RFA က ဧရာဝတီစကားဝိုင်း (စက်တင်ဘာ ၂၃၊ ၂၀၁၀)

လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယိုပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။

{play}images/stories/podcasts/rfa.09.23.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{rddl}rfa.09.23.10.mp3{/rddl}
အခုတပတ်မှာ ရွေးကောက်ပွဲနေ့တွင် ဖြစ်ပွားနိုင်သည့် မဲမသမာမှုများနှင့် မဲဆန္ဒရှင်ပေါင်း သန်းနှင့်ချီ မဲပေးခွင့် ဆုံးရှုံးနိုင်မှုအပေါ် အခြေခံပြီး မဲလိမ်မှုများ ဖြစ်ပွားနိုင်ကြောင်း ဧရာဝတီမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ ဧရာဝတီ ရွေးကောက်ပွဲ စာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးသတင်းတွေကို ရေးသားနေတဲ့ ကိုဘကောင်းတို့က ဆွေးနွေးထားပါတယ်။

ကိုကျော်စွာမိုး ။    ။ ဧရာဝတီစကားဝိုင်းမှ ကြိုဆိုပါတယ်။ မင်္ဂလာပါခင်ဗျာ။ ကျနော်က ကျော်စွာမိုးပါ။ ကျနော်နဲ့အတူ ဒီတပတ် ဝင်ရောက်ဆွေးနွေးမယ့် သူတွေကတော့ ကျနော်တို့ ရွေးကောက်ပွဲ စာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးသတင်းတွေကို ရေးသားနေတဲ့ ကိုဘကောင်းတို့ ဝင်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကိုထက်အောင်နဲ့ ကိုဘကောင်းရေ၊ အာရှမှာ နောက်ဆုံး မကြာသေးခင်က ရွေးကောက်ပွဲလုပ်ခဲ့တဲ့ နိုင်ငံက အာဖဂန်နစ္စတန်ပေါ့လေ။ အာဖဂန်နစ္စတန်မှာဆိုရင် အပြည်ပြည်ဆိုင်ရာကနေပြီးတော့ ရွေးကောက်ပွဲ တရားမျှတမှု ရှိလား မရှိလားဆိုတာ စောင့်ကြည့်လေ့လာနေတဲ့ လူပေါင်း ၇၀၀၀ လောက်ရှိတယ်လို့ ကျနော်တို့ သိရတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ သတင်းဌာနတွေ ဖြစ်တဲ့ CNN တို့ BBC တို့ကလည်း တောက်လျှောက် သတင်းတွေကို ပို့ပေးနေ တယ်လို့ ကျနော်တို့ တွေ့ရတယ်။ ဒီကြားထဲကကိုပဲ အာဖဂန်နစ္စတန် တနိုင်ငံလုံးမှာ မဲမသမာမှုတွေ မျိုးစုံတွေ နေရတယ်။ Ballot Stuffing ပေါ့ဗျာ။ မဲပုံးတွေထဲကို မဲရုံကိုယ်စားလှယ်တွေကပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် အာဏာပိုင်တွေကပဲဖြစ်ဖြစ် မဲအတုတွေ ထည့်တဲ့ ကိစ္စပေါ့လေ။

နောက်တခုက Proxy Vote လို့ခေါ်တဲ့ သူများကိုယ်စား ထည့်တဲ့မဲတွေပေါ့လေ။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း ၂၀၀၈ တုန်းက ကြားခဲ့ဖူးတဲ့ မိသားစုတစုလုံးရဲ့ကိုယ်စား တယောက်က ထည့်တဲ့ဟာပေါ့လေ။ ဒါမျိုးတွေ အများကြီး တွေ့နေရတယ်။ နောက်ပြီးတော့ အသက်မပြည့်ဘဲနဲ့ မဲပေးမှုတွေလည်း တွေ့နေရတယ်။ နောက်တခုက သူတို့ခေါ်တဲ့ Multiple Voting လို့ခေါ်တဲ့ တယောက်ထဲကနေပြီးတော့ ၃၊ ၄၊ ၅ မဲပေးတဲ့ ကိစ္စမျိုးပေါ့လေ။ ဒါမျိုးတွေ အမြောက်အများ တွေ့နေရတယ်ဗျ။ မြန်မာနိုင်ငံမှာဆိုရင် အခုထက်ထိပဲ အပြည်ပြည်ဆိုင်ရာကနေပြီးတော့ စောင့်ကြည့်လေ့လာတဲ့ လူတွေကို ဝင်ရောက်ခွင့်ပေးမှာလည်း မဟုတ်ဘူးဆိုတာ ကျနော်တို့သိနေရတယ်။ ဒီ့အပြင် စာနယ်ဇင်းနဲ့ မီဒီယာအုပ်စုတွေကလည်းပဲ ဒါတွေကို တရားဝင် စောင့်ကြည့်ဖို့ဆိုတာ ပြဿနာတွေ အများကြီးရှိတယ်လို့ ကျနော်တော့ ထင်တယ်။

