RFA က ဧရာဝတီ စကားဝိုင်း (အောက်တိုဘာ ၁၃၊ ၂၀၁၀)

လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယိုပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။

{play}images/stories/podcasts/rfa.10.14.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{rddl}rfa.10.14.10.mp3{/rddl}
အခုတပတ်မှာ ရွေးကောက်ပွဲလွန် မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ၊ ဒီမိုကရေစီအင်အားစု များရဲ့ ညီညွတ်မှုနဲ့ အသစ်ပေါ်ပေါက်လာမယ့် လွှတ်တော်အတွင်းအပြင် နိုင်ငံရေး အသွင်သဏ္ဍာန်များကို ဧရာဝတီ မဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ ဧရာဝတီ ရွေးကောက်ပွဲ စာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲသတင်းတွေကို ရေးသားနေတဲ့ ကိုဘကောင်း တို့က ဆွေးနွေးထားပါတယ်။

ကိုကျော်စွာမိုး ။     ။ ဧရာဝတီစကားဝိုင်းမှ ကြိုဆိုပါတယ်ခင်ဗျာ။ ကျနော်က ကျော်စွာမိုးပါ။ ဒီတပတ် ကျနော်နဲ့အတူ ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ ကျနော်တို့ရဲ့ ဧရာဝတီ ရွေးကောက်ပွဲစာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးသတင်းတွေကို တောက်လျှောက် ရေးသားနေတဲ့ ကိုဘကောင်းတို့ ဝင်ရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကိုထက်အောင်နဲ့ ကိုဘကောင်းရေ၊ ရွေးကောက်ပွဲလုပ်ဖို့ကတော့ ၃ ပတ်လောက်ပဲ လိုတော့တယ်ပေါ့ဗျာ။ ပြည်သူ အများစုနဲ့ ရွေးကောက်ပွဲကို လေ့လာသုံးသပ်နေတဲ့သူတွေ အများစုကတော့ ဘယ်ပါတီနိုင်မလဲဆိုတာ အကြမ်းဖျင်း ခန့်မှန်းလို့ ရနေတယ်ပေါ့လေ။ အများစု သုံးသပ်နေကြတာတော့ အစိုးရရဲ့ ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပဲ နိုင်မယ်လို့ သုံးသပ်နေကြတယ်။ ဒါပေမယ့် ဒီနေရာမှာ တခုစိတ်ဝင်စားဖို့ကောင်းတာက ရွေးကောက်ပွဲလွန်ကာလမှာ နိုင်ငံရေး ပုံသဏ္ဌာန်တွေ ဘယ်လိုဖြစ် လာမလဲဆိုတာ ပိုပြီးတော့ ခန့်မှန်းသုံးသပ်ဖို့ ကောင်းတယ်လို့ ကျနော်တို့ထင်တယ်ဗျ။ အထူးသဖြင့်တော့ ကိုဘကောင်း၊ ခင်ဗျားကိုယ်တိုင် အင်တာဗျူးခဲ့တဲ့ NLD ကနေ ခွဲထွက်သွားတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ရဲ့ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သူ့ရဲ့အမြင်တွေဟာ ရွေးကောက်ပွဲနောက်ပိုင်းမှာ ပုံသဏ္ဌာန်တခုကို ပြောင်းသွားစေနိုင်လိမ့်မယ်ထင်တယ်။

ကိုထက်အောင် ။       ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်ဖို့က ရက်ပိုင်းပဲ လိုတယ်ဆိုတဲ့အခါကျတော့ သူ့အပေါ်ကို ဦးခင်မောင်ဆွေရဲ့သဘောထားက ရွေးကောက်ပွဲဝင်မယ့် ဒီမိုကရေစီဘက်က နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင် တယောက်အနေနဲ့ အင်မတန်အရေးကြီးတယ်လို့တော့ ကျနော်ကမြင်တယ်။

