သိန်းနှင့်ချီသည့် မြန်မာများ ထိုင်းတွင် အလုပ်သမား လက်မှတ်ပြုလုပ်

E-mail Print
ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမား သိန်းနှင့်ချီ၍ ယခုလအတွင်း အလုပ်သမားလက်မှတ် ပြုလုပ်ကြကြောင်း သတင်းရရှိသည်။

ဘန်ကောက်မြို့ ဝန်းကျင်တွင်ပင် အလုပ်သမား လက်မှတ် ပြုလုပ်သည့် မြန်မာနိုင်ငံသား၂ သိန်းနှင့် ၃ သိန်း ကြားရှိကြောင်း အလုပ်သမားလက်မှတ် လုပ်ငန်းစဉ်ကို လေ့လာသည့် NGOs ပေါင်းစုံပါဝင်သော Migrant Working Group ( MWG) မှ ကိုသက်ခိုင်က ပြောဆိုသည်။

“ကျနော်တို့ အဖွဲ့ ဝင်တွေ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အများစုရှိတဲ့ ဘန်ကောက်မြို့ဖက်လန်ဆောင် (RAMA 2) ဒေသကို အဓိက ထားလေ့လာခဲ့တဲ့အခါ၊ အဲဒီမှာ အလုပ်သမားလက်မှတ်လုပ်ပေးနေတဲ့ အလုပ် သမားရုံးနဲ့ ဆေးစစ်ပေးတဲ့ ဆေးရုံတွေက ပြောတာကတော့ တရက်ကို အနည်းဆုံး အလုပ်သမား တထောင် ကနေ တထောင့်ငါးရာအတွင်း လက်မှတ်လုပ်ဖို့ လာကြတယ်၊ ဘန်ကောက် အတိုင်းအတာအရ အခုအချိန် မှာ ၂ သိန်းနဲ့ ၃ သိန်းကြား လက်မှတ် လုပ်ပြီးပြီလို့ ပြောလို့ ရတယ်”ဟု ၎င်းကဆိုသည်။

ကိုသက်ခိုင်သည် အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့(NCGUB)၏ ဒုက္ခသည်နှင့် ရွှေ့ ပြောင်း အလုပ်သမား ဌာနမှ တာဝန်ခံ တဦးလည်း ဖြစ်သည်။

ဖက်လန်ဆောင်ရှိ အမှတ်(ဂ) ဘန်ကောက်ဆေးရုံတွင် အလုပ်သမားလက်မှတ်လုပ်ရန် သွေးအမျိုးအစားစစ် ဆေးမှုခံယူနေသော ဖယောင်းပန်းထိမ် အလုပ်သမား ကိုသန်းစိုးဦးက“အခုလို လက်မှတ် လုပ်ခွင့်ရတော့ ပျော်တာပေါ့ဗျာ၊ လက် မှတ်မရှိတော့ ပုလိပ်ရန်ကြောက်ရ၊ နေသာ နေရ လိပ်ပြာမလုံနဲ့ အခုတော့ စိတ်ချ လက်ချ သွားလို့ ရတော့ အရမ်းကို ၀မ်းသာတယ်ဗျာ”ဟု ပြောသည်။ သူသည် မိုးကုတ်မြို့မှ လာရောက် အလုပ်လုပ်နေသူဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းရှိ အလုပ်လုပ်ခွင့် လက်မှတ်မရှိသော ရွှေ့ပြောင်းအလုပ်သမားများသည် အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူမှုကို စိုးရိမ်ရသည့်အပြင် အလုပ်ရှင်တို့ ၏ ခေါင်းပုံဖြတ်မှုများကို နည်းမျိုးစုံဖြင့်ခံကြရသည်ဟု အလုပ်သမားများက ပြောသည်။

ဖူးကက်မြို့ ထလန်အရပ်ရှိ ပန်းခြံတွင် အလုပ်လုပ်နေသူ ကိုမောင်ဖြူက“ဒီလို အလုပ်လုပ်ခွင့် လက်မှတ်လုပ် ပေးတဲ့အတွက် ကျနော် ဒီအစိုးရကို ကျေးဇူးတင်တယ်ဗျာ၊ နို့ မဟုတ်ရင် ကျနော်တို့ ဘ၀က ကျီးလန့် စာစား နေနေရတာ၊ ကျနော်ကတော့ လက်မှတ်ရှိတယ်၊ ဒါပေမယ့် ကျနော့်သမီးလေးက ဒီနှစ်မှ ရောက်တာဆို တော့ အမြဲတမ်းစိတ်ပူနေရတယ်၊ အခုမှပဲ စိတ်အေးရတယ်”ဟု ပြောပြသည်၊

