RFA က ဧရာဝတီ စကားဝိုင်း (အောက်တိုဘာ ၂၀၊ ၂၀၁၀)

လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယိုပရိသတ် အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။

{play}images/stories/podcasts/rfa.10.21.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{rddl}rfa.10.21.10.mp3{/rddl}
အခုတပတ်မှာ ရွေးကောက်ပွဲကော်မရှင်က လာမည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲကို နိုင်ငံတကာမီဒီယာတွေနဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ၀င်ခွင့်မပေးဘူးလို့ ထပ်မံပြောဆိုလိုက်သလို တဖက်မှာလည်း ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပရှိ မီဒီယာများ သတင်းရယူမလဲဆိုတာကို ဧရာဝတီမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ ဧရာဝတီ ရွေးကောက်ပွဲ စာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးသတင်းတွေကို ရေးသားနေတဲ့ ကိဘကောင်းတို့က ဆွေးနွေးထားပါတယ်။

ကိုကျော်စွာမိုး ။      ။ ဧရာဝတီစကားဝိုင်းမှ ကြိုဆိုပါတယ်။ မင်္ဂလာပါခင်ဗျာ။ ကျနော်က ကျော်စွာမိုးပါ။ ဒီတပတ် ကျနော်နဲ့အတူ ဝင်ရောက်ဆွေးနွေးမယ့် သူတွေကတော့ ကျနော်တို့ ဧရာဝတီ ရွေးကောက်ပွဲစာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးသတင်းတွေကို တောက်လျှောက်ရေးသားနေတဲ့ ကိုဘကောင်းတို့ ဝင်ရောက် ဆွေနွေးမှာ ဖြစ်ပါတယ်။

ကိုထက်အောင်နဲ့ ကိုဘကောင်းရေ၊ တနင်္လာနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက အပြည်ပြည်ဆိုင်ရာ လေ့လာစောင့်ကြည့်သူတွေနဲ့ အပြည်ပြည်ဆိုင်ရာက စာနယ်ဇင်းသမား တွေကို မြန်မာပြည် ရွေးကောက်ပွဲကိုလာရောက် လေ့လာစောင့်ကြည့်ဖို့အတွက် ခွင့်ပြုမှာမဟုတ်ဘူးလို့ ထပ်ပြောလိုက်ပြန်ပြီပေါ့ဗျာ။ ဒါအသစ်တော့မဟုတ်ဘူး။ ထပ်မံပြီးတော့ သူတို့ပြောကြားချက်ဖြစ်တယ်။ အဲဒီအပေါ်မှာ အပြည်ပြည်ဆိုင်ရာက လေ့လာသုံးသပ်တဲ့သူမရှိတဲ့ မြန်မာပြည်ရဲ့ရွေးကောက်ပွဲမှာ ဘယ်လိုမျိုးဖြစ်လာနိုင်လဲ။ နောက်တချက်က သူတို့မှာ ပိုပြီးတော့ ဖုံးကွယ်စရာတွေ ရှိနေတယ်လို့ ကျနော်ကတော့ မြင်တယ်။ ဒါကြောင့်မို့လို့ သူတို့ဒါကို အတင်းအကြပ် ငြင်းဆိုနေတယ်လို့ ကျနော်တော့ သုံးသပ်မိတယ်ဗျ။ ကိုဘကောင်း အဲအပေါ်မှာ ခင်ဗျား ဘယ်လိုသုံးသပ်မိလဲ။

ကိုဘကောင်း ။      ။ ဦးသိန်းစိုးကနေပြီးတော့ သတင်းထောက်တွေကို ပြောတာကတော့ မြန်မာအစိုးရကနေ နိုင်ငံတကာက ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့တွေကို လက်မခံနိုင်ဘူးဆိုတဲ့အကြောင်းက နံပါတ် ၁ အချက်ကတော့ မြန်မာနိုင်ငံဟာ အင်မတန်ကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံ ကြွယ်ဝတဲ့အတွက်ကြောင့်မို့ လက်မခံနိုင်ဘူး။ ဒုတိယ တချက်သူပြောတာကတော့ ရွေးကောက်ပွဲ လုပ်တဲ့နေကျလို့ရှိရင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က မြန်မာပြည်ထဲမှာထဲမှာ အခြေစိုက်တဲ့ သံရုံးက ကိုယ်စားလှယ်တော်တွေ ကုလသမဂ္ဂ အေဂျင်စီလို နိုင်ငံတကာကရှိတဲ့ ကိုယ်စားလှယ်တော်တွေ ရွေးကောက်ပွဲမဲရုံးတွေကို ခေါ်ပြီးမှ လေ့လာစောင့်ကြည့်ခိုင်းတယ်ပေါ့ဗျာ။ အဲလိုအခြေအနေ ရှိတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတကာက အဖွဲ့အစည်းတွေ မလိုဘူးလို့ဆိုပြီး ပြောလာတယ်ဗျ။

