“နန်းတော်ရှေ့က ကိုလေပွေ” ကို ပြန်လည်ဖော်ထုတ်မည်

Tuesday, 01 September 2009 19:19
Print
ဂန္ထဝင်ဂီတစာဆို နန်းတော်ရှေ့ဆရာတင်၏ သီချင်းများထဲမှ တကြိမ်တခါမှ ပြန်လည်သီဆိုခြင်း မပြုရသေးသော တေးသီချင်းများကို မြေးဖြစ်သူ ဇာတ်မင်းသား နန်းဝင်းက ပြန်လည်ဖော်ထုတ် သည့် အနေဖြင့် တေးစီးရီးထုတ်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

“ဘိုးဘိုးရဲ့သီချင်းတွေဖြစ်တဲ့  စုံတောမြိုင်၊ သင်္ကန်းဂုဏ်ရည် အဲဒီသီချင်းတွေကို ဘုတ်အဖွဲ့ကလား၊ ပုံနှိပ်ကမှားတာ လား ဘယ်ကမှားလဲတော့မသိပါဘူး တခြားတေးရေးတွေအမည် တပ်ထားကြပါတယ်။ သမိုင်းမှာ အမှတ်မမှားရ အောင် ပြန်ဖော်ထုတ်တဲ့အနေနဲ့ ဒီစီးရီးကိုထုတ်ဖြစ်တာပါ” ဟု အဆိုပါ တေးစီးရီးအားထုတ်လုပ်သူ ဦးနန်းဝင်းက ဧရာဝတီသို့ပြောသည်။ ဦးနန်းဝင်းသည် ဇာတ်မင်းသား ရွှေနန်းတင်၏ သားဖြစ်သည်။

နန်းတော်ရှေ့ဆရာတင်၏ တေးသီချင်းများနှင့် ပတ်သက်၍ ၎င်း၏ သမီးအကြီးဆုံးဖြစ်သူ အသက် ၉၀ အရွယ်ရှိ ဒေါ်ကြည်ကြည်နှင့် သားဖြစ်သူရွှေနန်းတင်တို့၏ ပြောပြချက်များ၊ စာရေးဆရာကြီးစစ်ကိုင်းဦးလှရွှေ မကွယ်လွန်မီက ပြောကြားချက်များမှ သိရှိခဲ့ရကြောင်း၊ တခြားတေးရေးဆရာတို့၏ တေးသီချင်းများကိုလည်း နန်းတော်ရှေ့ဆရာ တင်၏ တေးသီချင်းများအဖြစ် မှတ်ယူနေမှုများရှိနေရာ အများသိစေရန် အတိအလင်း ကြေညာခဲ့ပြီးဖြစ်ကြောင်းလည်း ဦးနန်းဝင်းကဆက်ပြောသည်။

၎င်းတေးစီးရီးကို အကြမ်းဖျင်းအားဖြင့် “နန်းတော်ရှေ့က ကိုလေပွေ” ဟူ၍ အမည်ပေးထားပြီး ပါဝင်မည့် တေးသီချင်း များမှာ ကျေးရွာဝါဒ၊ သိန်းဆုကြီး၊ ရွှေစာရံ၊ မင်္ဂလာဆောင်၊ သရေခေတ္တရာ၊ ကိုလေပွေ၊ ပြန်ပေါင်းထုပ်၊ ကျောင်းသွား ကျောင်းပြန်၊ ဇီးကွက်၊ မြနန္ဒာ၊ တောင်တော်သခင်မ၊ ရွှေမိုးညို၊ ပဉ္စသိင်္ခ စသည့် တေးသီချင်းများဖြစ်သည်။

“ဒီသီချင်းတွေကို ဘယ်သူပဲပြန်ဆိုဆို အဟောင်းကိုအသစ်ဖြစ်အောင်ပြန်လုပ်တဲ့ အလားအလားဟာ ကောင်းတဲ့ အ လားအလာပါလို့ ကျမအနေနဲ့ ထင်မြင်မိပါတယ်” ဟု နန်းတော်ရှေ့ဆရာတင်၏ တေးသီချင်းများကို ပုဒ်ရေ ၃၀ နီးပါး ခန့် သီဆိုခဲ့ဖူးသော အဆိုတော် ဒေါ်မာမာအေးက ပြောသည်။

