RFA က ဧရာတီစကားဝိုင်း (စက်တင်ဘာ ၁၊ ၂၀၁၀)

လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယိုပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။

{play}images/stories/podcasts/rfa.09.02.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{wd file=images/stories/podcasts/rfa.09.02.10.mp3 name='အသံဖိုင်ရယူရန်'}
အခုတပတ်မှာ စစ်တပ်အတွင်း ထိပ်ပိုင်း ခေါင်းဆောင်များ ရာထူး အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ခြင်းဟာ ရွေးကောက်ပွဲ အတွက် နောက်တဆင့် ထပ်မံပြင်ဆင်ခြင်း ဖြစ်နိုင်သလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် သမ္မတရာထူး အတွက် ပြင်ဆင်နေပြီလား ဆိုတာကို ဧရာဝတီမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ သတင်းအယ်ဒီတာ ကိုရဲနည်နဲ့ ဧရာဝတီ ရွေးကောက်ပွဲ စာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်တို့က ဆွေးနွေးထားပါတယ်။

ကိုကျော်စွာမိုး ။     ။ ဧရာဝတီစကားဝိုင်းမှ ကြိုဆိုပါတယ်။ မင်္ဂလာပါခင်ဗျာ။ ကျနော်က ကျော်စွာမိုးပါ။ ကျနော်နဲ့အတူ ဒီတပတ် ဝင်ရောက်ဆွေးနွေးမယ့်သူတွေကတော့ ကျနော်တို့ရဲ့ သတင်းအယ်ဒီတာ ကိုရဲနည်နဲ့ ရွေးကောက်ပွဲစာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်တို့ ဝင်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကိုရဲနည်နဲ့ ကိုထက်အောင်ရေ နောက်ဆုံးပြီးခဲ့တဲ့ အပတ်မှာ ဖြစ်ခဲ့တာကတော့ စစ်တပ်ထဲက ထိပ်ပိုင်းအရာရှိတွေ အပြောင်းအလဲပေါ့လေ။ ကျနော်တို့ လက်ရှိအချိန်အထိ သိထားသလောက်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးတို့ အပါအဝင် စစ်အရာရှိ ၇၀ လောက်ကိုပဲ ရာထူး အပြောင်းအလဲတွေ လုပ်ခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုရင်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကနေ နုတ်ထွက်ခဲ့တာလို့ ကျနော်တို့သိရတယ်။ ဒါပေမယ့်လည်းပဲ လက်ရှိအချိန်အထိ ဗိုလ်ချုပ်မှူးကြီးရာထူးကိုတော့ ယူထားဆဲပဲလို့ သိရတယ်။ အဓိကကတော့ဗျာ စစ်တပ်ထဲက ပြောင်းအလဲက လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတခု ဆိုတာကိုတော့ ကျနော်တို့ သေချာပေါက် ပြောလို့ရတယ်ဗျ။ သူတို့ ရာထူးတွေကို သေချာမသိရသေးပေမယ့်လည်း ရှေ့လာမယ့် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲပြီးနောက်ပိုင်း နိုင်ငံရေးပုံစံကိုတော့ ကျနော်တို့ ပိုပြီးတော့ သုံးသပ်ခန့်မှန်းရလိမ့်မယ်လို့ ကျနော်ထင်တယ်ဗျ။ ဆိုတော့ ကိုရဲနည်ရေ လက်ရှိ နောက်ဆုံးဖြစ်သွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အပြောင်းအလဲ အပေါ်မှာ ဘယ်လိုသုံးသပ်မိလဲ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့။