ကိုကျော်စွာမိုး  ။       ။ ဒါပေမယ့်လည်းပဲ ပြည်တွင်းမှာ ရှိတဲ့သံရုံးက ဘယ်နှစ်ခုရှိလို့လဲ နောက်ပြီးတော့ သံရုံးကလူတွေပဲ ဖြစ်ဖြစ် ပြည်တွင်းမှာရှိတဲ့ မီဒီယာသမားတွေကရော ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လေ့လာစောင့်ကြည့်ဖို့အတွက် ဘယ်လောက်များ ပြင်ဆင်ထားပြီးပြီလဲ။ သင်တန်းတွေ ရှိနေပြီးပြီလဲ။ မြန်မာပြည် တနိုင်ငံလုံးမှာရှိတဲ့ သောင်းချီတဲ့ မဲရုံတွေ လေ့လာစောင့်ကြည့်ဖို့ဆိုရင် ဂျာနယ်လစ်တွေ အများကြီးလိုမယ်။ ပြီးတော့ လွတ်လပ်တဲ့ ပြည်တွင်းက လေ့လာစောင့်ကြည့်သူတွေလည်း လိုမယ်ပေါ့ဗျာ။

ကိုထက်အောင် ။       ။ ဦးသိန်းစိုးရဲ့ပြောဆိုချက်တွေကို ကျနော်ကတော့ ကြိုဆိုတယ်ဗျ။

ကိုကျော်စွာမိုး ။        ။ ဟ … ဘယ်လိုဖြစ်လို့လဲ။ လုပ်ပါဦး။

ကိုထက်အောင် ။        ။ ဘာဖြစ်လို့လဲဆိုတော့ အခုလိုရွေးကောက်ပွဲ ကျင်းပခါနီး ရက်ပိုင်းလောက်ပဲလိုတဲ့ အနေအထား ရောက်လာတဲ့အချိန်မှာ သူတို့စိတ်တိုင်းကျ ပြင်ဆင်တာတွေ အားလုံးပြီးစီးပြီဆိုတဲ့ အနေအထား ရောက်လာပြီဆိုတဲ့ အချိန် ကျတော့မှ ကပ်ပြီးတော့ ဒီရွေးကောက်ပွဲရဲ့ တရားဝင်မှုကို ရအောင်ဆိုပြီးတော့ နိုင်ငံတကာကို ဖိတ်ခေါ်လိုက်မှာကို ကျနော်က စိုးရိမ်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိတဲ့အတိုင်း ဒီရွေးကောက်ပွဲက တရားမမျှတဘူး၊ လွတ်လပ်မှာ မဟုတ်ဘူး၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ လွန်ခဲ့တဲ့ ၅ လ၊ ၆ လ လောက် ကာလတလျှောက်လုံးမှာလည်းပဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သူစိတ်တိုင်းကျ လွတ်လွတ်လပ်လပ် အကုန်လုံးကို စီမံခဲ့တဲ့ဟာတွေက ပြောမယ်ဆိုရင် နိုင်ငံတကာမှာ ကျင်းပနေတဲ့ ရွေးကောက်ပွဲတွေလိုမျိုး ပွင့်လင်းမြင်သာမှုမရှိဘူး။ တဖက်သက်ဆန်တယ် ဆိုတဲ့ဟာတွေက ကျနော်တို့ တောက်လျှောက် သတင်းအနေနဲ့ ရခဲ့သလို ကျနော်တို့ သတင်းတွေလည်း ပေးပို့ခဲ့တဲ့ဟာတွေ ရှိတယ်။ အနားနီးတော့မှ သူက ကြိုဆိုပါတယ်ဆိုပြီးတော့ တံခါးလေးဖွင့်ပေးလိုက်တဲ့ဟာမျိုး ဖြစ်လာမှာကို ကျနော်ကစိုးရိမ်တာ။

ကိုကျော်စွာမိုး ။     ။ ကိုထက်အောင်ရေ၊ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ကိုထက်အောင် သုံးသပ်တာက တော်တော်လေး ကောင်းတယ်ဗျ။ သဘောကတော့ သူတို့ ရွေးကောက်ပွဲက လွတ်လပ်မှုမရှိဘူး။ တရားမျှတမှု မရှိဘူး။ ပွင့်လင်းမြင်သာခွင့် မရှိဘူးလို့ ပြောချင်တာပေါ့။ ဒါပေမယ့်လည်းပဲ အပြည်ပြည်ဆိုင်ရာက လေ့လာသုံးသပ်တဲ့သူတွေ တခြားနိုင်ငံက စာနယ်ဇင်းသမားတွေ လာပြီးတော့မှ ဝင်ခွင့်မရှိဘူးဆိုရင် ရွေးကောက်ပွဲထဲမှာ ဖြစ်ပျက်မယ့် မဲလိမ်မှုတွေ မဲမသမာမှုတွေ ညစ်ပတ်မှုတွေ အားလုံးကို ဘယ်လိုမျိုး ဖော်ထုတ်မလဲဆိုတာက အဓိက မေးခွန်းဖြစ်လာတယ်ဗျ။ တကယ်လို့ အပြည်ပြည်ဆိုင်ရာက အဖွဲ့အစည်းတွေ ရှိနေမယ်။ အပြည်ပြည်ဆိုင်ရာက စာနယ်ဇင်းသမားတွေ ရှိနေမယ်ဆိုရင် ပြည်တွင်းက စာနယ်ဇင်းသမားတွေနဲ့ ဝင်ပူးပေါင်းပြီးတော့ ပိုပြီးတော့ စောင့်ကြည့်လို့ရတာပေါ့ဗျာ။ လူပိုများလေ  မဟုတ်တရုတ်တွေ လုပ်တာတွေ ပိုပြီးတော့ ပေါ်လေ ဖြစ်လိမ့်မယ်ဗျ။ ဆိုတော့ ကျနော်မြင်တာတော့ ဆိုးကျိုးက ဘယ်လောက်အထိ ရွေးကောက်ပွဲ ကာလမှာ ညစ်ပတ်မှုတွေကို မသမာမှုတွေကို ကျနော်တို့ ဒီလောက်လူနည်းနည်းလေးနဲ့ ဖော်ထုတ်နိုင်မလဲဆိုတာ ဆိုးကျိုးဖြစ်လာနိုင်တယ်ဗျ။

