ဒေါ်အောင်ဆန်းစုကြည် သက်သေ ၃ ဦး အပယ်ခံရ

E-mail Print
အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော နေအိမ်သို့ ရေကူးဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး တရား ရင်ဆိုင်နေရသော ဒေါ်အောင်ဆန်း စုကြည်ဘက်က တင်သည့် တရားခံပြသက်သေ ၄ ဦးမှ ၃ ဦးကို ယမန်နေ့က ပယ်ချလိုက်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ပြောသည်။

ယင်းအမှုကို ကြားနာ စစ်ဆေးနေသော အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန်တင်ထားသော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ကို ပယ်ချလိုက်ပြီး NLD လပွတ္တာ အမတ် ဦးကြည်ဝင်း ၁ ဦးကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်ဟု NLD ပြန်ကြားရေးအဖွဲ့မှ ဦးအုန်းကြိုင် က ပြောပြသည်။

ဦးအုန်းကြိုင် က “ပယ်လိုက်တဲ့ အကြောင်းကတော့ ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ လို့ပြောပါတယ်”ဟု
ဧရာဝတီသို့ ပြောသည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေများကို ပြီးခဲ့သည့် အင်္ဂါနေ့က တရားရုံးသို့ တင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ တရားရုံးပိတ်ချိန်တွင်မှ ယခုကဲ့သို့ ပယ်ချသော စီရင်ချက်ကို ချမှတ်ခြင်းဖြစ်သည့်အတွက်ကန့်ကွက်လွှာ တင်ရန် အချိန်မရကြောင်းနှင့် တရားရုံး၏ လုပ်ဆောင်ချက်သည် မျှတမှုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ကြီးများက ပြောကြားသည်ဟုလည်း ဦးအုန်းကြိုင်က ဆိုသည်။  

“ရှေ့နေကြီးတွေဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးကြည်ဝင်းက တရားရုံး စီရင်ချက်ကို မငြင်းနိုင်သော်လည်း ဒါ ဟာ မမျှတ ပါဘူးလို့ ပြောကြတယ်၊ လက်ခံနိုင်ဖွယ်မရှိပါဘူးလို့လည်း တရားသူကြီးကို ချက်ချင်းပြောတယ်၊ တရားရုံး ထုံးစံ အတိုင်း စီရင်ချက်ကို ကူးမယ်၊ ကူးပြီးရင် ကန့်ကွက်လွှာတင်မယ်ပေါ့၊ အဲဒီလို လုပ်မယ့်အခါမှာ ရုံးတံခါးက ပိတ် ထားပြီတဲ့ မဖွင့်ပေးတော့ဘူး၊ တရားသူကြီးက ပြန်သွားတယ်၊ ဦးဉာဏ်ဝင်းတို့ ပြန်ပြောပြတာက ကန့်ကွက်လွှာ တင်ဖို့တောင် ပိတ်ပင်ခံရပါတယ်၊ မမျှတပါဘူးတဲ့”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင်ပြုခဲ့သော လပွတ္တာ အမတ် ဦးကြည်ဝင်း ကို ယနေ့တွင် စစ်ဆေးမည်ဖြစ်သည်။

စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်းတင်ပြခဲ့ပြီး မလိုအပ်၍ ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။

“ကျနော့် အထင် ဦးတင်ဦး ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်ဘဝကတည်းက သိခဲ့တယ်၊ ဗိုလ်ချုပ်ကို လည်း သိတယ်၊ ဆရာ ဦးဝင်းတင်ဆိုတာကလည်း ရှစ်လေးလုံး မတိုင်ခင်ကတည်းက ဒေါ်စုနဲ့သိတယ်၊ နောက် ဒေါ်စုရဲ့ နိုင်ငံရေး စိတ်နေ စိတ်ထားတွေ၊ သူ့ရဲ့ ကိုယ်ကျင့်တရားတွေ၊ နိုင်ငံရေးရည်မှန်းချက်တွေကို ကောင်း ကောင်း သိတဲ့လူ၊ ဦးကြည်ဝင်း ဆိုတာကလည်း ဥပဒေ ပညာရှင်ကြီး၊ နောက် ဒေါ်ခင်မို့မို့ကလည်း ရှေ့နေပဲ၊

အဲဒီတော့ ဒေါ်စု ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်ပြီး ၂ ယောက်ကပြောပြီးတော့ ကျန် ၂ ယောက်က ဥပဒေနဲ့ ပတ် သက်တာတွေ ပြောမယ်လို့ ကျနော်တော့ အဲဒီလိုထင်တယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ် ချုပ် ကန့်သတ် တားမိန့်များနှင့်ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိ ကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့မှ စတင်၍ ပြီးခဲ့သည့် သောကြာနေ့အထိ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

မေလ၂၆ ရက်နေ့က ထုတ်ပြန်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်တစောင်တွင်“ဤအမှုကို လွတ်လပ်ပြီး တရားမျှတခြင်းမရှိဘဲ အမြန်ဆုံးအမိန့်ချမှတ်နိုင်ရန် နေ့စဉ်ရက်ဆက် စစ်ဆေးနေပါသည်၊ ထို့အပြင် ယင်းအမှုနှင့် ပတ် သက်၍ အဓိက တာဝန်ရှိသော လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် လုံခြုံရေး ချိုးဖောက်သူကို လည်း အရေးယူ တရားစွဲဆိုထားခြင်း တစုံတရာမရှိသေးကြောင်း တွေ့ရှိရပါသည်”ဟု ဖော်ပြထားသည်။  

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ယမန်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၃ နှင့် ပုဒ်မ ၁၄ တို့အရ ဆက်လက် တားဆီးရန် အစိုးရအဖွဲ့၏ ကြိုတင် ခွင့်ပြုချက်ဖြင့် စုစုပေါင်း (၄)နှစ် (၆)လ တားဆီးခဲ့ပြီး ဖြစ်ကြောင်း၊ ပုဒ်မ ၁၄ အရ အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ရယူပြီး တကြိမ်လျှင် တနှစ်ထက်မပိုစေဘဲ (၅)နှစ် အထိ ဆက်လက် တား ဆီးမှုပြုလုပ်နိုင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တည်ဆဲဥပဒေအရ နောက်ထပ် (၆)လ ဆက်လက်တား ဆီးထားနိုင်ခွင့်ရှိကြောင်း ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၏ ရှင်းလင်း ပြောကြားချက်ကို ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်