အာဆီယံ လူ့အခွင့်အရေးအဖွဲ့ မေးခွန်းထုတ်ခံနေရ

E-mail Print
မကြာမီ ပေါ်ပေါက်လာမည့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ)၏ လူ့အခွင့်အရေး အဖွဲ့သည် အစိုးရ ခေါင်းဆောင် များကိုသာ အကာအကွယ် ပေးမည့် အဖွဲ့ ဖြစ်သည် ဟု ဒေသတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတဦးက ယနေ့ ဝေဖန်လိုက်သည်။

“အာဆီယံ ၁ဝ နိုင်ငံထဲက ပြည်သူလူထုကို ဒီ လူ့အခွင့်အရေး ကော်မရှင်က အကာအကွယ် ပေးနိုင်မှာ မဟုတ်ဘူး” ဟု စင်ပြိုင် အာဆီယံအဖွဲ့ (Altsean) မှ  ဆက်သွယ် ညှိနှိုင်းရေးမှူး ဒက်ဘီ စတူးဟတ်က ဧရာဝတီကို ပြောပြသည်။

စင်ပြိုင်အာဆီယံအဖွဲ့သည် ဘန်ကောက်မြို့ အခြေစိုက် အဖွဲ့ ဖြစ်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့် လေ့လာနေသော အဖွဲ့ ဖြစ်သည်။

လူ့အခွင့်အရေး ကော်မရှင်နှင့် ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ၏ ကာကွယ် ပြောကြားချက်များ မကြာသေးမီက ထွက်ပေါ်လာသည်။ မည်သည့် တိုးတက်ဖြစ်ထွန်းမှုမျှ မရှိသည်ထက် တစုံတခုကို အစပျိုးလိုက်ခြင်းက ပိုမို သင့်လျော်ပါသည်ဟု ထိုင်းဝန်ကြီးချုပ်က သတင်းထောက်များကို ရှင်းပြခဲ့သည်။

 “ကျနော်တို့ အခြေခံအချက် သုံးချက်နဲ့  အစပြုချင်ပါတယ်။ အများယုံကြည်လက်ခံနိုင်မှု၊ လက်တွေ့ကျမှု နဲ့ ဆင့်ကဲ ဆင့်ကဲ ဖြစ်ထွန်းမှုဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။

“အဖိဆစ် ပြောတဲ့ ဆင့်ကဲ ဆင့်ကဲ ဖြစ်ထွန်းမှု ဆိုတာ အန္တရာယ်ရှိတယ်နော်။ ဒီကော်မရှင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေး မယူနိုင်တဲ့ အတွက် ဘယ်လို လက်တွေ့ကျနိုင်မှာလဲ” ဟု မစ္စဒက်ဘီက မေးခွန်းထုတ်လိုက်သည်။

အာဆီယံအဖွဲ့က သမိုင်းဝင် ခြေလှမ်းတခု အဖြစ် သတ်မှတ်ထားသော လူ့အခွင့်အရေးအဖွဲ့ကို လာမည့် ၃ လ အကြာတွင် ဖွဲ့စည်းမည်ဟု တရားဝင် ကြေညာထားသည်။ ထိုအဖွဲ့ကို အာဆီယံ အစိုးရများ လူ့အခွင့်အရေး ကော်မရှင် (ASEAN Inter-Governmental Commission on Human Rights) ဟု အမည်ပေးရန် သဘောတူထားသည်။

ထိုသို့ ဖွဲ့စည်းရာသို့ အသင်းဝင်နိုင်ငံများက လူ့အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ်များကို စေလွှတ်ရမည် ဖြစ်သည်။

အဖွဲ့ဝင် နိုင်ငံ တခု၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး ဆိုသည်မှာ အာဆီယံ၏ မူဝါဒ တခု ဖြစ်သည်။