ကိုဘကောင်း ။     ။ ဟုတ်ကဲ့၊ အာဖဂန်နစ္စတန်နိုင်ငံမှာ အခုလိုမျိုး နိုင်ငံတကာက လေ့လာရေးအဖွဲ့တွေ အုံနဲ့ကျင်းနဲ့ ရှိနေတဲ့အချိန်မှာတောင်မှ ဒါလောက် မဲမသမာမှုတွေ ဖြစ်နေတယ်ဆိုတော့ ကျနော်တို့နိုင်ငံမှာ စောင့်ကြည့်လေ့လာမယ့် အဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့တွေ ပြည်တွင်းမှာရှိတဲ့ လွတ်လပ်တဲ့ စောင့်ကြည့် လေ့လာရေးအဖွဲ့တွေ မရှိဘဲနဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ ဘယ်လောက် အတိုင်းအတာအထိ မဲကလိမ်ကျမှုတွေ ဖြစ်မယ်ဆိုတာကို မှန်းဆလို့မရဘူး။ အကယ်၍ ဖြစ်တယ်ဆိုရင်တောင် ပြည့်ပြည့်၀၀ သိနိုင်တဲ့အနေအထား ရှိမှာမဟုတ်ဘူး ကိုကျော်စွာရေ။ အခု နောက်ဆုံး ကြားရတာကတော့ ရန်ကုန်တိုင်း တတိုင်းထဲမှာတင် မဲရုံပေါင်း ၆၀၀၀ ကျော်လောက် ရှိမယ်လို့ ကျနော်တို့ ကြားရတယ်ဗျာ။

ကိုကျော်စွာမိုး ။     ။ အဲဒါဆိုရင် တနိုင်ငံလုံးဆိုရင် ဘယ်လောက်လောက် ဖြစ်သွားနိုင်လဲဗျ။

ကိုဘကောင်း ။       ။ လူအယောက် ၁၀၀၀ မှာ မဲရုံတရုံ ဖန်တီးမယ်လို့ ကြားရတယ်ဗျ။ မဲထည့်နိုင်တဲ့ မဲဆန္ဒရှင်ပေါင်း သန်း ၃၀ ရှိမယ် ဆိုလို့ရှိရင် မဲရုံပေါင်း ၃ သောင်းလောက်ရှိမယ်လို့ ကျနော်တို့ ကြားရတယ်ဗျ။

ကိုထက်အောင် ။     ။ ဒီကိန်းဂဏန်းကတော့ ၉၀ ရွေးကောက်ပွဲနဲ့ ပြန်ပြီး ယှဉ်ကြည့်မယ်ဆိုရင်တော့ မဲရုံအရေအတွက်က နှစ်ဆ ဖြစ်သွားတယ်လို့ ပြောလို့ရတယ်။ ၁၉၉၀ တုန်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ ၁ သောင်းခွဲကျော်ကျော်လောက်ပဲ ရှိတယ်ဗျ။

