ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့ ကြိုတင်မဲများကို NDF ကန့်ကွက်

ဧရာဝတီတိုင်း မြို့နယ်များ၌ ယနေ့တွင် ကြံ့ဖွံ့ပါတီက ကြိုတင်မဲများ ယူနေခြင်းကို NDF အသိအမှတ်မပြုကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီဌာနချုပ်မှတဆင့် တိုင်ကြားထားကြောင်း သိရသည်။ NDF ၏ ကန့်ကွက်မှုကြောင့် ဘိုကလေးမြို့ရှိ မဲရုံတခုတွင် ကြိုတင်မဲယူခြင်းများ ခတ္တရပ်ဆိုင်သွားကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲ သတင်းတို

မဲမထည့်လျှင် ဒဏ်ငွေနှင့် ထောင်ဒဏ် ချမှတ်မည်

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကျေးရွာတချို့တွင် ရယကများက မနက်ဖြန် မဲလာမထည့်လျှင် တအိမ်ထောင် ဒဏ်ငွေ ၅၀၀၀ နှင့် ထောင်ဒဏ် ၅ အနှစ်အထိ ချမှတ်နိုင်သည်ဟု လိုက်လံ ကြေညာကြောင်း၊ မဲမထည့်လျှင် အနက်ရောင် နယ်မြေ ဖြစ်သွားမည်ဟု ခြိမ်းခြောက်ကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲ သတင်းတို

ခြိမ်းခြောက်ကြိုတင်မဲပေးခိုင်းပါက မပေးရန် လိုက်လံကြေညာ

တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ရပ်ကွက်တချို့တွင် ကြိုတင်မဲကို ခြိမ်းခြောက် ထည့်ခိုင်းနေသည်ဟု သတင်းရရှိ သောကြောင့် အဆိုပါမြို့နယ်တွင် တသီးပုဂ္ဂလ တိုင်းဒေသကြီး လွှတ်တော် အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ စောနိုင်က ယနေ့ နံနက် အချိန်မှစ၍ ကားပေါ်တွင် အသံချဲ့စက်တင်ကာ “ခြိမ်းခြောက် ဖိအားပေးပြီး ကြိုတင်မဲ ပေးခိုင်းရင် မပေးကြပါနဲ့၊ ကိုယ် ယုံကြည်ရာကိုပဲ ရဲရဲ့ဝံ့ဝံ့ မဲပေးကြပါ” ဟု မြို့နယ်အတွင်း လှည့်လည် ကြေညာသည်ဟု ကြားသိရသည်။
ရွေးကောက်ပွဲ သတင်းတို

သိမ်ဆိပ်က ခလရ ၉ ကြိုတင်မဲမပေးရ

မွန်ပြည်နယ် သိမ်ဆိပ်ရှိ တပ်မ ၄၄ လက်အောက်ခံ ခြေလျင်တပ်ရင်းရှိ တပ်မတော်သားများထံမှ ကြိုတင်မဲ ကောက် ယူမှုများ မရှိသည့်အပြင် တပ်တွင်း မဲရုံများလည်း ဆောက်မပေးကြောင်း၊ အနီးစပ်ဆုံး ရွာရှိ မဲရုံများတွင်သာ သွားရောက်မဲ ပေးရမည်ဖြစ်ကြောင်း အဆိုပါတပ်နှင့် နီးစပ်သူ တဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

NDF ကို Myanmar Egress အင်အားဖြည့်

NDF ပါတီဝင်များ နှင့်အတူ Myanmar Egress မှ I Vote အင်္ကျီများ ၀တ်ဆင်ထားသည့် လူငယ်များကို ယမန်နေ့ နံနက် သင်္ဃန်းကျွန်း NDF ပါတီ ရုံးချုပ်အနီး ပါတီစည်းရုံးရေး ဆင်းရန် ပြင်ဆင်နေသည်ကို တွေ့ရကြောင်း၊ ကားစီးရေ ၂၀ ခန့်နှင့်  လူ ၂၀၀ ခန့် နီးပါးရှိကြောင်း ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ကြိုတင်မဲ လာထည့်လျှင် အဆင်ပြေသလို ကြည့်လုပ်

ကြိုတင်မဲထည့်ရာတွင် အောက်ခြေပိုင်းက အဆင်ပြေသလို ကြည့်လုပ်သွားရန်နှင့် မည်သည့်အချိန်တွင် မဲလာထည့်ထည့် လက်ခံရန် တောင်ဥက္ကလာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ရပ်ကွက် ကော်မရှင် တာဝန်ရှိသူများကို မှာ ထားသည်ဟု သိရသည်။
ရွေးကောက်ပွဲ သတင်းတို

