စစ်အစိုးရကြောင့် အာဆီယံ မျက်နှာပျက်

E-mail Print
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက ထိန်းသိမ်းထားခြင်းကြောင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် က ပြောလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရခြင်းနှင့် ပတ်သက်ပြီး “ကမ္ဘာတဝန်းမှာရော အာဆီယံ အသင်းမှာပါ စိုးရိမ် ပူပန်နေကြလို့ ထုတ်ဖော် ပြောကြားလိုက်တာပါ” ဟု ဆူရင်ပစ်ဆူဝမ်က ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံနှင့် ဥရောပသမဂ္ဂ နိုင်ငံများ ဝန်ကြီးအဆင့် အစည်းအဝေးတွင် သတင်းထောက်များကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ရန် မြန်မာစစ်အစိုးရကို တိုက်တွန်းနေချိန်တွင် မစ္စတာ ဆူရင်ပစ်ဆူဝမ်က ငြိမ်သက်နေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုပြီး ၂ ပတ် ကြာသည့်အချိန်တွင်မှ မစ္စတာ ဆူရင်ပစ်ဆူဝမ်က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ရန် တောင်းဆိုခဲ့သော်လည်း စစ်အစိုးရက ထိုတောင်းဆိုချက်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

ထိုင်းနိုင်ငံက ထိုတုံ့ပြန်ချက်ကို လက်မခံပေ။ ထိုင်းနိုင်ငံ၏ အရေးအခင်းများနှင့် ပတ်သက်၍လည်း နိုင်ငံတကာက စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့ကြသည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ်ဖိရုမ်းက ထောက်ပြသည်။

“ပြည်တွင်းရေးကို ဝင်စွက်တာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့သလိုပဲပေါ့၊ နိုင်ငံ အတော်များများက ဆန္ဒပြပွဲတွေ၊ တောင်ပိုင်း ဒေသက ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်တယ် ဆိုပြီး ပြောကြတယ်။ ဘာကြောင့်လည်း ဆိုတော့ ထိုင်းမှာ ဖြစ်တဲ့ အခြေ အနေတွေက ဒေသတွင်း တည်ငြိမ်ဖို့ နဲ့ အာဆီယံအသင်းကို ထိခိုက်နိုင်တယ်လေ” ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ်ဖိရုမ်းက ဖြေရှင်းချက် ထုတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုသူများထဲတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီလည်း ပါဝင်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တောင်းဆိုချက်နှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များက ၎င်းတို့ ထိန်းချုပ်ထားသည့် စာနယ်ဇင်းများမှတဆင့် ယနေ့ ပြန်လည် ဖြေရှင်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူ၏အိမ်သို့ ရောက်လာသော အမေရိကန် နိုင်ငံသားကို “နှစ်ရက်တိုင် နေထိုင်ခွင့် ပြုခြင်း၊ လက်ခံ စကားပြောခြင်း၊ အစားအသောက် ကျွေးမွေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည့် အတွက် ဥပဒေနှင့် အညီ မလွှဲမရှောင်သာ အမှုဖွင့် တရားစွဲဆိုခဲ့ရပါသည်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်ခဲ့သည်။

အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ထောင် ၅ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် တရားစွဲဆိုခြင်းမှာ ၂ဝ၁ဝ ရွေးကောက်ပွဲကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားလိုခြင်းကြောင့် ဖြစ်မည်ဟု အများစုက ယူဆထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားခြင်းကြောင့် မြန်မာနိုင်ငံအား အာဆီယံ အဖွဲ့ဝင် အဖြစ်မှ ယာယီ ရပ်ဆိုင်းသည့် နည်းဖြင့် အရေးယူပေးရန်  AIPMC ဟု ခေါ်သည့် မြန်မာ့အရေး အာဆီယံ လွှတ်တော် အမတ်များအဖွဲ့က အင်္ဂါနေ့တွင် တောင်းဆို ထားသည်။

