သတင်းတိုများ

သတင်းတိုများ

မစ္စတာ ကင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိ

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် ယမန့်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အစိုးရအရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးသည်။ မစ္စတာ ကင်တားနားသည် မြန်မာ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲဝန်ကြီး၊ မြန်မာနိုင်ငံ ဒုတိယရဲချုပ်တို့နှင့် နေပြည်တော်၌ တွေ့ဆုံသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှ ပြန်

သမ္မတ ဦးသိန်းစိန်နှင့် ယမန်နေ့က တွေ့ဆုံပြီးနောက် aဒါ် အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့သို့  ပြန်လည်ထွက်ခွာသည်။ စနေနေ့ နံနက်တွင် ကျင်းပသည့် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်ပြီး အစိုးရအဖွဲ့မှ အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်း၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်၊ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း နှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်ချုပ် သိန်းဌေး တို့နှင့် တွေ့ဆုံဆွေးနွေးသည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် အတူလိုက်ပါသွားသူ ဦးခွန်သာမြင့်က ပြောသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန် ခေတ္တ တွေ့ဆုံ

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ စတင်သည့် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ မတိုင်မီ သမ္မတဦးသိန်းစိန်နှင့် ခေတ္တ တွေ့ဆုံပြီးနောက်  အစိုးရရုံးစိုက်ရာ နေပြည်တော်ကို လှည့်လည် ကြည့်ရှုသည်ဟု သိရသည်။ ဧရာဝတီက ရရှိသည့် သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ယနေ့ တက်ရောက်ခြင်း မရှိသေးပေ။ နေပြည်တော် အစိုးရ အရာရှိတဦးကို ကိုးကား၍ ရေးသားထားသည့် Reuters သတင်းတပုဒ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ဆွေးနွေးပွဲသို့ သွားရောက်ခြင်း မရှိကြောင်း၊  သမ္မတဦးသိန်းစိန်ကသာ အဖွင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။
သတင်းတိုများ

မြန်မာ့ရွှေဈေး ထိုးတက်

တရှိန်ထိုး တက်သွားသည့် ကမ္ဘာ့ရွှေဈေးကြောင့် မြန်မာ့ရွှေဈေးလည်း ထိုးတက်နေပြီး ယနေ့ အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ၇၀၃,၅၀၀ ကျပ်အထိ ရောက်ရှိသွားကြောင်း သတင်း ရရှိသည်။ ရွှေဈေး တက်လွန်းသဖြင့် ရွှေရောင်းဝယ်သူ နည်းပါးနေသည်ဟု သိရှိရသည်။ ကမ္ဘာ့ရွှေဈေးက တအောင်စ ၁၈၅၁ ဒေါ်လာ ဖြစ်နေသည်။ အမေရိကန်ဒေါ်လာတန်ဖိုးလည်း ဆက်တိုက် ကျဆင်းလျက်ရှိရာ ယခုအခါ တဒေါ်လာလျှင် ၇၂၃ ကျပ် ဖြစ်နေသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သွားပြီ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရက ဖိတ်ကြားထားသည့် နိုင်ငံတော် စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ရန် နေပြည်တော်သို့ ယနေ့ နံနက်ပိုင်းတွင် ထွက်ခွာသွားသည်။  နေ့လယ် ၁နာရီတွင် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား စတင်မည်ဖြစ်ပြီး ၁၂နာရီ မိနစ် ၃၀တွင် စတင်ရောက်ရှိရန် ဆော်သြထားသည်။  နေ့လယ် ၂နာရီမှ ညနေ ၆နာရီအထိ ဆွေးနွေးကြမည်ဖြစ်သည်။
သတင်းတိုများ

ပြည်ပရောက်သူများ ပြန်လာလိုလျှင် စဉ်းစားပေးမည်ဟု ဆို

ပြည်ပရောက်နေသည့် မြန်မာများ ပြစ်မှုကျူးလွန်ထားခြင်း မရှိလျှင် အချိန်မရွေး ပြည်တွင်းသို့ ပြန်လာလိုပါက စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့လျှင်လည်း ပြစ်ဒဏ်ခံယူရေး ပြန်လာလျှင် စဉ်းစားပေးမည်ဟု သမ္မတ ဦးသိန်းစိန်က ယမန်နေ့က နေပြည်တော် အခမ်းအနားတွင် ပြောသည်။ ပြည်ပရောက် အတိုက်အခံများကမူ ပြည်တွင်းမှ နိုင်ငံရေးအကျဉ်းသားများကို လွှတ်မပေးသေးဘဲ ပြည်ပရောက်သူများအား ဖိတ်ခေါ်မှုအပေါ် သံသယရှိကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
သတင်းတိုများ