ကိုဘကောင်း ။     ။ ဟုတ်ကဲ့။ ကိုထက်အောင်ပြောသလို အကယ်၍များ အစိုးရကနေ လက်ခံလိုက်မယ်ဆိုလို့ရှိရင် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပုံရိပ်ပေါ့ဗျာ၊ ပွင့်လင်းတယ် မြင်သာတယ်ဆိုတဲ့ ပုံရိပ်က တိုးတက်သွားမယ်လို့ ကိုထက်အောင်က စိုးရိမ် နေတာပေါ့။ ကျနော်ထင်တာတော့ ဒီလိုမျိုး ခြိမ်းခြောက်မှုတွေရှိမယ်။ ကြိမ်းသေပေါက်ရှိနေမှာပဲဗျ။ ဒီလိုမျိုး မဲမသမာမှုတွေ ရှိနေမယ်။ ကျနော်တို့ နောက်ဆုံး ကြားနေရတာတွေဟာ မဲဘယ်လို ထည့်ရမလဲဆိုတာ ပြည်သူတွေ ကိုယ်တိုင်ကိုက မသိဘူးဖြစ်နေကြတယ်။ 

ကိုထက်အောင် ။      ။ နောက် ကျနော်စိုးရိမ်တဲ့ အချက်တချက်ရှိသေးတယ်။ အဲဒါဘာလဲဆိုတော့ စစ်အစိုးရရဲ့ ထုံးစံက နိုင်ငံတကာကို သူတို့က ဖွင့်ပေးတယ်ဆိုရင် တံခါးမရှိ ဓားမရှိ ဖွင့်ပေးတဲ့ဟာမျိုး ပုံစံမျိုး သူတို့ ဘယ်တော့မှ လုပ်လေ့မရှိဘူး။ သူတို့ ဖွင့်ပေးမယ်ဆိုရင် စည်းကမ်းချက်တွေ အများကြီးထားပြီးတော့ သူတို့က ဖွင့်ပေးမှာ။ ဆိုတဲ့အခါကျတော့ ဖွင့်ပေးတယ်ဆုတဲ့ နာမည်လေးကို ယူပြီးတော့ နိုင်ငံတကာက စာနယ်ဇင်းသမား အနည်းအကျဉ်းလောက် သွင်းလိုက်မယ်။ နောက်တခုက အာဆီယံကို သူဖိတ်လိုက်မယ်။ ဘာဖြစ်လို့လဲဆို အာဆီယံက နဂိုကတည်းကမှ ရွေးကောက်ပွဲကြီး မြန်မြန်ပြီးပါစေ၊ ပြီးရင်ငါတို့က ရွေးကောက်ပွဲကြီးဟာ မြန်မာပြည်ရဲ့ ရှေ့ခြေလှမ်းတရပ် ပြည်အသစ်တခု ဖြစ်လာတော့မယ်ဆိုတဲ့ ဟာမျိုးကို မကြာသေးခင်ကလည်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်စဝမ်က New Burma ဆိုပြီးတော့ ပြောသွားတာရှိတယ်။ ဆိုတော့ သူတို့က ဒါပြင်နေတာဗျ။ ပြင်နေတဲ့အခါကျတော့ သူတို့ကိုလည်း ဖွင့်ပေးလိုက်မယ် ဒါပေမယ့် ဒါဟာ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ အာဆီယံကိုယ်စားလှယ်အဖွဲ့ကို လူအနည်းအကျဉ်းလေးပဲ သူတို့ ဖိတ်လိုက်မယ်။ ပြီးသွားရင် သူတို့ သတ်မှတ်ထားတဲ့ ဧရိယာမှာ အစိုးရရဲ့ အစီအစဉ်အောက်မှာပဲ ကြည့်ရှုခွင့်ပေးလိုက်မယ်ဆိုရင် ဒါက တော်တော်ကို အန္တရာယ်များတဲ့ လှည့်စားမှုတခု၊ ကမ္ဘာကလည်း မျက်စိလည်သွားနိုင်တဲ့ လှည့်စားမှု တခုပဲဖြစ်လိမ့်မယ်။

