ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

ဝန်ထမ်းများ ကြံ့ဖွံ့ကိုမဲပေးရန် ဝန်ကြီးချုပ်ညွှန်ကြား

ကြံ့ဖွံ့ပါတီ၏ ဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးသိန်းစိန်က ၎င်း အရွေးချယ်ခံ ၀င်ရောက် ယှဉ်ပြိုင်မည့် နေပြည်တော်ခရိုင် ဇမ္ဗူသီရိ မြို့နယ်တွင် နေထိုင်သော ၀န်ထမ်းများ အားလုံးကို နိုဝင်ဘာလ ၇ ရက်နေ့တွင် မဖြစ်မနေ မဲပေးရမည် ဟူ၍ လည်းကောင်း၊ ယင်းနေ့တွင် မဲမပေးလိုပါက ကြိုတင်မဲ ပေးရမည်ဖြစ်ပြီး ကြံ့ဖွံ့ပါတီကိုသာ မဲပေးရမည်ဟူ၍ လည်းကောင်း ညွှန်ကြားချက် ထုတ်ထားသည်ဟု သိရှိရသည်။
ရွေးကောက်ပွဲ သတင်းတို

မြ၀တီ-ဘားအံ ကားလမ်းပိတ်မည်

မြ၀တီ-ဘားအံ ကားလမ်းကို ရွေးကောက်ပွဲ မတိုင်မီ မနက်ဖြန်မှ စတင်၍ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ အထိ အာဏာပိုင်များက ပိတ်ထားတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဖွင့်လှစ်ထားသည့် ဂိတ်များကိုလည်း ရွေးကောက်ပွဲကာလ၌ ပိတ်ထားရန် မြန်မာအာဏာပိုင်များက ထိုင်းအာဏာပိုင်များကို ပြောကြားထားသည် ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။ ထိုင်း-မြန်မာ နယ်စပ် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားကို မြန်မာ ဘက်က ဇူလိုင်လမှ စ၍ ၃ လ ကျော် ပိတ်ထားခဲ့သော်လည်း မယ်ဆိုင်-တာချီလိတ် တံတားကို ပိတ်မည်မဟုတ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

မန္တလေးမှာလည်း မဲမပေးရေး လှုပ်ရှား

မန္တလေးမြို့ ချမ်းအေးသာဇံ ၊ အရှေ့တောင် မြို့နယ် ၊ ပြည်ကြီးတံခွန် မြို့နယ်များတွင် မဲမပေးရေး စာရွက် စာတမ်းများ ယနေ့ ဖြန့်ဝေကြောင်း၊ နောက်ရက် များတွင်လည်း ဆက်လက် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း NLD မန္တလေးတိုင်း စည်းရုံးရေးမှူး ဦးကိုကိုလေးက ပြောသည်။ မဲမပေးရေး စာရွက် စာတမ်းများကို ယခုရက်ပိုင်း အတွင်း ပိုမိုဖြန့်ဝေလျက်ရှိပြီး နောက်ရက် များတွင်လည်း ဆက်လက် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

တသီးပုဂ္ဂလကိုယ်စားလှယ်ကို ကြံ့ဖွံ့ ပြဿနာရှာ

မဲဆွယ်ပြီး ပြန်လာသော တောင်ဥက္ကလာပမြို့နယ် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာ စောအောင်နှင့် အဖွဲ့ကို ညဥ့်နက်သည်အထိ လူစုဝေးသည်ဟုဆိုကာ ကြံ့ဖွံ့နှင့် အာဏာပိုင်များက ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ ရုံးခန်းဖွင့်လှစ်စဉ်ကလည်း လူအင်အား များပြားပြီး လမ်းပိတ်သွားသည့်အတွက် ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူ သတိပေးသည်ကို ခံခဲ့ရသည်။
ရွေးကောက်ပွဲ သတင်းတို

NDF မဲဆွယ်ဆိုင်းဘုတ်များ ကြံ့ဖွံ့ ဖြုတ်ချ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် NDF ၏ မဲဆွယ် ဆိုင်းဘုတ်များကို ကြံ့ဖွံ့ပါတီက လိုက်လံ ဖြုတ်ချနေကြောင်း ၊ ကြံ့ဖွံ့ပါတီ၏ တိုက်ခိုက်ပြောဆိုမှုကြောင့် ၎င်းတို့အပေါ် ပြည်သူများ ဇဝေဇဝါ ဖြစ်ကြရကြောင်း ဖားကန့်မြို့နယ်မှ ၀င်ရောက် အရွေးခံမည့် NDF ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာက ဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

