မြန်မာ နိုင်ငံခြားရေးဝန်ကြီး သတင်းသမားများကို ရှောင်နေ

Monday, 20 July 2009 20:48
Print
အာဆီယံ ဆွေးနွေးဘက် နိုင်ငံများ အစည်းအဝေးအတွက် ထိုင်းနိုင်ငံ ဖူးကက် ကမ်းခြေတွင် ရောက်ရှိနေ သော နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ခေါင်းဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့က သတင်းထောက် များကို ရှောင်ရှားနေသဖြင့် မြန်မာပြည်ဆိုင်ရာ မေးခွန်းများ အတွက် ထိုင်းနိုင်ငံခေါင်းဆောင်များကိုသာ အားကိုး နေရကြောင်း တွေ့ရသည်။
 
၆ နှစ်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားမှု၊ မြောက်ကိုရီးယားထံမှ လက်နက်များ ဝယ်ယူမှု စသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ဦးဉာဏ်ဝင်းက ၎င်းအာဆီယံ ဆွေးနွေးပွဲတွင် ခုခံ ပြောဆိုလျက်ရှိသည်။
 
ယမန်နေ့က ညစာစားပွဲအပြီး ဟိုတယ်မှ ပြန်လာသော နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းကို သတင်းထောက် များက မေးခွန်းများ ဝိုင်းဝန်း မေးမြန်းကြသော်လည်း ဦးဉာဏ်ဝင်းက တစုံတရာ ဖြေကြားခြင်း မပြုပေ။
 
ဦးဉာဏ်ဝင်း ရင်ဆိုင်နေရသည့် အနေအထားမှာ အလွန် ခက်ခဲလိမ့်မည်ဟု အာဆီယံ အစည်းအဝေးတွင် သတင်းယူနေသည့် သတင်းထောက်တဦးက ခန့်မှန်းသည်။
 
“မြန်မာပြည် ပြန်ရင်လည်း သူ့အတွက် မလွယ်ဘူး။ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို သူက သေသေချာချာ ခုခံ ပြောကြားနိုင်မှ သူ့အတွက် အဆင်ပြေမယ်” ဟု သူက သုံးသပ်သည်။
 
ထိထိရောက်ရောက် ခုခံပြောကြားနိုင်ခြင်း မရှိပါလျှင် ဗိုလ်ချုပ်ကြီးများက ဦးဉာဏ်ဝင်းအပေါ် အမျက်မာန် ရှကြလိမ့်မည်ဖြစ်ပြီး မိသားစုပင် အခက်အခဲ တွေ့နိုင်သည်ဟု သူက ယူဆနေသည်။
 
တည်ဆောက်နေသည်ဟူသော မြေအောက်ဥမင်များ၊ မကြာမီ လွှတ်ပေးမည်ဟု ဆိုသော အကျဉ်းသားများ၊ မြောက်ကိုရီးယားသင်္ဘော စသည့် အကြောင်းအရာတို့နှင့် ပတ်သက်ပြီး အာဆီယံ ဆွေးနွေးပွဲရှိ မြန်မာ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ပထမအတွင်းဝန် ဦးသက်ထွန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ
ဦးသက်ထွန်းက “ဒီမေးခွန်း ကျနော် ဖြေလို့ မဖြစ်ပါဘူး ခင်ဗျ” ဟု ယဉ်ကျေးစွာ ပြန်လည် ဖြေကြားခဲ့သည်။
 
ထိုင်းဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံရာတွင် သတင်းထောက်များ မေးသည့် မေးခွန်း အားလုံးနီးပါးမှာလည်း မြန်မာပြည်နိုင်ငံရေးအခြေနှင့် မြန်မာစစ်အစိုးရအကြောင်းများသာ ဖြစ်နေသည်။
 
ရက်ပိုင်းအတွင်း ပြုလုပ်တော့မည့် အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံများ အစည်းအဝေးတွင် အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံ တက်ရောက်မည် ဖြစ်သည်။ ထိုအစည်းအဝေးတွင်လည်း ဦးဉာဏ်ဝင်းသည် မြန်မာ-မြောက်ကိုရီးယား စစ်ရေး ဆက်ဆံမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ ကိုယ်စားလှယ်များ၏ ဝေဖန် ပြောဆိုမှုများကို ခံယူရဖွယ်ရှိသည်ဟု အများက သုံးသပ်နေကြသည်။
 
နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းသည် ထိုင်းနိုင်ငံ၊ ဖူးကက်ကျွန်း အပန်းဖြေစခန်းတခုတွင် ရောက်နေသော်လည်း အပန်းမဖြေနိုင်ဘဲ စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်ဟု သတင်းထောက်များက ခန့်မှန်းနေကြသည်။
 
ဤ သတင်းကို ဧရာဝတီ သတင်းထောက် ဇာနည်ဝင်းက ထိုင်းနိုင်ငံ ဖူးကက် ဒေသမှ ရေးသားပေးပို့ ခြင်းဖြစ်သည်။