ကိုကျော်စွာမိုး ။      ။ ဒါပေမယ့် တပြိုင်တည်းမှာပဲ သူတို့ကတော့ သေချာတာပေါ့ဗျာ။ အပြည်ပြည်ဆိုင်ရာလူတွေကို ခွင့်ပြု မယ်ဆိုရင် အနည်းစုပဲပေးမှာ။ ပြီးရင် သူတို့သွားစေချင်တဲ့နေရာတွေကိုပဲ သွားခွင့်ပြုမှာပေါ့နော်။ ၁၉၉၀ ကိုပြန်ကြည့်မယ် ဆိုရင်ဗျုာ အပြည်ပြည်ဆိုင်ရာ စာနယ်ဇင်းသမားတွေ တချို့ကိုတော့ ခွင့်ပြုခဲ့တယ်။ ဒါပေမယ့် အဲဒီခွင့်ပြုတာကလည်း ရန်ကုန်လိုဟာမျိုးသာ ခွင့်ပြုခဲ့တာပေါ့။ တခြားနေရာတွေမှာ ဘယ်မှ သွားခွင့်မရှိဘူး။ ဒါပေမယ့် အခု နှစ် ၂၀ ကြာတဲ့အချိန်မှာ ကျနော်တို့ ပြန်ကြည့်တဲ့အချိန်မှာ ၁၉၉၀ ကာလမှာတုန်းက ဗိုလ်ချုပ်မှူးကြီး စောမောင်တို့  ဗိုလ်ချုပ် ခင်ညွှန့်တို့ ကိုယ်တိုင် ပြည်ပမီဒီယာနဲ့ တကြိမ်တန်သည် နှစ်ကြိမ်တန်သည် Far Eastern Economic Review တို့၊ Asia Week တို့နဲ့ လူခြင်းတွေ့ပြီးတော့ အင်တာဗျူးတွေ ပေးခဲ့တာရှိတယ်ဗျ။ ဒီဘက် အနှစ် ၂၀ ကြာပြီးတဲ့အချိန်ကျတော့ အဲဒါမျိုးတွေ ကျနော်တို့ တခုမှ မတွေ့ရဘူး။ ဆိုတော့ သံသယက ကျနော်ပိုရှိတာက ၁၉၉၀ တုန်းက ရွေးကောက်ပွဲရလဒ်ကလည်း NLD က ၈၀ ရာခိုင်နူန်း ကျော်လောက်နိုင်ခဲ့တာကိုး။ ဆိုတော့ ကျနော်မြင်တာက ရွေးကောက်ပွဲမတိုင်ခင်မှာ ဗိုလ်ချုပ်မှူးကြီး စောမောင်တို့ရဲ့ အစိုးရက သူတို့ ရွေးကောက်ပွဲကတော့ အတိုင်းအတာတခုထိ လွတ်လပ်မှုပေးမယ်ဆိုတာကို သူတို့ ရည်ရွယ်ပြီးသား ဖြစ်ကောင်းဖြစ်နိုင်တယ်ဗျ။ ဒီပွဲမှာကျတော့ ၂၀၁၀ မှာကျတော့ သူတို့ဘယ်လိုမျိုး ညစ်ပတ်ရမလဲဆိုတာကို စဉ်းစားထားပုံရတယ်။ ဒါကြောင့်မို့လို့ ကျနော်ထင်တာ က ၁၉၉၀ လောက်တောင် ဒီလေ့လာသူတွေကို ခွင့်မပြုတာလို့ ကျနောတော့ ထင်တယ်ဗျ။

ကိုဘကောင်း ။     ။ ဟုတ်ကဲ့။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာကနေပြီးတော့ တရားမျှတမှု ရှိမယ်ဆိုတာ ကတော့ အပြည့်အဝမျှော်လင့်လို့မရဘူးဗျ။ အရေးကြီးတာကတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လေ့လာစောင့်ကြည့် သူတွေ ရှိသင့်တယ်ဆိုပြီးတော့ပဲ နိုင်ငံတကာ အများစုကနေပြီးတော့ပြောထားတာ ရှိတာပေါ့နော်။ ဒါပေမယ့် ပြည်တွင်းမှာရှိတဲ့ လူတွေက သိပါတယ်။ ဘာလဲဆိုတော့ဒီ ရွေးကောက်ပွဲက လေ့လာစောင့်ကြည့်စရာကို မလိုတဲ့ ရွေးကောက်ပွဲ၊ မဲမသမာမှုတွေက တခါတည်း အလိုအလျောက်ကို ကြံစည်လို့ပြီးသွားပြီဆိုတဲ့ ရွေးကောက်ပွဲဆိုတာကတော့ ကျနော်တို့ မြန်မာပြည်သူ တွေက သိပါတယ်။