ကိုရဲနည် ။     ။ ကျနော်အမြင်ကတော့ ဒီစစ်တပ် ရာထူးအပြောင်းအရွေ့ဟာ သူ့စကားအတိုင်းပေါ့ဗျာ။ ဒီ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ လုပ်စရာ ရှိတာကို စနစ်တကျ အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ပဲ ကျနော်မြင်တယ်ဗျ။ မှတ်မိသလောက်ပေါ့ဗျာ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပြီးနောက်ပိုင်းမှာ ပြည်တွင်းပြည်ပ နိုင်ငံရေးဖိအားတွေ တိုးမြှင့်လာတဲ့အချိန်မှာ ၂၀၀၈ တပ်မတော်နေ့ နေပြည်တော် စစ်ရေးပြ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူအာဏာကို မမက်ဘူးတဲ့၊ အာဏာကို လွှဲပြောင်းပေးပါ့မယ်လို့ ကတိပေးဖူးတာပေါ့။ ဆိုတော့ အဲဒီကနေစပြီးတော့ ဒီနေ့အချိန်အထိ စနစ်တကျ အပြောင်းအလဲတွေ လုပ်ခဲ့တာပေါ့။ ဥပမာ ပြရမယ်ဆိုလို့ရှိရင် Privatization  လို့ခေါ်တဲ့ ပုဂ္ဂလိကပိုင်ပြုလုပ်တဲ့ ကိစ္စကို ကြည့်မယ်ဆိုလို့ရှိရင် သူနဲ့ ပတ်သက်တဲ့ နီးစပ်ရာလူတွေ အကုန်လုံးကို စီးပွားရေးလုပ်ပိုင်ခွင့်တွေ ခွဲပေးခဲ့တယ်။ အခုဟာကလည်း မြင်တာဒီအတိုင်းပဲ ဒီစစ်တပ်ရာထူး အပြောင်းအလဲကလည်း သူ့စကားနားထောင်မယ့် သူတွေကို စစ်တပ်အာဏာကို ခွဲဝေပေးလိုက်မှုတခုပဲလို့ ကျနော်ကတော့ အဲဒီအတိုင်းပဲ သုံးသပ်မိတယ်။

ကိုထက်အောင် ။     ။ အခုအပြောင်းအလဲကလည်း အချိန်အားဖြင့် တွက်ကြည့်မယ်ဆိုရင်လည်း ဒါ အချိန်ကိုက်လုပ်ဆောင်မှု တခုလို့ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးပါတီတွေက သူတို့ပါတီရဲ့  ကိုယ်စားလှယ်လောင်းတွေ တင်ရမယ့်ရက်ကလည်း နောက်ဆုံးရက် ရောက်လာပြီ။ ဩဂုတ်လ ၃၀ ရက် နေ့က နောက်ဆုံးရက်လို့ သတ်မှတ်ထားတာကိုး။ ဒီရက်နားလေမှာ ကပ်ပြီးတော့ ဒီအပြောင်းအလဲကို ကြီးကြီးမားမားကြီး လုပ်လိုက်တဲ့ဟာက ကျနော်အမြင်က ချိန်ကိုက်ပြီးတော့ တပ်ထဲကနေ လွှတ်တော်ထဲကို သွားမယ့်သူတွေကို တပ်ကနေပြီးတော့ အနားပေးပြီးတော့ ရွေးကောက်ပွဲကို ဝင်နိုင်အောင်လို့ ပြင်ဆင်လုပ်ဆောင်တဲ့ အဓိက ခြေလမ်းတခုပဲလို့လည်း သုံးသပ်လို့ရတယ်။