ကိုကျော်စွာမိုး ။        ။ ဟုတ်တယ်ဗျ။ သူပြောသွားတဲ့ အချက်ကလည်း အဓိကကတော့ ရွေးကောက်ပွဲပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် လွတ်လာမယ့်အချိန်မှာ သူတို့ရဲ့ NDF ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပူးပေါင်းပါဝင်မှုကို လက်ခံပြီ သူရဲ့ခေါင်းဆောင်မှုကို လက်ခံဖို့ ဒါမှမဟုတ်လည်း လိုအပ်ရင် NDF ပါတီကိုတောင်မှပဲ ဖြတ်သိမ်းပေးဖို့ အတွက် အဆင်သင့်ရှိတယ်ဆိုတာကို ပြောသွားတယ်ဗျ။ ပြီးခဲ့တဲ့ ၃၊ ၄၊ ၅ လမှာ ဖြစ်ခဲ့တဲ့ NLD နဲ့ NDF ကြားကပြဿနာတွေ အကွဲအပြဲတွေပေါ့ဗျာ။ ရွေးကောက်ပွဲလွန်ကာလမှာ ပြန်လည်ပေါင်းစည်းမှုတွေ ဖြစ်လာပြီးတော့ အတိုက်အခံအနေနဲ့ ပြန်ပြီးတော့ စည်းလုံးမှုတွေရယူလာမယ့် ခြေလှမ်းမျိုးတွေကို ဖြစ်ပေါ်စေတယ်ဆိုတာက ကျနော်တို့ သုံးသပ် ကြည့်ရလိမ့်မယ်ထင်တယ်။ ကိုဘကောင်းရေ၊ ခင်ဗျားက ဦးခင်မောင်ဆွေကို တိုက်ရိုက် အင်တာဗျူးထားတဲ့အခါကျ တော့ အင်တာဗျူးတခုလုံး အပေါ်မှာ ခင်ဗျားဘယ်လိုမျိုး သုံးသပ်မိလဲခင်ဗျ။

ကိုဘကောင်း ။      ။ ဟုတ်ကဲ့။ သူပြောတာတော့ ရွေးကောက်ပွဲ မတိုင်ခင်မှာတော့ လက်ရှိရှိနေတဲ့ NLD ခေါင်းဆောင်တွေ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဦးဝင်းတင်တို့နဲ့  NDF ပါတီ၊ အဲဒီပါတီတွေမှာတော့ ရွေးကောက်ပွဲမတိုင်ခင် ကွဲပြားနေတဲ့ သဘောထားတွေ စေ့စပ်နိုင်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့က ရွေးကောက်ပွဲ မတိုင်ခင်မှာရော ရွေးကောက်ပွဲပြီးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အခါမှာရော ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကိုရော ကောင်းကောင်း သဘောပေါက်တယ်ဗျ။ ဒီမိုကရေစီ လှုပ်ရှားမှုကြီးဟာ ဆက်လက်ပြီးတော့ သွားနေရဦးမယ် နောက်ပြီးတော့ အတိုက်အခံတွေအားလုံး  စည်းလုံးညီညွှတ်ဖို့ ရှိတယ်ဆိုတာလည်း သူတို့ NDF ခေါင်းဆောင်တွေက ကောင်းကောင်း သဘောပေါက်တယ်ဗျ။ လွှတ်တော်မှာ ကြိုးစားရုံနဲ့ မလုံလောက်ဘူးဆိုတာလည်း သူတို့ ကောင်းကောင်း သဘောပေါက်တယ်။ အပြင်မှာရှိတဲ့ NLD အပါအဝင်ကျန်တဲ့ အင်အားစုတွေနဲ့ သူတို့တွေ လက်တွဲနိုင်မှသာလျှင် အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ဆိုတဲ့ ပန်းတိုင်ကို ပြီးမြောက်ဆိုတဲ့ ခေါင်းဆောင်တွေ ယုံကြည်နေတယ်လို့ ကျနော်ခံစားရတယ်ဗျ။

ကိုကျော်စွာမိုး ။      ။ ကျနော်တို့ သုံးသပ်မိတာကလည်းပဲ ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုဘက်က အနည်းစု နိုင်မှာကိုး။ နိုင်မယ်ဆိုရင်တောင် လွှတ်တော်အတွင်းမှာ သူတို့နေပြီးတော့ အတိုက်အခံတွေနဲ့ လုပ်ဖို့ဆိုတာ တော်တော်နဲ့ မလွယ်တဲ့ ကိစ္စပေါ့လေ။ အပြင်ဘက်မှာ အတိုက်အခံအင်အားစုကတော့ ဆက်ပြီးရှိနေရဦးမှာပဲ။ NLD ဖြစ်စေတခြား အဖွဲ့တွေ ဖြစ်စေပေါ့လေ။ ဆိုတော့ ဒီ ၂ ခု ဘယ်လို ပေါင်းစည်းမလဲ ဆိုတာကတော့ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းပြီးတော့ အနာဂတ်နိုင်ငံရေးမှာလည်း ပိုပြီး အရေးကြီးလိမ့်မယ်လို့ထင်တယ်။

