သတင်းတိုများ

သတင်းတိုများ

SSC က အမှုအားလုံး ရုပ်သိမ်းမည်

ရန်ကုန်မြို့ရှိ ရွှေဂုံတိုင် အထူးဆေးခန်း (SSC) က Hot News ဂျာနယ်အပေါ် စွဲဆိုထားသည့် အမှုနှစ်ခုအနက် ကျန်ရှိသည့် အသရေဖျက်မှုကိုပါ ရုပ်သိမ်းပေးတော့မည်ဟု သိရသည်။ SSC က Hot News ထံမှ နစ်နာမှု လျှော်ကြေး သိန်းပေါင်း ၂ သောင်းရလိုမှုကို ရုပ်သိမ်းပေးခဲ့ပြီးဖြစ်သည်။ အမှုရုပ်သိမ်းခြင်းများ ပြီးစီးပါက SSC နှင့် ဂျာနယ်တာဝန်ရှိသူများ ဆွေးနွေးခန်းကို Hot News ဂျာနယ်တွင် ထည့်သွင်းဖော်ပြရန် သဘောတူထားကြောင်း Eleven Media Group သတင်းတပုဒ်တွင် ဖော်ပြထားသည်။
သတင်းတိုများ

မြန်မာ့ကျန်းမာရေးကဏ္ဍ အိန္ဒိယကူညီမည်

မြန်မာ့ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးတွင် အိန္ဒိယက ကူညီရန် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့ နေပြည်တော်တွင် ဆွေးနွေးခဲ့ကြသည်။ ရန်ကုန် ကလေးဆေးရုံကြီး၊ စစ်တွေ ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့ကို တိုးချဲ့ရေး၊ အသည်းအစားထိုး ကုသရေးအပါအ၀င် တခြား ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အထူးကု ဆရာဝန်များကို အိန္ဒိယနိုင်ငံတွင် ကျွမ်းကျင်သင်တန်း ပို့ချပေးရေးတို့ ပါဝင်ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အသုံးပြုနေသော ဆေးဝါးနှင့် ဆေးပစ္စည်း အမျိုးအစား ၅၀၀၀ ကျော်ကို အိန္ဒိယမှ တင်သွင်းနေပြီး ၂၀၁၁ နှစ်ဆန်းပိုင်းကလည်း အိန္ဒိယ ဆေးနှင့်ဆေးပစ္စည်း ပြပွဲတခုကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သေးသည်။
သတင်းတိုများ

ဒဲရက် မစ်ချယ်ကို အတည်ပြုခန့်အပ်ပြီ

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာအစိုးရနှင့် ထိတွေ့ဆွေးနွေးရေး မူဝါဒအရ မစ္စတာ ဒဲရက် မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ ပထမဆုံး မူဝါဒ ညှိနှိုင်းရေးမှူးအဖြစ် အမေရိကန် လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။ မစ္စတာ ဒဲရက် မစ်ချယ်သည် မည်သည့်အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ကိုမူ မသိရှိရသေးချေ။ အာရှနှင့် ပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ဒုလက်ထောက် ၀န်ကြီး ဒဲရက် မစ်ချယ်သည် တရုတ်ရေးရာ ကျွမ်းကျင်သူတဦးလည်း ဖြစ်သည်။
သတင်းတိုများ

ဇေယျာသော် သီချင်းမဆိုရ

နာရေးကူညီမှုအသင်း (ရန်ကုန်) မှ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဦးစီးဖွင့်လှစ်သည် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေပွဲအတွက် စင်တင်ဂီတပွဲတွင် လူငယ် ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော်ကို ပါဝင်သီခွင့်မပြုကြောင်း သိရသည်။ ရန်ပုံငွေပွဲပျက်မည်စိုး၍ သူပါဝင် မသီဆိုပါဟု စီစဉ်သူများက လက်မှတ်ထိုးခဲ့ရကြောင်း ဇေယျာသော်က ဧရာဝတီသို့ ပြောသည်။ ၂၀၀၈ ခုနှစ်တွင် ဇေယျာသော်ကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လွှတ်ငြိမ်းချမ်းသာခွင့်နှင့် ယခုနှစ် မေလတွင် ပြန်လည် လွှတ်မြောက်လာခဲ့သည်။
သတင်းတိုများ

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကို မြန်မာသို့ ဖိတ်

၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို မြန်မာနိုင်ငံက ယူရေး မယူရေးနှင့် ပတ်သက်၍ အကဲဖြတ်ရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ဦးဆောင်သော ကိုယ်လှယ်အဖွဲ့အား မြန်မာနိုင်ငံသို့ လာရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်စာပေးပို့ထားကြောင်း သိရသည်။ မည်သည့်အချိန်တွင် သွားရောက်မည် ဆိုသည်ကိုမှု ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကို ကိုးကား၍ VOA သတင်းတပုဒ်တွင် ဖော်ပြထားသည်။
သတင်းတိုများ

အပစ်ရပ်ရန် တိုင်းရင်းသားပါတီများ တောင်းဆို

ရှမ်း၊ ရခိုင်၊ မွန်၊ ချင်း၊ ကရင် စသည့် တိုင်းရင်းသားနိုင်ငံရေးပါတီ ၅ ခုက မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်အတွက် အားလုံး ပါဝင်သော ငြိမ်းချမ်းရေးကော်မတီတခု ဖွဲ့ပေးရေး၊ စစ်ပြေးဒုက္ခသည်များအား အကူအညီပေးရေး စသဖြင့် အစိုးရကို တောင်းဆိုမှုများ ပါဝင်သည့် ကြေညာချက်တစောင်ကို ယနေ့ ထုတ်ပြန်လိုက်သည်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ချက်ချင်း ကြေညာပေးရန်လည်း တိုက်တွန်းထားသည်။ ကြေညာချက်တွင် မကြာသေးခင်က ပင်စာလစာများ တိုးပေးလိုက်သည့် အစိုးရ၏ အစီအစဉ်ကို ချီးကျူး ထောက်ခံထားသည်ဟု သိရသည်။
သတင်းတိုများ

စစ်တွေကျောင်းသားများ ဆန္ဒပြ

ရခိုင်ပြည်နယ်၊ စစ်တွေ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၄၀၀ နီးပါးသည် ကျောင်းကြိုပို့ကားခများ ကျဆင်းရေးအတွက် ယနေ့၊ နေ့လယ် ၁ နာရီမှ ