ဒေါ်အောင်ဆန်းစုကြည်အတွက် ဘင်္ဂလားဒေ့ရှ်ရောက် သံဃာများ ဆုတောင်း

Monday, 03 August 2009 17:25
Print
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့ရှိ မြန်မာ သံဃာများသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စေရေး အတွက် စနေနေ့က “မောရသုတ်” ပရိတ်တော် ရွတ်ဖတ်ကာ ဆီမီးထွန်း ဆုတောင်းခဲ့ကြသည်။

ဗုဒ္ဒဘာသာဝင်များ၏ သက်ဝင် ယုံကြည်ချက်အရ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ပရိတ်ကြီး(၁၁)သုတ်တွင် ပါဝင်သော မောရသုတ်သည် အချုပ်အနှောင် ခံထားရသူများ လွတ်မြောက်စေသည်၊ အချုပ်အနှောင် ခံရမည့် သူသည် အဆိုပါ ဘေးဥပဒ် အန္တရာယ်မှ လွှဲရှောင်နိုင်သည်ဟု ဆိုသည်။

“ဒကာမကြီးဟာ သာမန်လူမဟုတ်ဘူး၊ တိုင်းပြည်ခေါင်းဆောင်ဖြစ်တယ်၊ သူ လွတ်မြောက်ဖို့ အရေးကြီးတယ်၊ သူ လွတ်မြောက်မှ တိုင်းသူ ပြည်သားလည်း ညွှတ်ကွင်းက လွတ်ဖို့လမ်း မြင်မယ်၊ ဒါကြောင့် ဦးဇင်းတို့ က ယုံကြည်မှု အပြည့်နဲ့  ရွတ်ဖတ် ဆုတောင်းတာ ဖြစ်တယ်” ဟု ကော့ဇ်ဘဇားမြို့ တောကျောင်းရှိ ဆုတောင်းပွဲ အခမ်းအနားကို ဦးဆောင်သည့် ဆရာတော် ဦးရက္ခ၀ံသက ဧရာဝတီကို မိန့်ကြားသည်။

“ဒီပရိတ်တော်ကို ဘုရားလောင်း ဥဒေါင်းမင်း ဘ၀က မုဆိုးရဲ့ ညွှတ်ကွင်းမှာ သက်ဆင်းမိနေစဉ်တုန်းက ရွတ်ဖတ် သရဇ္ဈာယ်ခဲ့လို့ အချုပ်အနှောင်မှ လွတ်မြောက်ကာ အသက်ချမ်းသာရာ ရခဲ့ဖူးတယ်” ဟု ဦးရက္ခ၀ံသက ဆိုသည်။

ဦးရက္ခ၀ံသသည် သာသနာ့ဥသျှောင် (ဘင်္ဂလားဒေ့ရှ်) ဌာနခွဲမှ အတွင်းရေးမှူး ဖြစ်ပြီး ဆုတောင်းပွဲတွင် ပါဝင်သည့်  သံဃာများသည် ၂၀၀၇ ခုနှစ် သံဃာတော်များ၏ လှုပ်ရှားမှု ကာလအတွင်းက ပါဝင်ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ သံဃာများ ဖြစ်သည်။

ဆုတောင်းပွဲသို့ သံဃာ ၅ ပါး နှင့် ကော့ဇ်ဘဇားမြို့ရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများလည်း တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲခံထားရသည်မှာ ၂ လ ကျော်ခဲ့ပြီ ဖြစ်သည်။ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၃ နှစ် သို့မဟုတ် ၅ နှစ် ချလိမ့်မည်ဟု မြန်မာ့နိုင်ငံရေး အကဲခတ်များက ယူဆနေကြသည်။

ဇူလိုင် ၃၁ ရက်နေ့တွင် စီရင်ချက် ချမည်ဟု တရားသူကြီးက ပြောကြားခဲ့သော်လည်း စီရင်ချက် ချမည့်နေ့ကို သြဂုတ် ၁၁ ရက်နေ့သို့ ပြောင်းရွှေ့ထားသည်။