ကိုကျော်စွာမိုး ။       ။ အခုကတော့ ပိုပြီးတော့ စောင့်ကြည့်လေ့လာရတာ ပိုခက်သွားမှာပေါ့နော်။ ဒါကြောင့်မို့လည်း တချို့ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေက ပြောကြတယ်ဗျ။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်မယ်ဆိုရင် လူပေါင်း ၂ သောင်းလောက် လိုကောင်းလိုမယ်ပေါ့လေ။ နောက်တခုက အာဖဂန်နစ္စတန် နိုင်ငံ မဲလိမ်လည်မှုမှာ စိတ်ဝင်စားစရာ ကောင်းတာတွေ ရှိတယ်ဗျ။ အာဖဂန်နစ္စတန်ကတော့ မဲပေးမယ်ဆိုရင် မဲပေးတဲ့လူတွေရဲ့ လက်ချောင်းတချောင်းမှာ ၇၂ နာရီလောက်ခံတဲ့ မင်ကို သုတ်ထားတယ်ဗျ။ သဘောက ဒီလူဟာ မဲပေးပြီးရင် ဒါကို ပြန်ဖျက်လို့ မရဘူးပေါ့ဗျာ။ မဲကို အကြိမ်တလဲလဲ ပေးလို့မရအောင် လုပ်တဲ့နည်းပေါ့။

ဒါပေမယ့် ပြဿနာက ဘာလဲဆို တော့ အဲဒီမင်က ချက်ချင်း ပြန်ဆေးလိုက်ရင် ပျောက်သွားရောဗျ။ ကျနော်ပြောချင်တာက မင်ကိုကအစ ဆေးလို့ရတဲ့မင်ကို သုံးထားတာပေါ့လေ။ မြန်မာပြည်မှာတော့ အဲလိုမင်သုတ်ပြီး မဲပေးတဲ့ဟာမျိုးတော့ ရှိမှာမဟုတ်ဘူးပေါ့လေ။ ၁၉၉၀ တုန်းကလည်း မရှိခဲ့ဘူး။ သန်းခေါင်စာရင်းနဲ့ အဖေနာမည်နဲ့ တိုက်ကြည့်မှာကိုး။ နောက်တခု ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းတာက အာဖဂန်တောင်ပိုင်းမှာဆိုရင် ဘယ်လိုဖြစ်လဲဆိုတော့ မဲတွေ အများကြီးကို မဲပုံးထဲထည့်လိုက်တဲ့ ကိစ္စပေါ့ဗျာ။ မဲအတုတွေပေါ့လေ။ ဥပမာဆို လူစာရင်းထည့်ရတာကိုး။ လူစာရင်းထည့်တဲ့အခါမှာ မဲရုံမှူးတွေက တချို့ လူနာမည်တွေဆို သူတို့ စဉ်းစားလို့တောင် မရတော့ဘူး။ အဲဒီအခါကျတော့ ဘာတွေဖြစ်ကုန်လဲဆိုတော့ Hollywood က မင်းသား မင်းသမီးနာမည်တွေ ထည့်တဲ့အဆင့် ရောက်သွားတယ်။ အဲဒီရဲ့ အစီရင်ခံစာတခုမှာ ဖတ်ရတာဆိုရင် အဲဒီထဲမှာ မက်ဒေါနားဆိုတဲ့ နာမည်တောင် ပါတယ်ပေါ့ဗျာ။ ဆိုတော့ အဲလိုပြဿနာတွေကတော့ အာဖဂန်နစ္စတန်မှာ တွေ့နေရတယ်။ မြန်မာပြည်မှာကတော့ ဘယ်လိုမျိုး နာမည်တွေ ထွက်လာမှာလဲဆိုတာ မသိဘူး။

ကိုထက်အောင် ။     ။ ဒေသနာမည်နဲ့ နိုင်ငံခြားသားနာမည်ဆိုတာ ဘာမှမဆိုင်ဘူး။ ဒါတောင်မှ သူတို့ အဲလိုမျိုး ဖြစ်တယ်။ မြန်မာပြည်မှာက ကျနော်ထင်တာက ပြဿနာ ဘာရှိလာနိုင်လဲ ဆိုတာကတော့ ကြိုတင်မဲ ပြဿနာရှိလာ နိုင်တယ်။ နောက်တခုက ဒီအိမ်က အိမ်ထောင်ဦးစီးက ဒီအိမ်က မဲဆန္ဒရှင်က ၃ ယောက်ရှိမယ်၊ ၄ လောက်ရှိမယ် ဆိုရင် အိမ်ထောင်ဦးစီးက အားလုံးကိုယ်စား ပေးသွားတယ်ဆိုတဲ့ဟာပေါ့ဗျာ။ ဒါက ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲမှာ ဖြစ်ခဲ့တဲ့ ဟာမျိုးပေါ့နော်။ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုပဲ ကျနော်တို့ကြား နေရတာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေပြီးတော့ ရပ်ကွက်ထဲမှာ အိမ်တွေပေါ်တက်ပြီးတော့ ကြိုတင် မဲအနေနဲ့ သူတို့ပါတီကို ပေးပါဆိုပြီးတော့ စာရွက်တွေနဲ့ လက်မှတ်လိုက်ထိုးခိုင်းပြီးတော့ လုပ်နေတာတွေ ရှိနေတာကိုး။ ဆိုတော့ ကြိုတင်မဲ ကိစ္စကတော့ ကျနော်တို့နိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲမှာ တကယ်ကို အရေးကြီးတဲ့ မဲလိမ်မှုတခု နည်းစနစ်တခုလို့ ကျနော်တို့ပြောလို့ရတယ်။