ကိုထက်အောင် ။       ။ ဟုတ်ပါတယ်။ ရွေးကောက်ပွဲလွန် မြန်မာပြည်ရဲ့ နိုင်ငံရေးက လွှတ်တော်တွင်း နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးဆိုပြီးတော့ ဆက်ပြီးတော့ ရှိသွားမှာတော့ အမှန်ပဲ။ နောက်တချက်က ဒီမိုကရေစီ အင်အားစုတွေထဲမှာ ဟိုတလောကလည်း ကျနော် ဦးသုဝေရဲ့ မိန့်ခွန်းတွေကို ကြည့်တဲ့အခါမှာ ဘာပြောလဲဆိုတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စကို ပြောတယ်။ အခု NDF ကလည်း သူတို့ရဲ့ ရွေးကောက်ပွဲ မူဝါဒတွေကို တီဗီကနေ ဟောပြောတဲ့အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ကိစ္စကိုပြောတယ်။ တကယ်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ဟာကို ဦးဆောင်ဦးရွက်ပြုပြီးတော့ လွန်ခဲ့ အနှစ် ၂၀ လုံး မှာ ခေါင်းဆောင်ခဲ့တာ ဒေါ်အောင်ဆန်းစုကြည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ ခေါင်းဆောင် တယောက်အနေနဲ့လည်း သူတို့အားလုံးက အသိမှတ်ပြုထားတယ်။ ရွေးကောက်ပွဲအပြီး လွတ်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးကို ပြန်လည်လုပ်ဆောင်တဲ့ နေရာမှာ နိုင်ငံရေးသစ်တခုမှာ သူဟာ ပထမဆုံးအနေနဲ့ NLD နဲ့ NDF ရဲ့ပေါင်းစည်းရေးကို လုပ်လာမလား။ အဲလိုလုပ်ခဲ့ရင် ဒီမိုကရေစီ အင်အားစုတွေအတွက် အမြဲတမ်း သမိုင်းမှာ ဝေဖန်နေတဲ့ အကွဲအပြဲဖြစ်တယ်ဆိုတဲ့ဟာကို သူက ပြင်ဆင်ပေးနိုင်တဲ့ နိုင်ငံရေး ဥပမာကောင်းတခု ဖြစ်လာရင်တော့ ကောင်းမယ်လို့ထင်တယ်။

ကိုဘကောင်း ။      ။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာကလည်း စစ်အစိုးရနဲ့ ပတ်သက်ပြီးတော့ အနှစ် ၂၀ ကျော်လုံးလုံး သူစေ့စပ်ဖို့ပဲ အမြဲတမ်း စကားပြောခဲ့တာပဲ။ အမြဲတမ်း ကမ်းလှမ်းခဲ့တာပဲဆိုတော့ သူ့ရဲ့အဖွဲ့သားတွေ အချင်းချင်း အခုလိုမျိုး သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့တာဆိုလို့ရှိရင်လည်း တတ်နိုင်သမျှတော့ အားလုံးပြန်လည် ပေါင်းစပ်ဖို့ပဲ ကျနော်တို့ မျှော်လင့်နေရတယ်ဗျ။

ကိုကျော်စွာမိုး ။      ။ ဒီနေရာမှာတော့ဗျာ။ ကျနောထင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တာမလွှတ်တာတော့ နအဖရဲ့ သဘောထားပေါ့လေ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပြန်ထွက်လာပြီးဆိုရင် သူကနိုင်ငံရေးမှာ ဘယ်ကဏ္ဍမှာ ပါဝင်ဆောင်ရွက်မလဲဆိုတာ ဒီအချိန်မှာ ပိုပြီးအရေးကြီးတယ်လို့ ထင်တယ်ဗျ။ ၁၉၉၅ ပထမဆုံးအချိန် သူနေအိမ်အကျယ်ချုပ်ကနေ လွှတ်လာတဲ့အခါမှာလည်း NLD ဟာ အဓိက သူကြောင့်ပဲ အမျိုးသားညီလာခံ ထွက်ဖြစ်လိုက်တာကိုး။ ရွေးကောက်ပွဲပြီးသွားလို့ သူလွှတ်လာတဲ့အချိန်မှာလည်းပဲ နိုင်ငံရေးပုံသဏ္ဌာန်ကတော့  ကျနော်တို့ မမျှော်လင့်တဲ့ ပုံသဏ္ဌာန်တခုတော့ ပြောင်းကောင်း ပြောင်းသွားနိုင်တယ်ပေါ့လေ။ လွှတ်တော်ထဲမှာကော အပြင်မှာ ရောပေါ့။ အဲဒါကတော့ စိတ်ဝင်စားစရာ ကောင်းတယ်။ ဒီနေရာမှာကျနော် တခုမေးခွန်းရှိတယ်ဗျ။ အဲဒါဘာလဲဆိုတော့ ဦးခင်မောင်ရွှေက ပြောလိုက်တဲ့ကိစ္စ။ NDF ကို လိုအပ်ရင် သူဖျက်သိမ်းပေးမယ်ဆိုတဲ့ ဟာမျိုးတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှု ဆက်လက်ယူဖို့အတွက် အသင့်ရှိတယ်ဆိုတဲ့ ဟာမျိုးတွေ၊ နောက်တချက်က အဲဒီမတိုင်ခင်မှာ NLD ရဲ့ ပြောရေးဆိုခွင့် ရှိသူဖြစ်တဲ့ ဦးဉာဏ်ဝင်းတို့၊ ဦးဝင်းတင်တို့ကလည်း  ဒေါ်အောင်ဆန်းစုကြည်သာ လွှတ်လာခဲ့မယ်ဆိုရင် နယ်လှည့် စည်းရုံးရေး ခရီးစဉ်ကို ဆက်လုပ်မယ်ဆိုတဲ့ ဟာမျိုးတွေ ပြောခဲ့တယ်ဗျ။ ဒါပေမယ့် အဲဒီဟာက ကိုယ်လုပ်မယ့် အလုပ်တွေကို ထုတ်ပြီးပြသလိုမျိုး ဖြစ်နေတယ်လေ။ အဲဒီအခါမှ နအဖကနေပြီးတော့ လာမယ့်ရွေးကောက်ပွဲမှာ အတိုက်အခံဖြစ်တဲ့ NDF တို့ အခြားပါတီတွေကို ပိုပြီးတော့ မနှိပ်ကွပ်နိုင်ဘူးလား။ ဒါကပြောမယ်ဆိုရင် ဆိုးကျိုးသက်ရောက်မှုတခု ဖြစ်လာနိုင်တယ်။