တောင်တွင်းကြီးကဝန်ထမ်းများ ကြံ့ဖွံ့ကိုကြိုတင်မဲပေးရ

တောင်တွင်းကြီး မြို့နယ်အတွင်းရှိ အစိုးရ ၀န်ထမ်းများ အားလုံးကို နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အတွင်း ကြိုတင်မဲများ မပေးမနေရ ကောက်ခံနေပြီး ကြံ့ဖွံ့အမှတ်တံဆိပ် ခြင်္သေ့ပုံ ဘေးတွင်သာ အမှန်ခြစ်ရန် တာဝန်ရှိသူများက ဖိအားပေး စေခိုင်းကြောင်း သတင်းရရှိသည်။ ကြိုတင်မဲပေးရသည့် စာရွက်တွင် မည်သည့် အထောက်အထားမှ မပါဘဲ ကြံ့ဖွံ့ကို  အမှန်ခြစ်ပေးရ သောကြောင့် ၀န်ထမ်းများနှင့် သက်ဆိုင်ရာ ကော်မရှင်အကြား ပြဿနာများ ဖြစ်ပွားနေကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့ မဲရရေး အကျွေးအမွေးဖြင့် စည်းရုံး

ကရင်ပြည်နယ် မြ၀တီမြို့အမှတ် ၃ ရပ်ကွက်တွင် ရယက ဥက္ကဌ က ရပ်မိရပ်ဘများနှင့် ရာအိမ်မှူး ဆယ်အိမ်မှူးများကို ယမန်နေ့က ဖိတ်ခေါ်ကာ အကျွေးအမွေးဖြင့် ဧည့်ခံပြီး ကြံ့ဖွံ့ပါတီ မဲရရှိရေး အတွက် ပြောကြောင်း သိရသည်။ မြ၀တီမြို့ တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အစိုးရ၀န်ထမ်းများ ကြားတွင်သာ စိတ်ဝင်စားမှုရှိပြီး သာမန် အရပ်သူ အရပ်သားများက စိတ်ဝင်စားမှု မရှိကြောင်း၊ ထို့ကြောင့် ကြံ့ဖွံ့ ပါတီကို မဲပေးရန် စည်းရုံးနေခြင်းဖြစ်ကြောင်း မြ၀တီမြို့ရှိ ရဲ ၀န်ထမ်း တဦးက ပြောဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

မထသ ဝန်ထမ်းအားလုံး ကြိုတင်မဲပေးရမည်

မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) လက်အောက်ရှိ ၀န်ထမ်းအားလုံး နိုဝင်ဘာ ၅ ရက်နေ့၌ ကြိုတင်မဲပေးနိုင်ရန် မထသ ရုံးချုပ်တွင် မဲ ရုံ ၂ ခု တည်ဆောက်ပေးမည်ဟု သိရသည်။ ရုံးဝန်ထမ်းများ၊ ယာဉ်မောင်းများနှင့် ယာဉ်အကူများအားလုံး မိမိနေရပ်တွင် မဲ သွားပေးရန် မလိုတော့ကြောင်း၊ ကျိုက္ကဆံ လမ်းမကြီးပေါ်ရှိ မထသ ဗဟို ရုံးတွင်သာ ကြိုတင်မဲ မပေးမနေရ သွားပေးရမည်ဖြစ်ကြောင်း၊ ဌာနအလိုက် လူစုက ကြိုတင်မဲ လာရောက်ပေးနိုင်ရန် ကားများ စီစဉ်ပေးမည်ဖြစ်ကြောင်း မထသ အရာရှိကြီးတဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့ကိုမဲမထည့်ပါက ရွာပြောင်းရမည်ဟု ဖိအားပေး