ကိုကျော်စွာမိုး ။      ။ ကိုဘကောင်းရေ၊ ဒါနဲ့ အပြည်ပြည်ဆိုင်ရာကပေါ့နော်၊ ဒီဦးသိန်းစိုးတို့ပြောတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ တုံ့ပြန်မှုရှိတယ်လို့ ကျနော်တို့ ကြားရတယ်။ အဲဒါတွေကရောဗျ။

ကိုဘကောင်း ။       ။ ဟုတ်ကဲ့ ဒီ ပထမဦးဆုံး ထုတ်ပြန်တာကတော့ အမေရိကန်အစိုးရပေါ့နော်။ အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တယောက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဒါအထူးအဆန်း မဟုတ်ပါဘူးတဲ့။ ရွေးကောက်ပွဲ ဥပဒေ စထုတ်လာကတည်းက ဒီလိုမျိုး အစီအငေါ် မတည့်တာတွေ တောက်လျှောက်ဖြစ်နေတယ်ဆိုတာ ဒါဘာမှသိပ် အံ့ဩစရာမလိုဘူး။ ဒါပေမယ့် ဒါဟာ ဘာပြသလဲဆိုတော့ အများကနေ ယုံကြည်လက်ခံနိုင်စရာ မရှိဘူးဆိုတဲ့အချက်ကို ဒါပြသတဲ့ အချက်ဆိုပြီးတော့ ထုတ်ပြောတယ်ဗျ။

ကိုကျော်စွာမိုး ။      ။ ဒါပေမယ့် ဘာပဲပြောပြောဗျာ။ မီဒီယာအနေနဲ့ စာနယ်ဇင်းသမားတွေ အနေနဲ့ကတော့ လာမယ့် ရွေးကောက်ပွဲက တရားမျှတတာ မမျှတတာ ဒါတချက်ဗျ။ တရားမမျှတဘူး ညစ်ပတ်မှုတွေပိုပြီး များမယ်ဆိုရင် အဲဒါကို ဘယလိုဖော်ထုတ်မလဲဆိုတာ မီဒီယာသမားတွေရဲ့ တာဝန်ပဲ။ နောက်ပြီးတော့ အပြည်ပြည်ဆိုင်ရာက လေ့လာစောင့်ကြည့် သူတွေရဲ့တာဝန်က အဲဒါပဲ။ ဆိုတော့ အခုအချိန်မှာ စာနယ်ဇင်းသမားတွေကို ခွင့်မပြုဘူး။ အပြည်ပြည်ဆိုင်ရာက ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ စောင့်ကြည့်တဲ့သူတွေကို ခွင့်ပြုဘူး။ ဒါပေမယ့် နည်းလမ်းတွေတော့ ရှိလိမ့်မယ်လို့ထင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၇ သံဃာတော် အရေးအခင်းတုန်းကလည်းပဲ အကုန်လုံးပိတ်ထားတဲ့ ကြားထဲကနေပြီးတော့ သတင်းတွေ အများကြီး ယိုစိမ့်ပြီး ထွက်လာတယ်လေ။ ကျနော်ပြောချင်တာက သူတို့တွေ ဘေးကြပ် နံကြပ်လုပ်ထားတဲ့ မီဒီယာသမားတွေ အကုန်လုံးကို လည်လိမ်ပြီးတော့ ခြင်းထဲထည့်ပြီးတော့ ပိတ်ထားပေမယ့်လည်းပဲ ဟာကွက်တွေရှိတာ အမှန်ပဲဗျ။ ဆိုတော့ အဲဒီဟာကွက်တွေကနေပြီးတော့ အဲဒီသတင်းတွေ မဟုတ်မမှန်လုပ်တာတွေကို ဘယ်လိုမျိုး စီးဆင်းလာအောင် လုပ်မလဲ။ ယိုပေါက်ကို လုပ်ပေးရမယ်လို့ကျနော်ထင်တယ်။ အဲဒီယိုပေါက်ကို ပြည်တွင်းကရော ပြည်ပကရော မီဒီယာသမားတွေရော လုပ်ရမယ်။ နောက်တချက်က အဲဒီမှာ ပိုပြီးအရေးကြီးတာက နိုင်ငံရေးပါတီတွေ ကိုယ်တိုင်လည်း အရေးကြီးတယ်လို့ ထင်တယ်ဗျ။ သူတို့ကိုယ်တိုင်က ဒါတွေကို ဖော်ထုတ်ပေးရမယ်ဗျ။ နောက်တခု သံရုံတွေလည်း ရှိမှာပေါ့နော်။ ဒါတွေအားလုံးဟာ ဖြစ်ရပ်မှန်သတင်းတွေကို ယိုစိမ့်လာအောင်လုပ်ပေးနိုင်တဲ့ အင်အားလို့ ကျနော်ထင်တယ်။

