RFA က ဧရာဝတီစကားဝိုင်း (သြဂုတ် ၂၅၊ ၂၀၁၀)

လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယိုပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။

{play}images/stories/podcasts/rfa.08.27.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{wd file=images/stories/podcasts/rfa.08.27.10.mp3 name='အသံဖိုင်ရယူရန်'}
အခုတပတ်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ လှုံ့ဆော်နေတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ရွေးကောက်ပွဲမှာ မဲထည့်ဖို့ ဆော်သြနေတဲ့ နိုင်ငံရေးပါတီတွေအကြား မြန်မာပြည်သူတွေ ဘယ်လမ်းလိုက်လိုက် ကြံ့ဖွံ့ပါတီက အနိုင်ရအောင်စီမံနေတဲ့ အခြေအနေတွေကို ဧရာဝတီမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ ဧရာဝတီ ရွေးကောက်ပွဲ စာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲသတင်းတွေကို ရေးသားနေတဲ့ ကိုခက်ထန်တို့က ဆွေးနွေးထားပါတယ်။

ကိုကျော်စွာမိုး ။    ။ ဧရာဝတီ စကားဝိုင်းမှ ကြိုဆိုပါတယ်။ မင်္ဂလာပါခင်ဗျာ။ ကျနော်က ကျော်စွာမိုးပါ။ ကျနော်နဲ့ ဒီတပတ် ဝင်ရောက်ဆွေးနွေးမယ့် သူတွေကတော့ ရွေးကောက်ပွဲစာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ ရွေးကောက်ပွဲ သတင်းတွေကို ရေးသားနေတဲ့ ကိုခက်ထန်ဖြစ်ပါတယ်။

ကိုထက်အောင်နဲ့ ကိုခက်ထန်ရေ၊ ပြီးခဲ့တဲ့တပတ်က အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် (NLD) ပါတီကနေပြီးတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ စတင်ဆော်ဩတယ်လို့ ကျနော်တို့ သိရတယ်။ တပြိုင်တည်းမှာပဲ တခြား ရွေးကောက်ပွဲကိုမဝင်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်းပဲ မဲဆန္ဒရှင်အားလုံးကို  ရွေးကောက်ပွဲမှာ မဲမပေး ဖို့ဆိုပြီးတော့ စတင်စည်းရုံးနေပြီလို့  ကျနော်တို့သိရတယ်။ ဆိုတဲ့အခါကျတော့ တဖက်မှာလည်းပဲ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် ဒီမိုကရေစီ အင်အားစုတွေ ရှိနေတယ်ပေါ့ဗျာ။ အဲဒီအခါ ကျတော့ ဒီအချိန်ဟာ ကျနော်ထင်တယ် မဲဆန္ဒရှင်တွေ အားလုံးအတွက် ပိုပြီးတော့ ဝေဝါးစရာတွေ ဖြစ်လာတဲ့အချိန်လို့ ကျနော်တို့ ပြောလို့ရမယ်ထင်တယ်။  ဆိုတဲ့အခါကျတော့ ပထမဆုံးအခု NLD ကခေါ်လိုက်တဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ရေးက ဘယ်လိုဖြစ်လာနိုင်လဲ။ နောက်တချက်က တခြားအုပ်စု တခုဖြစ်တဲ့ ရွေးကောက်ပွဲဝင်ရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုတွေဖြစ်လာနိုင်လဲ ဆိုတဲ့ အချက် နှစ်ချက်ကို ကျနော်တို့ နှစ်ပိုင်းခွဲပြီးတော့ သုံးသပ်ကြည့်ရင် ကောင်းမယ်လို့ထင်တယ်ဗျ။

ကိုထက်အောင် ။     ။ ကောင်းတာပေါ့ဗျာ။ ပထမဦးဆုံးအနေနဲ့ ဒီရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ အင်အားစုပေါ့။ အင်အားစု မှာက NLD က ဦးဆောင်တယ်လို့ ပြောလို့ရတယ်ပေါ့ဗျာ။ ဒီအင်အားစုကနေပြီးတော့ မဲဆန္ဒရှင်တွေကို တိုက်တွန်းတဲ့ နည်းလမ်း နှစ်လမ်းရှိတယ်လို့ ကျနော် တွေ့ရတယ်ဗျ။ ပထမ တလမ်းက ဘာလဲဆိုတော့ ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်တွေက မဲရုံတွေ ကိုသွားပြီတော့ မဲမပေးရေးဆိုတဲ့နည်းလမ်းပေါ့။