ကိုကျော်စွာမိုး ။     ။ ကိုရဲနည်နဲ့ ကိုထက်အောင်ရေ၊ အရင်လပိုင်းတွေတုန်းကဆို ကျနော်တို့ စဉ်းစားနေတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ရွေးကောက်ပွဲပြီးသွားရင် ဘာလုပ်မလဲပေါ့ဗျာ။ ဒါက ကျနော်ထင်တယ် မြန်မာပြည်သူတွေရော အပြည်ပြည်ဆိုင်ရာက စောင့်ကြည့်သူတွေရော မေးခွန်းထုတ်နေတဲ့ မေးခွန်းကြီးတခုပေါ့ဗျာ။ သူက သမ္မတလုပ်မှာလား၊ တပ်မှာပဲဆက်ပြီးတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုင်ထားမှာလား။ တချို့ကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပိုပြီး အာဏာရှိလိမ့်မယ်လို့ သုံးသပ်တယ်။ ဒါပေမယ့် အခုဟာက ကျနော်ထင်တယ်၊ ဒီပွဲမှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတလုပ်ဖို့ကို ပိုပြီးတော့ စိတ်အားထက်သန်နေပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေအရဆိုရင် စစ်တပ် ကနေပြီးတော့ ၂၅ ရာခိုင်နှုန်းက ပါလီမန်ထဲကို ဝင်ထိုင်မှာကိုး။ အဲဒီ ၂၅ ရာခိုင်နူန်းက သူတို့ထဲက ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်လို့ရတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဲဒီနေရာကို ယူနိုင်မယ်ထင်တယ်။ အဲဒီနေရာကို ယူလာမယ်ဆိုရင် ဒုတိယ သမ္မတတယောက် ဖြစ်လာမယ်ပေါ့လေ။ ဒုတိယ သမ္မတ သုံးယောက်ထဲက တယောက် နောက်ဆုံးမှာတော့ သူကပဲ သမ္မတဖြစ်လာနိုင်မယ့် အလားအလာ ပိုပြီးတော့ ရှိလိမ့်မယ်ထင်တယ်။ အဲဒီအတွက်ကို လမ်းခင်တဲ့သဘောတွေ အများကြီးတွေ့နေရတယ် ကျနော်တော့။

ကိုထက်အောင် ။     ။ ကိုကျော်စွာပြောတာ ဖြစ်နိုင်ချေ အများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ဩဂုတ်လ ၃၀ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတွေက ဘယ်ပါတီကနေပြီးတော့ လွတ်တော် ကိုယ်စားလှယ်လောင်း ဘယ်နှစ်ယောက် ယှဉ်ပြိုင်နိုင်မယ်ဆိုတဲ့ စာရင်းတွေကို သူတို့သိသွားပြီဗျ။ ဆိုလိုချင်တဲ့သဘောက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူ့ရဲ့နိုင်ခြေကိုတွက်လို့ရသွားတယ်။ နိုင်ခြေဘယ်လောက်ရှိသွားပြီ၊ တပ်ကတော့ ၂၅ ရာခိုင်နူန်းကလည်း လွှတ်တော်ထဲကို ဝင်လာမယ်၊ ဒီလွှတ်တော်တွင်း နိုင်ငံရေးအခြေအနေနဲ့ လွှတ်တော်ကနေပြီးတော့ နောက်တဆင့်လုပ်မယ့် သမ္မတ ရွေးကောက်ပွဲပေါ့နော်။ အခြေအနေအကုန်လုံးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီအချိန်မှာ သူအားလုံး သုံးသပ်လို့ရသွားပြီ။ အဲတော့ သူ့အတွက်က သေချာပြီဆိုရင်တော့ သမ္မတ တက်လုပ်မှာပဲ။ သမ္မတ မလုပ်ဘဲနဲ့တော့ ဘေးထွက်ထိုင်မယ်လို့တော့ ကျနော်မထင်ဘူးဗျ။