သမ္မတ ဦးသိန်းစိန် KIO ကို ပြစ်တင်ဝေဖန်

ကချင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ (KIO) သည် ကချင်လူထုကို ကိုယ်စားမပြုကြောင်း၊ အစိုးရနှင့် KIO အကြား ပြဿနာအစသည် ရေအားလျှပ်စစ် စီမံကိန်းများဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သော အခမ်းအနားတွင် ပြစ်တင်ဝေဖန်သွားသည်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဗဟိုအစိုးရက ညွှန်ကြားထားကြောင်းလည်း ပြောသည်။ မြန်မာအစိုးရသည် တိုင်းရင်းသားအရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အန္ဒမရှိဟု KIO က ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။
သတင်းတိုများ

ရွှေတိဂုံဂေါပကတချို့ စစ်ဆေးခံရ

အလှူငွေနှင့် အဖိုးတန်ပစ္စည်း အလွဲသုံးစားလုပ်သည်ဟု သံသယဖြစ်ခံရသူ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်တချို့နှင့် ရုံးအဖွဲ့ဝင်တချို့ စစ်ဆေးခံနေရကြောင်း သိရသည်။ သမ္မတ ဦးသိန်းစိန်ထံ တိုင်ကြားသူရှိသဖြင့် အထူးအဖွဲ့တခု ဖွဲ့စည်းပြီး စစ်ဆေးနေသည်မှာ တပတ်ခန့်ရှိပြီဖြစ်ကြောင်း ဂေါပကအဖွဲ့နှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။ “ဂေါပက အဖွဲ့ထဲမှာ သမ္မတနဲ့ ဆွေမျိုးတော်စပ်သူတချို့ ပါဝင်နေပါတယ်။ အဲဒီလူတွေကတဆင့် သမ္မတကို တိုင်တာလို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။ ဧရာဝတီက ဂေါပကအဖွဲ့ထံ ဆက်သွယ်သော်လည်း ပြန်လည် ဖြေဆိုခြင်း မရှိပေ။
သတင်းတိုများ

ဝန်ကြီး ဦးကျော်ဆန်း၏ စွပ်စွဲချက်များကို KIO တုံ့ပြန်

အစိုးရသစ်၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် တိုင်းရင်းသား လက်နက်ကိုင်များကို သောင်းကျန်းသူ၊ အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ရှုတ်ချပြောဆိုပွဲသာ ဖြစ်ကြောင်း KIO ဗဟိုကော်မတီက ကြေညာချက်တစောင် ယနေ့ ထုတ်ပြန်လိုက်သည်။ အစိုးရအဖွဲ့သစ်သည် တိုင်းရင်းသားအရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုသော ဆန္ဒမရှိကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစိုးရသစ် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက KIO နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ပုတ်ခတ်ဝေဖန်ခဲ့သည်။
သတင်းတိုများ

အစိုးရသတင်းစာ ပြည်ပမီဒီယာများကို မပုတ်ခတ်တော့

အစိုးရပိုင် သတင်းစာများတွင် BBC, VOA, RFA နှင့် DVB သတင်းဌာနများကို တိုက်ခိုက်ရေးသားထားသည့် လှုံ့ဆော်ချက်များကို ယမန်နေ့မှ စတင်၍ ဖြုတ်ပယ်လိုက်ကြောင်း တွေ့ရသည်။ ဝန်ကြီးဦးကျော်ဆန်း ဦးဆောင်ကျင်းပသော အစိုးရသစ်၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲအပြီးတွင် ယင်းသို့ အပြောင်းအလဲကို မြင်တွေ့ရခြင်းဖြစ်သည်။
သတင်းတိုများ