ကိုထက်အောင် ။     ။ အဲဒီအတွက်ကတော့ စစ်အစိုးရက ဘယ်လောက်ပဲ တံခါးတွေ ပိတ်ထားပိတ်ထား ဒီသတင်းတွေက နည်းလမ်းပေါင်းစုံနဲ့ ထွက်လာလိမ့်မယ်လို့ ကျနော်တော် ယုံကြည်တယ်။ အရေးကြီးတာက အဲဒီအချိန်မှာ နိုင်ငံရေးပါတီ ၃၇ ပါတီရှိတယ်။ သူတို့ရဲ့ ဒေသဆိုင်ရာ ရုံးခွဲနေကနေရရှိလာတဲ့ သတင်းတွေကို အလျှင်အမြန် မီဒီယာနဲ့ ဆက်သွယ်ပြီးတော့ ပေးပို့မယ်ဆိုတာက အရေးကြီးတဲ့အချက်တခုပေါ့နော်။ နောက်တခု သံရုံးတွေရှိမယ်၊ ကုလသမဂ္ဂ အေဂျင်စီ တွေရှိမယ်။ ဒါတွေကလည်းပဲ မီဒီယာ outlet တွေပုံစံမျိုး ဖြစ်လာနိုင်တယ်။ ကျနော်ထင်တာကတော့ ဘယ်လောက်ပဲပိတ်ဆို့ ပိတ်ဆို့ အဲဒီနေ့မှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတဲ့ဟာကတော့ ကမ္ဘာက သိရလိမ့်မယ်ထင်တယ်။

ကိုကျော်စွာမိုး ။      ။ ဟုတ်တယ်ဗျ။ ဒါပေမယ့် အဲဒါနဲ့ မတူညီတဲ့ အခင်းအကျင်းတခုလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ အဲဒါကိုလည်း စဉ်းစားထားသင့်တယ်။ အဲ့ဒါက ဘာလဲဆို ၂၀၀၇ တုန်းက အင်တာနက်တွေ၊ အီးမေးလ်တွေ အကုန်လုံးကို အစိုးရက ပိတ်ချလိုက်တာရှိတယ်ဗျ။ ကျနော်တို့က ပြည်တွင်းကနေ သတင်းယူရတာ ပြည်တွင်းကလူတွေက အပြင်ကို ဓာတပုံတွေ သတင်းတွေ ပို့တဲ့နေရာမှာ လမ်းကြောင်းက အများကြီးမရှိဘူး။ ၂ ကြောင်း ၃ ကြောင်းပဲရှိတယ်။ ဆိုတော့ အဓိက ကျနော်တို့လုပ်နေရတဲ့ဟာက အင်တာနက် အီးမေးလ်တွေဖြစ်တယ်။ ဖုန်းတွေဖြစ်တယ်။ တကယ်လို့များ အင်တာနက်တွေကိုသာ ပိတ်ချလိုက်မယ်ဆိုရင်လည်းပဲ ပြဿနာတော့ ရှိတယ်ဗျ အဲဒါကတော့။

ကိုထက်အောင် ။      ။ ဒါကတော့ နှစ်ဘက် ဆိုးကျိုးရှိနိုင်တယ်။ ဥပမာ အင်တာနက် သူတို့ လုံးလုံးပိတ်ချလို့တော့ မရနိုင်ဘူး။ ဒါပေမယ့် သူရဲ့နှုန်းကိုတော့ အများကြီး လျှော့ချလိုက်တဲ့ဟာမျိုးတော့ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်ကို ပိတ်ချလိုက်တယ်ဆိုရင် သူတို့ အစိုးရဘက်က ယန္တရားတွေကလည်း ဒီ network ကြီးကို သူတို့က သုံးနေတာဆိုတဲ့အခါကျတော့ သူတို့ အစိုးရ ယန္တရားတွေကိုလည်း သွားပြီးမှ ထိခိုက်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရက်က သူတို့အတွက် အရမ်း အရေးကြီးတာကိုး။

ကိုကျော်စွာမိုး ။       ။ ဒါပေမယ့် ၂၀၀၇ တုန်းကဆို သူတို့က အကုန်လုံးကို ပိတ်ချလိုက်တာပဲ။

