ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

NLD လူငယ်များကို စရဖနှင့် လုံထိန်း နှောင့်ယှက်

မဲမပေးဘဲနေပိုင်ခွင့်ရှိသည် ဟူသော တီရှပ်ဝတ် NLD လူငယ် ၃၀ ခန့် ယမန်နေ့က ဗိုလ်တထောင်သတင်းစာ အယ်ဒီတာဟောင်း ဦးထိန်လင်း ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အခမ်းအနားသို့ အသွားတွင် စရဖ နှင့် လုံထိန်းအဖွဲ့ဝင်များက နှောင့်ယှက်ခဲ့ပြီး အပြန်တွင် လမ်းလျှောက်ခွင့် မပြုကြောင်း သိရသည်။ ခရမ်းမြို့နယ်မှ· NLD လူငယ် မသင်းသင်းယုကိုလည်း ခရမ်း မယက က· ထိန်းသိမ်း ထားကြောင်း· သတင်းရရှိသည်။
ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့ပါတီကို ရပ်ကွက် ကော်မရှင် ကူညီ

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်၌ ကြံ့ဖွံ့ပါတီ၏ အတင်းအဓမ္မ ကြိုတင်မဲ ကောက်ခံမှုများနှင့် ရပ်ကွက် ကော်မရှင်ကပါ ကြံ့ဖွံ့ပါတီကို ကူညီနေခြင်းများအား ကျားဖြူပါတီက ကသာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်စာတင်မည်ဟု ယင်းမြို့နယ်မှ ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးကျော်ညွန့်က ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

တောင်ဥက္ကလာ ကြိုတင်မဲပေးသူများ လျှို့ဝှက်ခန်းတွင် ပေးခွင့်မရ

တောင်ဥက္ကပမြို့နယ်တွင် ကြိုတင်မဲ သွားပေးကြ သူများသည် လျှို့ဝှက်ခန်းတွင် မဲပေးခွင့် မရကြောင်း သိရသည်။ တောင်ဥက္ကလာပ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မိမိပေးလိုသည့် ကြိုတင်မဲကို သွားတင်ရကြောင်း၊ လျှို့ဝှက်ခန်း မဟုတ်သည့်အတွက် ကြိုတင်မဲပေးသူများမှာ ထိတ်လန့်နေကြပြီး ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ ကြံ့ဖွံ့ပါတီကို မဲပေးရန် ပုံစံတမျိုးဖြင့် ခြိမ်းခြောက်ခြင်းသာ ဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ဝန်ကြီးချုပ် လေဘေးဒုက္ခသည်များကို မဲသွားဆွယ်

ဝန်ကြီးချုပ် ဦးသိန်းစိန်သည် နိုဝင်ဘာ ၃ ရက်နေ့က ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများကို သွားကာ ကူညီမှုမပေးဘဲ ရွေးကောက်ပွဲ၌ မဲ မည်သို့ ပေးရမည်ကိုသာ ပြောဆို၍ ပြန်သွားကြောင်း ဒေသခံများက ပြောသည်။ ဝန်ကြီးချုပ်သည် စေတနာရှင်များနှင့် NGO များ လှူဒါန်းထားသည့် ပစ္စည်းတချို့ကို သက်ဆိုင်ဒေသ အာဏာပိုင် များထံ လွှဲပေးပြီး တဆင့်ပြန်ပေးရန် ညွန်ကြားခဲ့ပြီး အာဏာပိုင်များက ကြံ့ဖွံ့ကိုမဲပေးမှသာ ပစ္စည်းများ ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ရေနီ ရွေးကောက်ပွဲ ကော်မရှင် မိတ္တူခများ မရှင်း