ကိုကျော်စွာမိုး ။      ။ ကိုထက်အောင်၊ ဒီနေရာမှာ နောက်ထပ် ပြဿနာ တခုက အာဖဂန်နစ္စတန်နိုင်ငံမှာ မဲပေးခွင့်ရှိတဲ့ လူဦးရေပေါင်း ၉.၈ သန်းရှိတဲ့ထဲမှာ ၃.၆ သန်း ထွက်ပြီး မဲပေးခဲ့တယ်လို့သိရတယ်။ ရာခိုင်နူန်းနဲ့ တွက်မယ်ဆိုရင် ၄၀ ရာခိုင်နူန်းလောက် ထွက်ပြီးမဲပေးတယ်ပေါ့လေ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ပြဿနာက မဲထွက်ပေးမယ့် လူဦးရေပေါင်း နည်းနိုင်မယ် ထင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ NLD ကနေပြီးတော့လည်း မဲမပေးရေး လှုပ်ရှားမှုတွေ ရှိနေတယ်လေဗျာ။ နအဖ ကျင်းပမယ့် ရွေးကောက်ပွဲ အပေါ်မှာလည်း မဲဆန္ဒရှင် တော်တော်များများက ယုံကြည်မှုမရှိကြဘူး။ ကျနော်တို့နိုင်ငံမှာ မဲထွက်ပေးမယ့် မဲဆန္ဒရှင် ပိုနည်းမယ်ဆိုတယ်ဆိုရင် အာဖဂန်နစ္စတန်မှာ မဲမသမာမှု ဖြစ်ခဲ့သလိုမျိုး ခုန Ballot Stuffing ပေါ့ဗျာ။ မဲပုံးတွေမှာ တခြားမဲတွေ ထည့်တဲ့ ပြဿနာမျိုးတွေ ပိုတက်လာနိုင်မယ်။

ကိုထက်အောင် ။     ။ ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်။ ကျနော်တို့ဆီမှာ အကြောင်းအမျိုးမျိုးကြောင့်ပေါ့ဗျာ။ မဲမထည့် နိုင်တဲ့ အုပ်စု ၅ စုရှိတယ်ဆိုတာ ကျနော် လေ့လာလို့ရတယ်။ ပထမအုပ်စုကတော့ မကြာသေးခင်က ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ကြေညာချက်ထုတ်ပြီး မြို့နယ်တွေ၊ ကျေးရွာတွေမှာတော့ဖြင့် တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူးဆိုပြီး မကျင်းပဘူးဆိုပြီးတော့ ထုတ်ထားတဲ့ စာရင်းရှိတယ်။ အဲဒီစာရင်းအရဆိုရင် အထူးသဖြင့် တိုင်းရင်သားပြည်နယ် ၅ ခုမှာပေါ့ဗျာ၊ ကျေးရွာစုပေါင်း ၃၀၀ နဲ့ မြို့နယ် ၄ မြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းပဘူး ဒီအုပ်စုတစု ရှိမယ်။

