ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

ချောက်မှာ NDF နှင့် တစည ကို မဲပေးခိုင်း

မကွေးတိုင်း ချောက်မြို့ရှိ မဲရုံများတွင် မဲပေးသူလွန်စွာနည်းပါးပြီး လာရောက်မဲပေးသူများက NDF ပါတီနှင့် တစည ကိုသာ မဲပေးကြောင်း သတင်းရရှိသည်။“မဲရုံတွေ ခြောက်ကပ်နေတာပဲ။ မြို့ပေါ်က လူတွေက စိတ်မ၀င်စားကြဘူး။ မဲလာပေးတဲ့သူ အများစုက ရွာတွေက၊ မဲမပေးရင် ဘာဖြစ်မယ် ညာဖြစ်မယ် အာဏာပိုင်တွေ ခြိမ်းခြောက်လို့ လာပေးတာပြောတယ်။ ပယ်မဲ ဖြစ်အောင် လုပ်တဲ့သူနဲ့ တစညနဲ့ NDF ကိုပဲ ပေးတဲ့သူများတယ်”ဟု မဲပေးခဲ့သူတဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

မိတ္ထီလာမှာလည်း ကြံ့ဖွံ့နှင့် တစည ပြဿနာဖြစ်

မိတ္ထီလာမြို့ရှိ မဲရုံများတွင် နံနက် ၁၁ နာရီရောက်လာသော်လည်း မဲပေးသူ အလွန်နည်းပါးကြောင်းသိရသည်။ မဲဆန္ဒနယ်မြေ ၁၄၊ ၁၅ နှင့် ၁၆ အတွက် မဲရုံအမှတ် (၇)တွင် မဲရုံမှူးက နားမလည်သူများ သက်ကြီးရွယ်အိုများကို ခြင်္သေ့ရုပ် လက်ထောက်ပြ၍ ထည့်ခိုင်းနေကြောင်း၊ အဆိုပါ ကိစ္စကို မှတ်တမ်းဓာတ်ပုံရိုက်ယူသည့် တစည အဖွဲ့ဝင်တဦးကို တားဆီး မောင်းထုတ်ရာမှ ကြံ့ဖွံ့ ပါတီဝင်နှင့် တစည ပါတီဝင်များ အခြေအတင် အငြင်းပွားမှု ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲ သတင်းတို

မြောက် ဥက္ကလာ မဲမပေးရေး လှုပ်ရှားသူ ၂ ဦးကိုဖမ်း

ရန်ကုန်တိုင်း မြောက် ဥက္ကလာပ မြို့နယ် နှင့် တောင်ဒဂုံ မြို့နယ် အတွင်း မဲမပေးရေး စာရွက်ဖြန့်ဝေသည့် လူငယ်တချို့ယနေ့ နံနက်ပိုင်း က အဖမ်းခံရကြောင်း သတင်း ရရှိ သည်။“ဒီနေ့ မြောက်ဥက္ကလာ (ဈ) ဈေးအနီး စာရွက် ဝေ သူ ၂ ယောက် အာဏာပိုင် တွေက စစ်ဆေး ဖို့ ခေါ်သွားတယ်၊ တောင် ဒဂုံ မှာ NLD သိန်းမြင့်ထွန်းနဲ့အဖွဲ့ NO လှုပ်ရှားရာမှာ အာဏာပိုင် တွေနဲ့ ပြသနာဖြစ် တယ်” ဟု မဲမပေးရေး လှုပ်ရှားသူ တဦးက ဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