လစာဝင်ငွေကောင်းသော အရပ်များဖြစ်သည့် ဘန်ကောက် ဖူးကက် ချင်းမိုင်တို့ တွင် လက်မှတ်လုပ် နိုင်ကြ သော်လည်း လုပ်ခနည်းသော မဲဆောက်နှင့် အလုပ်အကိုင်တည်မြဲမှုမရှိသော ချုံဖော်ဘက်မှ ရေလုပ်သား များကမူ အလုပ်သမား လက်မှတ်လုပ်သူ နည်းပါးကြောင်း သိရသည်။

အလုပ်ရှင်အများစုအနေနှင့် အလုပ်သမားများက ရပိုင်ခွင့်များ တောင်းဆိုလာမည်ကို မလိုလားသောကြောင့်  ယင်းလက်မှတ်ကို လုပ်မပေးလိုကြကြောင်း မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ကိုမိုးဆွေ က ပြောသည်။

“မဲဆောက်ဘက်မှာတော့ ဒီလက်မှတ်လုပ်ကြတာနည်းတာ ကိုတွေ့ ရတယ်၊ ဒီလိုဖြစ်ရတာ အဓိက အချက် နှစ်ချက်ရှိတယ်၊ အလုပ်ရှင်တွေက မလုပ်ပေးချင်တာကတော့ လက်မှတ်ရှိရင် အလုပ်သမားတွေက ပြောရဲ ဆိုရဲလာမယ်၊ အခွင့်အရေးတွေ တောင်းရဲလာမယ်ပေါ့၊ အလုပ် သမားတွေ မလုပ်တာကတော့ တချို့ဆို တရက်လုပ်လို့ ဘတ် တရာတောင်ရတာမဟုတ်ဘူး၊ ခုနစ်ဆယ် ရှစ်ဆယ် လောက်နဲ့ လုပ်နေသူတွေ လည်း ရှိတယ်၊ သူတို့မတတ်နိုင်ဘူး၊ ပြီးတော့ အလုပ်ရှင်တွေက လက်မှတ်အစစ်ကို ပေးထားလေ့မရှိတော့ မိတ္တူနဲ့ပဲ သွားလာနေကြရတယ်၊ ပုလိပ်ဖမ်းရင် လျော်ရတာပဲ၊ မထူးဘူးဆိုပြီး မလုပ်ကြ တာလည်း ရှိတယ်”ဟု ၎င်းက ပြောပြသည်။

ချုံဖော်၊ ထုံလုံချောက်လှေဆိပ်မှ ကိုကျော်စွာက “ရေလုပ်သားတွေက လုပ်ချင်ကြတယ်၊ ဒါပေမယ့် သူဌေး တွေက လုပ်မပေးဘူး၊ အပြင်မှာလုပ်ဖို့ ကလည်း ပွဲစားနဲ့ ဆို ငါး ထောင် ခြောက်ထောင်ရှိတယ်၊ မတတ်နိုင် ဘူးလေ၊ ဒါကြောင့် ဒီက လှေသားတွေ သိပ်မလုပ်ကြဘူး”ဟု ဆိုသည်၊၊

အစိုးရ တရားဝင် အလုပ်သမား လက်မှတ်ပြုလုပ်သည့် ကုန်ကျစရိတ်မှာ ဘတ် ၃၈၀၀ ဖြစ်သည်။

အထက်ပါ အကြောင်းများကြောင့် တရားဝင် လက်မှတ်မရှိဘဲ အလုပ်လုပ်နေသူ သန်းနှင့်ချီ၍ ရှိနေဦးမည် ဖြစ်ကြောင်း သိရသည်။

ယင်း အလုပ်သမားလက်မှတ်အသစ်များကို ဇူလိုင်လဆန်း တရက်နေ့မှ စတင်၍ ဇူလိုင်လ (၃၁)ရက်နေ့အထိ ပြုလုပ်ပေးခြင်း ဖြစ်သည်။ ထိုင်းအစိုးရက လွန်ခဲ့သော ၃ နှစ်ခန့်မှ စတင်၍ အလုပ်သမားလက်မှတ်အသစ်ပြု လုပ်ပေးခြင်းကို ရပ်ဆိုင်းထားခဲ့ပြီး ယခုပြန်လည် ပြုလုပ်ပေးခြင်းဖြစ်သည်။ ၎င်းလက်မှတ်သည်(၁)နှစ် သက် တမ်း ဖြစ်သည်။

ထိုင်းနိုင်ငံအနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိသည်ဟု အလုပ်သမား အဖွဲ့များ၏ အဆိုအရ သိရပြီး အလုပ်သမား အများစုမှာ အလုပ်သမားလက်မှတ်ဖြင့် အလုပ်လုပ်ကိုင်နိုင်သည့် အခွင့် အရေး ကို လိုချင်ကြကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်