ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

ကလေးတွင် ပယ်မဲများနိုင်

စစ်ကိုင်းတိုင်း ကလေးမြို့တွင် မဲဆန္ဒပြုသည့်နေရာမှာ အကာအရံ မရှိကြောင်း၊ မဲပေးသူ နည်းပါးပြီး ထိုအထဲမှ အများစုမှာ ချင်းတိုးတက်ရေးပါတီ အမှတ်တံဆိပ် နွားနောက်ကိုသာ ပေးကြကြောင်း ဒေသခံများကပြောသည်။ သို့ရာတွင် မဲပေးသူ အများစုမှာ မည်သို့ မဲပေးရမည်ကို မသိသောကြောင့် နွားနောက်ပုံ နဘေးတွင် အမှန်ခြစ်ရမည့်အစား မိမိ အမည်ကို ရေးလာသောကြောင့် ပယ်မဲ ဖြစ်သွားကြောင်း လေ့လာသူ တဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

သာစည်တွင်လည်း မဲပေးသူနည်း

မန္တလေးတိုင်း သာစည်မြို့နယ် ဟံဇားတိုက်နယ် ကျေးရွာကြီးရှိ မဲရုံများတွင် မဲပေးသူမှာ မနက် ၈ နာရီခန့်က အနည်းငယ်သာရှိခဲ့ပြီး ယခုအချိန်တွင် မဲပေးသူ တဦးမျှ မရှိ၍ ကြံ့ဖွံ့ပါတီဝင်များက ဆိုင်ကယ်များ၊ ကားများဖြင့် တအိမ်တက်ဆင်း မဲလာပေးရန် လိုက်လံ လှုံ့ဆော်နေကြောင်း၊ ခြိမ်းခြောက်ခံရ၍ မဲသွားပေးသူများကလည်း ပယ်မဲဖြစ်စေရန်များ ပြုလုပ်ခဲ့ကြောင်း ဟံဇား ဒေသခံ တဦးက ပြောသည်။ ထို့အတူ သာစည်မြို့ပေါ်ရှိ မဲရုံများတွင်လည်း မဲလာပေးသူ အနည်းငယ်သာရှိ၍ ကြံ့ဖွံ့ပါတီဝင်များက မဲလာပေးရန် နှိုးဆော် နေကြသည်ဟု ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

သံဖြူဇရပ်မှာ မွန်ပါတီ အခြေအနေကောင်း

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ မဲဆန္ဒရှင် အများစုမှာ ဒေသကိုယ်စားပြု ပါတီဖြစ်သော မွန် ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ ကိုသာ အဓိက မဲပေးကြကြောင်း သိရသည်။ သံဖြူဇရပ်မြို့ခံတဦးက“ကျမတို့ မြို့မှာ မွန် ပါတီသစ်ကို မဲပေးကြတာ များပါတယ်။ ကျမလည်း ကိုယ့် မွန်ပါတီကိုပဲ ထည့်ခဲ့တယ်” ဟု ဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

ကျောက်တံခါး၌ ကြံ့ဖွံ့နှင့် တစည အပြိုင် မဲဆွယ်

ပဲခူးတိုင်း ကျောက်တံခါး မြို့နယ်ရှိ တောင်ပေါ် ရွာများတွင် မဲထည့်မည့် သူများကို ကြံ့ဖွံ့နှင့် တစည က ၎င်းတို့ကို မဲပေးရန် အပြိုင် စည်းရုံး နေကြောင်း သတင်း ရသည်။ ဖဒို တိုက်နယ် အတွင်းရှိ ရွှေဂျို့ပင်၊ ၀ိုင်းကြီး၊ မီးတိုင်တော ရွာများတွင် တစည ပါတီက ကြံ့ဖွံ့ပါတီသည် ဒီပဲယင်း အရေးအခင်း တွင် ဒေါ်အောင်ဆန်း စုကြည်ကို စနစ်တကျ လုပ်ကြံသည့် အဖွဲ့ဖြစ်၍ မဲ မပေးရန် ဟော ပြော ကြောင်း၊ လက်ရှိ အခြေ အနေ တွင် တစည ပါတီက အသာ ရနေ ကြောင်း ဒေသခံများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