ကိုရဲနည် ။     ။ မှန်ပါတယ်။ တခုရှိတာက ဘာလဲဆိုတော့ အခုရနေတဲ့ သတင်းအရက ဘယ်ဟာမှ ရှင်းရှင်းလင်းလင်း မဖြစ်သေးတဲ့အခါကျတော့ ဘယ်သူက ဘာဖြစ်မယ်၊ ဘယ်သူက ဘာဖြစ်မယ် ဆိုတာက ခန့်မှန်းတွက်ချက်လို့ပဲ ရနိုင်တဲ့ အခြေအနေကိုးဗျ။ ခုနက ကိုထက်အောင်ပြောသလိုမျိုးပဲ နောက်ဆုံးဖြစ်ပျက်ခဲ့တဲ့ စစ်တပ်ရာထူး အပြောင်းအလဲတွေဟာ Candidate List ကို နောက်ဆုံးတင်ရမယ့်ရက်နဲ့ သိပ်မကွာခင် လုပ်လိုက်တဲ့ ဥစ္စာက ဗိုလ်ချုပ်တွေက ကြံ့ဖွံ့ပါတီထဲကို သွားဖို့ကိုပဲ လမ်းစဖွင့်ပေးလိုက်တာလား၊ တချိန်ထဲမှာပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုချုပ်မောင်အေးတို့ နှစ်ယောက်စလုံးဟာ ယူနီဖောင်း မချွတ်သေးဘဲနဲ့ ဆက်ရှိနေတုန်းပဲဆိုတဲ့ သတင်းတွေလည်း ရတဲ့အခါမှာကျတော့ လူတွေသိချင်နေတဲ့ ကိစ္စက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သမ္မတဆက်လုပ်မလား၊ ဒါမှမဟုတ်လို့ရှိရင် ၂၀၁၀ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာ တက်လာမယ့် သမ္မတကို အာဏာလွှဲပြောင်းပေးပြီးတော့ သူကပဲ အနားယူသွားတော့မလား။ ဒီလိုမျိုး ခန့်မှန်းတွက်ချက်မှုတွေ ရှိပါတယ်။ လူပြောများတာကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သမ္မတပဲ ဆက်လုပ်သွားမှာပဲပေါ့ဗျာ။ သူသာ သမ္မတ ဆက်လုပ်သွားမယ်ဆိုလို့ရှိရင် ဘယ်လိုပုံစံမျိုး သမ္မတရာထူးမျိုးကို ယူမှာလဲ။ အဲဒါ စိတ်ဝင်စားဖို့ ကောင်းတယ်။

ကိုကျော်စွာမိုး ။     ။ ကိုရဲနည်ပြောတဲ့အတိုင်း သေချာတော့ ဘာမှာ မသိရသေးဘူးလေ။ ကျနော်တို့ သိတဲ့အတိုင်း Constitution အရဆိုရင် ဒုတိယ သမ္မတ သုံးယောက် တက်ရမှာကိုး။ လွှတ်တော်ထဲက ရွေးချယ်ရမှာကိုး။ ဆိုတော့ ဒုတိယ သမ္မတ သုံးယောက်ထဲမှာဆိုရင် တယောက်က ကျနော်တို့ ခန့်မှန်းရသလောက်ကတော့ စစ်တပ်ထဲက ၂၅ ရာခိုင်နူန်း ယူထားမယ့် လွှတ်တော် ကိုယ်စားလှယ်ထဲကနေ တယောက်ရွေးချယ်လိမ့်မယ်လို့ သုံးသပ်လို့ရတယ်။ နောက်တချက် က USDP ပါတီကလည်း နိုင်ဖို့က သေချာနေပြီလေ။ သူတို့ စီစဉ်ထားတဲ့အတိုင်းဆို ကြံ့ဖွံ့ပါတီပဲ နိုင်မှာ။ ကြံ့ဖွံ့ပါတီနိုင်မယ် ဆိုရင် ပါတီရဲ့ဥက္ကဋ္ဌက ဒုတိယ သမ္မတတယောက် ဖြစ်ရမှာပေါ့လေ။ နောက်တယောက်ကလည်း  တိုင်းရင်းသားထဲက ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တခြားတယောက်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒီ ဒုတိယ သမ္မတ သုံးယောက်ထဲကမှ သမ္မတကို ရွေးချယ်ရမှာကိုး။ သူတို့ သမ္မတကို ရွေးချယ်တဲ့နေရာမှာ သမ္မတက စစ်တပ်နဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံ ရှိတဲ့သူ ဖြစ်ရမယ်ဆိုတာလည်းပဲ အခြေခံဥပဒေထဲမှာ အတိအလင်း ဖော်ပြထားပြီသား။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကပဲ စစ်တပ်ဘက်က တက်လာတဲ့ ဒုတိယ သမ္မတဖြစ်မယ်။ အဲဒီဒုတိယ သမ္မတကနေပြီးတော့ သုံးယောက်ထဲကနေပြန်လည် ရွေးချယ်ခံရတဲ့ သမ္မတဖြစ်မယ်လို့ သုံးသပ်ကြည့်တာပေါ့ဗျာ။