မြစ်ကြီးနားမှာ ဆရာ ၊ ဆရာမများ ကြိုတင်မဲပေးရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်လည်း ကျောင်းဆရာ ၊ ဆရာမများ ယမန်နေ့က ကြိုတင်မဲပေးခဲ့ရကြောင်း သိရသည်။ မြစ်ကြီးနားမြို့လူထု၏ အခြေအနေမှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားဟန်မပြဘဲ NDF ပါတီနှင့်ကြံ့ဖွံ့ပါတီတို့သာ လှုပ်ရှား မှုရှိနေကြောင်း မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ရေနီ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ကြိုတင်မဲကောက်

ပဲခူးတိုင်း ရေနီမြို့ ရန်ကုန်- မန္တလေးလမ်းမကြီး နံဘေး တပ်ပိုး ၂ ရပ်ကွက်ရှိ ရယက အဖွဲ့ဝင်များက ကြိုတင်မဲ များကို လိုက်လံ ကောက်ယူ နေကြောင်း သိရသည်။ ကိုယ်ပိုင် လုပ်ငန်း ရှင်များ အနေဖြင့် အလုပ် မအားလပ်လျှင် ကြိုတင် မဲ ပေးနိုင် သည် ဟု ရယက အဖွဲ့ဝင် များက ယမန်နေ့တွင် ရပ်ကွက်အတွင်းစည်းရုံး နေကြောင်း ဒေသခံများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

မဲ မပေးရေး တီရှပ်ဝတ်သူ ကြိမ်းမောင်းခံရ

ရေနံချောင်း မြို့နယ် တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် လောင်း ကြံ့ဖွံ့ ပါတီမြို့နယ် စည်းရုံး ရေးမှူး ဦးအောင်နိုင်ဝင်း က မဲ မပေးရေး စာတန်းပါ တီရှပ် ၀တ်ထားသည့် အိမ်နီးချင်း လူငယ် တဦးအား ဆဲရေးတိုင်းထွာပြီး နောင် တချိန် ကြံ့ဖွံ့ ပါတီ အာဏာ ရ လာလျှင် အကြောင်း သိရမည်ဟု ကြိမ်းမောင်း ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

မန္တလေး NLD မဲမပေးရေး ဆိုင်ကယ်စီးလှုပ်ရှား

မန္တလေးတွင် NLD လူငယ်များ က ဆိုင်ကယ်အစီး ၂၀ စီဖြင့် မြို့နယ် အားလုံးသို့ မဲမပေးဘဲ နေပိုင်ခွင့် ရှိသည် ဆိုသော စာရွက် များကို ဖြန့်ဝေ လျက်ရှိရာ အရပ်ဝတ်အာဏာပိုင်များက ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်း ရိုက်ယူခြင်းများ ပြုလုပ်နေ ကြောင်း သတင်းရ သည်။
ရွေးကောက်ပွဲ သတင်းတို

မဲမပေးရေး လှုပ်ရှားသည့် NLD များ ထိန်းသိန်းခံရ

သာကေတမြို့နယ် ရန်ပြေရပ်ကွက်တွင် မဲမပေးဘဲနေပိုင်ခွင့်ရှိသည်ဆိုသော စာရွက်များ ဖြန့်ဝေသည့် NLD အဖွဲ့ဝင် ၇ ဦးကို ရဲနှင့် အရပ်ဝတ် ထောက်လှမ်းရေး ၂၀ ခန့်က ရန်ပြေ ရယက ရုံးတွင် ခေါ်ယူထိန်းသိမ်းထားကြောင်း သိရသည်။ အာဏာပိုင်များက ၅ ဦး ထက် ပိုစုဝေးခွင့်မရှိကြောင်းပြောရာ NLD အဖွဲ့ဝင်များက ၁ ဦးချင်းဆိုလျှင်ရမလားဟု ပြန်မေးရာ တဦးချင်းလည်း ဝေခွင့်မပြုနိုင်ဟု ပြောကြောင်း NLD အဖွဲ့ဝင် တဦးက ဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

မင်္ဂလာတောင်ညွန့်မှာ ကြံ့ဖွံ့ ရှုံးနိုင်

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်၌ ကြံ့ဖွံ့ပါတီက ယမန်နေ့တွင် တအိမ်တက်ဆင်း လိုက်ပြီး ကြိုတင်မဲကောက်ခြင်း၊ ကြံ့ဖွံ့ကို မဲမပေးလျှင် ၀န်ထမ်းများ နယ်ပြောင်းခိုင်းမည်၊ လမ်းများ ဆက်လက်မဖောက်ဟု ပြောဆို ခြိမ်းခြောက်ခြင်း၊ မှတ်ပုံတင် မရှိသူများ ကို ချက်ချင်းလုပ်ပေးခြင်းများဖြင့် မဲရရန် ကြိုးပမ်းနေသော်လည်း ဒီမိုကရက်ပါတီ(မြန်မာ)က နိုင်ခြေရှိသည်ဟု သတင်းရရှိသည်။
Page 10 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်