ကိုကျော်စွာမိုး ။     ။ ဒါကလည်း ပြောမယ်ဆိုရင် ၂၀၀၈ ကလည်းပဲ အတိုက်အခံပါတီတွေရော ဒီဘက်က ပြည်ပအတိုက်အခံ အဖွဲ့အစည်းက ဆော်ဩခဲ့တဲ့နည်းပေါ့။ 

ကိုထက်အောင် ။     ။ ဟုတ်ပါတယ်။  ဒါပေမယ့် မအောင်မြင်ခဲ့ဘူးလို့ပဲ ပြောရမှာပေါ့ဗျာ နောက်ဆုံးပိတ်တော့။ အဲတော့ ဒီနည်း လမ်းကို ဆော်ဩတာလည်း အကြောင်းမဲ့တော့ မဟုတ်ဘူးဗျ။ ကျနော်တို့ရွေးကောက်ပွဲ ဥပဒေထဲမှာပါတယ်။ နိုင်ငံသားတယောက်ကတဲ့ ဒီ မိမိရဲ့ဆန္ဒသဘောထားအလျောက် မဲရုံကိုသွားပြီးတော့မဲမပေးပဲနေခွင့် ရှိတယ်ဆိုတဲ့ဟာကို ဒီအခွင့်အရေးက နိုင်ငံသား တိုင်းမှာ ရှိတယ်တိုတဲ့ဟာကို ပြဋ္ဌာန်းထားတယ်ဆိုတော့ ဒီပြဋ္ဌာန်းချက်ကို ကိုးကားပြီတော့ ဒါဆော်ဩ စည်းရုံးနေတာ ဖြစ်တယ်။

ကိုကျော်စွာမိုး ။     ။ အဲဒီတာ့ အရေးကြီးတာကတော့ဗျာ အဲဒီလိုဆော်ဩစည်းရုံးမှုတွေဟာ လာမယ့်နှစ်လပေါ့ဗျာ။ နိုဝင်ဘာလ ၇ ရက်နေ့မတိုင်ခင်၊ ရွေးကောက်ပွဲ နေ့မတိုင်ခင်မှာ ဘယ်လောက်အထိ ပြည်သူလူထုအများစုကို ထိရောက်နိုင်မှာလဲ ကျနော်တို့ အဲဒါကို သုံးသပ်ကြည့်အောင်။ ကိုခက်ထန် ဘယ်လိုထင်လဲဗျ။

ကိုခက်ထန် ။      ။ ဟုတ်ကဲ့ ကိုကျော်စွာရေ။ တကယ့်လက်တွေ့ အခြေအနေမှာကတော့ဗျာ။ ကျေးလက်ဒေသလို နေရာမျိုးတွေက လူအဖွဲ့အစည်းက နည်းနည်းသေးတယ်လို့ ပြောရမယ်။ အဲဒီတော့ ဒီလူအဖွဲ့စည်းတွေလိုမျိုးကို သွားပြီးတော့ မဲမပေးဘူးလို့ မျှော်လင့်ဖို့တော့ နည်းနည်းခက်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် လူထုဆန္ဒ ခံယူပွဲတုန်းကဆိုလို့ရှိရင် မဲမပေးရဲဘဲ မနေရဲကြတာကို တွေ့ရတယ်ဗျ။  ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ သက်ဆိုင်ရာ အာဏာပိုင်အသီးသီးနဲ့ အနီးကပ်ဆက်ဆံနေရတဲ့ အခါကျတော့ သူတို့မှာ အကြောက်တရားတွေ ရှိတာကိုး။