ကိုကျော်စွာမိုး ။     ။ အဲဒါလူဦးရေ ဘယ်လောက်လောက် ရှိမလဲလို့ ခန့်မှန်းလို့ရလဲ။

ကိုထက်အောင် ။       ။ ခန့်မှန်းဖို့ကတော့ ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမဲဆန္ဒရှင် စာရင်းကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က တိုင်းသိပြည်သိပေါ့ဗျာ။ သတင်းစာတွေထဲမှာ ဖြစ်ဖြစ် စာအုပ်ထဲမှာ ထုတ်ပြီးတော့မှဖြစ်ဖြစ် ထုတ်ပြန်တာမျိုး မရှိတဲ့အခါကျတော့ ကျနော်တို့ ခန့်မှန်းဖို့တယ်။ ဒါပေမယ့် မှန်းကြည့်တာတော့ဗျာ၊ ဒီနယ်မြေမှာ အနည်းဆုံး မဲဆန္ဒရှင်ပေါင်း ၅ သောင်းအထက်မှာ မဲပေးနိုင်ခွင့် မရှိနိုင်တော့တဲ့ အနေအထားတော့ ရှိတယ်။ နောက်တခု ဘာလဲဆိုတော့ နိုင်ငံတကာမှာ ထွက်ပြီးအလုပ်လုပ်တဲ့ အလုပ်သမားတွေ အများစုက ၁၈ နှစ် အထက်တွေပဲဆိုတော့ မဲဆန္ဒရှင်တွေပဲလို့ ပြောလို့ရတယ်။ ဒီအလုပ်သမား အရေအတွက်က ထိုင်းနိုင်ငံတခုတည်းမှာတောင် ၂ သန်းကျော်ရှိတယ်လို့ သိထားတဲ့အခါကြတော့ …

ကိုကျော်စွာမိုး ။     ။ အဲဒီမဲတွေ အကုန်လုံးက သဘောက အာဏာပိုင်ကပဲဖြစ်ဖြစ် USDP ကပဲဖြစ်ဖြစ် အဲဒီမဲတွေ အကုန်လုံးကို ယူပြီးတော့ ခုနကပြောသလို Ballot Stuffing ပေါ့လေ။ အကုန်လုံးက Proxy Vote လို့ခေါ်တဲ့ ကိုယ်စားထည့်တဲ့ မဲတွေလုပ်ပစ်လိုက်လို့ ရတယ်ပေါ့ဗျာ။

ကိုထက်အောင် ။     ။ သေချာတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ သန်းခေါင်စာရင်းတွေက သူတို့ရဲ့နေအိမ်မှာပဲ ရှိနေတယ်။ ဒီသန်းခေါင်စာရင်းအရ မဲစာရင်းတွေကို ကော်မရှင်တွေက ကောက်တာကိုး။  သူတို့နာမည်တွေက မဲစာရင်းထဲမှာ ရှိနေလိမ့်မယ်။ ဒီမဲတွေက မဲလိမ်ဖို့အတွက်ကို ရာခိုင်နူန်း များနေတာပေါ့ဗျာ။ ရွေးကောက်ပွဲ ကော်မရှင် ဝန်ထမ်းတွေကပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် တခြားသူတွေကပဲဖြစ်ဖြစ် သူတို့ကိုယ်စား မဲပေးတာတွေ ဖြစ်လာဖို့များ တာပေါ့။

ကိုဘကောင်း ။       ။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ အခုရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ စိတ်ကုန်နေတာလည်း ရှိတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲမှာ မဲမထည့်ဘူးဆိုတဲ့ အသံတွေလည်း ကြားနေရတယ်။ အဲ … မထည့်တဲ့လူတွေရဲ့ မဲကို အသုံးချမှုဆိုတာကလည်း အများကြီး ဖြစ်ပေါ်လာနိုင်တယ်။ နောက်တခုကကျတော့ မဲသွားထည့်ဆိုရင်တောင်မှ ပြည်သူလူထု အများစုက အခုမဲထည့်လိုက်ပြီးပေါ့၊ ဥပမာဆိုလို့ရှိရင် ကိုယ်ကနေပြီးတော့ ကိုယ်ကြိုက်တဲ့ ပါတီတခုကို မဲထည့်လိုက်တယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအစား တိုင်းရင်းသားစည်လုံး ညီညွတ်ရေးအစား တခြားပါတီတခုကို မဲထည့်မယ်ဆိုရင် သူတို့မှာ ကြောက်တာတွေ ရှိတယ်ဗျ။ ငါတို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးကို မထည့်လို့ နှိပ်ကွပ်မှာလား စိုးရိမ်မှုတွေ အများကြီးကြားခဲ့ရတယ်ဗျ။