ကိုဘကောင်း ။       ။ ဟုတ်ကဲ့ ဒီလိုမျိုး တဒိုင်းဒိုင်းပစ်နေတဲ့ အချိန်ခါမှာတောင် သူတို့တွေ အင်တာနက်ကို လုံးလုံးကြီးပိတ်နိုင်မှာ မဟုတ်ဘူး။ အမျိုးမျိုးသော channel တွေရှိတာပေါ့ဗျာ။ channel တွေကနေ ရတာတွေ ရှိတယ်။ နောက်ပြီးတော့ satellite ဖုန်းကနေပြီးတော့ ဓာတ်ပုံတွေ ရရှိတာရှိတယ်။ သတင်းတွေ ရရှိတာရှိတယ်။ အခုဆိုရင်တော့ နိုင်ငံတကာ ကနေပြီးတော့ စောင့်ကြည့်လေ့လာမယ့် အဖွဲ့တွေ မရှိဘူး။ နောက်ပြီးတော့ ပြည်တွင်းထဲမှာလည်း ပါတီတွေကနေပြီးတော့ မဲရုံအသီးသီးမှာ သူ့ရဲ့ကိုယ်စားလှယ်လောင်းတွေကို၊ လေ့လာရေး ကိုယ်စားလှယ်လောင်းတွေကို သွားပြီးထားနိုင်တဲ့ အနေအထားတော့ မရှိဘူးဗျ။ ရန်ကုန်မြို့တမြို့ထဲတင် မဲရုံပေါင်း ၆၀၀၀ လောက်ရှိတယ်ဆိုတော့ အဲလိုမျိုးမရှိဘူး။ အဲဒီလိုမျိုးအချိန်မှာ ကျနော်တို့ အားကိုးရမှာက ပြည်တွင်း မီဒီယာတွေ အကောင်းဆုံး ဒီနေရာမှာ စောင့်ကြည့်နိုင်လိမ်မယ်လို့ ထင်တယ်ဗျ။

ကိုကျော်စွာမိုး  ။      ။ ပြည်တွင်း မီဒီယာဆိုတဲ့ နေရာမှာလည်းဗျာ၊ တကယ် ဂျာနယ်လစ်ဖြစ်ပြီးသား လူတွေတင်မကဘဲနဲ့ ကျနော်မြင် တာတော့ CJ ပေါ့ဗျာ။ ကျနော်တို့ခေါ်နေတဲ့ citizen journalist တွေ ပေါ့ဗျာ။ ၂၀၀၇ သံဃာတော်အရေးတော်ပုံ ၂၀၀၈ နာဂစ် ဆိုက်ကလုန်းမှာဆိုရင်လည်းပဲ citizen journalist တွေက အများကြီးထွက်လာပြီးတော့ သတင်းတွေ ဓာတ်ပုံတွေ အများကြီး ပေးခဲ့တာကိုး။ ဆိုတော့ ဒီလာမယ့် ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲကလည်းပဲ ကျနော်ထင်တယ် သူတို့ရဲ့ အခန်းကဏ္ဍက အရေးကြီးလိမ့်မယ် ထင်တယ်ဗျ။ သူတို့က အဆင်သင့်ရှိနေမယ်။ သူတို့က အရေးကြီးတာကတော့ အင်တာနက်တွေ၊ ကင်မရာတွေ၊ ဖုန်းတွေ ဒါတွေ ရှိနေဖို့ကတော့ လိုတာပေါ့။ ဒါတွေကနေတဆင့် ကျနော်ထင်တယ်။ အထဲမှာ ဖြစ်ပျက်နေတဲ့ဟာတွေ အကုန်လုံးကို ပြည်ပကိုတင်ပြလို့ ရလိမ့်မယ်လို့ ထင်တယ်။ ဒီနေရာမှာ တခုစိတ်ဝင်စားဖို့ကောင်းတာက မကြာသေးခင်ကပဲ ဒေါ်အောင်စုကြည်ကလည်းပဲ သူလွှတ်ရင် Twitter သုံးချင်လို့ပြောသွားတယ်ဗျ။ ရည်ရွယ်ချက်က ဘာလဲဆိုတော့ လူငယ်မျိုး ဆက်သစ်တွေနဲ့ အမြဲတမ်း ထိဆက်နေမယ်ပေါ့လေ။ ဒါမျိုး အချက်မျိုးလေးတွေကို လက်ရှိ နိုင်ငံရေးသမားတွေရော တခြားလူကြီးတွေရော တွေးသင့်တယ်ဗျ။ ဒီလိုမျိုး social media ပေါ့ဗျာ။ အခုဆိုရင် ကျနော်တို့ face book တွေသုံးနေတယ်။ blog တွေရှိတယ်။ အဲ တခြား Twitter တို့လည်းရှိတယ်ပေါ့ဗျာ။ Twitter ကတော့ မြန်မာပြည်မှာ သိပ်သုံးတယ် မသိရဘူး။  face book တွေသုံးတယ်။ ဆိုတော့ ဘာပဲပြောပြော ဒီလိုနည်းလမ်းတွေနဲ့ ကျနော်တို့ရဲ့ သတင်းတွေ ဓာတ်ပုံတွေ information တွေကို ဖြန့်ဝေနိုင်တယ်ဗျ။ တခြားနိုင်ငံတွေ အားလုံးမှာ လုပ်နေတာပဲ။ ဒီလိုမျိုးလေးအတွေး တခုရှိထားတာတော့ တော်တော်ကောင်းတယ်လို့ ကျနော်တော့ထင်တယ်။