ကိုရဲနည် ။      ။ ကျနော်ကလည် အဲလိုမျိုးပဲမြင်တယ်။ ရွေးကောက်ပွဲဝင်မယ်ဆိုရင် သူ ယူနီဖောင်းချွတ်ရမှာကိုး။ ခုထက်ထိ ယူနီဖောင်းမချွတ်ဘူး ဆိုတဲ့အတွက်ကြောင့် သူရွေးကောက်ပွဲမဝင်ဘူး။ USDP ကို ဦးမဆောင်ဘူး ဆိုတော့ ရွေးကောက်ပွဲ မဝင်လို့ရှိရင် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်အောင်ကနေပြီးတော့ ခန့်အပ်မယ့် လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နူန်း စစ်တပ်ကိုယ်စား လှယ်ထဲကို သူဦးဆောင်ပြီးတော့ ဝင်လာနိုင်ချေရှိတယ်။ အဲဒီလိုပဲ ကျနော်မြင်တယ်ဗျ။

ကိုကျော်စွာမိုး ။     ။ ကျနော်ထင်တာကတော့ ဒါတွေအားလုံးက ပြီးခဲ့တဲ့ လပိုင်းတွေက အားလုံးသေသေချာချာ စီစဉ်ပြီး သားလို့ထင်တယ်ဗျ။ ကဘောက်တိကဘောက်ချာ လုပ်နေပုံမရဘူးလေ။ ဗိုလ်ချုပ်ကြီး သိန်းစိန် ဘယ်တော့ရာထူးက ထွက်ရမလဲ၊ ပြီးတော့ USDP ပါတီကိုဖွဲ့မယ်၊ အဲဒီနောက်ပိုင်း ၁ လ ၂ လ ကြာတဲ့အခါမှာ သူတို့တွေက ရာထူးကထွက်ပြီးတော့ ရွေးကောက်ပွဲနောက်ပိုင်းမှာ ပြန်ပြီးတော့ ပါလီမန်ထဲမှာ ပါလို့ရအောင် လုပ်မယ်ဆိုတာ၊ ကျနော်ထင်တယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့စစ်တပ်တတပ်လုံးက အားလုံးက သေသေချာချာ ပြင်ဆင်ပြီးသားလို့ ကျနော်တော့ ထင်တယ်။

