ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပြေးပွဲကျင်းပ

E-mail Print
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စုပေါင်းပြေးပွဲတခုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ လေဒီ ရှရီရမ် ကောလိပ်တွင် ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

လေဒီရှရီရမ် ကောလိပ်၏ ကျောင်းသူဟောင်းတဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် မတရား ချုပ်နှောင် ခံနေရသည်ကို လူအများသိစေရန်နှင့် ၎င်း လွတ်မြောက်ရေးအတွက် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်ဟု အဆိုပါ ကောလိပ်မှ ကထိက တဦးက ဆိုသည်။

“နှစ်တိုင်း ဒီလိုမျိုး အထိမ်းအမှတ်တခုခုအတွက် ပြေးပွဲတွေ လုပ်ပါတယ်။ ဒီနှစ်မှာတော့ လူသားချင်း စာနာထောက်ထားမှု အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ကျမတို့ ကျောင်းသူဟောင်းဖြစ်တဲ့ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကျင်းပပါတယ်” ဟု ကာယရူပဗေဒ သိပ္ပံဌာန (Physical Science) မှ ကထိက Mrs. Meenakshi Phahuja က ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ ဒေါ်ခင်ကြည် တာဝန်ကျရာ အိန္ဒိယ နိုင်ငံတွင် လိုက်ပါနေထိုင်ရင်း လေဒီရှရီရမ် ကောလိပ်မှ ၁၉၆၄ ခုနှစ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ဂုဏ်ထူးတန်းမှ ဘွဲ့ရ အောင်မြင်ခဲ့သူ ဖြစ်သည်။

သူကဆက်လက်၍ “အမျိုးသမီး ကောလိပ်တခုဖြစ်တဲ့ ကျမတို့ကျောင်းမှာတော့ ကျောင်းသူတွေ အားလုံးက သူ့ကိုလေးစားဂုဏ်ယူကြတယ်။ သူဟာ အမျိုးသမီး မြှင့်တင်ရေးနဲ့ အမျိုးသမီး ကဏ္ဍအတွက်တော့ အကောင်းဆုံး နမူနာ ပြယုဂ် တခုပါပဲ။ ကျမတို့ အခုလို လုပ်တဲ့အတွက် သူ့အကြောင်း လူတွေပိုသိသွားနိုင်မယ်လို့ မျှော်လင့် တယ်။ အဲဒီကနေမှတဆင့် အထူးသဖြင့် အိန္ဒိယ အစိုးရလည်း သိနိုင်ပြီးတော့ သူလွတ်မြောက်ရေးအတွက် ပြောဆိုကူညီနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီကိစ္စကို မမေ့သင့်ဘူး။ လူမသိသူမသိ ဖုန်းကွယ်မထားသင့်ပါဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အေးချမ်းသောဘ၀နှင့် မိသားစုကိုစွန့်ပြီး မိမိတိုင်းပြည် ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ကြိုးပမ်းသူတယောက်ဖြစ်ကြောင်း၊ ထိုသို့သော အမျိုးသမီးတယောက် မတရား ချုပ်နှောင်ခံနေရသည်ကို ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချကြောင်း သူကဆိုသည်။

လေဒီရှရီရမ် ကောလိပ် အနောက်ဘက်ဂိတ်ပေါက်မှ စတင်သည့် ပြေးလမ်းသည် ၃. ၃ ကီလိုမီတာ (၂မိုင်နီးပါး) ရှည်လျားပြီး အရှေ့ဘက် ပင်မ အ၀င်တွင် ပန်းဝင်အဆုံးသတ်သည်။ စုပေါင်းပြေးပွဲတွင် ကျောင်းသား ကျောင်းသူပေါင်း ၆၀၀ ပါဝင်ခဲ့ပြီး ပထမဆုံး ပန်းဝင်သူကို ဆုဖလားနှင့် တခြား ဆုရသူများကို ဈေးဝယ်ခွင့် ဘောက်ချာ များအပြင် ပြိုင်ပွဲဝင်သူ ၄၂၀ ကို တီရှပ်များ ချီးမြှင့်ခဲ့သည်ဟု သိရသည်။

“ကျမတို့ရဲ့ စီနီယာ၊ ကျမတို့ကျောင်းက ကျောင်းသူဟောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့တိုင်းပြည် အကျိုးအတွက်လုပ်ရင်း မတရားမှုကို ခံစားနေရတဲ့သူပါ။ သူဒီဘ၀ကို ဘယ်လိုများ ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင် ဖြတ်သန်းနေသလဲ ဆိုတာ ကျမတို့အဖို့ အံ့အားသင့် စရာပါပဲ။ သာမန် ပြေးရုံသက်သက် မဟုတ်ဘဲ သူ့လွတ်မြောက်ရေးအတွက် ပြေးရတာဆိုတော့ စိတ်ထဲမှာ ဒါဟာ သူ့အတွက်ပါလားဆိုတဲ့ ဈာန်ဝင်နေတာပေါ့။ သူ့ကိုလည်း အမြန်ဆုံး လွတ်စေချင်ပါတယ်” ဟု အဆိုပါပြေးပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် စီးပွားရေးပညာ ကျောင်းသူ Mani Gupta က ပြောသည်။

ထို့အတူ စက်တင်ဘာ ၃ ရက်နေ့ ညနေခင်းတွင်လည်း မြန်မာ့အရေး ပိုမိုသိရှိစေရန်ရည်ရွယ်၍ ၁၉၈၈ ကျောင်းသား အရေးတော်ပုံ၊ စက်တင်ဘာ ၂၀၀၇ သံဃာ့လှုပ်ရှားမှုများနှင့် ၂၀၀၇ ခုနှစ်နောက်ပိုင်း စစ်အစိုးရ အုပ်ချုပ်မှု လက်အောက်မှ အခြေအနေများကို ရိုက်ကူးတင်ပြထားသည့် မိနစ် ၃၀ စာ မှတ်တမ်းရုပ်ရှင်အား အဆိုပါ ကောလိပ်မှ ပြုလုပ်မည့် 'A Deal for life and Freedom' ရုပ်ရှင်ပြပွဲတွင် ပြသမည်ဟု သတင်းရရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်