၎င်း ခြေစမ်းပွဲတွင် ရှုံးရခြင်းနှင့် ပတ်သက်၍ ရန်ကုန်ယူနိုက်တက်အသင်းပိုင်ရှင် ဦးတေဇ၏ သားဖြစ်သူ အသင်းဥက္ကဌ ဦးပြည့်ဖြိုးတေဇက “ဘတ် ၃ သိန်းခွဲလောက် အကုန်ခံပြီး ကိုယ့်အရှက်ကိုယ် လာခွဲသလိုပဲ”ဟုပြောကြောင်း ဦတေဇနှင့် နီးစပ်သူ တဦးက ဆိုသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ မစတင်မီ နိုင်ငံခြားကလပ်အသင်းများနှင့် ခြေစမ်းပွဲ အနေနှင့် ကန်ခဲ့ခြင်းဖြစ်ပြီး ပွဲစဉ်တလျှောက် အရှုံးပွဲများနှင့်သာ ရင်ဆိုင်ခဲ့ရကြောင်း ကြားသိရသည်။
ထိုင်းနိုင်ငံခရီးစဉ်အတွင်း ခြေစမ်းပွဲများကန်ခဲ့ရာ၌ ရန်ကုန်ယူနိုက်တက်အသင်းသည် ထိုင်းဆိပ်ကမ်းအသင်း ကို ၄ ဂိုး ၃ ဂိုး၊ BEC တယ်ရိုဆက်ဆနာအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး အိန္ဒိယကလပ်အသင်း အရှေ့ဘင်ဂေါအသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်း ကစားရာတွင် ၃ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ်ခဲ့သည်။
အရှေ့ဘင်ဂေါ ကလပ်အသင်းနှင့် ထိုင်းဆိပ်ကမ်းအသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ပြင်သစ်လူမျိုး နည်းစနစ်ဒါရိုက်တာ ခရစ္စတိုဖီ နုတ်ထွက်ခဲ့ရကြောင်း First Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
“အခုရှုံးတာတွေက ခြေစမ်းပွဲတွေဆိုတော့ သိပ်တော့အရေးမကြီးဘူး၊ ဒါပေမယ့် ကုန်ကျစရိတ်တွေအများကြီးသုံးပြီးမှ ရှုံးတယ် ဆိုတော့ သိပ်တော့မကောင်းဘူး”ဟု ရန်ကုန်ယူနိုက်တက် ပရိသတ်တဦးက ဧရာဝတီသို့ပြောသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲများကန်ရာ၌ သတင်းရယူရန် မြန်မာပြည်တွင်း ဂျာနယ်တချို့မှ သတင်းထောက်များကို စရိတ်အကုန်အကျခံကာ ခေါ်ဆောင်လာခဲ့သည်ဟုလည်း ၎င်းတို့နှင့် နီးစပ်သူတဦးကဆိုသည်။
၎င်းအသင်းနှင့် တယ်ရိုဆက်ဆနာ အသင်းတို့အကြား သဘောတူ စာချုပ်ချုပ်ဆိုရန် ဦးပြည့်ဖြိုးတေဇ ကိုယ်တိုင် ယခင် အပတ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သည်ဟု အသင်းနှင့် နီးစပ်သူတဦးက ဆိုသည်။ ထိုသဘောတူ စာချုပ်တွင် အသင်း ၂ သင်းအကြား ကစားသမား ၃ ဦးစီ ဖလှယ်ရန်နှင့် မြန်မာနိုင်ငံ မြို့ကြီးများတွင် အာဆင်နယ် ဘောလုံး သင်တန်းကျောင်းများ ဖွင့်လှစ်ရန် ပါဝင်ကြောင်း သိရသည်။
ရန်ကုန် ယူနိုက်တက် အသင်းသည် ဘောလုံးသမားများ၏ လစာကို တိုးပေးမည်ဖြစ်ပြီး ယခင်ကျပ် ၁ဝ သိန်း ရရှိသည့် ဘောလုံးသမားသည် တလလျှင် ကျပ် ၁၅ သိန်းအထိ ရရှိမည်ဟု ဆိုသည်။ ထို့အပြင် အဝေးကွင်း မန္တလေးတွင် သွားရောက် ကစားသည့်အခါ လိုက်ပါ အားပေးမည့်သူများကို ပို့ဆောင်ရေးအတွက် အသင်းပိုင်ရှင် ဦးတေဇက တာဝန် ယူမည်ဖြစ်ကြောင်း၊ အားပေးသော ပရိသတ်များအတွက် အသင်းအင်္ကျီ တသောင်း အခမဲ့ ပေးဝေရန် စီစဉ်လျက် ရှိသည်ဟု First Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
တယ်ရိုဆက်ဆနာ အသင်းသည် ထိုင်းနိုင်ငံတွင် နာမည်ကြီးသည့် ဘောလုံးအသင်းဖြစ်ပြီး ထိုင်းလက်ရွေးစင်ဟောင်း ဒူးဆစ် စသည့် ကစားသမားများ ကစားခဲ့ဖူးကာ မြန်မာနိုင်ငံသို့လည်း ခြေစမ်းပွဲများလာရောက်ကစားခဲ့ဖူးသည်ဟု သိရသည်။
< Prev | Next > |
---|