“မြန်မာပြည်ကို မမေ့ပါနှင့်” ဟု လော်ရာဘုရှ်ပြော

E-mail Print
မြန်မာပြည် အတွက် စိုးရိမ် ပူပန်နေခြင်းထက် ပိုမို ထိရောက်သည့် လုပ်ဆောင်ချက်များ လိုအပ်ကြောင်း အမေရိကန် သမ္မတဟောင်း ဂျော့ရှ်ဒဗလျူဘုရှ်၏ ဇနီးဖြစ်သူ မစ္စ လော်ရာ ဘုရှ် က နိုင်ငံတကာကို တိုက်တွန်းလိုက်သည်။

ယမန်နေ့က ဝါရှင်တန် ပိုစ့် သတင်းစာတွင် “မြန်မာပြည်ကို မမေ့ပါနှင့်”  ခေါင်းစဉ်ဖြင့် ဆောင်းပါးတပုဒ် ရေးသားပြီး ထိုသို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ ဆောင်းပါးတွင် မြန်မာ စစ်အစိုးရက လူ့အခွင့် အရေး ချိုးဖောက်နေခြင်းကြောင့် ပြည်သူလူထု အတိဒုက္ခရောက်ရပုံ များကို ရေးသားထားသည်။

“အထူးသဖြင့် တိုင်းရင်းသား လူမျိုးစု တွေနဲ့ ပတ်သက်ပြီးတော့ စစ်အစိုးရရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ အမြန်ဆုံး ရပ်တန့် သွားအောင် ဖိအားပေးဖို့ အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကို သွားရောက်ဖို့ စီစဉ် နေတဲ့ ခရီးစဉ်က အရေးကြီးပါတယ်” ဟု ရေးသားထားသည်။

မကြာသေးခင် သီတင်းပတ်များက အခြေခံ လူ့အခွင့်အရေး နှင့် လွတ်လပ်မှု အတွက် အီရန်ပြည်သူများ လမ်းပေါ်သို့ ထွက်၍ ဆန္ဒပြကြသည့် ပုံရိပ်က ကမ္ဘာကို အံအားသင့်စေသကဲ့သို့ မြန်မာပြည်၏ ၂ဝဝ၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကို ပြန်ပြောင်း အမှတ်ရစေကြောင်း အဆိုပါ ဆောင်းပါး နိဒါန်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများ၏ အခြေခံ လူ့တန်ဖိုး အတွက် အဆိုပါ ရွှေဝါရောင် တော်လှန်ရေးတွင် တောင်းဆိုခဲ့သော်လည်း စစ်အစိုးရက ရက်စက် ကြမ်းတမ်းစွာ တုံ့ပြန်ခဲ့ကြောင်း မစ္စလော်ရာဘုရှ် က မှတ်ချက်ချထားသည်။

အဆိုပါ ဆောင်းပါးတွင် “အာဏာရှင်တွေနဲ့ မညီမျှမှုတွေအတွက် စွန့်စွန့်စားစား တိုက်ပွဲဝင်နေတဲ့ သူတွေကို ကျမတို့ ထောက်ခံကြောင်း ပြသရပါမယ်”ဟု လည်း ပါရှိသည်။

ထို့အပြင် စစ်အစိုးရ၏ အကျဉ်းထောင်များတွင် လွန်ခဲ့သောနှစ်များမှ စတင်၍  နိုင်ငံရေး အကျဉ်းသား အရေအတွက် မှာ ၂ဆခန့် များလာခြင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို လှုပ်ရှားသူများနှင့် အတိုက်အခံများ၏ အမှုကို တာဝန်ယူ ဆောင်ရွက်သည့် ရှေ့နေများကို ထောင်သွင်း အကျဉ်းချခြင်း၊ မုဒိမ်းပြုကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုခြင်း၊ ဘာသာရေးနှင့် ပတ်သက်၍ နှိပ်ကွပ်ခြင်း၊ ထောင်ပေါင်း များစွာသော ကလေး စစ်သားများကို အသုံးပြုခြင်း၊ အရပ်သားများကို စစ်တိုက်ရာတွင် မိုင်းရှင်းရန်နှင့် အထမ်းသမားများ အဖြစ် အသုံး ပြုခြင်း တို့ကိုလည်း ထည့်သွင်း ရေးသားထားသည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သော ဟားဗတ် တက္ကသိုလ် ဥပဒေ ဌာန၏ အစီရင်ခံစာတွင် မြန်မာပြည် အတွင်း စစ်ရာဇဝတ် များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်  တခုဖွဲ့စည်း ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တောင်းဆိုထားကြောင်း၊ ဟားဗတ်မှ နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူများက စစ်အစိုးရ၏ စနစ်ကျသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် သေချာစွာ စာရင်း ပြုစုထားကြောင်း ဆောင်းပါးတွင် ကိုးကားဖော်ပြထားသည်။

၂ဝဝ၈ သြဂုတ်လက လော်ရာဘုရှ်သည် ထိုင်း-မြန်မာနယ်စပ်တွင်  အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်သော မယ်လ ဒုက္ခသည် စခန်း၊ ဒေါက်တာ စင်သီယာမောင်၏ မယ်တော် ဆေးခန်း စသည့် နေရာများသို့ သွားရောက် လည်ပတ်ခဲ့သည့် အတွေ့အကြုံများကို ယင်းဆောင်းပါးတွင် ထည့်သွင်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆိုးဝါးနေသော ကျန်းမာရေး၊ ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲအထိ ထိန်းသိမ်းထားရန် စစ်ခေါင်းဆောင်များက ဆန္ဒရှိနေပုံတို့ကိုလည်း ရေးသားထားသည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားရာမှ  ၎င်း၏ အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး မေလ ၁၄ ရက်နေ့တွင် အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်ပြီး နေအိမ်အကျယ်ချုပ် ဖော်ဖျက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုပုဒ်မ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် အပြစ်ကင်းစင်ကြောင်း ရှေ့နေများမှတဆင့် ကြေညာခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်