မကွေးတိုင်း မြို့သစ်မြို့နယ်ရှိ တပ်မတော်ကာကွယ်ရေး ပစ္စည်းများထုတ်လုပ်သော ကပစ အမှတ် ၁၇ တပ်ရင်းမှ ဗိုလ်ကြီးကိုကိုဦးနှင့် ဗိုလ်ကြီးအောင်ကျော်လင်းတို့သည် ၎င်းတို့၏တပ်နှင့် အနီးတ၀ိုက်ရှိ ကျေးရွာများမှ ပြည်သူများအား ကြံ့ဖွံ့ပါတီ ကိုသာ မဲပေးကြရန်နှင့် ကြံ့ဖွံ့ကို မဲမထည့်ပါက ကျေးရွာများကို ပြောင်းရွှေ့ခြင်း၊ ရွာမှ နှင်ထုတ်ခြင်းများ ပြုလုပ်မည်ဟု ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဗိုလ် ၂ ဦးက မြို့သစ်မြို့နယ်အတွင်းရှိ ရပ်မိရပ်ဘများကို ခေါ်ယူကာ ကြံ့ဖွံ့ကို ရွာသားများ မဲထည့်ရန် စည်းရုံးခိုင်းကြောင်း၊ မည်သည့်အစိုးရ အုပ်ချုပ်သည် ဖြစ်စေ စစ်တပ်သည် အမြဲအာဏာ ရှိနေမည် ဖြစ်၍ စစ်တပ်၏ ပြောဆိုမှုကို လိုက်နာရန်လိုအပ်သည်ဟု ပြောကြောင်း၊ ထို့အပြင် ဒေသဆိုင်ရာအာဏာပိုင်များကလည်း မြို့သစ်မြို့နယ်အတွင်းရှိ ၀န်ထမ်းများနှင့် တခြားသော ကျေးရွာများတွင် ကြိုတင်မဲကောက်ခံမှုကို ဆက်တိုက် လုပ်ဆောင် နေကြောင်း ဒေသခံများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ဝန်ထမ်းများ ဌာနအလိုက် မဲမပေး မနေရ

နေပြည်တော်မှ ၀န်ထမ်းများသည် ၀န်ကြီးဌာနအလိုက် သတ်မှတ်ထားသည့် အချိန်အတိုင်း သွားရောက် မဲပေးရမည်ဖြစ်ပြီး ဝန်ကြီးဌာန တခုလျှင် မိနစ် ၅၀ အချိန်ပေးထားကြောင်း သတင်းရရှိသည်။ မဲရုံသို့ မသွားမနေရ လူစစ်၍ သွားခိုင်းမည် ဖြစ်ကြောင်း၊ ပြည်သူကို ကောင်းကျိုးပြုနိုင်မည့်သူကို မဲပေးကြရန် ကိုယ့်ဉာဏ်နှင့်ကိုယ်ရွေးဟု ပြောကြောင်း၊ ဝန်ထမ်းများက အလုပ်ရှုပ်ခံ၍ မသွားလိုကြောင်းနှင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိလျှင် ကြံ့ဖွံ့ပါတီမှ တပါး တခြားပါတီကို ရွေးမည် ဖြစ်ကြောင်း ဝန်ထမ်းများက ဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

မဲမပေးရေး စာဖြန့်သူ ထိန်းသိမ်းခံရ

နိုင်ငံသား တယောက်အနေဖြင့် မဲပေးပိုင်ခွင့်ရှိသကဲ့သို့ မဲမပေးဘဲ နေနိုင်ခွင့်လည်း ရှိသည် ဆိုသည့် စာရွက်များ ဖြန့်ဝေခဲ့သော ဒဂုံမြို့သစ်မြို့နယ်(တောင်ပိုင်း) NLD စည်းရုံးရေးအဖွဲ့ဝင် ကိုအေးသွင်ကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် အာဏာပိုင်များက နေအိမ်မှ လာရောက် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ အာဏာပိုင်များက ဆွေးနွေးစရာရှိသည်ဟု ဆိုကာ ကိုအေးသွင်၏ ဒီဂျစ်တယ် ကင်မရာနှင့် မဲမပေးရေး လက်ကမ်းစာရွက်များ ကိုပါ သိမ်းဆည်းသွားပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုမူ မသိရသေးပေ။
ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့ စွမ်းအားရှင်ကို လုံခြုံရေးအတွက်သုံး

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြပွဲများ ဖြိုခွင်းရေးအတွက် အသုံးပြုခဲ့သော စွမ်းအားရှင်များအား ကြံ့ဖွံ့ပါတီ တွင် ပါတီဝင်များဖြစ်ခွင့်ပေးခဲ့ပြီး လုံခြုံရေး အတွက် တာဝန် ပေးထားကြောင်း စွမ်းအားရှင်ဟောင်းတဦးက ပြောသည်။ အဆိုပါ စွမ်းအားရှင်ဟောင်းမှာ ယခင် လှိုင်သာယာမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၂၀၀၇ ခုနှစ် သြဂုတ်လ အတွင်း ရန်ကုန်မြို့ ကမာရွတ် လှည်းတန်းတွင် မစုစုနွေးနှင့် အဖွဲ့ကို အကြမ်းဖက် ဖြိုခွင်းခဲ့ရာတွင်လည်းကောင်း၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလ တာမွေကျောင်းရှေ့၌ ဖြိုခွင်းရာတွင်လည်းကောင်း တာဝန်ပေးခြင်းခံခဲ့ရသူ ဖြစ်ကြောင်း သိရှိရသည်။
Page 17 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်