သန်လျင်တွင် မဲ မသမာမှုများရှိ

သန်လျင်မြို့နယ် ကံလှကျေးရွာတွင် မဲ လာပေးသူတဦးက မည်သည့်ပါတီကို မဲပေးရမည် မသိ ဖြစ်နေစဉ် လူတဦးက လက်ဝါး၌ စာရေးပြကြောင်း၊ ထို့ပြင် မဲ ပေးသည့်နေရာမှာ လုံခြုံမှု မရှိသောကြောင့် ထိုသူ မဲပေး သည်ကိုလည်း ချောင်းကြည့် သည်ဟု လေ့လာသူ ထံမှ သိရသည်။ ထို့ပြင် ၎င်းမြို့နယ် မြို့မတောင် ရပ်ကွက်တွင် ကြံ့ဖွံ့ပါတီဝင် တဦးက မဲလာပေးရာ မှတ်ပုံတင် ယူမလာဘဲ မဲစာရွက်ကို တောင်းယူ၍ ၎င်း၏ သဘောအတိုင်း မဲဝင်ပေးသဖြင့် မဲရုံမှူးနှင့် အချင်းများသည်ဟု သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့ မဲရုံကိုယ်စားလှယ်များ ပါတီဝတ်စုံဖြင့် မဲရုံတွင်း ဝင်ထိုင်နေကြ

သန်လျင်မြို့နယ် ကတက်ချဉ် ကျေးရွာရှိ မဲရုံအတွင်းတွင် မဲရုံကိုယ်စားလှယ် အဖြစ်တာဝန်ယူသူ ကြံ့ဖွံ့ပါတီဝင် ၅ ဦးခန့်သည် ၎င်းပါတီ ဝတ်စုံကို ဝတ်လျက် မဲရုံအတွင်း ဝင်ထိုင်နေသည်ကို တွေ့ရသည်ဟု လေ့လာစောင့်ကြည့်သူ ဒေသခံတဦးက ပြောသည်။ သုံးခွမြို့နယ် ညောင်လေးပင် ကျေးရွာတွင်လည်း ကြိုတင်မဲ ကောက်ယူထားသည့် အရေအတွက်မှာ ရှိရမည့် ပမာဏထက် များစွာပိုနေကြောင်း NDF ကိုယ်စားလှယ် တဦးထံမှ သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ရန်ကုန်တွင် NDF နှင့် တစညကို မဲပေးသူများ

ရန်ကုန်တွင် NDF ပါတီနှင့် တစည ပါတီကို မဲပေးသူ များပြားကြောင်း၊ မဲလိမ်မှု၊ မဲခိုးမှုများ မရှိဘဲ တရားမျှတမည် ဆိုပါက NDF ပါတီ အနိုင်ရရှိနိုင်သည် ဟု ထင်ကြောင်း ရန်ကုန် အခြေစိုက် သတင်းထောက် များ၏ အဆိုအရ သိရသည်။ ယနေ့တွင် ရန်ကုန်မြို့တွင်း၌ ရှင်းလင်းနေပြီး လူအသွားအလာ ကားအသွားအလာ နည်းပါးကြောင်း၊ လမ်းဘေးဈေးသည်များ လုံးဝ မရှိကြောင်းလည်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

အင်းစိန်မှာ ကြံ့ဖွံ့ မဲရုံတွင်းဝင် မဲဆွယ်၍ ပြဿနာဖြစ်

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကမ်းနားလမ်း မဲရုံတွင် ကြံ့ဖွံ့ပါတီက မဲရုံအတွင်းဝင်ရောက်ပြီး မဲဆွယ်သဖြင့် ပြိုင်ဘက် ပါတီ တခုဖြစ်သော တစည ပါတီဝင်များနှင့် ယနေ့နံနက်က ပြဿနာဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယင်းပြဿနာကြောင့် မဲရုံကို ခေတ္တပိတ်လိုက်ရပြီး ခရိုင် ရဲမှူးကြီးလာရောက်ဖြေရှင်းပေးမှ ပြဿနာပြီးဆုံးခဲ့ပြီး မဲရုံ ပြန်လည်ဖွင့်လှစ် ခဲ့ရသည်ဟု သိရသည်။
ရွေးကောက်ပွဲ သတင်းတို