ကိုဘကောင်း ။      ။ ရွေးကောက်ပွဲပြီးသွားတဲ့အခါ အတိုက်အခံ အင်အားစုတွေဟာ လွှတ်တော်ထဲမှာ အသံလေး ဘာလေး နည်းနည်းပါးပါး ထွက်နိုင်တယ်ဗျာ။ အနေအထားက တချို့တွေက သုံးသပ်ခဲ့တာရှိတယ်ဗျ။ NLD ဟာ ရွေးကောက်ပွဲကို တချို့တွေဟာ ဝင်ပြီးတော့၊ တချို့တွေဟာ ဆန့်ကျင်သင့်တယ်၊ နိုင်ငံရေးအခြေအနေကို အဲလိုမျိုး အသုံးချသင့်တယ်လို့ အဲလိုမျိုး ပြောဆိုချက်တွေလည်း ရှိခဲ့တယ်ဗျ။ အခုဟာက အဲသလိုမျိုးပုံစံ ရောက်နေမလားလို့ ထင်တယ်ဗျ။

ကိုထက်အောင် ။      ။ ကိုဘကောင်းပြောတာက NLD နဲ့ NDF က ရွေးကောက်ပွဲလွန်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ပါလီမန်အတွင်းမှာရော ပါလီမန်ပြင်ပမှာရော ဟန်ချက်ညီညီနဲ့ ဆက်ပြီးတော့ လှုပ်ရှားသွားနိုင်တဲ့ အလာလားမျိုးတွေ မြင်လာနေရတယ်ဆိုတဲ့ ဟာမျိုးကို ဆိုလိုချင်တယ်ထင်တယ်။

ကိုဘကောင်း ။       ။ ဟုတ်တယ်။ ဒီလိုမျိုးလွှတ်တော်ထဲကနေ ရောက်လာမယ့် ဒီလိုမျိုး အင်အားစုတွေ ရှိလာပြီပေါ့ဗျာ။ ပြီးတော့ အဲဒီရှိလာတဲ့ လူတွေကလည်း ပြတ်ပြတ်သားသား တခါတည်း အစိုးရနဲ့ ပူးပေါင်းတဲ့လူတွေ မဟုတ်ပြန်ဘူး။ အဲလိုဆိုတော့ ဒီလူတွေကို လွှတ်တော်ထဲကို ဝင်ခွင့်ပြုပါ့လားဆိုတာ ကျနော်တို့ နည်းနည်းသံသယ ရှိတယ်ဗျ။ ရွေးကောက်ပွဲ နိုင်နိုင်မနိုင်ဆိုတာဗျာ အခုအခြေအနေအားဖြင့်တော့ အစိုးရရဲ့ လက်ထဲမှာပဲ ရှိနေတဲ့သဘောပေါ့ဗျာ။ အဲဒီကျတော့ ဒီလူတွေကို ဘယ်လောက်အထိများ နေရာပေးမလဲလို့ ကျနော်သံသယတော့ ရှိတယ်ဗျ။ ရွေးကောက်ပွဲ ပြီးသွားတဲ့အခါ တရားဝင်အတိုက်အခံနဲ့ တရားမဝင် အတိုက်အခံပုံစံမျိုးတွေ ဖြစ်လာနိုင်တယ်ဗျ။ ပြီးတော့ တရားဝင်အတိုက်အခံနဲ့ တရားမဝင် အတိုက်အခံတွေကလည်း ပူးပေါင်းသွားမယ့် အခြေအနေကိုတော့ စစ်အစိုးရက လိုလားမယ်လို့ ကျနော် မထင်ဘူးဗျ။ 