အာဆီယံ လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းရေးတွင် ပါဝင်သည့် စည်းကမ်းချက် ၇ ခု တွင်လည်း ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေး ဟူသည့်အချက် ပါဝင်သည်။ ထိုအချက်ကြောင့် အာဆီယံ၏ လူ့အခွင့်အရေး ကော်မရှင်သည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ဟု လေ့လာသူများက သုံးသပ်နေကြသည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ဒေသတွင်း လူ့အခွင့်အရေး ဆိုင်ရာ ကော်မရှင် တရပ် ဖွဲ့စည်းရန် ယမန်နှစ်က သဘောတူညီခဲ့ပြီး ဖြစ်သော်လည်း ယင်း သဘောတူညီချက်မှာ အလွယ်တကူ ရရှိခဲ့ခြင်း မဟုတ်ပေ။ အစပိုင်း တွင် မြန်မာစစ်အစိုးရက ကော်မရှင် ဖွဲ့စည်းရေးကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မလေးရှားနိုင်ငံသို့ သွားရောက်ပြီး ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ မဟာသီယာ မိုဟာမက်ကို မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းရန် အစီအစဉ်ရှိသည်ဟု ပြောပြခဲ့သည်။  မဟာသီယာ မိုဟာမက် နှင့် မလေးရှား ဝန်ကြီးများကလည်း ဗိုလ်ချုပ်မှူးကြီး၏ အာမခံချက်များကို ယုံကြည်ခဲ့ကြသည်ဟု မလေးရှားအမျိုးသမီး မစ္စဒက်ဘီက ပြောသည်။

အာဆီယံအင်အား ကြီးထွားရန်၊ မြန်မာနိုင်ငံအား တရုတ်နိုင်ငံ၏သြဇာလွှမ်းမိုးမှုအောက်မှ ဆွဲထုတ်ရန် လိုလားသည့် အာဆီယံက နောက်တနှစ်တွင် မြန်မာနိုင်ငံကို အသင်းဝင်နိုင်ငံ အဖြစ် လက်ခံလိုက်သည်။

မြန်မာနိုင်ငံက အာဆီယံအသင်းဝင်ဖြစ်လာသည့် ၁၀ နှစ်ကျော် ကာလအတွင်း အာဆီယံ၏ မိတ်ဆွေများ ဖြစ်သည့် အမေရိကန်နှင့် ဥရောပသမဂ္ဂ အစိုးရများက မြန်မာစစ်အစိုးရ၏ အပြုအမူများနှင့် ပတ်သက်ပြီး အာဆီယံကို ဖိအားပေးလေ့ရှိသည်။

“မြန်မာစစ်အစိုးရကို အကာအကွယ် ပေးနေရတာနဲ့ပဲ အာဆီယံ အစိုးရတွေက ဓားစာခံတွေ ဖြစ်လာကြတယ်၊ ဖိအားပေးခံနေရတယ်” ဟု မစ္စဒက်ဘီက ထောက်ပြသည်။

လူ့အခွင့်အရေး နှင့် ပတ်သက်လာလျှင်လည်း အာရှနိုင်ငံများတွင် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများအတိုင်း ကျင့်သုံးရန် မဖြစ်နိုင်ဟု အာဆီယံ အစိုးရ တချို့က စောဒက တက်ကြသည်။ ထိုသို့သော အယူအဆနှင့် ပတ်သက်ပြီး မစ္စဒက်ဘီက ထောက်ပြ ဝေဖန်ရန် အသင့် ဖြစ်နေသည်။

“နိုင်ငံတကာ အဆင့်မီ လုပ်ဆောင်ထားတယ် ဆိုပြီး ပြောနေကြတယ်။ ဒါပေမယ့် လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင်တော့ နိုင်ငံတကာ စံနှုန်းကို လက်မခံဘူး၊ သူတို့က အာရှတန်ဖိုး ဆိုတာနဲ့ ကိုင်ပေါက်ကြတယ်။ တနည်းအားဖြင့် ပြောရရင် ဒါဟာ အာရှသားတွေကို စော်ကားလိုက်တာပဲ” ဟု မစ္စဒက်ဘီက ဧရာဝတီကို ပြောပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်