မစ္စတာ ကင်တားနား မြန်မာပြည်လာမည်

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနားသည် သြဂုတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ၄ ကြိမ်မြောက် ခရီးစဉ်အဖြစ် ၅ ရက်ကြာ လာရောက်မည်ဖြစ်ကြောင်း သိရသည်။ ယခုခရီးစဉ်အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ လွတ်မြောက်ရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့်ပတ်သက်ပြီး သတင်းအချက်အလက် စုဆောင်းသွားမည်ဖြစ်သည်။ မစ္စတာ ကင်တားနားသည် အစိုးရ တာဝန်ရှိသူများ၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီများ၊ တခြားသောအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ကုလ လက်အောက်ခံအဖွဲ့များနှင့် တွေ့ဆုံမည်ဖြစ်ပြီး အကျဉ်းထောင်တချို့သို့လည်း သွားရောက်မည်ဟုသိရသည်။
သတင်းတိုများ

မြစ်ဆုံရေကာတာ ကန့်ကွက်မှုများ ကျယ်ပြန့်လာ

ဧရာဝတီမြစ်ဖျားတွင် တရုတ်ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ ပူးပေါင်းတည်ဆောက်နေသည့် မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ကန့်ကွက်သည့်အနေဖြင့် ပြည်တွင်းအခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများနှင့် လူငယ်ကွန်ရက်အဖွဲ့များမှ ဧရာဝတီမြစ်အရေး အားလုံးပူးပေါင်းပါဝင်ဆောင် ရွက်ကြရန် စတင်နှိုးဆော်နေကြသည်။ ထို့ပြင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ စာပေနှင့်အနုပညာရှင်များ စုပေါင်းဦးဆောင်မှုဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုက်လံနှိုးဆော်နေကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုစိုးထွန်းက ပြောသည်။
သတင်းတိုများ

သမ္မတ ဦးသိန်းစိန် လူတန်းစားအသီးသီးနှင့် တွေ့ဆုံမည်

သြဂုတ်လ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် သမ္မတ ဦးသိန်းစိန်သည် လူတန်းစားအသီးသီးနှင့် တွေ့ဆုံပွဲကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာတွင် ပြုလုပ်သွားမည်ဟု အမှတ် (၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းစိုးက ပြောကြားသည်။ မှောင်ခိုကားများ တင်သွင်းမှုနှင့် ပတ်သက်သည့် ယနေ့ ပြုလုပ်သော ဆွေးနွေးပွဲအပြီးတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ စက်မှုလုပ်ငန်းရှင်များနှင့် သတင်းထောက် တချို့ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။
သတင်းတိုများ

ဗိုလ်ချုပ် ဝေလွင်နှင့် ဗိုလ်ချုပ် ခင်ဇော်ဦးကို ရာထူးချထား

စစ်ထောက်ချုပ် ဗိုလ်ချုပ် ဝေလွင်နှင့် စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦးတို့ကို လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှုများနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ခေါ်ယူစစ်ဆေးကာ လက်ရှိတာဝန်များကို ခေတ္တ ဆိုင်ငံ့ထားလိုက်ကြောင်း သိရသည်။ ဗိုလ်ချုပ် ဝေလွင် နေပြည်တော် စစ်တိုင်းမှူးတာဝန်ယူစဉ်နှင့် ဗိုလ်ချုပ် ခင်ဇော်ဦး ကမ်းရိုးတန်း စစ်တိုင်းမှူးတာဝန်ယူစဉ် ကျူးလွန်ခဲ့သော ပြစ်မှုများကြောင့် ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
သတင်းတိုများ

ပဲခူးခရီးအတွက် ဒေါ်အောင်ဆန်းစုကြည် ကျေးဇူးတင်

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ ၁၄ ရက်နေ့ ပဲခူးမြို့နှင့် သနပ်ပင်မြို့ ခရီးစဉ်အတွင်း “အဘက်ဘက်မှ ပံ့ပိုး ကူညီခဲ့ကြသော ဒေသဆိုင်ရာ အာဏာပိုင်များ” ကို ကျေးဇူးတင်ကြောင်း တနင်္လာနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်သည်။ ဒီမိုကရေစီ ကွန်ရက်များ၊ လူမှုကွန်ရက်များ၊ လူမှုရေးအဖွဲ့များ၊ မီဒီယာအဖွဲ့များ? ခရီးစဉ်အတွင်း တွေ့ဆုံအားပေးခဲ့သော ဒေသခံများ ကိုလည်း ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တနင်္လာနေ့တွင်ပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာ မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရ၀န်ကြီး ဦးကြည်အောင်တို့ ၂ ကြိမ် တွေ့ဆုံညှိနှိုင်းပြီး ထုတ်ပြန်လိုက်သော ပူးတွဲကြေညာချက်များကို ကြိုဆို ထောက်ခံကြောင်း ဖော်ပြထားသည်။
သတင်းတိုများ