ကိုကျော်စွာမိုး ။     ။ နောက်တချက်က ကိုခက်ထန်ရေ။ မဲဆန္ဒရှင် အခုဆိုရင် ကျနော်တို့သိရသလောက်က သန်း ၃၀ နီးပါး လောက်ရှိတယ်ပေါ့ဗျာ။ ဒါပေမယ့် အဲဒီထဲက ဘယ်နှရာခိုင်နူန်းကသာ မဲထွက်မှသာ ဒီရွေးကောက်ပွဲက တရားဝင်ဖြစ်မယ်ဆိုတဲ့ ဥပဒေမျိုး ပြဋ္ဌာန်းချက်မျိုးတွေ မရှိဘူးဗျ။ ပြောချင်တာကဗျာ၊ မဲဆန္ဒရှင် ၁၀၀ မှာ အယောက် ၅၀ ပေးမှ၊ ၅၁ ရာခိုင်နူန်းပေးမှအောင် မြင်မယ်ဆိုတဲ့ သဘောမဟုတ်ဘူးဗျ။ ၂၀ ပေးလည်း အောင်မြင်နိုင်တာပဲ။ ဆိုတော့ ခုနကလို မဲမပေးရေးဆိုတဲ့ဟာကို ဆော်ဩတဲ့ နေရာမှာ အများစုက မပေးပေမယ့် ၁၀ ရာခိုင်နူန်း ထွက်ပေးရင်တောင် ဒီရွေးကောက်ပွဲက နအဖ ကနေပြီးမှ အောင်မြင်တယ်လို့ အသိမှတ်ပြုနိုင်မယ် ထင်တယ်ဗျ။

ကိုထက်အောင် ။     ။ အဲတော့ ဒီနေရာမှာ အဲလိုမျိုး ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာကို သိတဲ့ NLD ခေါင်းဆောင်ပိုင်း အပါအဝင်ပေါ့ဗျာ။ ဒီမဲမပေးရေး သပိတ်မှောက်ရေးကို ဆော်ဩတဲ့ အင်အားစုတွေက မဲဆန္ဒရှင်တွေကို နောက် တလမ်းနဲ့ ရွေးချယ်ခိုင်းတယ်။ အဲဒါဘာလဲဆိုတော့ တကယ်လို့ မဖြစ်မနေ ကိုယ်က မဲပေးရတော့မယ့် အခြေအနေကို ကြုံကြိုက်လာမယ်ဆိုလျှင် မဲရုံထဲမှာ ဝင်သွားပြီးတော့ မဲပေးပြီဆိုရင် ဒါ မဲပေးတဲ့စနစ်က လျှို့ဝှက်စနစ်နဲ့ မဲပေးရတာကိုး။ အဲဒီတော့ ပယ်မဲဖြစ်အောင် ပေးပါဆိုတော့ ဒါနောက်တလမ်း။ ဒုတိယနည်းလမ်းအဖြစ်နဲ့ လှုံ့ဆော်နေတာတွေရှိတယ်။ အဲဒီတော့ အဲဒီ အနေအထားကရော ဘယ်လောက်အထိ ပြည်သူတွေက လိုက်ပါဆောင်ရွက်နိုင်သလဲဆိုတဲ့ဟာရော ကျနော်တို့က စဉ်းစားရမယ့် အချက်ဖြစ်တယ်။  နောက်တချက်က NLD တို့ ဘာတို့ကနေ လှုံ့ဆော်နေတဲ့အချက်ကို ကော်မရှင်က သိမှာပဲ။ အဲဒီတော့ ကော်မရှင်က မဲရုံတွေကို သွယ်ဝိုက်သောနည်းနဲ့ မဲရုံမှူးတွေကို မှာထားနိုင်တာ ရှိနိုင်တယ်ဗျ။ အဲဒါဘာလဲဆိုတော့ မဲလက်မှတ် ပေါ်က နံပါတ်ကို မဲဆန္ဒရှင်နဲ့ ပြန်တိုက်ကြည့်လို့ရအောင် မဲစာရင်းစာအုပ်မှာ မသိမသာမှတ်ထား ဆိုတဲ့ဟာမျိုးကို ဒီလိုနည်းတွေက ဘာလဲဆိုတော့ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်တဲ့နည်းဗျ။

ကိုကျော်စွာမိုး ။     ။ ဒါက တကယ်ဆိုရင် နိုင်ငံတကာမှာလုပ်နေတဲ့ မဲလိမ်နည်းတွေ၊ မဲဝယ်နည်းတွေထဲက နည်းတခုပေါ့ဗျာ။ မြန်မာပြည်က မဲဆန္ဒရှင်တွေ သတိထားရမယ့် အချက်တချက်ပေါ့နော်။