ကိုထက်အောင် ။     ။ မှန်တယ်။ အဲဒါကိုတော့လေ ကျနော်က သဘောတူတယ်။ ဘာဖြစ်လို့လဲဆိုတော့ စဉ်းစားကြည့်လေ၊ ပြည်တွင်းမှာ ကျနော်တို့ ဒီမိုကရေစီ လုပ်နေပါတယ်ဆိုတဲ့ နိုင်ငံရေးသမား အကြီးအငယ်ပေါ့နော်။ ထောင်နဲ့ ချီပြီးရှိတယ်ဗျ။ ဥပမာ ဗျာ NLD ကိုပဲပြန်ကြည့်ကြည့်လိုက် ဦးတင်ဦးတို့၊ ဦးဝင်းတင်တို့ဆိုတဲ့အသက်တွေ အများကြီးကြီးပြီ၊ ဒါပေမယ့် သူတို့ရဲ့ ကိုယ်ပိုင် Twitter ဆိုက်ရှိသင့်တယ်။ သူတို့ရဲ့ ကိုယ်ပိုင် face book ဆိုက် ရှိသင့်တယ်။ အဲဒီကနေပြီးတော့ သူတို့က လူငယ်တွေနဲ့ ဆက်သွယ်သင့်တယ်။ နိုင်ငံတကာနဲ့လည်း ဆက်သွယ်သင့်တယ်။ ပြည်တွင်းမှာ ရှိတဲ့နိုင်ငံရေးသမားတွေက new IT technology သူတို့က သုံးနိုင်အောင် ကြိုးစားဖို့လိုတယ်။ သူတို့ကိုယ်တိုင်က အသက်ကြီးနေပြီ ဆိုရင်တောင်မှပဲ သူတို့က ဒီနေရာမှာ ကူညီပေးမယ့် လူငယ်တွေနဲ့ တွဲဆက်ပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင် face book တွေ၊ Twitter တွေကို ဖွင့်ပြီးတော့ ဆက်သွယ်ဖို့ကောင်းနေပြီ၊ အခုချိန်ကစပြီးတော့။

ကိုဘကောင်း ။     ။ ကိုထက်အောင်ပြောတာ သိပ်ကိုကောင်းပါတယ်။ ဒါပေမယ့် အခု မြန်မာနိုင်ငံရေးမှာ ဦးဆောင်တဲ့ လူတွေက ထောင်ထဲမှာ ၁၅ နှစ် အနှစ် ၂၀ လောက်ဝင်ပြီးတော့ ဒီ ကွန်ပျူတာတောင်မှာ ကောင်းကောင်းမသုံးတတ်တဲ့ လူကြီးတွေဆိုတော့ဗျာ။ အဲလိုအခြေအနေမှာ သူတို့မှာလည်း အခက်အခဲတွေ ရှိနေတယ်ဗျ။ ဒီကြားထဲသူတို့မှာ ဖုန်းကလည်းမရှိ ပြီးတော့ မီးကလည်း မရှိတဲ့အခြေအနေမှာ ဒီ social network အခုထိ သုံးမယ်ဆိုရင်တော့ သံသယဖြစ်စရာပဲ။ နောက်ဆုံးသိရှိထားတဲ့ အချိန်ကတော့ လက်ရှိ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ပါတီတွေကတော့ ထောက်ခံမှုရှိအောင်တော့ အင်တာနက်တွေ ဒီက အင်တာနက် ကွန်ရက်တွေကနေတဆင့် ကြိုးစားနေကြတာပဲဗျ။

ကိုကျော်စွာမိုး ။     ။ ကိုဘကောင်းနဲ့ ကိုထက်အောင်ရေ ဆွေးနွေးပွဲကတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ ပြီးခဲ့တဲ့ ၁၀ နှစ်ကို ပြန်ပြီးတော့ ကြည်မယ်ဆိုရင် social media တို့ဘာတို့ဆို ဘာမှရှိတာမဟုတ်ဘူးဗျ။ ဆိုတော့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းရဲ့ ဒီ social media တွေ အင်တာနက်တွေ အီးမေးလ်တွေ ဘလော့ဂ်တွေ၊ face book တွေ တိုးတက်လာမှုကတော့ အံ့ဩစရာတောင် ကောင်းတယ်လို့ ပြောရမှာပဲ မြန်မာပြည်လို တနိုင်ငံမှာပေါ့ဗျာ။ ၂၀၀၇ ဆိုရင်လည်းပဲ မြန်မာပြည်ရဲ့ စီဂျေ citizen journalist တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက် လုပ်နိုင်လဲဆိုတာ ပြလိုက်တာပေါ့နော်။ ၂၀၀၈ မှာဆိုရင်လည်းပဲ အဲဒီ citizen journalist ကနေပြီးတော့ နောက်တဆင့်ထက်ပြီးတော့ တိုးလာတာကို ကျနော်တို့တွေ့ရတယ်။ သူတို့ရဲ့လုပ်ရေးကိုင်ရေးတွေက ပိုပြီးတော့ ကောင်းလာတာပေါဗျာ။ ကျနော်ထင်တယ် လာမယ့် နိုဝင်ဘာ ၇ ရက်နေမှာလည်း သူတို့ရဲ့ အစွမ်းအစကိုတော့ ပြနိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်ဗျ။ ကိုထက်အောင်နဲ့ ကိုဘကောင်းရေ၊ ကျေးဇူးတင်ပါတယ်ဗျာ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်