မဲရုံ တာဝန်ကျ ရယက တခြားသူမဲပြား ယူခြစ်

ကရင်ပြည်နယ် ဘားအံမြို့အမှတ် ၂ ရပ်ကွက်ရှိ မဲရုံ (၁)၌ လုံခြုံရေး တာဝန်ကျသည့် ရယက အဖွဲ့ဝင် ဦးမောင်မောင်က မဲဆန္ဒရှင် တဦး၏ မဲပြားကိုယူ၍ ကိုယ်တိုင်မဲခြစ်ပေးခဲ့ကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် နန်းစေအွာ က ပြောသည်။ “ကျမ ကော်မရှင်ကိုလည်း ပြောတယ်၊ ယရက အဖွဲ့ဝင် တဦးဟာလို့ ပြည်သူရဲ့မဲပြားတပြားကို အဲဒီလိုမျိုး ခြစ်ခွင့်ရှိလားလို့ မေး လိုက်တယ်၊ မရှိပါဘူးတဲ့ သူမှားပါတယ်ပေါ့နော်၊ မလုပ်တော့ပါဘူးတဲ့၊ ကျမကတော့ မကျေနပ်ဘူးလို့ ပြောလိုက်တယ်၊ အဲဒီလူ ကိုလည်း မဲရုံမှာ မထားပါနဲ့လို့ ပြောလိုက်တယ်။ သူ့ကို ချက်ချင်းပဲ မဲရုံမှာ မထားတော့ဘူး”ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

လင်းခေး ပမ်ပေါင်း ရပ်ကွက် မဲရုံ SNDP အနိုင်ရ

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ပမ်ပေါင်းရပ်ကွက် မဲရုံ၌ မဲများကို ရေတွက်ရာတွင် SNDPက အနိုင် ရရှိ ကြောင်း ပါတီမှ ၀င်ရောက် အရွေးချယ်ခံသူ ဦးစိုင်းလှကျော် က ပြော သည်။ “ပြည်သူ့ လွှတ်တော် အတွက် ပယ်မဲ ၁၈ မဲ၊ ကြံ့ဖွံ့ က ၃၇ မဲ၊ ကျားဖြူ က ၆၉ မဲ။ အမျိုးသား လွတ်တော် အတွက် ပယ်မဲ ၂၅ မဲ၊ ကြံ့ဖွံ့ က ၃၉ မဲ၊ ကျားဖြူ က မဲ ၆၀ ။ ပြည်နယ် လွှတ်တော် အတွက် ပယ်မဲ ၁၆ မဲ၊ ကြံ့ဖွံ့ က ၃၆ မဲ၊ ကျားဖြူ က  ၇၂ မဲ ရပါတယ်။ သက်ဆိုင်ရာ လူကြီး တွေ ရှေ့မှာ မဲကို ရေတွက်လိုက်ပါတယ်”ဟု ၎င်းက ဆိုသည်။ ပမ်ပေါင်း ရပ်ကွက်တွင် မဲ ပေးရမည့် သူ ၃၃၆ ဦး ရှိရာ ၁၂၄ ဦး လာရောက် မဲ ပေးခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

သုံးခွတွင် ကြံ့ဖွံ့နှင့် NDF မကျေမလည်ဖြစ်

သုံးခွမြို့နယ် မဲရုံအမှတ် ၉ တွင် ကြံ့ဖွံ့ပါတီကို အတင်းအကျပ် မဲပေးခိုင်းမှုနှင့် ပတ်သက်၍ ကြံ့ဖွံ့ပါတီနှင့် NDF ပါတီဝင်များ အခြေအတင် ဖြစ်နေကြကြောင်း သတင်းရရှိသည်။ ထို့ပြင် အဆိုပါမြို့နယ် ညောင်လေးပင် ကျေးရွာတွင်လည်း မဲသွားထည့်သူ ကျေးရွာသားများကို ကြိုတင်မဲ ပေးပြီးဖြစ်သောကြောင့် မဲထပ်မံ ပေးခွင့်မရှိဟု တာဝန်ရှိသူများက တားမြစ်သည်ဟု သိရသည်။ ထိုရွာသားများမှာ ကြိုတင်မဲ ပေးထားပြီးဖြစ်ကြောင်း မရှိကြဟု ပြောဆိုကြသည်။
ရွေးကောက်ပွဲ သတင်းတို

