ဒေါ်အောင်ဆန်းစုကြည်အမှု ပြောင်းလဲနိုင်ဟု ရှေ့နေများပြော

Thursday, 02 July 2009 17:46
Print
ဒေါ်အောင်ဆန်း စုကြည်အမှုတွင် အဓိက တာဝန်ရှိသူမှာ မစ္စတာ ဂျွန် ဝီလျံ ယက်ထောသာ ဖြစ်ကြောင်း စစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောဆိုသည့်အတွက် အမှုအခြေအနေ ပြောင်းလဲသွားသည်ဟု ရှေ့နေကြီးဦးဉာဏ်ဝင်းက ပြောသည်။

“ရဲချုပ်ရဲ့ ပြောဆိုချက်အရ မစ္စတာ ယက်ထောဟာ အဓိက ဆိုရင် မစ္စတာ ယက်ထောကသာ ပုဒ်မ ၂၂ ဖြစ်ရ မှာပါ၊ ဒေါ်အောင်ဆန်းစုကြည်မဟုတ်တော့ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း က ပြော သည်။

ဆက်လက်ပြီး“ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအရ အပြစ်မရှိတဲ့သူပဲ၊ အဲဒီတော့ လွှတ်ပေးရမယ်၊ ဒါကို ကျနော်တို့ အားလုံး မျှော်လင့်တယ်၊ အခုတရားစွဲထားတဲ့ပုံစံနဲ့ ရဲချုပ်ပြောတာနဲ့လုံးဝမတူပါဘူး”ဟုလည်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် အဓိကစွဲဆိုခံရသူ ဖြစ်နေပြီး မစ္စတာ ယက်ထော မှာ ပါဝင် ပတ်သက် သူ သာမန်တရားခံတဦးမျှသာ ဖြစ်နေသေးကြောင်း ၎င်းက ဆိုသည်။

ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်မြို့ ကျွန်းတောလမ်းတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ထိုအမှုအား ရဲ တပ်ဖွဲ့မှ ဖော်ထုတ်ချက်များအရ မစ္စတာ ယက်ထောသည်သာလျှင် ထိုဖြစ်စဉ်၏ အဓိကအကျဆုံး ပုဂ္ဂိုလ် ဆို သည်မှာ အငြင်းပွားဖွယ်မရှိ ထင်ရှားသည်ဟု ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီ က ထုတ်ဖော် ပြောဆိုခဲ့သည်။

ထို့အပြင် ရဲချုပ်က “မစ္စတာ ဂျွန် ဝီလျံ ယက်ထောသည် တည်ဆဲဥပဒေကို ချိုးဖောက်ကာ အဓိက ပြစ်မှုကျူးလွန် ခဲ့သူ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့လည်း ထိုကိစ္စမှာ ဆက်စပ်ပတ်သက်ခဲ့ကြတဲ့ အတွက် ယခုအခါ ဥပဒေနဲ့အညီ တရားစွဲဆိုထားပါကြောင်း”ဟု ပြောကြားခဲ့သည်။

ဦးဉာဏ်ဝင်းက ရဲ ချုပ်ပြောသကဲ့သို့ဆိုလျင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည် အပေါ် ပုဒ်မ ပြောင်းလဲရမည် ဖြစ်ကြောင်း ၊ အဘယ်ကြောင့် ဆိုသော် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုသောအဖွဲ့အစည်းကလည်း ရဲ တပ်ဖွဲ့ ဖြစ်ပြီး၊ ယခုကဲ့သို့ ပြောဆိုသူကလည်း ရဲချုပ်ဖြစ်နေသည့်အတွက် ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်သည့် ဥပဒေပုဒ်မ ၂၂  ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၉ တို့အရ စွဲဆိုထားခြင်းဖြစ်သည်။

ရန်ကုန်မြို့မှအမည်မဖော်လိုသူ ရှေ့နေကြီးတဦးကလည်း“ဒေါ်စုကို တရားစွဲဆိုထားတဲ့အမှုရဲ့ တာဝန်အရှိဆုံးသူ တဦးဖြစ်တဲ့ ရဲချုပ်ကိုယ်တိုင်က ဒီအမှုရဲ့ အဓိက တရားခံ က မစ္စတာ ယက်ထောပါလို့သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပြီဆိုတော့ ဒီအမှုရဲ့ အဓိက တရားခံဟာ ဒေါ်စု မဟုတ်တော့ဘူးဆိုတော့ အမှုရဲ့သဘောသဘာဝ ပြောင်း သွားတယ်၊ သူပြောပုံအရဆို မစ္စတာ ယတ်ထောကို အဓိက တရားခံအဖြစ် စွဲရမှာ၊ အဲဒီလို စွဲမယ်ဆိုရင် အခု ဒေါ်စုကို စွဲထားတဲ့အမှု ရုပ်သိမ်း လိုက်ပြီးမှ ဖြစ်မယ်”ဟု ပြောဆိုသည်။

ဗိုလ်မှူးချုပ် ခင်ရီ၏ ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်အားစွဲဆိုထားသော အမှုကို ပိတ်ပြီးမှ မစ္စတာ ယက်ထောကို အမှုအသစ်အနေနှင့် စွဲဆိုမှသာ ဥပဒေနှင့်အညီမှန်ကန်မျှတမည် ဖြစ်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေ ဟောင်း တဦးဖြစ်သော ဦးထွန်းထွန်းဟိန်ကလည်း ရှင်းပြသည်။

ပထမအမှုကို ပိတ်လိုက်သည်နှင့် တပြိုင်တည်း ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှုမှာ စွဲချက်တင် ထားပြီးဖြစ်သည့်အတွက်ကြောင့်လည်းကောင်း၊ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုအမှုမှာပါဝင်နေသော ခေါ်ခင်ခင် ၀င်း၊ မ၀င်းမမ တို့အားလုံးကို တရားသေ လွှတ်ပေးရမည် ဖြစ်ကြောင်း ဟု ဥပဒေပညာရှင်များကသုံးသပ်သည်။

ဥပဒေအရ လူတဦးအား တူညီသောပြစ်မှုတစ်ခုအတွက် နှစ်ကြိမ်အပြစ်ပေး၍မရကြောင်း၊ထို့ကြောင့် ယခုအမှုတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားသေလွှတ်ပြီးပါက ဤပြစ်မှုအတွက် နောက်တစ်ကြိမ် ပြန်လည် တရားစွဲဆို၍ မရကြောင်း၊ ထို့ကြောင့် ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ရမည်ဖြစ်ကြောင်း ၎င်းဥပေဒပညာရှင် များ က ပြောဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန် အကျဉ်း ထောင် သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှုပုဒ်မ ၂၂ ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက် နေ့မှ စတင်၍  စစ်ဆေးခဲ့သည်။