ကိုကျော်စွာမိုး ။       ။ အဲဒီဟာမျိုး သုံးသပ်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင်မှပဲ သူတို့ကလည်း ရွေးကောက်ပွဲပြီးပြီးချင်းလွှတ်ရမယ့်နေ့မှာပေါ့လေ လွှတ်ချင်မှတောင် လွှတ်ရမယ့်သဘော ရှိတာပေါ့လေ။

ကိုထက်အောင် ။       ။ လွှတ်ခဲ့ရင်လည်းပဲ သူကို အရင်တုန်းက အတိုင်းပေါ့လေ၊ လှုပ်ရှားမှုကို နည်းအမျိုးမျိုးနဲ့ ကန့်သတ်တာတွေ ဆက်ပြီးတော့ လုပ်လာနိုင်တာတွေ ရှိလာနိုင်တယ်။ ရွေးကောက်ပွဲလွန် ကာလမှာ ပေါ်လာတဲ့ လွှတ်တော်နဲ့ အစိုးရဖွဲ့တွေရဲ့ အနေအထားက စစ်တပ်ဘက်က အရမ်းကြီးစိုးမှု ရှိလာမယ်ဆိုရင် ဒီမိုကရေစီ အင်အားစုတွေဘက်က သူတို့ထင်သလောက် နေရာတခုရမယ်ဆိုတဲ့ဟာ သူတို့ ခန့်မှန်းထားတာထက် အရမ်းလျော့နည်းနေတယ် ဆိုရင်တော့ ဒီအချိန်မှာ ရွေးကောက်ပွဲကို မဝင်မယ့်  ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီဘက်က NLD လို အင်အားစုတွေနဲ့ ပေါင်းစည်းရေးဆိုတာက  ဖြစ်လာနိုင်ဖွယ်ရှိတယ်ဗျ။

ကိုဘကောင်း ။      ။ ကျနော်အထင်ကတော့ ရွေးကောက်ပွဲပြီးသွားလည်း အတိုက်အခံ ကြားထဲမှာပေါ့နော်၊ ပြိုကွဲမှုတွေဖြစ်နေတော့ ကွာဟမှုတွေ ဖြစ်နေမှာပဲဗျ။ သူတို့က တစုံတခုတော့ ဖန်တီးမှာပဲဗျ။ လွှတ်တော်မှာ အရေးမကြီးတဲ့ နေရာလေးတွေ သူတို့ ပေးရင်ပေးမယ်ဗျ။ တခြားနေရာတွေ အမျိုးမျိုးဖန်တီးမယ်ပေါ့ဗျာ။

ကိုကျော်စွာမိုး ။       ။ ဒီနေရာမှာ မေ့လို့မရတဲ့ အချက်တချက်ကတော့ NLD နဲ့ NDF က ပေါင်းစည်းတယ် ဆိုရင်တောင်မှပဲ တိုင်းရင်းသားဒေသတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားပါတီတွေကလည်း တော်တော်လေး အားကောင်းတာတွေ ရှိတယ်လေ။ ရှမ်းပြည်တို့ ရခိုင်ပြည်နယ်တို့က ပါတီတွေဆို တော်တော် အားကောင်းတာကို ကျနော်တို့သိရတယ်ဗျ။ ဆိုတဲ့အခါကျတော့ သူတို့ပါတီတွေဟာ ဒီနေရာမှာ အများစု နိုင်လာနိုင်တယ်လေ။ အဲဒီအခါကျတော့ မြို့ပြမှာ အခြေစိုက်တဲ့ NDF တို့ NLD တို့ ဘယ်လိုပဲ ပါတီအတိုက်အခံတွေ ဖြစ်ပပါလေ့စေပေါ့လေ။ အဲဒီအဖွဲ့အစည်းတွေကနေပြီးတော့ တိုင်းရင်းသားအဖွဲ့အစည်း ဘယ်လိုမျိုး ပူးပေါင်းပြီး လုပ်မလဲဆိုတာလည်း အရမ်းအရေးကြီးတဲ့အချက်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် အဲလို ပုံသဏ္ဌာန်မျိုးတော့ လက်ရှိအခြေအနေအထိတော့ သေချာမတွေ့ရသေးဘူးနော်။