ကိုခက်ထန် ။     ။ အဲဒီမှာ အခုလတ်တလော သိရတဲ့အချက်က ပြည်သူလူထု အများစုက မဲပေးဖို့ဆိုတာ ဆန္ဒမရှိဘူး။  မဖြစ်မနေ ပေးရမယ်ဆိုရင်လည်းပဲ သူတို့ ဘယ်ပါတီကို ပေးရမှန်းမသိဘူး။ အဲဒီလို ပြည်သူတွေက ဇဝေဇဝါ ဖြစ်လေ ဒါသူတို့က ဒီအချက်တွေပေါ်မှာ အသာစီးယူ အခွင့်ကောင်းယူသွားနိုင်တဲ့ အခြေအနေတွေလည်း မြင်ရတယ်ဗျ။

ကိုကျော်စွာမိုး ။     ။ ဆိုတော့ ကိုထက်အောင်နဲ့ ကိုခက်ထန်ရေ။ ရွေးကောက်ပွဲ သပိတ်မှောက်တာကတော့ ဘယ်လိုမျိုးတွေ အကျိုးသက်ရောက်မှုရှိပြီး အောင်မြင်မှုတွေ ဖြစ်နိုင်မယ်ဆိုလား မသိနိုင်ဘူးပေါ့ဗျာ။ ဒါပေမယ့်လည်းပဲ သေချာတာကတော့ ရှေ့လာမယ့် နှစ်လကျော်အတွင်းမှာ ဒီသပိတ်မှောက်မှုကို ဆက်ပြီးတော့ NLD ပါတီဝင်တွေရော NLD ခေါင်းဆောင်တွေရော တခြားတိုင်းရင်းသား ခေါင်းဆောင်တွေကရော ဆက်ပြီးတော့မြှင့်မယ်ဆိုရင်တော့ ကျနော်ထင်တယ် ဒါဟာ ရွေးကောက်ပွဲကို အတားအဆီး အနှောက်အယှက်လုပ်တာပဲဗျ။ သူတို့တောင်မှပဲ  ထောင်ဒဏ်အနှစ် ၂၀ ကျခံရနိုင်တဲ့ အလားအလာတွေ အများကြီး မြင်တွေ့နေရတယ်ပေါ့လေ။ ဒါဆိုရင် အခုကျနော်တို့ ရွေးကောက်ပွဲကို ၀င်တဲ့အပိုင်းကို ဆွေးနွေးကြရအောင်ဗျာ။   ရွေးကောက်ပွဲဝင်မယ်ဆိုရင်ရော လက်ရှိအခြေအနေရ ပါတီတွေက အများစု ဆွေးနွေးတဲ့အတိုင်းပဲ ဘာတွေဖြစ်နေလဲ။ ဒီတပတ်မှာရော ဘာတွေပိုပြီးတော့ ထူးခြားလဲ မသိဘူး။

ကိုထက်အောင် ။     ။ ရွေးကောက်ပွဲဝင်မယ့် အပိုင်းမှာကတော့ဗျာ အခုလောလောဆယ် နိုင်ငံရေးပါတီတွေက သူတို့ ကိုယ်စားလှယ်လောင်းတွေ များနိုင်သမျှ များများ စာရင်းပေးနိုင်ဖို့အတွက်ကို အပူတပြင်း လုံးပန်းနေရတဲ့ အနေအထားပေါ့ဗျာ။ ဒီနေရာမှာလည်း ကျနော်တို့ အခက်အခဲတွေ အများကြီးပဲ ကြားနေရတာတွေရှိတယ်။

ကိုခက်ထန် ။     ။ ဟုတ်ကဲ့ ကိုထက်အောင်ရေ။ နောက်ပြဿနာတခုက အချိန်အကန့်အသတ် ပြဿနာပေါ့ဗျာ။ လွှတ်တော် ကိုယ်စားလှယ်တွေ လျှောက်ထားဖို့ ကန့်သတ်ပေးထားတဲ့ အချိန်က ဘယ်လိုမှ မလောက်မငှ ဖြစ်နေတယ်။ ဒီလို အခြေအနေကြောင့် သူတို့တွေဟာ ဝင်မပြိုင်နိုင်မယ့်နေရာတွေ လွတ်ကျန်နေခဲ့မယ့် နေရာတွေ ရှိတယ်ဗျ။ အဲနေရာတွေကို ကြံ့ဖွံ့ပါတီက သွားပြီးတော့ အုပ်စီးမယ့် အနေအထားတွေရှိတယ်။