ပဲခူးတိုင်း ရေနီမြို့ ရွေးကောက်ပွဲ ကော်မရှင်က  မိတ္တူဆိုင်များကို ရိုက်နိုပ်ခိုင်းသော မဲပေးနိုင်သည့် လူဦးရေစာရင်းများ၏  ကျသင့်ငေများ ပေးချေခြင်းမရှိသေးသည့်အတွက် ငန်းရှင်များအနေဖြင့် အခက်အခဲ ဖြစ်နေကြောင်း သတင်းရသည်။ ရေနီမြို့နယ်ရှိ မိတ္တူဆိုင်ပိုင်ရှင်တဦးက ၎င်းတို့ ဆိုင်အနေဖြင့် စာရွက်ပေါင်း ၁၄၀၀ ရိုက်နှိပ်ပေးခဲ့ရပြီး ကျသင့်ငွေ ကျပ် ၇၀၀၀၀ ဖြစ် ကြောင်း၊ ရေနီမြို့တွင် မိတ္တူဆိုင် ၄ဆိုင်ရှိရာ ယင်းဆိုင်များလည်း မိတ္တူရိုက်ခ မရရှိသေးကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

မဲရုံတွင်း ပါတီ ၀တ်စုံ မ၀တ်ရ

ပါတီများမှ မဲရုံကိုယ်စားလှယ် များသည် မဲရုံအတွင်း သက်ဆိုင်ရာပါတီ၏ ၀တ်စုံများဝတ်ဆင်၍ ၀င်ရောက်ခွင့် မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် အမိန့် ထုတ်ခဲ့သည်ဟု သတင်းရသည်။ ပဲခူးတိုင်း သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်က ထိုအမိန့် မှန်ကန်ကြောင်း၊ ပါတီ မဲရုံကိုယ်စားလှယ်များ အနေဖြင့် အမျိုးသားဝတ်စုံဖြင့်သာ လာခွင့်ရှိကြောင်း၊ သို့သော် ပါတီတံဆိပ်ပါ ရင်ထိုးကိုမူ ရင်ဘတ်တွင် ချိတ်ဆွဲထား နိုင်ကြောင်း ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

စစ်ဆေးရုံ ၀န်ထမ်းများ ကြိုတင်မဲထည့်ပြီး

ရန်ကုန်မြို့ရှိ စစ်ဆေးရုံ အမှတ် ၁ နှင့် အမှတ် ၂ တို့မှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအားလုံး နိုဝင်ဘာ ၁ ရက် နေ့က ကြိုတင်မဲထည့်ခဲ့ရသည်ဟု စစ်ဆေးရုံ အမှတ် ၂ မှ အရာရှိငယ်တဦးက ပြောသည်။ လျှို့ဝှက်မဲပေးသည့် ပုံစံမဟုတ်ဘဲ သက်ဆိုင်ရာ အရာရှိများရှေ့တွင်ပင် ကြံ့ ဖွံ့ပါတီကို မဲထည့်ခဲ့ရကြောင်း ၎င်းကပြော သည်။ စစ်ဆေးရုံဝင်းအတွင်း နေထိုင်သူများက မိသားစုလိုက် ကြံ့ ဖွံ့ပါတီကို ကြိုတင်မဲထည့် ခဲ့ရသည်ဟုလည်း ဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

မဲရုံစောင့်မည့် ဆရာများ ကြိုတင်မဲပေးရ

ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ တာဝန်ကျမည့် ဆရာ၊ ဆရာမများအားလုံး နိုဝင်ဘာ ၅ ရက်နေ့တွင် ကြိုတင်မဲပေးရန် ပညာရေးမှူးရုံးများက ညွှန်ကြားထားကြောင်း သိရသည်။ ကျောင်းအုပ်များက မိမိကျောင်းမှ မဲရုံစောင့်တာဝန်ကျ ဆရာ၊ ဆရာမ စာရင်းကို ပြုစု၍ တင်ပြရမည်ဖြစ်ပြီး အဆိုပါ စာရင်းသည် ကြံ့ဖွံ့ထောက်ခံမဲ ဖြစ်သွားကာ တဦးချင်း၏ ဆန္ဒများကို ကောက်ခံတော့မည် မဟုတ်ကြောင်း၊ တနိုင်ငံ လုံးတွင် မဲရုံစောင့်မည့် ပညာရေးဝန်ထမ်း ၂ သိန်းကျော် ရှိကြောင်း ကျောင်းအုပ်ဆရာမကြီး တဦးကပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ရခိုင် ဒေသတချို့၌ အဓမ္မ ကြိုတင်မဲ ကောက်