ကိုထက်အောင် ။      ။ ဒီနေရာမှာ နည်းနည်းရှုပ်ထွေးနေတဲ့ အချက်တခုရှိတယ်ဗျ။ အဲဒါဘာလဲဆိုတော့ အခုရတဲ့ သတင်းတွေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့  ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က သူတို့အခု လက်ရှိ SPDC ပေါ့ဗျာ။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီပေါ့၊ အဲဒီကောင်စီ ရဲ့ ဥက္ကဌ၊ ဒု ဥက္ကဋ္ဌ ဆိုတဲ့ ရာထူးနေရာကနေပြီတော့ ဖယ်ပေးလိုက်တဲ့သဘောလား။ အခု ကြားနေတာက အဲ့ဒီနှစ်ယောက်ကဗျာ၊ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့  ဒုတိယကာကွယ်ရေး ဦးစီးချုပ်ရာထူးကနေပြီးတော့ ဖယ်ပေးလိုက်တယ်လို့ ကျနော်တို့ သိရတယ်။ ဒါပေမယ့် SPDC လို့ခေါ်တဲ့ အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရဲ ဥက္ကဋ္ဌရာထူးနဲ့ ဒုတိယ ဥက္ကဋ္ဌ ရာထူးကရော သူတို့က ဖယ်ပေးရသလား မဖယ်ပေးရသလား၊ အဲဒါတွေ ကျနော်တို့ သိပ်မသိရသေးဘူး ဖြစ်နေတယ်ခင်ဗျ။ တကယ်လို့သာ အရင်ဖွဲ့စည်းပုံ အရဆိုရင် ကာကွယ်ရေးဦးစီးချုပ်က SPDC ရဲ့ ဥက္ကဋ္ဌကိုး။ ဆိုတဲ့အခါကျတော့ အခုနောက်တက်လာမယ့် ကာကွယ်ရေး ဦးစီးချုပ်က SPDC ဥက္ကဋ္ဌဖြစ်မှာလား။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကပဲ ဆက်ပြီးယူထားမှာလား။ SPDC ကိုပဲ အသစ်ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲရေး လုပ်မလား။ အဲဒါ လုံးဝမရှင်းဘူး ဖြစ်နေတယ်။

ကိုကျော်စွာမိုး ။     ။ အဲဒါကတော့ ကိုထက်အောင်ရေ့ ကျနော်တို့ စောင့်ကြည့်ရမယ့်ဟာပေါ့လေ။ သူတို့ ကိုယ်တိုင်က တရားဝင်သတင်းစာထဲ ထုတ်ဖော်တဲ့အခါကျမှ ရှင်းသွားလိမ့်မယ်။ အခုထက်ထိ ပြောမယ်ဆိုရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ဘယ်လိုမျိုး ကွဲပြားလဲဆိုတာ သူတို့ သေချာထုတ်ပြန်တာ မဟုတ်ဘူးလေ။ ကျနော်ပြောချင်တာက ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဟာ မရှိတော့ဘူးလို့ သူတို့မကြေညာသေးဘူး အခုထက်ထိ။ ဒါပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုပြီးတော့ပဲ ဒီဘက်နောက်မှာ တလျှောက်လုံး လုပ်နေတာကိုး။ ဆိုတော့ တရားဝင်ကတော့ သူတို့ရဲ့ထုတ်ပြန်ကြေညာချက်ကို စောင့်ကြည့်ရလိမ့်မယ်လို့ ထင်တာပေါ့လေ။

ကိုရဲနည် ။     ။ မရှင်းမရှင်းခြင်းကတော့ ဟုတ်တယ်ဗျ။ အဲဒါကတော့ ရွေးကောက်ပွဲ လုပ်မယ်လို့စပြီး ပြောကတည်းက ရွေးကောက်ပွဲ ဥပဒေတွေ စထွက်တာရော၊ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ဒီကြံ့ဖွံ့အသင်းကနေ ကြံ့ဖွံ့ပါတီပြောင်းတာတွေ အဲဒါတွေကအစ အကုန်လုံးဘာမှ မရှင်းမရှင်းပဲ။ အခု နောက်ဆုံး ကြားရသလောက်ဆိုလို့ ရှိရင် ရွေးကောက်ပွဲ လုပ်မယ်ဆိုလို့ရှိရင် တိုးရစ်တွေ ပေးမဝင်ဘူး။ ထိုင်း-မြန်မာနယ်စပ် ကိုတောင်မှ ပိတ်ထားတဲ့ဥစ္စာ ပြန်မဖွင့်ဘူး။ အဲလိုမျိုးပေါ့ နောက်ဆုံးအလုံပိတ်ပြီးတော့ ဒီမရှင်းမရှင်းကို သူတို့ဘယ်လိုထပ်ပြီးတော့ မရှင်းမရှင်းဖြစ်အောင် ထပ်လုပ်ဦးမယ်ဆိုတာကတော့ မသိဘူးဗျ အဲဒါကတော့။