ကိုထက်အောင် ။     ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော် အားလုံးအတွက် နေရာက ၁၁၈၇ နေရာရှိတယ်ဗျ။ အခု ကျနော်ကြားရသလောက်က ဒီမိုကရေစီဘက်က ပါတီတွေက အများဆုံးဝင်ပြိုင်နိုင်လှ ပါတီတပါတီကို နေရာ ၁၀၀ လောက်ပဲ ဝင်ပြိုင်နိုင်မယ်ပေါ့ဗျာ။ ဆိုတော့ ပါလီမန် အားလုံး နေရာအားလုံးရဲ့ ၁၀ ရာခိုင်နူန်းလောက်ကိုပဲ ဝင်ပြိုင်နိုင် ပြီးတော့ ၉၀ ရာခိုင်နူန်းလောက်မှာ သူတို့ရဲ့ကိုယ်စားလှယ်တွေ မရှိတဲ့အနေအထားကို ရောက်နေတယ်ဗျ။

ကိုကျော်စွာမိုး ။      ။ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ အပိုင်းမှာလည်း ကျနော်တို့ အရင်တုန်းက ဆွေးနွေးခဲ့တဲ့ အတိုင်းပေါ့လေ။ ဒီမိုကရေစီ အင်အားစုဘက်ကတော့ အောက်ကနေပြီးတော့ ဝင်ရမှာပေါ့ဗျာ။ ခင်ဗျားတို့ နှစ်ယောက်လုံး ပြောတဲ့အတိုင်းဆို USDP ပါတီကပဲ အများစုအနိုင်ရဖို့ ရှိနေတာပေါ့လေ။

ကိုထက်အောင် ။     ။ ဒီလိုအများစု အနိုင်ရမယ်ဆိုတဲ့ နေရာမှာတောင်မှပဲ ယှဉ်ပြိုင်ပြီး အနိုင်ရမယ့်ဟာမျိုး မဟုတ်ဘဲနဲ့ မဲဆန္ဒနယ် တော်တော်များများမှာ USDP ကိုယ်စားလှယ်လောင်း တယောက်တည်းပဲရှိတဲ့အတွက်ကြောင့် ဒီကိုယ်စားလှယ်လောင်းကိုပဲ အနိုင်ပေးလိုက်ရတဲ့ မဲဆန္ဒနယ်တွေ အများအပြားထွက်လာနိုင်စရာ ရှိတယ်ပေါ့ဗျာ။

ကိုခက်ထန် ။     ။ ဟုတ်ကဲ့ ကိုထက်အောင်ရေ၊ အခု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပေါ့ဗျာ။ အဲဒီပါတီက ဦးသုဝေကလည်း ဒါသူတို့ စပြီးရွေးကောက်ပွဲဝင်မယ်လို့ မှန်းထားတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ သူတို့လုပ်ဖို့ ဂွင်ရှိမယ်လို့ မှန်းခဲ့တယ်။ အခုကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီစနစ်တကျ ဖန်တီးတဲ့ ဥပဒေစည်းမျဉ်းတွေအရ သူတို့ မျှော်လင့်တဲ့အတိုင်း မဖြစ်နိုင်တော့ဘူး ဆိုပြီးတော့ သူတို့ ထုတ်ပြောတယ်။

ကိုကျော်စွာမိုး ။     ။ ဆိုတဲ့အခါကျတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ လမ်းကြောင်းရယ်၊ ရွေးကောက်ပွဲဝင်တဲ့ လမ်းကြောင်းရယ် အကုန်လုံးကို စဉ်းစားကြည့်မယ်ဆိုတော့ နှစ်ခုလုံးကတော့ ဒီမိုကရေစီ အင်အားစုတွေအတွက် သိပ်ပြီးတော့ အခြေ အနေမလှတဲ့ အပိုင်းပေါ့နော်။ ဆိုတော့ နအဖနဲ့ သူ့ပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီဘက်က မဲပေးသည်ဖြစ်စေ မဲမပေးသည်ဖြစ်စေ သူတို့ကတော့ မဲနိုင်မယ့်သဘောရှိမှာပေါ့လေ။