ပြည်ပပို့ကုန် ၇ မျိုး အခွန်ကင်းလွတ်ခွင့်ပေး

ဆန်၊ ပဲမျိုးစုံ၊ နှမ်းနှင့် ရေထွက်ပစ္စည်း အပါအ၀င် ပြည်ပပို့ကုန် ၇ မျိုးအပေါ် စည်းကြပ် ကောက်ခံနေသည့် ပြည်ပပို့ကုန် ရောင်းရငွေ ကုန်သွယ်လုပ်ငန်း အခွန်ကို ယနေ့မှစ၍ လာမည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ၆ လတိတိ ကင်းလွတ်ခွင့် ပေးလိုက်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည်က ပြီးခဲ့သည့် သြဂုတ်လ ၁၁ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ကင်းလွတ်ခွင့်ပြုလိုက်သည့် ကုန်ပစ္စည်း ၇ မျိုးမှာ ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရာဘာ၊ ရေချို ရေငန်ထွက်ပစ္စည်များ၊ တိရိစ္ဆာန်နှင့် တိရိစ္ဆာန်ထွက် ပစ္စည်းများ ပါဝင်သည်။
သတင်းတိုများ

FEC ရုပ်သိမ်းမည်

နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း ပြင်ဆင်သတ်မှတ်ရေးတွင် FEC ငွေကြေးကို ရုပ်သိမ်းရေးလည်း ပါဝင်မည်ဟု သိရသည်။ FEC လက်ဝယ်ရှိသူများ မနစ်နာစေရန် သတ်မှတ်ငွေလဲနှုန်းဖြင့် လဲလှယ်ပေးခြင်းဖြင့် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသိန်းညိမ်းက သြဂုတ်လ ၁၂ နေ့က နေပြည်တော်တွင် ကျင်းပသော အစိုးရ၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
သတင်းတိုများ

ဒဿနဆရာ နန္ဒာသိန်းဇံ ကွယ်လွန်

ဒဿနိကဗေဒ ပါမောက္ခဟောင်း၊ စာရေးဆရာကြီး နန္ဒာသိန်းဇံ (အသက် ၆၄ နှစ်) သည် ယမန်နေ့ညနေက ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားသည်။ ဆရာကြီး နန္ဒာသိန်းဇံသည် ဘာသာရေး၊ အတွေးအခေါ်နှင့် လူမှုရေးဆိုင်ရာ စာအုပ်များ၊ ဆောင်းပါးများကို ရေးသားခဲ့ပြီး သူ၏ အတွေးအခေါ်များသည် မြန်မာစာဖတ်ပရိသတ်အပေါ် သြဇာလွှမ်းမိုးမှုရှိခဲ့သည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးခရီးစဉ် ပြီးဆုံး

ပဲခူးနှင့် သနပ်ပင် မြို့များသို့ နေ့ချင်းပြန်ခရီးသွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ညနေပိုင်းတွင် ရန်ကုန်သို့ ပြန်လည် ရောက်ရှိသွားသည်။ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း သူ့ကို စောင့်မျှော်နေသည့် ဒေသခံများ၊  ရေဘေး ဒုက္ခသည်များကို တွေ့ဆုံစကားပြောခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စီစဉ်သည့် စာဖတ်ခန်း၊ အင်္ဂလိပ်စာ သင်တန်းတို့ကို ဖွင့်လှစ်ပေးခဲ့သည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် ပဲခူးသို့ရောက်ရှိ

အကျယ်ချုပ်မှလွတ်မြောက်ပြီး ပထမဦးဆုံး နိုင်ငံရေးခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၈ နာရီခန့်က ပဲခူးမြို့သို့ ရောက်ရှိသွားသည်။ပဲခူး ရွှေမောဓောစေတီကို သွားရောက် ဖူးမြော်ပီး သာသနာ့မဏ္ဍိုင်ကျောင်းတိုက်တွင် ဝါဆိုသင်္ဃန်း ကပ်လှူသည်။ပဲခူး နေ့ချင်းပြန် ခရီးစဉ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ NLD အဖွဲ့ဝင်များ၊ စာနယ်ဇင်းသမားများ ရန်ကုန်မှ လိုက်ပါသွားကြသည်။ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းတွင် ကားအစီး ၂၀ ကျော် ပါဝင်သည်ဟု သိရသည်။
Page 7 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်