ကိုထက်အောင် ။       ။ ဟုတ်တယ်ဗျ။ အခုဟာက ပါတီတွေ အနေနဲ့ကလည်း အသစ်ဖြစ်နေတဲ့အခါကျတော့ သူတို့က နည်းနည်းသတိထားပြီးတော့ သွားနေတဲ့သဘောရှိတယ်။ ရွေးကောက်ပွဲအလွန် ကာလမှာတော့ ဒီမိုကရေစီ အင်အားစုတွေ ရည်မှန်းခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ့ဗျာ။ ဒီဟာကြီးက ပြီးသွားပြီ၊ လွှတ်တော်ကြီးလည်း ပေါ်လာပြီ၊ တိုင်းရင်းသားပေါင်းစုံလည်း  ဒီလွှတ်တော်ထဲမှာ ရောက်သွားပြီ ဆိုတဲ့ဟာမျိုး နအဖကတော့ လေသံလွှင့်မှာပဲ။ ဒါပေမယ့် တကယ့် ပြန်လည်သင့်မြတ်ရေး ဆိုတာက မရှိတာတော့ နိုင်ငံတကာကလည်း သိတယ်၊ ပြည်တွင်းကလည်း သိတယ်။ ဆိုတဲ့အခါကျတော့ NLD အနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရော တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး အရေးကြီးတယ်ဆိုတာကို သူတို့က တောက်လျှောက် လက်ခံထားခဲ့တာ။ ဒါပေမယ့် ဟိုတလောက NLD က ပြောတယ်၊ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စကားပြောနိုင်အောင် ကြိုးစားမယ်လို့ပြောတယ်။ ရွေးကောက်ပွဲ အလွန်ကာလမှာ တိုင်းရင်းသားပါတီတွေနဲ့ စကားပြောနိုင်တဲ့ အခွင့်အလမ်းက သူတို့ ပိုပြီးရလာနိုင်တယ်။ ရှမ်းမှာဆိုရင်ဗျာ၊ ကျားဖြူပါတီက တော်တော် အင်အားကောင်းတဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က ကျားဖြူပါတီနဲ့ ကျိန်းသေပေါက် စကားပြောမှာပဲ။ ရခိုင်မှာဆိုလည်း ရခိုင်အမျိုးသား တိုးတက်ရေးပါတီ၊ ဒေါက်တာအေးမောင်တို့ပါတီ၊ ဒါကိုလည်း ကျိန်းသေပေါက် စကားပြောရမှာပဲ။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်က ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် ပိုပြီးတော့ လုပ်လာနိုင်မယ့် အနေအထားမျိုး ရှိလာနိုင်တယ်လို့ ထင်တယ်။

ကိုကျော်စွာမိုး ။      ။ အဓိက အတားအဆီးကတော့ နအဖပဲပေါ့လေ။ ပြီးခဲ့တဲ့ အနှစ် ၂၀ တုန်းက သူတို့ပဲ တားဆီးထားတာဆိုတော့။ အခုဟာကလည်း ခုနကပြောတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုဟာကို သူတို့ရဲ့ ပါလီမန်ထဲမှာ ဖြစ်အောင်ကြိုးစားဖို့ လုပ်နေတာပေါ့နော်၊ ဆိုတော့ တကယ်လက်တွေ့မှာတော့ ရှိချင်မှ ရှိမှာပေါ့လေ။

ကိုဘကောင်း ။      ။ ဒီဘက် နယ်စပ်က အခုရှိနေတဲ့ တိုင်းရင်းသားတွေ ဖြစ်တာပေါ့။ လက်နက်ကိုင်အဖွဲ့တွေ ရှိတယ်။ ကချင်ရှိတယ်၊ ရှမ်းတွေ ရှိတယ်၊ နောက်ပြီးတော့ ကရင်တွေရှိတယ်။ ဒီတိုင်းရင်းသားတွေနဲ့ စေ့စပ်ရေးမလုပ်နိုင်တဲ့ ကာလပတ်လုံးကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာ ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ဘူးဗျ။ နောက်ပြီးတော့ နိုင်ငံရေး၊ ဒီမိုကရေစီရေး ဆိုတာကလည်း ပြီးဆုံးမှာ မဟုတ်ဘူးဗျ။ အတိုက်အခံတွေရဲ့ စည်းလုံးညီညွှတ်မှုဆိုတာကတော့ ကြိမ်းသေပေါက်လိုနေဦးမှာပဲဗျ။