ကိုကျော်စွာမိုး ။     ။ အားလုံးကတော့ ရှုပ်နေတာပေါ့လေ။ ဒါပေမယ့် ပိုပြီးတော့ ရှင်းလာတဲ့အချက်ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တချို့လူတွေ ပြောနေသလိုပေါ့။ အာဏာကနေ အနားယူမယ်ဆိုတဲ့ဟာတော့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ သူလုပ်သမျှတွေ အကုန်လုံး ကျနော်မြင်တာကတော့ ပိုပြီးတော့ အာဏာခိုင်မြဲလာအောင် လုပ်နေတာ ခြေလှမ်းတလှမ်းခြင်းပေါ့လေ။ ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းတာကတော့ဗျာ။ မကြာသေးခင်ကလည်းပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်းပဲ မဲဆန္ဒရှင်တွေအားလုံးကို မဲမပေးဖို့ ဆိုပြီးတော့ ပြောလိုက်တယ်ဗျာ။ ရွေးကောက်ပွဲကို Boycott  လုပ်ဖို့ အစီအစဉ်ကလည်း ရှိနေတယ်။ တပြိုင်တည်းမှာ ဗိုလ်ချုပ်မှူးကြီး ခေါင်ဆောင်တဲ့ စစ်တပ်ကလည်း ခြေလှမ်းတလှမ်းပြီးတလှမ်း လှမ်းနေတာပဲ။ ဒီနေရာမှာ ကျနော်တို့ မြင်နေတာတော့ ဒီဘက်အတိုက်အခံဘက်က ပုံစံတမျိုးနဲ့ သွားနေတယ်။ ဒီဘက်ကလည်းပဲ သူဟာနဲ့သူ ပိုပြီးတော့ စီစဉ်ထားတဲ့အတိုင်း တလှမ်းပြီးတလှမ်း တက်လာတယ်ပေါ့လေ။ အဲဒီနှစ်ခုကို ယှဉ်ကြည့်ရတာ နည်းနည်းလေး စိတ်ဝင်စားဖို့ ကောင်းတယ်။ နောက်တချက်က လက်ရှိပါတီတွေ၊ ရွေးကောက်ပွဲမှာ ဝင်ရမယ့်ပါတီတွေက ပိုပိုပြီးတော့ နေရာကျဉ်းလာတယ်လို့ မြင်နေရတယ်။ အခုဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီလိုမျိုးအကွက် တကွက်ရွေ့လိုက်ခြင်းအားဖြင့် ပါတီတွေက သူတို့အတွက် အခက်အခဲတွေ အကြပ်အတည်းတွေနဲ့ နေရာကျဉ်းသွားပုံ ရတယ်။

ကိုထက်အောင် ။     ။ ကျနော် ဒီမနက်ပဲ ကြားရတာပေါ့လေ။ ဦးသုဝေတို့ပါတီဆိုရင် အရင်တုန်းက သူတို့က မှန်းထားတာ က ၁၀၀၊ ၁၂၀ အဲဒီဝန်းကျင်လောက် သူတို့ ဝင်ပြိုင်နိုင်မယ်လို့ မှန်းထားတယ်။ အခုနောက်ဆုံးရတဲ့ သတင်းတွေက ၆၀ လောက်ပဲ ကိုယ်စားလှယ်လောင်းစာရင်း တင်နိုင်တယ်လို့ပဲ အနေအထားရှိတယ်။ ကျန်တဲ့ပါတီတွေ ဥပမာ အဓိက ပြောလို့ ရတဲ့ အမျိုးသား ဒီမိုကရက်တစ် အင်အားစုတို့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီတို့ သူတို့ကလည်း သူတို့မှန်းထားတာထက်ကို အများကြီးလျော့ပြီးတော့ Candidate စာရင်းသွင်း ဖြစ်လိမ့်မယ်လို့ ထင်တယ်ဗျ။ ဆိုတဲ့အခါကျတော့ ခုနက ကိုကျော်စွာ ပြောသလိုပေါ့ Candidate အနည်းအများကို မူတည်ပြီးတော့ သူတို့ရဲ့ နိုင်ငံရေးခွင်ကလည်း ကျဉ်းသည်ထက် ကျဉ်းတဲ့သဘောတော့ ရောက်လာတယ်ဗျ။

