“သတင်းစာ လွတ်လပ်ခွင့်ရှိမှ ရွေးကောက်ပွဲ တရားမျှတနိုင်မယ်”

E-mail Print
မြန်မာနိုင်ငံတွင် သတင်းစာ လွတ်လပ်ခွင့် ရရှိနိုင်ရန် နိုင်ငံရေးလွတ်လပ်ခွင့် ပထမဦးဆုံး လိုအပ်ကြောင်း ၀ါရင့် သတင်းစာဆရာကြီး တဦးဖြစ်သူ လူထုစိန်ဝင်းက ပြောကြားလိုက်သည်။

“ကျနော်တို့ နိုင်ငံမှာ သတင်းနဲ့ ပတ်သက်ရင် လုံးဝ လွတ်လပ်ခွင့် ဆိုတာတော့ မရှိဘူး၊ စာနယ်ဇင်း လွတ်လပ်ခွင့်ရှိမှ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ တရားမျှတနိုင်မယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

စစ်အာဏာရှင်များ၏ သဘာဝအရ အစစအရာရာ အထိအခိုက်မခံသကဲ့သို့ အရာရာကို ကာကွယ်ရေးဆိုသော မျက်စိဖြင့် ကြည့်တတ်သည့်အတွက် သတင်းများတွင် တားမြစ်ပိတ်ပင်မှုများရှိလာကြောင်း၊ တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးကြောင်း ၎င်းက ဆက်ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၀ါရင့် သတင်းစာဆရာ ဦးအုန်းကြိုင်က “ဆင်ဆာ အဖွဲ့ ရှိနေခြင်းဟာ မြန်မာပြည်မှာသတင်း လွတ်လပ်ခွင့်မရှိဘူး ဆိုတာကို ပြနေတာပါ။ စာပေစိစစ်ရေးက သတင်းတွေနဲ့ ပတ်သက်ရင် တင်းတင်းကြပ်ကြပ် တားမြစ်တယ်”ဟု ပြောသည်။

ထိုအပြင် သတင်းဆိုသည်မှာ အတွေးခေါ်အယူဆသစ်များဖြင့် မြစ်ကဲ့သို့ အမြဲ စီးဆင်းနေရန်လိုကြောင်း၊ မှန်ကန် သည့် သတင်းများသည် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေသကဲ့သို့  နိုင်ငံသားများကိုလည်း အမြင်ကျယ်စေကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာ့စစ်အာဏာပိုင်များသည် မီဒီယာများ အားလုံးကို စာပေစိစစ်ရေးအဖွဲ့မှတဆင့် တင်းကြပ်စွာ ထိန်းချုပ် ထားသည်။ ယခုလက်ရှိ ဖြစ်ပွားနေသော အီရန်အရေးအခင်း၊ ဓနုတ်ဘုရား ပြိုကျမှု၊ မြောက်ကိုရီးယား Kang Nam သဘောင်္နှင့် သက်ဆိုင်သော သတင်း များကို မြန်မာ့ မီဒီယာများတွင် ဖော်ပြခွင့် မရှိပေ။

စစ်အစိုးရ၏ စာနယ်ဇင်းနှင့် စာနယ်ဇင်းသမားများ အပေါ် ခြိမ်းခြောက် တားမြစ်ကန့်သတ်မှုများ၊ ပြင်းထန်သော ပြစ်ဒဏ် စီရင်ချက်များကို ကန့်ကွက်သည့်အနေဖြင့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF နှင့် ပြည်ပ အခြေစိုက် မြန်မာ့သတင်းသမဂ္ဂတို့က ပူးတွဲ၍ ထုတ်ပြန်ချက် တစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို အများပြည်သူ ကြားနာခွင့်မရှိသည့် တရားခွင်တွင် တံခါးပိတ် စစ်ဆေးနေကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂန်ဘာရီသည်လည်း စစ်ခေါင်း ဆောင်များနှင့်တွေ့ဆုံဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရေးအတွက် ခိုင်ခိုင်မာမာ ပြောဆိုရန်လိုကြောင်း ရေးသားထား သည်။

ဝါရင့်သတင်းစာ ဆရာတဦးဖြစ်သူ ဦးဝင်းတင်သည် အစိုးရကို ပြည်ပ မီဒီယာများမှတဆင့် ဝေဖန်သဖြင့် ဒေါ်အောင် ဆန်းစုကြည်၏အမှုတွင် သက်သေအဖြစ် လိုက်ပါဆောင်ရွက်ခွင့် ငြင်းပယ်ခံထားရသကဲ့သို့  ထောက်လှမ်းရေး များ၏ အမြဲမပြတ်စောင့်ကြည့်ခြင်းကို ခံနေရသူတဦး ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဇွန်လ ၁၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးတွင် ရဲအရာရှိ တဦးကို ရန်ပြုစော်ကားခဲ့သည်  ဟူသော စွဲချက်ဖြင့် The News Watch ဂျာနယ်မှ အလွတ်သတင်းထောက် ကိုဇော်ထွန်းအား ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်းကို ကန့်ကွက်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၀၈ နှောင်းပိုင်းက စာပေစိစစ်ရေးသည် မီဒီယာများတွင် အယ်ဒီတာများ လိုက်နာရမည့် အချက် ၁၀ ချက်ပါသော စာများ ပေးပို့ခဲ့ကြောင်း၊ ဆင်ဆာအဖွဲ့က စစ်ဆေးအတည် ပြုပြီးသော ဆောင်းပါးများကို ပြန်လည် ပြင်ဆင်မည်ဆိုပါက အပြစ်ပေးခံရမည် ဖြစ်ကြောင်း ယင်း စာများတွင် ရေးသားထားသည်ဟု RSF က ထုတ်ပြန်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်