ကိုထက်အောင် ။     ။ ဒီလိုအခြေအနေမှာ ထပ်ပြီးတော့ ကျနော်တို့ စဉ်းစားစရာပေါ်လာတာက ဘာလဲဆိုတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှု။ နိုင်ငံတကာ အသိုင်းအဝိုင်းက အရင်တုန်းက ထင်ထားတာက အနည်းဆုံးအဆင့်ပေါ့ဗျာ။ အနိမ့်ဆုံး အဆင့်မှာတော့ ဒါ ... ဒီဘက်က ဒီမိုကရေစီပါတီတွေအတွက် အထိုက်အလျောက် ယှဉ်ပြိုင်နိုင်တဲ့ အနေအထား ရှိလာမယ်။ အဲဒီအတွက်ကို သူတို့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်အောင် ကျင်းပပေးပါဆိုတဲ့ဟာမျိုးနဲ့ အော်နေတာရှိတယ်ဗျ။ နိုင်ငံတကာ အသိုင်းအဝိုင်းက မသိသေးတဲ့အချက်တခုက    မဲဆန္ဒနယ် တော်တော်များများမှာ ကြံ့ဖွံ့ပါတီရဲ့ ကိုယ်စားလှယ်က ပြိုင်ဘက်မရှိနဲ့ ရွေးကောက်တင်မြှောက်ခံရမယ့် အခြေအနေတွေ ဖြစ်ပေါ်နေတဲ့အခါကျတော့ တရားမျှတတယ် ဆိုရင်တောင်မှပဲ USDP ကပဲ အများစု အနိုင်ရရှိသွားမှာ ဖြစ်ပါတယ်။

ကိုကျော်စွာမိုး ။     ။ ဆိုတော့ ဒီနေရာမှာ ခုနက အပြည်ပြည်ဆိုင်ရာ ကဏ္ဍကို ပြောမယ်ဆိုရင်တော့ဗျာ အခုဆိုရင် အပြည်ပြည်ဆိုင်ရာလည်းပဲ လူ့အဖွဲ့စည်းအပေါ်မှာ လူသားတွေအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုပေါဗျာ။ နောက်တခုအားဖြင့်လည်း စစ်ရာဇဝတ်မှုအနေနဲ့ စုံစမ်းစစ်ဆေးဖို့အတွက် လက်ရှိစစ်အစိုးရကိုပေါ့နော်။ UN ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့ဖို့ တိုက်တွန်းကြတယ် မဟုတ်လား။ ဆိုတော့ အဲဒီမှာ ပြဿနာက နောင်တက်လာမယ့် အစိုးရကလည်း ဒီအစိုးရနဲ့တော့ ကုလားကြီးနဲ့ အရာကြီး ဖြစ်နေမှာပေါ့ဗျာ။ ဒါပေမယ့် အဲဒီနေရာမှာ အဲဒီအစိုးရကို နိုင်ငံတကာကနေပြီးတော့ ဘယ်လိုမျိုး အသိမှတ်ပြုမလဲပေါ့ဗျာ။ ဆိုတဲ့ အဲဒီဟာက အဓိက မေးခွန်းကြီးတခုဖြစ်နေလိမ့်မယ်လို့ ကျနော်ထင်တယ်ဗျ။

ကိုထက်အောင် ။     ။ ဟုတ်တယ်။ ကျနော် နောက်တချက် စဉ်းစားမိတာက ဒီရွေးကောက်ပွဲကို နိုင်ငံတကာက အသိမှတ်ပြုလိုက်ရင် အခုလက်ရှိ နိုင်ငံတကာရဲ့ ရပ်တည်ချက်၊ ကြိုးပမ်းမှု ခုနကပြောတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့တယ်ဆိုတဲ့ ကိစ္စအပါအဝင်ပေါ့ဗျာ ဒီဟာတွေအားလုံးနဲ့က ဆန့်ကျင်ဘက်တွေ ဖြစ်သွားလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲကို အသိမှတ်ပြုလိုက်မယ်ဆိုရင် တက်လာမယ့် အစိုးရသစ်ကိုလည်း အသိမှတ်ပြုတယ်ဆိုတဲ့ သဘောမျိုးဖြစ်သွားလိမ့်မယ်။ အဲဒီတော့ ဒီအစိုးရသစ်က စစ်ရာဇဝတ်မှုတွေ၊ မြန်မာပြည်သူလူထု အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ အစိုးရဖြစ်တဲ့အခါကျတော့ ဒီအစိုးရကို တရားစွဲဖို့ကိစ္စတွေ ဒါတွေက အများကြီး အခက်အခဲ ဖြစ်သွားနိုင်တယ်။ ဒါက နိုင်ငံတကာက အစိုးရတွေ သတိပြုသင့်တဲ့ အချက်တချက်ပေါ့ဗျာ။

