ခေတ်ပေါ်ဂီတနှင့် ဖန်တီးမည့် ဗုဒ္ဓ၊ဓမ္မ ပူဇာတေးများ ထုတ်ဝေမည်

Wednesday, 09 September 2009 17:41
Print
ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့၏ ညွန်ကြားချက်ဖြင့် ဂီတအစည်းအရုံးမှ ဦးစီး၍ တရားဓမ္မနှင့် သက်ဆိုင်သော တေးသီချင်းများကို ခေတ်ပေါ် တေးရေးဆရာများ၊ ဂီတဖန်တီးမှုများဖြင့် ပေါင်းစပ်၍ တေးစီးရီးအနေဖြင့် ပထမဆုံးအကြိမ် ထုတ်ဝေရန် ပြင်ဆင်နေကြောင်းသိရသည်။

“အထူးသဖြင့် လူငယ်တွေကြားထဲမှာ ဘာသာရေးကိုင်းရှိုင်းအောင် ၊ ဘာသာရေးဗဟုသုတနဲ့လည်း ပြည့်စုံအောင် စည်းရုံးတဲ့အနေနဲ့ လုပ်တာပါ” ဟု အဆိုပါတေးစီးရီးနှင့်ပတ်သက်၍ ဂီတအစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး တေး ရေးမောင်သစ်မင်းက ဧရာဝတီကိုပြောသည်။

၎င်း၏ဂီတသက်တမ်းသုံးဆယ်ကျော်တွင် ယခုကဲ့သို့ ဓမ္မတေးသီချင်းများရေးသားမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သူကဆိုသည်။

အဆိုပါတေးစီးရီးတွင် ကိုးပါးသီလ၊ငါးပါးသီလ၊မဂ္ဂင်ရှစ်ပါး၊သစ္စာလေးပါး တို့အားပါဠိအသုံအနှုန်းကို စကားပြေပြန်၍ ခေတ်ပေါ် New Age ဂီတပုံစံများဖြင့်လည်းကောင်း ၊ ၃၈ ဖြာမင်္ဂလာ တရားတော်များကို လူငယ်နားဆွဲအောင် နိုင်ငံတ ကာ ဂီတပုံစံများနှင့် ပေါင်းစပ်၍  ကြည်ညိုသဒ္ဓါပွားစရာ ရွတ်ဖတ်နိုင်ရန် ဖန်တီးထားပြီး၊မြန်မာသံကာလပေါ် အလွှာ မှလည်း သူ့ပုံစံနှင့်သူ ရသမျိုးစုံ တင်ဆက်ထားကြောင်း ၎င်းက ဆက်ရှင်းပြသည်။

ခေတ်ပေါ်ပိုင်းတေးရေးဆရာများအနေဖြင့် မောင်သစ်မင်း၊ သုခမိန်လှိုင်၊ ဝင်းမင်းထွေး၊ မင်းချစ်သူ၊ မြင့်မိုးအောင်၊ ရွှေ ဂျော်ဂျော်၊အောင်နိုင်စန်း၊သျှန်ထွန်း(မြန်မာစာ) စသည့်တို့က တာဝန်ယူရေးစပ်ကြမည်ဖြစ်ပြီး ကာလပေါ်ပိုင်း အနေ ဖြင့် ဘိုကလေး တင့်အောင်၊မောင်မောင်လတ်၊ပျဉ်းမနားမြင့်လှိုင်၊ရေနံ့သာဝင်းမောင်၊မျိုးနွယ်ဆွေ၊ကေတုဝင်းထွဋ် စသည်တို့ပါဝင်ကြောင်းသိရသည်။

တေးစီးရီးခေါင်းစဉ်နှင့် အဆိုပိုင်းကို ယခုထက်ထိအတည်မပြုရသေးကြောင်း နှင့် အဆိုပါတေးစီးရီးတွင် သီချင်းပုဒ်ရေ ၁၂  ပုဒ်ခန့်ပါဝင်မည်ဖြစ်ကြောင်း တေးရေးမောင်သစ်မင်းက ပြောသည်။

“ဓမ္မတေးကိုသေသေချာချာ နက်နက်နဲနဲရေးရမယ်ဆိုရင်တော့ နဂိုကတည်းကရေးချင်စိတ်ရှိပါတယ်။ အရင်က ဒီ ဗုဒ္ဓ၊ ဓမ္မ သီချင်းတွေကို  မြန်မာသံနဲ့ပဲလုပ်ရမယ်လို့ အများစုက သတ်မှတ်တဲ့အမြင်ရှိကြတော့ ကိုယ်ကသိတယ်၊ရေးချင် တယ် ဆိုပေမယ့် နည်းနည်းတော့လက်တွန့်တာပေါ့” ဟု တေးရေးမင်းချစ်သူက ဓမ္မတေးသီချင်းများ ရေးရသည့် အ ပေါ် ၎င်း၏ အမြင်ကို ပြောသည်။

၎င်းဓမ္မတေးများကို ဖန်တီးရာ၌ တေးရေးဆရာများ အားလုံးအနေဖြင့် ကိုယ်ပိုင်သံစဉ်များဖြင့်သာ ဖန်တီးကြမည်ဖြစ် ကြောင်း တေးရေးမင်းချစ်သူက ဆက်ပြောသည်။

၂၀၀၉ ဇူလိုင်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ကာလပေါ်သံစဉ်များဖြင့် “ဓမ္မပူဇာတေး” ဟူ၍ ဓမ္မတေးသီချင်းများကို   စီးရီးအနေဖြင့် ထုတ်ခဲ့ဖူးကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် တရားဓမ္မနှင့်သက်ဆိုင်သောတေးသီချင်းများကို စိုးပိုင်၊ ထူးအိမ်သင်တို့မှ ရေးစပ်သီဆိုခဲ့ခြင်းများ ရှိခဲ့ပြီး တေးရေးတေးဆို စိုင်းခမ်းလိတ်၏သမီး နန်းခမ်းနွဲ့လိတ်ကလည်း စီးရီးအနေဖြင့် ထုတ်လုပ်ခဲ့ပေမယ့် အောင်မြင်ခဲ့ပေ။