုမျိုး ကော်မရှင်က လုပ်ငန်းစဉ်တွေကို ထပ်လိုက်ပြီးတော့ အချိန်ကာလကို အရမ်းကျုံ့သွားအောင် လုပ်လိုက်တဲ့ အခါမှာ ဒီပါတီတွေက အစဉ်သင့်မဖြစ်ဘဲနဲ့ ရွေးကောက်ပွဲကိုဝင်ရမယ့် အနေထားမျိုးမှာ ရွေးကောက်ပွဲရဲ့ တရားမျှတမှုဆိုတဲ့ဟာက ရှိလာနိုင်ပါဦးမလား ဆိုတဲ့အခါကျတော့ ပါတီတွေရဲ့ လေသံက အံ့သြစရာ ကောင်းလောက်အောင် တထပ်တည်း ဖြစ်နေတယ်။ ကျနော်တို့တော့တဲ့ ဒါတွေကို အခုချိန်ကြတော့မှ ညည်းညူမနေတော့ပါဘူးတဲ့။ ဆိုတော့ ဘာနဲ့သွားတူနေလဲဆိုတော့ ရွေးကောက်ပွဲ ကော်မရှင်က တိုက်လိုက်တဲ့ ဆေးခါးကြီးကို ပါတီတွေက ကြိတ်မှိတ်ပြီးတော့ မြိုချနေရတဲ့ အခြေအနေ ဖြစ်နေတယ်ဗျ။

ကျော်စွာမိုး။     ။ ကိုထက်အောင် ဥပမာကတော့ လက်ရှိအခြေအနေကို ထင်ဟပ်နေတဲ့ ဥပမာပဲဗျာ။ ဒါပေမယ့် တပြိုင်တည်းမှာဘဲ ကျွန်တော် တခုစဉ်းစားမိတာကဗျ၊ ရွေးကောက်ပွဲ အခြေအနေက တရားမျှတမှာ မဟုတ်ပါဘူး၊ နောက် ပါတီတွေကလည်း အခက်အခဲတွေ အများကြီး ရှိနေတယ်ပေါ့လေ။ ဒါပေမယ့် အဓိက အရေးကြီးတာက မဲဆန္ဒရှင်တွေကိုလည်း ထည့်ပြီးတော့ စဉ်းစားရမှာပေါ့ဗျာ။ မဲဆန္ဒရှင်တွေကရော ဒီရွေးကောက်ပွဲကို မဲပေးဖို့ စိတ်ဝင်စားရဲ့လား။ အဲဒါက အမြဲတမ်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစားရမယ့် ဟာပေါ့လေ။ ဆိုတော့ လက်ရှိအခြေအနေကို ကျနော် ကြည့်ကြည့်မယ်ဆိုရင်တော့ ရွေးကောက်ပွဲကို မဲပေးချင်တဲ့ မဲဆန္ဒရှင်ဆိုတာတော့ ခပ်ရှားရှားရယ်ပဲဗျ။ ကျနော်တို့ မီဒီယာတွေရယ်၊ နိုင်ငံတကာရယ်၊ US ၊ UN ပေါ့ဗျာ၊ အားလုံးကနေပြီးတော့ ရွေးကောက်ပွဲကြီးကို အာရုံစိုက်ပြီးတော့ ပြောဆိုဆွေးနွေးနေကြတာဗျ။ တကယ်တော့ ပြည်တွင်းက မဲဆန္ဒရှင် အများစုကတော့ ဒီရွေးကောက်ပွဲကြီးဟာ မလိုပါဘဲနဲ့ လုပ်တဲ့ရွေးကောက်ပွဲကြီး၊ တရားမျှတမှာလည်း မဟုတ်ဘူး ဆိုပြီးတော့ နည်းနည်းလေးမှတောင် စိတ်ဝင်စားပုံ မရဘူးဗျ။ ဆိုတော့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ မဲဆန္ဒရှင်တွေ ဘယ်လောက်များများ ထွက်လာမလဲ ဆိုတာ ကျွန်တော်တို့ ကြည့်ရမှာပေါ့လေ။ ၁၉၉၀ ရွေးကောက်ပွဲ ဆိုရင်ပဲ ဘာပဲပြောပြော မြန်မာတနိုင်ငံလုံးမှာ တကယ်ကို စည်းစည်းကားကားနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲတခုလို့ ပြောလို့ရတယ်။ ကျွန်တော်တို့ မျက်စိတွေနဲ့လည်း မြင်ခွင့်ရခဲ့တယ်။ ဒါပေမယ့် နိုဝင်ဘာ ၇ ရက်နေ့ကတော့ ဘယ်လိုဖြစ်မလဲ ဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့လေ။ ကိုထက်အောင်နဲ့ ကိုခက်ထန်ရေ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်