ကိုရဲနည် ။     ။ အဲဒါဗျ။ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ နိုင်ငံရေးပါတီတွေတင် မကဘူး။ ဒီကြံ့ဖွံ့ပါတီနဲ့ အဓိက ယှဉ်ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ တစည ပါတီ၊ အစတုန်းက ပွင့်ပွင့်လင်းလင်းပဲ စိမ်ခေါ်ပြီးတော့ ယှဉ်ပြိုင်မယ်ဆိုတဲ့ အသံမျိုး ကြားခဲ့ရတယ်။ ဒါပေမယ့်နောက်ဆုံး ကျနော်တို့  ကြားရသလောက်ကတော့ ဒီ တစည ကိုယ်တိုင်ကိုယ်က အသံပျော့သွားပြီဗျ။ ဘာဖြစ်လို့လဲဆိုတော့ကာ အချိန်အတိုင်းအတာ ငွေရေးကြေးရေးတင် မကဘူးပေါ့ဗျာ။ ဒီနေပြည်တော်က ကျားကန်ပေးထားတဲ့ ကြံ့ဖွံ့ပါတီကို ယှဉ်ပြိုင်နိုင်ဖို့ ကိစ္စဆိုတာက အခု အခင်းအကျင်းနဲ့ဆိုလို့ရှိရင် ဝင်ပြီးတော့ စိမ်ခေါ်နိုင်ဖို့ ဆိုတာက အိမ်မက် မက်နေသလိုမျိုးပဲ။ နောက်ဆုံးရွေးကောက်ပွဲဟာ တဖက်သတ် ကြံ့ဖွံ့ပါတီနိုင်ဖို့အတွက်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင် ရိုက်ပေးထားတယ်လို့ပဲ ကျနော်တော့ မြင်တယ်ဗျ။

ကိုကျော်စွာမိုး ။    ။ ဆိုတော့ ကိုရဲနည်နဲ့ ကိုထက်အောင်ရေ၊ ကြံ့ဖွံ့ပါတီကလည်း ပါတီအနေနဲ့ နိုင်မယ်၊ စစ်တပ်အနေနဲ့လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတဖြစ်လာကောင်း ဖြစ်လာနိုင်တယ်။

ကိုရဲနည် ။    ။ စီးပွားရေးအရလည်း သူတို့က အမွေခွဲထားပြီးပြီ။

ကိုကျော်စွာမိုး ။      ။ ဆိုတော့ အားလုံးဟာ သူတို့စီစဉ်ထားတဲ့အတိုင်းအကုန်လုံး ဖြစ်သွားမယ့်သဘောရှိတာပေါ့လေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်ကပဲ လောလောဆယ်တော့ ဗိုလ်ချုပ်မှူးကြီးပေါ့။ ကျနော်ထင်တယ် ၂၀၁၀ ရွေးကောက် ပွဲနောက်ပိုင်းမှာတော့ သမ္မတ သန်းရွှေ ဖြစ်ကောင်းဖြစ်နိုင်ဖို့ များတယ်ပေါ့လေ။ ကိုရဲနည်နဲ့ ကိုထက်အောင်ရေ၊ ကျေးဇူး တင်ပါတယ်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်