မုန်တိုင်းကို အကြောက်လွန်သဖြင့် အမျိုးသမီးတဦး သေဆုံး

Tuesday, 08 September 2009 17:39
Print
ဘိုကလေး မြို့နယ်အတွင်း မကြာသေးမီက ဝင်ရောက် တိုက်ခတ်သွားသော မုန်တိုင်းကို ထိတ်လန့်ကာ အမျိုးသမီးတဦး နှလုံးရပ် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဘိုကလေးမြို့နယ် ချောင်းဗြဲကြီး ရွာကို ဝင်ရောက် တိုက်ခတ်သွားသော မုန်တိုင်းကြောင့် အိမ် ၆ လုံးမှာ လုံးဝ ပြိုကျသွားခဲ့ပြီး အိမ် ၁၅ လုံး၏ အမိုးများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

မုန်တိုင်းတိုက်ခတ်စဉ် အကြောက်လွန်ကာ အိမ်ထဲမှ ထွက်ပြေးသွားခဲ့သော အသက် ၂၂ နှစ်အရွယ် အဆိုပါ အမျိုးသမီးသည် အိမ်ပြင်သို့အရောက် လဲကျကာ နှလုံးရပ်သေဆုံးသွားခဲ့ကြောင်း သူ၏ ခင်ပွန်းဖြစ်သူ ကိုစန်းဦးက ပြောသည်။

၎င်း ကျေးရွာတွင် ရောက်ရှိနေသည့် ဆရာဝန်က ထိုအမျိုးသမီးတွင် ယခင်ကတည်းက နှလုံးရောဂါ၊ အစာအိမ် ရောဂါနှင့် တခြားသော ဝေဒနာများခံစားနေရသည်ဟု ပြောကြောင်း သိရသည်။ ထိုအမျိုးသမီး သေဆုံးချိန်တွင် ၄ လအရွယ် သမီးငယ် တဦး ကျန်ရစ်ခဲ့သည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်သည် ၂၀၀၈ ခုနှစ်မေလဆန်းတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်သွားစဉ်က လူသေဆုံးမှု အများဆုံး ဒေသထဲတွင်ပါဝင်ခဲ့သည်။ အများစုမှာ မိသားစုများ၊ အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ယခုအခါ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်သွားသည်မှာ ၁ နှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း မုန်တိုင်း ဒဏ်ပြင်းစွာ ခံခဲ့ရသော ဒုက္ခသည်များမှာ စိတ်ဒဏ်ရာခံစားနေရပြီး မုန်တိုင်းသံကြားတိုင်း ထိတ်လန့်နေ ရကြောင်း သိရှိရသည်။