မဲမပေးသူများ ဖမ်းဆီး ဒဏ်ရိုက် ခံရမည်

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ဘင်ဂွရွာ ရယက ဥက္ကဋ္ဌ ဦးသန်းစိုးမြင့် က မဲလာမပေးသည့် သူများကို ဖမ်းဆီးမည်၊ ဒဏ်ငွေ ဆောင်ရမည်ဟု ခြိမ်းခြောက် ကြောင်း၊ လယ်ယားတောင်၊ တောင်ခြေ ကျေးရွာများတွင်လည်း အလားတူ အဖြစ်အပျက်များ ဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ကျောက်ပန်းတောင်းမှာ အသံချဲ့စက်ဖြင့်ခေါ် မဲပေးခိုင်း

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ပေါ် ရပ်ကွက်များတွင် မဲပေးသူနည်းပါကြောင်း၊ ကျေးရွာများတွင်လည်း မဲပေးသူ နည်းပါသောကြောင့် မဲပေးရန်အတွက် ကျေးရွာ ရယကများက အသံချဲ့စက်များဖြင့် ခေါ်ယူနေကြောင်း သတင်းရသည်။
ရွေးကောက်ပွဲ သတင်းတို

ဒလ မှာ NDF အလားအလာကောင်း

NLD အဖွဲ့ဝင် ၇ ဦးခန့်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒလမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် ပုံနှင့် စာရွက် စာတမ်းများ ကိုင်ဆောင်ပြီး မဲမပေးရေး လှုပ်ရှားခဲ့ သော်လည်း ဒေသခံ အားလုံးနီးပါးက NDF ပါတီကို မဲပေးခဲ့ကြကြောင်း ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။ NDF အနေဖြင့် ရန်ကုန်တိုင်း ရန်ကင်း၊ စမ်းချောင်း နှင့် ဒလမြို့နယ် များတွင် အနိုင်ရရန် အလားအလာကောင်းနေကြောင်းလည်း ပြောဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့ကိုယ်တိုင် အမှန်ခြစ် မဲထည့်ခိုင်း

မွန်ပြည်နယ် မုဒုံမြို့ နယ် ကော့ခလယ် ကျေးရွာရှိ မဲရုံတွင် ကြံ့ဖွံ့ ပါတီဝင်များ ကိုယ်တိုင် မဲပြားတွင် ထောက်ခံမဲ ခြစ်ပေးကာ မဲထည့် ခိုင်း နေကြောင်း သိရ သည်။“ကြံ့ဖွံ့ တွေ အနိုင်ရဖို့ အတွက် ရွေးကောက်ပွဲ ဥပဒေကို လုံးဝ ဂရုမစိုက်ဘဲ ခြင်္သေ့ အမှတ်ဘေးမှာ ၀င်ပြီး ခြစ်ပေး နေတယ်၊ ကျနော်တို့ ပါတီကျတော့ စောင့်ကြည့် လေ့လာ တာကို ခွင့်မပြု လိုဘူး၊ ဒီကိစ္စ အတွက် ကျနော်တို့ ပါတီဝင် တွေနဲ့ ကြံ့ဖွံ့တွေ ပြဿနာ တက်နေတယ်” ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီဝင် တဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ရေနီမှာ မဲပေးသူနည်းပါး

ပဲခူးတိုင်း ရေနီမြို့တွင် လာရောက် မဲပေးသူ နည်းပါးသည့် အတွက် ကြံဖွံပါတီက နေအိမ်များသို့ ဆိုင်ကယ်များ၊ ဆိုက်ကားများ ဖြင့် သွားရောက်ခေါ်ယူနေကြောင်း သတင်း ရသည်။ မဲရုံဖွင့်ချိန် နံနက် ၆ နာရီမှစ၍ ၁၀ နာရီ ကျော် အထိ မဲပေးသူနည်းပါးသည့် အတွက် ထိုသို့ အိမ်တိုင်ရာရောက် ခေါ်ယူရခြင်း ဖြစ်သည် ဟု ဒေသခံ တဦးက ပြောသည်။
Page 5 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်