ကိုထက်အောင် ။     ။ အဲဒါက ခုနကပြောတဲ့ ရွေးကောက်ပွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခြိမ်းခြောက်မှုပေါ့ဗျ။ ဒီခြိမ်းခြောက်မှုတွေက များသောအားဖြင့် လုပ်တတ်တာက ဘာလဲဆိုတော့ အာဏာရ အသိုင်းအဝိုင်းနဲ့ အာဏာရပါတီလို ဟာမျိုးက နေပြီးတော့ လုပ်ကြတာများတယ်။ မြန်မာပြည်မှာ ဆိုရင်တာ့ ကြံ့ဖွံ့ပါတီက အာဏာရပါတီ တခုလိုဖြစ်နေတဲ့ အခါကျတော့ လုပ်မှာပေါ့။ ခုန အုပ်စု ၅ စုမှာ ဆက်ပြီးပြောရရင် ကျန်တဲ့အုပ်စု ၃ စုက NLD က မဲမပေးရေး လှုံ့ဆော်မှု ကြောင့် မဲမထည့်မယ့် အုပ်စုက တစုရှိတယ်။ နောက်တခုကတော့ နိုင်ငံရေးကြောင့်လည်း မဟုတ်ဘူး။ ဘာကြောင့်မှလည်း မဟုတ်ဘဲနဲ့ ကိုယ်ဟာကို စိတ်မဝင်စားမှုကြောင့် မဲရုံကို သွားမပေးတဲ့ အုပ်စုရှိမယ်။
ကိုကျော်စွာမိုး ။     ။ ဒါတွေကလည်း နိုင်ငံတကာမှာ ရှိနေတာပဲ။ အမေရိကန်နိုင်ငံမှာ ဆိုတောင်မှပဲ မဲပေးတဲ့ ရာခိုင်နူန်း တော်တ်ာနည်းတာကိုး။

ကိုထက်အောင် ။     ။  နောက်ဆုံးအုပ်စုကတော့ မဲတော့ သွားပေးတယ်။ ကြောက်ကြောက်နဲ့ ပေးတာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် ပယ်မဲဖြစ်သွားတယ်။ အဲဒီ ပယ်မဲတွေကလည်း တော်တော်များတာကိုးဗျ။ ၉၀ တုန်းက ကိန်းဂဏန်းတွေနဲ့ ပြန်ကြည့်မယ်ဆိုရင် ပယ်မဲကြီးပဲ ကျနော်တို့က ၁.၈ သန်းကျော်ရှိတယ်ဗျ။ နောက်တခုက အကြောင်းအမျိုးမျိုးကြောင့် မဲမပေးနိုင်တဲ့ လူဦးရေက ၉၀ တုန်းကဆိုရင် ၅.၇ သန်းလောက်ရှိတယ်ဗျ။

ကိုကျော်စွာမိုး ။     ။ ကိုထက်အောင် အဲဒါဆိုရင်တော့ အစိုးရအတွက်ကတော့ မထည့်လေ ပိုပြီးတော့ ကြိုက်လေတောင် ဖြစ်နိုင်တယ်ဗျ။ သူတို့ဘာသာသူတို့ မဲပုံးထဲမှာ ကြိုက်တဲ့မဲကို ထည့်လို့ရတာပေါ့လေ။

ကိုထက်အောင် ။     ။ ဟုတ်တယ်။ ခုနက ကိုဘကောင်းပြောသလို မဲရုံတွေက အများကြီး ဖြစ်လာတဲ့အခါ ပါတီတွေ အနေနဲ့ကလည်း တစညနဲ့ ကြံ့ဖွံ့က လွဲလို့ပေါ့ဗျာ၊ မဲရုံတွေမှာ စောင့်ကြည့်နိုင်မယ့် အနေအထားက အင်မတန်နည်းတဲ့ အနေအထားမျိုးမှာ တဘက်ကလည်း ဒီလို မဲမပေးနိုင်မယ့် အုပ်စုက များတဲ့အခါကျတော့ သူတို့အတွက် မဲလိမ်ဖို့ အတွက် အခြေအနေကောင်းကြီးတခုတော့ ရှိတယ်။