မြန်မာအစိုးရသည် ကိုယ်တိုင် သဘောတူ လက်မှတ်ထိုးထားသော အာဆီယံ၏ပဋိညာဉ် စာချုပ်ကို လေးစားခြင်း မရှိကြောင်း ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန၊ လုံခြုံရေး နှင့် နိုင်ငံတကာလေ့လာရေး ညွှန်ကြားရေးမှူး Thitinan Pongsudhirak က ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ ရေးသားလိုက်သည်။

“အာဆီယံပဋိညာဉ် စာချုပ် အခန်း ၁၊ အပိုဒ် ၇ တွင် ဖော်ပြထားသည့် ဒီမိုကရေစီ၊ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး နှင့် အခြေခံ လွတ်လပ်ခွင့်များကို ကာကွယ်မြှင့်တင်ရေး” စသည့် အချက်များကို ချိုးဖောက်နေကြောင်း ၎င်းက ထောက်ပြထားသည်။

မြန်မာစစ်အစိုးရက အာဆီယံ၏ပဋိညာဉ် စာချုပ်ပါ စည်းမျဉ်းကို စနစ်တကျ ချိုးဖောက်နေသောကြောင့် အရေး ယူသင့်ကြောင်း မြန်မာနိုင်ငံကို စောင့်ကြည့် လေ့လာ နေသော စင်ပြိုင်အာဆီယံအဖွဲ့မှ ဒက်ဘီ စတူးဟတ်က ဧရာဝတီကို ပြောသည်။

“အာဆီယံအဖွဲ့အနေနဲ့ မြန်မာစစ်အစိုးရကို တနည်းနည်းနဲ့ အရေးယူနိုင်မယ့် အစီအစဉ်ကို စဉ်းစားသင့်ပါတယ်” ဟု ဒက်ဘီ စတူးဟတ်က သုံးသပ်ပြသည်။

နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ကဲ့သို့သော ပြင်းထန်သည့် အရေးယူမှုမျိုးနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံ ခေါင်းဆောင်များကသာ ကိုင်တွယ်မည်ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က သတင်းထောက်များကို ပြောသည်။

“အသင်းဝင်နိုင်ငံတခုကို ပယ်ဖျက်ဖို့၊ အသင်းကနေ ထုတ်ဖို့ ဆိုတဲ့ ပြဋ္ဌာန်းချက် ကျနော်တို့မှာ မရှိပါဘူး။ ဒီကိစ္စမျိုးကို ခေါင်းဆောင်တွေ ဆွေးနွေးဖို့ လိုပါတယ်” ဟု ဆူရင်ပစ်ဆူဝမ်က ဆိုသည်။

လာမည့် အောက်တိုဘာလတွင် အာဆီယံ ခေါင်းဆောင်များ၏ ၁၅ ကြိမ်မြောက် ထိပ်သီး အစည်းအဝေး ပြုလုပ်မည် ဖြစ်သည်။

ဤအတောအတွင်း ဒေါ်အောင်ဆန်းစုကြည် ဆက်လက် အကျဉ်းကျနေခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန် ကန့်ကွက်နေမှုများကို စစ်အစိုးရက တင်းတင်းမာမာပင် တုံ့ပြန်လျက်ရှိသည်။

"ဒီကိစ္စတွေဟာ နိုင်ငံရေးလည်း မဟုတ်ဘူး၊ လူ့အခွင့်အရေးနဲ့လည်း မဆိုင်ဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ ပြင်ပက ဖိအားတွေ၊ ဝင်ရောက် စွက်ဖက်တာတွေကို လက်ခံမှာ မဟုတ်ဘူး” ဟု စစ်အစိုးရ၏ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်က ယနေ့ ကမ္ဘောဒီးယားတွင် ပြုလုပ်သည့် အာဆီယံနှင့် ဥရောပသမဂ္ဂ နိုင်ငံများ ဝန်ကြီးအဆင့် အစည်းအဝေးတွင် ပြောလိုက်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်