ကိုထက်အောင် ။      ။ ဒီနေရာမှာ မေးခွန်းတခုက ဘာပေါ်လာလဲဆိုတော့ အသစ်ပေါ်ပေါက်လာမယ့် လွှတ်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တကယ်နေရာအမှန် ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ လွှတ်တော်ရဲ့ ပြင်ပမှာ လုပ်ဆောင်တဲ့ လှုပ်ရှားမှုတခု ဖြစ်လာနိုင်မလား။ ဘာဖြစ်လို့လဲဆိုတော့ နအဖအနေနဲ့ ကြည့်မယ်ဆိုရင်တော့ သူတို့က နိုင်ငံရေးစကားကို လွှတ်တော်ထဲမှာပြောလို့ သူတို့က ပြောလိမ့်မယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအကြောင်း ပြောချင်ရင် လွှတ်တော်ထဲမှာ ပြောလို့ပြောလိမ့်မယ်။ တချိန်ထဲမှာလည်း လွှတ်တော်ပြင်ပမှာ နိုင်ငံရေးအင်အားစုတွေ ရှိတယ်။  သူတို့ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို သူတို့နည်း သူတို့ဟန်နဲ့ သူတို့လုပ်တယ်။ ဒီ ၂ ခုက နိုင်ငံရေး ပုံသဏ္ဌာန်ကို ဘယ်လိုမျိုးပုံဖော်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းတယ်။

ကိုကျော်စွာမိုး ။      ။ လွှတ်တော်ထဲမှာ သေချာတာကတော့ ပြောချင်သလောက်တော့ ပြောခွင့်ရမှာ မဟုတ်ဘူး။ လာမယ့် အစိုးရသစ်ကတော့ သူတို့ ပါးစပ်တွေကို အနည်းနဲ့ အများကတော့ ပိတ်ထားဖို့များမှာပဲ။ ခုနက ကိုထက်အောင်ပြောတဲ့ ပြည်ပမှာ နိုင်ငံရေး လှုပ်ရှားမှုကတော့ ဆက်ပြီးတော့ ကြီးစိုးနေရဦးမှာပဲလေ၊ ဆက်ပြီးတော့ ရှင်သန်နေ လိမ့်မယ်ပေါ့လေ။

ကိုထက်အောင် ။       ။ ကျနော်လည်း အဲလိုပဲထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ရဲ့ ပုံသဏ္ဌာန်က တပါတီကြီးစိုးတဲ့ လွှတ်တော်ပုံသဏ္ဌာန် ဖြစ်လာမယ်ဆိုတဲ့ အခါကျတော့ လွှတ်တော်ပြင်ပမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ လှုပ်ရှားမှုက ပိုပြီးတော့ သွက်လက်ပြီးတော့ ဘောင်ကျယ်ကျယ်နဲ့ ဆွေးနွေးနိုင်တဲ့ အနေအထားရောက်လိမ့်မယ်။

ကိုကျော်စွာမိုး ။      ။ မကြာသေခင်က တခု ကျနော်ကြားတာပေါ့ဗျာ။ အများစုက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ နိုင်မယ်လို့ သုံးသပ်နေပေမယ့်လည်းပဲ တချို့နေရတွေမှာပေါ့လေ၊ သူတို့ရှုံးနိုင်တဲ့နည်းတွေ အများကြီးရှိတယ်ပေါ့လေ။တကယ်ကျတော့ မဲဆန္ဒရှင်တွေ အများစုကတော့ သိပ်ထည့်ချင်တာ မဟုတ်ဘူးကိုး။ အတင်းအဓမ္မ ထည့်ခိုင်းမှ မဲခိုးတဲ့အခါကျမှသာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက နိုင်မယ်လို့ ယူဆထားနေကြကိုး။ အဲလိုမျိုး မဖြစ်ဘဲနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက နယ်မြေအများစုမှာ ရှုံးသွားပြီးတော့ ဒီဘက်က တိုင်းရင်းသား အင်အားစုတွေ ဒီမိုကရေစီအင်အားစုတွေ ဝင်ပြိုင်တဲ့နေရာ အများစု နိုင်သွားခဲ့မယ်ဆိုရင် လွှတ်တော်မှာ ပိုပြီးတော့ နိုင်ငံရေးကစားရတဲ့ အကွက်က ပိုလှလာလိမ့်မယ်လို့ ကျနော်ထင်တယ်။

ကိုဘကောင်း ။      ။ ကျိန်းသေတာပေါ့ ကိုကျော်စွာ။ အဲဒီလိုမျိုး အတိုက်အခံအင်အားစုတွေ ရနိုင်တဲ့၊ ပြောနိုင်တဲ့ အခြေအနေက ပိုပြီး တိုးသွားနိုင်တာပေါ့။ ဒါပေမယ့် အဲလိုဖြစ်ဖို့ ဆိုတာကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ရှုံးမှပဲ ဖြစ်မှာဗျ။

ကိုကျော်စွာမိုး  ။        ။ အဲလိုဖြစ်ဖို့က ပထမဦးဆုံး လိုနေတဲ့အချက်ကတော့ လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတရမယ်လေ။ မဲခိုးတာတွေ မရှိရဘူး။ မဲလိမ်တာတွေ မရှိရဘူး။ ဒါမျိုးဆိုတော့ သေချာတာက NDF ပါတီတို့၊ ဒီမိုကရက်ပါတီတို့၊ တခြား တိုင်းရင်းသားပါတီတွေက နိုင်သွားမှပဲ။ အဓိက ခုန လိုအပ်ချက်ကတော့ ရွေးကောက်ပွဲက တရားမျှတမှု ရှိရမယ်။ အဲဒါကလည်း မဖြစ်လာနိုင်တဲ့ အရာပေါ့လေ။