ကိုဘကောင်း ။     ။ ရန်ကုန်မြို့ကြီး တမြို့တည်းတောင်မှ ပြည်တွင်းပြည်ပကလူတွေ ဘာမှသိပ်ပြီးတော့ စောင့်ကြည့်နိုင်မယ့် အနေအထား မရှိဘူးဆိုတော့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေ တိုင်းရင်းသားဒေသ အရပ်တွေ၊ တခြားနယ်တွေမှာဆိုရင် ဘယ်လောက် အတိုင်းအတာအထိ ရှိမယ်ဆိုတာ မှန်းဆလို့ မရဘူး ဖြစ်တယ်။

ကိုထက်အောင် ။      ။ နောက်တခုက ကျနော် စိတ်ဝင်စားတာလေ၊ ပြည်တွင်းမှာ မီဒီယာတွေ ရှိတယ်ဗျ။ ကျနော်တို့ သိသလောက်က ဂျာနယ်တွေရော၊ မဂ္ဂဇင်းတွေရော ပေါင်းလိုက်ရင် ၂၀၀ ကျော်ရှိတယ်။ ဒီမီဒီယာတွေက ရွေးကောက်ပွဲနေ့မှာ သူတို့ ဒီလိုမျိုး မဲမသမာမှုတွေ သတင်းပို့လို့ ရနိုင်မလား။ ဒါမှမဟုတ်ရင် ဒီ မဲမသမာမှုတွေကို သူတို့ ဘယ်လိုမျိုး ရှာဖွေဖော်ထုတ်မလဲဆိုတာ သူတို့မှာရော ဒီဟာနဲ့ ပတ်သက်ပြီးတော့ အစီအစဉ်တွေ လုပ်ထားပြီးလား။ ဒါက စိတ်ဝင်စားစရာတခုပဲ။

ကိုကျော်စွာမိုး ။     ။ မီဒီယာအုပ်စုတွေရော တခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေကရော မြန်မာပြည်ရဲ့ ရွေးကောက်ပွဲကိုတော့ စောင့်ကြည့်ကြမှာပဲလေ၊ တယောက်ချင်းပေါ့။ ဒါပေမယ့် ပြဿနာက တရားဝင် စောင့်ကြည့်ခွင့်ကတော့ ကျနော်တို့ သိကြတဲ့အတိုင်းပဲ၊ ရှိမှမရှိတာ။ နောက်ထပ် တက်လာနိုင်တဲ့ ပြဿနာတခုက အာဖဂန်မှာဆိုရင်လည်းပဲ အခုရွေးကောက်ပွဲ မသမာမှုတွေ အများကြီးတွေ့နေရတယ်။ အဲဒါတွေကို အတိအကျ သက်သေခံ အထောက်အထားတွေနဲ့ လှမ်းပြီးမှ တိုင်ကြားတာတောင်မှပဲ အာဏာပိုင်တွေက အရေးယူမှုမရှိဘူးဗျ။ မြန်မာနိုင်ငံကရော အဲဒီဟာကို တွေ့ခဲ့လို့ သတင်းသမားတွေကပဲဖြစ်ဖြစ်၊ တခြားမဲဆန္ဒရှင်တွေက ဖြစ်ဖြစ် ဒါတိုင်ကြားခွင့်ရှိတာကိုး။ အဲဒါတွေ တိုင်ကြားရင် ဘယ်လောက်အထိ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မလဲဆိုတာကလည်း တကယ်ကို မေးခွန်းကြီးတခု ဖြစ်နေတယ်ဗျ။

ကိုဘကောင်း ။      ။ အကယ်၍ တိုင်ကြားမယ်ဆိုရင်လည်း ဒီအမှုကို ဖြေရှင်းပေးမယ့်သူဟာ ဒီအစိုးရကနေ ခန့်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဝင် လူကြီးတွေပဲဗျ။