အဆိုပါ တေးသီချင်းများကို ဆိုင်းသီရိမောင်မောင်၊ မြန်မာပြည် ကျောက်စိမ်းတို့က တီးခတ်ပေး၍ နန်းတော်ရှေ့ဆရာ တင်၏ မြေးများဖြစ်ကြသော နန်းခင်အေး၊ နန်းဝင်း၊ နန်းခင်မွှေး တို့နှင့်အတူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၊ ဗညားဟန်၊ ရီရီသန့်၊ စိုးစန္ဒာထွန်း တို့လည်း ပါဝင်သီဆိုကြမည်ဖြစ်သည်။

နန်းတော်ရှေ့ဆရာတင်၏ တေးသီချင်းများကို ယခင်က အဆိုတော် မောင်မောင်ကြီး အပါအဝင် တခြားအဆိုတော် များဖြင့်ပြန်လည်သီဆိုရန် ၁၉၇၉-၈၀ ဝန်းကျင်ခန့်၌ ဟင်္သာတေးထုတ်လုပ်ရေးမှ ဦးဟန်သိန်းက ပြန်လည်ဖော်ထုတ် ခဲ့ဖူးပြီး တေးရေးတေးဆို ပစ်တိုင်းထောင် နှင့်  အဆိုတော် ရတနာဦး တို့ကလည်း “နန်းတော်ရှေ့အလွမ်းပြေ” ဟူ၍ လည်းသီဆိုခဲ့သည်။

နန်းတော်ရှေ့ဆရာတင်၏ မြေးတယောက်အနေနှင့် တကြိမ်တခါမှ ပြန်လည်မသီဆိုရသေးသော တေးသီချင်းများကို ပြန်ဖော်ထုတ်သီဆိုခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်ကြောင်း ဦးနန်းဝင်းက ရှင်းပြသည်။

နန်းတော်ရှေ့ဆရာတင်ကို  ၁၈၉၄ ခုနှစ်တွင် မြို့စာရေးမင်းဦးမှန်နှင့် ဒေါ်မမကြီးတို့က ရန်ကုန် ကြည့်မြင်တိုင် ထီးတန်း ရပ်၌ မွေးဖွားခဲ့သည်။မန္တလေးမြို့ ဝတ်စလီကျောင်းတွင် ၇ တန်းအထိ ပညာသင်ကြားခဲ့ပြီး အသက် ၂၂ နှစ် မှစတင်၍ တေးသီချင်းများကို ရေးစပ်ခဲ့ရာ ၎င်းပထမဆုံးရေးသားခဲ့သော တေးသီချင်းမှာ ယုဇနအေးစိန် သီဆိုသော “မယ်အေးက ပို့တဲ့မေတ္တာ” ဟူသည့် တေးသီချင်းဖြစ်သည်။ တေးသီချင်းပေါင်း ၇၀၀ နီးပါးခန့်ရေးသားခဲ့ရာ တောင် သမန်၊ သူဋ္ဌေးဝါဒ စသည့်တေးသီချင်းများကို ကိုယ်တိုင်သီဆို ဓာတ်ပြားသွင်းယူခဲ့ပြီး ကျော်ကြားသော တေးသီချင်း များမှာ ရွှေဘိုသနပ်ခါး၊ဆင်ကြီးဂဠုန်ချီ၊ကျွဲမကြည်အောင် ၊မင်းဂံဘုတ် စသည်တို့ဖြစ်သည်။သူ၏ ဂီတသက်တမ်းမှာ ၃၅ နှစ်၊ အသက် ၅၅ နှစ်အရွယ် ၁၉၄၉ ခု မတ်လ ၁၂ ရက်နေ့တွင် နန်းရှေ့ခင်မကန်တိုက် ဆရာတော် ဦးသုမန ကျောင်းတိုက်၌ ကွယ်လွန်ခဲ့သည်။