မဲဆောက်မြို့  ဆန်လှူဒါန်းပွဲတွင် မြန်မာ တသောင်းကျော် အလှူခံ

Wednesday, 09 September 2009 19:16
Print
နှစ်စဉ် ကျင်းပမြဲဖြစ်သော ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ရှိ တစ္ဆေကြီးပွဲခေါ် တရုတ်သူဌေးများ၏ ဆန်လှူဒါန်းပွဲကို ယနေ့ပြုလုပ်ရာ မြန်မာပြည်သား ၁၈၀၀၀ ခန့် လာရောက် အလှူခံကြသည်။

စက်တင်ဘာလတွင် ကမ္ဘာအရပ်ရပ်ရောက် တရုတ်လူမျိုးများက ကွယ်လွန်သွားသူများကို ရည်စူး၍ အမွှေးတိုင်၊ ဖယောင်းတိုင်များ ထွန်းညှိပြီး ရွှေရောင် ငွေရောင် စက္ကူများ မီးရှို့ခြင်း၊ အစားအစာများဖြင့် ပူဇော်ခြင်းများ ပြုလုပ်ပြီး တစ္ဆေကြီးပွဲကို ကျင်းပလေ့ရှိသည်။

ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကပ်လျက် တည်ရှိသည့် မဲဆောက်မြို့တွင်လည်း တရုတ်နွယ်ဖွား အများအပြား နေထိုင်ကြပြီး အစဉ်အလာအတိုင်း ဆန် နှင့် အစားအစာများ ဒါနပြုသည့်အတွက် မြန်မာပြည်သားများ ၀င်ရောက် အလှူခံလေ့ရှိသည်။ ယခင်နှစ်များကဲ့သို့ပင် အလှူလုပ်သည့် ဌာနမှာ မဲဆောက်မြို့ ရဲစခန်းအနီးရှိ တရုတ်ဘုံကျောင်းတွင် ဖြစ်သည်။

လူတဦးလျှင် ၃ ကီလို ရှိသော ဆန်တအိတ် အလှူခံခွင့် ရှိပြီး ဆန်နှင့်အတူ ငါးသေတ္တာ ၂ဘူး၊ မားမား တံဆိပ် ခေါက်ဆွဲခြောက် ၂ထုပ်၊ ငါးပိ တဘူး၊ ဆားတထုပ် စသည်တို့လည်း ပါဝင်သည်ဟု ကိုစိုးနိုင်က ဆက်လက် ရှင်းပြသည်။

ယမန်နှစ် အလှူတွင် ဆန်အိတ် ၈၀၀၀ ခန့် သုံးခဲ့သော်လည်း ယခုနှစ် လှူဒါန်းသည့် ဆန်အိတ် အရေအတွက်မှာ ၁၈၀၀၀ အထိ ရှိမည်ဟု ဆန်လှူပွဲ စည်းကမ်း ထိမ်းသိမ်းရေး လုပ်ငန်းများတွင် ပါဝင် ကူညီနေသူ ကိုစိုးနိုင်က အလှူပွဲ မစတင်မီ ဧရာဝတီသို့ ပြောပြသည်။

အလှူကို လက်ခံမည့်သူများသည် အသက် ၁၀ နှစ် နှင့် အထက် ရှိရမည်၊ အနည်းဆုံး အရပ် ၃ပေ အထက် ရှိရမည် စသည့် စည်းကမ်းချက်များ သတ်မှတ်ထားသည်။ သို့မှသာ တိုးဝှေ့ကြသည့်အခါ ကြုံတွေ့လာဖွယ်ရှိသည့် ထိခိုက်မှုများမှ ကာကွယ်နိုင်မည်ဟု ဆိုသည်။

မွန်းလွဲ ၃ နာရီက ပြုလုပ်သော အလှူပွဲသို့ မဲဆောက်ဒေသရောက် မြန်မာ အလုပ်သမားများ၊ ကရင်ပြည်နယ် မြ၀တီ၊ သင်္ကန်းညီနောင်၊ မင်းလက်ပံ အစရှိသော ဒေသများမှ ဆင်းရဲနွမ်းပါးသူများ လာရောက်ကြသည်။

မဲဆောက်မြို့ နယ်၊ မယ်တောင်ကျေးရွာ၊ တောင်ယာလုပ်ငန်း တခုတွင် လုပ်ကိုင်နေသူ ကိုချစ်ဦးက ယနေ့ အလုပ် ဖျက်ကာ ၀င်ရောက် အလှူခံခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဆန်တနပ်စာရလည်း နည်းတာ မဟုတ်ဘူး ဆိုပြီး လာတန်းစီတာပါ၊ ချမ်းသာတဲ့လူတွေက လှူတော့လည်း ကျနော်တို့လို မရှိဆင်းရဲသားတွေ အတွက် ကောင်းတာပေါ့ဗျာ” ဟု ကိုချစ်ဦးက ပြောသည်။

မြန်မာပြည်ဘက်ခြမ်းမှ လာရောက်သူများထဲတွင် ကလေးငယ် အများအပြား ပါဝင်နေသည်။ ယနေ့ ဆန်လှူမည်ကို သိရ၍ နံနက်စောစော ထကာ အခြားသူများနှင့်အတူ လာခဲ့သည်ဟု မြ၀တီမြို့ ၊ ဟေမန်ဦး ရပ်ကွက်မှ ဆယ်ကျော်သက် တဦးက ပြောသည်။

“သားတို့ ဒီမှာ ဆန်လှူတယ် ဆိုလို့ လာတိုးတာ။ ဆန်ရမယ် ဆိုလို့ ပျော်တယ်” ဟု အဆိုပါ ဆယ်ကျော်သက် လူငယ်က ပြောသည်။

အလှူပွဲ မစမီ တိုကင်လက်မှတ်များ လိုက်လံ ပေးဝေကြောင်း၊ ထိုလက်မှတ် ရှိသူတို့သာ အလှူပစ္စည်း ရရှိကြကြောင်း သိရသည်။

အလှူပွဲသို့ လာရောက်ခဲ့သူများထဲတွင် လက်မှတ် မရသဖြင့် လက်ဗလာဖြင့် ပြန်သွားရသူ နှစ်ထောင်ဝန်းကျင် ရှိသည်ဟု မဲဆောက်မြို့မှ မြန်မာပြည်သားတဦးဖြစ်သူ ကိုအောင်ဒင်က ပြောသည်။

ယနေ့ပြုလုပ်သော ဆန်လှူပွဲသည် မဲဆောက်မှ တရုတ်လူမျိုး လုပ်ငန်းရှင်များ၏ အကြိမ် ၄၀ မြောက် အလှူပွဲ ဖြစ်သည်ဟု သိရသည်။