ကိုထက်အောင် ။      ။ အခု ဒီရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ မျှော်လင့်နေတာကလည်း အဲဒီအချက်ပဲ။ ဟိုတလောက ဦးခင်မောင်ဆွေက ဘာပြောလဲဆိုတော့ သူတို့ မဟာမိတ်ပြုထားတဲ့ ပါတီတွေကနေ ဝင်ပြိုင်တဲ့နေရာ အရေအတွက်ကတဲ့ ၂၅၀ ရှိတယ်တဲ့။ လွှတ်တော် ၂ ရပ်ပေါင်းရင် ၆၆၀ ကျော်လောက် ရှိတာကိုး။ ပြန်တွက်ကြည့် လိုက်ရင် ၃ ပုံ ၁ ပုံ ရှိတယ်ဗျ။ တကယ်လို့များ ဒီမိုကရေစီအင်အားစုတွေဟာ လွှတ်တော်ရဲ့ ၃ ပုံ ၁ ပုံလောက်ကို စီးထားမိမယ်ဆိုရင် လွှတ်တော်နိုင်ငံရေးက တော်တော်ကြည့်ကောင်းမယ့် နိုင်ငံရေးတခု ဖြစ်လာနိုင်စရာရှိတယ်။ အဲလိုဖြစ်လာပြီဆိုရင်လည်း ဒီဘက်က လွှတ်တော်ပြင်ပက ရှိနေတဲ့ နိုင်ငံရေး အင်အားစုတွေပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ နိုင်ငံရေးအင်အားစုတွေကလည်း သူတို့ရဲ့ နိုင်ငံရေး ပုံသဏ္ဌာန်အသစ်တခုကို ပြောင်းရမယ့် အနေအထား ရောက်လာလိမ့်မယ်။

ကိုကျော်စွာမိုး ။       ။ အဲဒီ ပုံသဏ္ဌာန်မျိုးကတော့ အခု ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ့် NDF ခေါင်းဆောင်တွေ ဒေါက်တာသန်းငြိမ်တို့၊ ဦးခင်မောင်ဆွေတို့၊ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဦးသုဝေတို့၊ တခြားတိုင်းရင်းသား ခေါင်းဆောင်တွေပေါ့ဗျာ။ အဲဒီပါတီ ခေါင်းဆောင်တွေက မျှော်လင့်ထားတဲ့ နိုင်ငံရေး ပုံသဏ္ဌာန်ပဲဗျ။ အဲဒီလိုမျိုး မဖြစ်လာနိုင်ဘူးလို့ အတိကျကြီး ပြောလို့မရဘူးပေါ့လေ။ အဲလိုဖြစ်လာရင်တော့ ပိုကောင်းတဲ့ နိုင်ငံရေး ပုံသဏ္ဌာန်ကို ကျနော်တို့ တွေ့ရမှာပေါ့နော်။ ပိုပြီး တက်ကြွလာလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် ဘာပဲပြောပြော ဘယ်သူပဲနိုင်သည်ဖြစ်စေ ဒီမိုကရေစီ အင်အားစုဘက်က များများပဲ နိုင်နိုင်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ အများစု ၁၀၀ ရာခိုင်နူန်း နိုင်သွားသည်ဖြစ်စေ ရွေးကောက်ပွဲနောက်ပိုင်း ရှေ့လာမယ့် နိုင်ငံရေး ပုံသဏ္ဌာန်ကတော့ အတိုက်အခံပါတီတွေရယ်၊ ပြီးတော့ ရွေးကောက်ပွဲမဝင်တဲ့ အတိုက်အခံအဖွဲ့အစည်းတွေရယ်၊ NLD ဦးဆောင်တဲ့ အတိုက်အခံ အဖွဲ့အစည်းတွေကတော့ ပိုပြီးတော့ ပူးပေါင်းပြီး ကစားရလိမ့်မယ်လို့ ကျနော်ထင်တယ်။ ရွေးကောက်ပွဲအပြီး နိုင်ငံရေးပုံသဏ္ဌာန် ဘယ်လောက်အထိ ကောင်းလာမလဲ ဆိုတာကတော့ ပါတီတွေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေအားလုံးရဲ့ နိုင်ငံရေး ရင့်ကျက်မှုအပေါ်မှာ မူတည်နေတယ်လို့ ကျနော်ထင်တယ်ဗျ။ ကိုထက်အောင်နဲ့ ကိုဘကောင်းရေ၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်