ရခိုင်ပြည်နယ် ဒေသတချို့တွင် အဓမ္မ ကြိုတင်မဲ ကောက်ယူမှုများ ရှိနေကြောင်း သိရသည်။ ဖိအားပေးနည်းနှင့် ကြိုတင်မဲ ကောက်ယူကြောင်း၊ ရယက စာရေးများက အိမ်အထိ ကြိုတင်မဲလာယူပြီး ကြံ့ဖွံ့ကို မဲထည့်ရမည်ဟုပြောကြောင်း၊ ထို မဲကို ချိပ်မပိတ်ဘဲ ယူသွားကြောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။ ဂီရိမုန်တိုင်း ဒဏ်ခံဒေသ ၃ ခုတွင် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် စာတင်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ကြာအင်းဆိပ်ကြီး ၀န်ထမ်းများလည်း ကြိုတင်မဲပေးရမည်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အစိုးရ၀န်ထမ်းများ အားလုံး မယက ရုံး၌ နိုဝင်ဘာလ ၅ ရက်နေ့တွင် ကြိုတင်မဲပေးရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ၀န်ထမ်းတွေကမှာ ကြိုတင်မဲအတွက် လျှောက်လွှာ စာရွက်ဖြည့်ထားသည်မှာ ကြာပြီဖြစ်ကြောင်း ၀န်ထမ်းများနှင့် နီးစပ်သူတဦးက ပြောသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်း အများစုရှိပြီး ကြံ့ဖွံ့ပါတီကိုပဲ မဲပေးရမည် ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ အထူး တံဆိပ်ခေါင်းသစ် ထုတ်မည်

စစ်အစိုးရက ရွေးကောက်ပွဲ အထူးထုတ် တံဆိပ်ခေါင်းသစ် ကျပ် ၅၀၀ တန်ကို နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ ဆက်သွယ်ရေး စခန်း စာတိုက်များတွင် ရောင်းချမည် ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။ အထူး အစီအစဉ် တရပ် အနေဖြင့် နေပြည်တော် ဗဟို စာတိုက်၊ ရန်ကုန်၊ မန္တလေး စာတိုက်ကြီးတို့တွင် ၀ယ်ယူသော စာပို့တံဆိပ်ခေါင်းများ ပေါ်တွင် တံဆိပ်ခေါင်းဖျက် အမှတ်အသား တံဆိပ်များ ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ရွေးကောက်ပွဲ သတင်းတို

၂၄ နာရီဈေးများတွင် ကြိုတင်မဲကောက်မည်

သီရိမင်္ဂလာဈေးနှင့် ဗဟိုစံပြ ငါးဈေးကဲ့သို့ ၂၄ နာရီ ဈေးကြီးများရှိ ဈေးသူ ဈေးသားများ အားလုံး နိုဝင်ဘာ ၅ ရက်နေ့တွင် ကြိုတင်မဲ ပေးရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ မဲရုံ တည်ဆောက် ပေးမည် မဟုတ်ဘဲ ဈေးအာဏာပိုင်များမှ တဆင့် ဈေးဆိုင်ရှင်များနှင့် ၀န်ထမ်းများ စာရင်းကို ကောက်ယူ သည့်နည်း အသုံးပြုမည် ဖြစ်ရာ တဦးချင်းစီ၏ ဆန္ဒကို ဖော်ပြခွင့် မရသကဲ့သို့ ကြံ့ဖွံ့ပါတီ အတွက် ထောက်ခံသည့် မဲများသာ ဖြစ်သွားမည်ဟု ယူဆကြောင်း သီရိမင်္ဂလာဈေး တာဝန်ခံ တဦးက ပြောသည်။
Page 15 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်