ကိုကျော်စွာမိုး ။        ။ ဟုတ်တယ်ဗျ၊ အဲဒါကိုယ်တိုင်က ပြဿနာတက်နေတာပေါ့လေ။

ကိုထက်အောင် ။       ။ ဒီနေရာမှာ ကျနော် သီရိလင်္ကာကို သွားခဲ့တုန်းက အတွေ့အကြုံ ပြန်ပြောချင်တယ်ဗျ။ ဘာလဲဆိုတော့ အာဏာရပါတီက ကိုယ်စားလှယ်လောင်းတွေက ဒီရွေးကောက်ပွဲနေ့မှာ မဲရုံကို လျှောက်ပြီးကြည့်တယ်ဗျ။ ကြည့်တဲ့နေရာမှာ သူတို့က ဝန်ကြီးတွေ ဖြစ်နေတယ်ဗျာ။ ဝန်ကြီးတွေဖြစ်နေတာ့ သူတို့နောက်မှာ ရဲတွေက သူတို့ကို အစောင့်အနေနဲ့ လိုက်ရတယ်။ ဆိုတဲ့အခါကျတော့ မဲရုံမှူးတွေကိုယ်နှိုက်ကိုက သူတို့ကို ကြောက်နေရတဲ့ အနေအထား ဖြစ်တယ်ဗျ။ ဒီကိုယ်စားလှယ်တွေရဲ့ မဲအောင်နိုင်ရေးအဖွဲ့ကို ဒီမသမာမှု လုပ်တယ်ဆိုရင်တောင်မှပဲ သူက ဝန်ကြီး ဖြစ်နေတဲ့အခါကျတော့ မတိုင်ရဲကြဘူး။ အဲဒီ ပြဿနာရှိတယ်။ မြန်မာပြည်မှာလည်း သေချာပေါက်က ဘာလဲဆိုတော့ ကြံ့ဖွံ့ပါတီက အကုန်လုံးက ဝန်ကြီးတွေဖြစ်တယ်ဗျာ။ သူတို့ အာဏာတွေ ယူထားကြတယ်ဆိုတော သူတို့ရဲ့ မဲအောင်နိုင်ရေးကိုလုပ်မယ့် အဖွဲ့ဝင်တွေက မသမမှုတွေ လုပ်နေတယ်ဆိုရင် သေချာတာတခုက မီဒီယာကပဲဖြစ်စေ၊ ရိုးရိုးပေါ့နော်၊ ပြည်သူကပဲဖြစ်စေ မြင်နေရင်တောင်မှပဲ တိုင်ကြားဖို့တောင်မှ တိုင်ကြားရဲမှာ မဟုတ်ဘူးဗျ။

ကိုကျော်စွာမိုး ။       ။ ဆိုတော့ ကိုထက်အောင်နဲ့ ကိုဘကောင်းရေ၊ အာဖဂန်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ပြန်ပြီးညွှန်း ရမယ်ဆိုရင်တော့ အာဖဂန်ရဲ့ တချို့နေရာတွေမှာဆိုရင် Ghost Polling Station တွေရှိတယ်ပေါ့လေ။ ပြောချင်တာ ကတော့ တကယ်ကို ဘယ်သူမှ စောင့်ကြည့်လေ့လာတဲ့လူ မရှိတဲ့ မဲရုံပေါ့ဗျာ။ တကယ် သရဲခြောက်လောက်အောင်ပဲ ဘယ်သူမှ မရှိတဲ့နေရပေါ့ဗျ။ ဆိုတော့ မြန်မာပြည်က မဲရုံတွေအများစုကတော့ အဲလိုမျိုးဖြစ်မယ်ထင်တယ်ဗျ။ ပြောမယ် ဆိုလို့ရှိရင် ဘယ်သူမှ စောင့်ကြည့်လေ့လာခွင့် မရဘူး။ ဘယ်သူမှ စောင့်ကြည့် မလေ့လာနိုင်တဲ့ မဲရုံတွေ နိုင်ငံတဝန်းမှာ ရှိတဲ့ပေါ့လေ။ အထူးသဖြင့် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေပေါ့ဗျာ။ ဒါပေမယ့် ရန်ကုန်မှာတောင်မှပဲ တချို့မဲရုံတွေ အဲလိုမျိုးဖြစ် နေနိုင်တယ်ဗျ။ ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြဿနာကတော့ အာဖဂန်မှာဖြစ်ခဲ့တဲ့ မဲမသမာမှုတွေထက်တောင် ပိုပြီးများတဲ့ မဲမသမာမှုတွေတော့ တွေ့လာလိမ့်မယ်လို့ ကျနော်တော့ထင်တယ်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်