မြ၀တီမှာ စစ်ရေးတင်းမာ

ယနေ့ ရွေးကောက်ပွဲကျင်းပနေစဉ်မှာပင် ကရင်ပြည်နယ် မြ၀တီမြို့၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်နှုတ်ခမ်းမွေးအဖွဲ့နှင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုဖြစ်ပွားရာ မြ၀တီရဲစခန်းနှင့် နယ်စပ် ဂိတ်တခုကို DKBA တပ်များက ၀ိုင်းခဲ့သည်။ နောက်ဆုံးရသည့် သတင်းများအရ နှစ်ဘက်အပြန်အလှန် ညှိနှိုင်းနေကြောင်း သိရ သည်။
ရွေးကောက်ပွဲ သတင်းတို

နယ်စပ်ဖြတ်ကျော် သတင်းယူသူ ဂျပန်သတင်းထောက် အဖမ်းခံရ

ထိုင်း မြန်မာ နယ်စပ် မြဝတီမြို့တွင် ဂျပန်သတင်းထောက် တဦးကို ဒေသခံအာဏာပိုင် များက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။ ထိုင်းဘက်အခြမ်း မဲဆောက်မြို့မှ မြဝတီသို့ တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်ကာ ရွေးကောက်ပွဲ သတင်း ယူသည့် အဆိုပါ ဂျပန် သတင်းထောက်ကို နံနက် ၈ နာရီခွဲခန့်က ဖမ်းဆီးသွားကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ရခိုင်တွင် တိုင်းရင်းသားပါတီ RNDP အားကောင်း

ရခိုင်ပြည်နယ်၏ မြို့နယ်အများစုမှ မဲဆန္ဒရှင် အများစုသည် ရခိုင်တိုင်းရင်းသား ပါတီတခုဖြစ်သော RNDP ပါတီကိုသာ မဲပေးခဲ့ကြကြောင်း ဒေသခံများက ပြောသည်။ ရခိုင်ပြည်တွင် လေဘေးသင့် ဒေသများက မဲရုံလာသူ နည်းပါးပြီး စစ်တွေ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ သံတွဲ၊ တောင်ကုတ် စသည့်မြို့နယ်များတွင် ၇၀ ရာခိုင်နှုန်းကျော် မဲလာပေးကြကြောင်း သိရသည်။  မဲရုံတချို့ရှေ့တွင် ကြံ့ဖွံ့ပါတီကို မဲပေးရန် လိုက်လံစည်းရုံးနေသည်ကို တွေ့ရကြောင်းလည်း ဒေသခံများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

မြစ်ကြီးနားတွင် ကြံ့ဖွံ့ကို အားပေးသူများ

မြစ်ကြီးနား မြို့ပေါ်တွင် ကြံ့ဖွံ့ပါတီ အားကောင်းနေကြောင်း၊ နံနက် ၆ နာရီခန့် ကတည်းက ကြံ့ဖွံ့ပါတီ ဝတ်စုံများ ဝတ်ကာ မဲသွားပေးသည်ကို တွေ့ရကြောင်း၊ ကျားဖြူပါတီ ရှိသော်လည်း ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် ရပ်ကွက် တွင်သာ မဲရ နိုင်ကြောင်း၊ NDF ပါတီ အားနည်းကြောင်း မြစ်ကြီးနား အခြေစိုက် သတင်းထောက် တဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ရန်ကုန်မြို့နယ်တချို့ မဲ ပေးရာတွင် မလုံခြုံ

အလုံ၊ ကြည့်မြင်တိုင် နှင့် စမ်းချောင်း မြို့နယ်များတွင် မဲရုံအများစုမှာ လုံခြုံမှုမရှိကြောင်း၊ မဲပေးရသည့် နေရာကို လူအများမြင်ကွင်းသို့ လှည့်ထားကြောင်း၊ စမ်းချောင်းမြို့နယ်တွင် မဲပေးသူကို လိုက်လံ ကြည့်ရှုကြောင်း လေ့လာသူ တဦးထံမှ သိရသည်။
Page 4 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်