ကိုကျော်စွာမိုး ။     ။ ကိုထက်အောင်ရေ။ ဒါပေမယ့်လည်းဗျာ။ မြန်မာအစိုးရက ရွေးကောက်ပွဲ ကျင်းပတယ်ဆိုတာကအစ တနည်းအားဖြင့် legitimacy ဘယ်လိုမျိုးသူ့ရဲ့ အစိုးရကို နိုင်ငံတကာကနေပြီးတော့ တရားဝင်ဖြစ်အောင် လုပ်မလဲဆိုတာအတွက် ကြိုးပမ်းနေတာကိုး။ တကယ်တော့ အရင်တုန်းက ကျနော်တို့ပြောထားတဲ့အတိုင်းပဲ ရွေးကောက်ပွဲဆိုတာ လိုအပ်တဲ့အရာတော့ မဟုတ်ဘူးလေ။ ဆိုတဲ့အခါကျတော့ ရွေးကောက်ပွဲ ရလဒ်ကတော့ အပြည်ပြည်ဆိုင်ရာအနေနဲ့ ဆိုရင် အပြောင်းအလဲတခုရှိလိမ့် မယ်လေ။ ဒါပေမယ့် မြန်မာ မဲဆန္ဒရှင်အတွက်နဲ့ မြန်မာပြည်အတွက်တော့ အပြောင်းအလဲ ရှိချင်မှရှိလိမ့်မယ်လို့ ထင်တယ်။

ဆိုတော့ ကိုထက်အောင်နဲ့ ကိုခက်ထန်ရေ၊ လက်ရှိအခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင်တော့  နအဖကလည်း တဖက်ကနေပြီးတော့ အပြည်ပြည်ဆိုင်ရာမှာ သူ့ကိုယ်သူ တရားဝင်အစိုးရတခုဖြစ်လာအောင် ကြိုးစားနေတာပေါ့ဗျာ။ တရားဝင်ဖြစ်ရေး ကိစ္စပေါ့။ တဖက်ကလည်း ကြည့်မယ်ဆိုရင်တော့ ရွေးကောက်ပွဲကို သပိတ်မှောက်မယ့် လူတွေရော၊ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ ပါလီမန်ထဲမှာ ဝင်ပြီးတော့ ဥပဒေအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ့်လူတွေရော ဒီဘက်က ကြည့်မယ်ဆိုရင်တော့ သူတို့ကလည်း နအဖလုပ်တဲ့ တရားဝင်ကိစ္စကြီးကို တဖက်ကနေပြီးတော့ တရားမဝင်ဖြစ်အောင် လုပ်နေတာပေါ့ဗျာ။ ဒါကပြောမယ်ဆိုရင် တဖက်က နအဖနဲ့ ဒီမိုကရေစီနဲ့ ကြားက တိုက်ပွဲပဲလို့ ပြောလို့ရတယ်ဗျ ဒီရွေးကောက်ပွဲကလည်းပဲ။ ဒါပေမယ့် အစကနေ ပြန်ကောက်ကြည့်မယ်ဆိုရင်တော့ ရွေးကောက်ပွဲကို သပိတ်မှောက်မယ့်လူတွေရော ဘယ်လောက်အထိ လုပ်နိုင်ကိုင်နိုင်မလဲ ဆိုတာကို ကျနော်တို့ ကြည့်ရမှာဖြစ်သလို ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေ ဘယ်လောက်အထိ ခြေလမ်းကြဲကြဲနဲ့ နအဖရဲ့ပါတီဖြစ်တဲ့ ကြံ့ဖွံ့ပါတီနဲ့ ယှဉ်ပြိုင် စီးချင်းထိုး ပြိုင်နိုင်မလဲပေါ့လေ။ အဲဒါကတော့ ကျနော်တို့ ရွေးကောက်ပွဲရပ်မှာ စောင့်ကြည့်ရလိမ့်မယ်ကျနော်ထင်တယ်ဗျာ။ ကိုထက်အောင်နဲ့ ကိုခက်ထန်ရေ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်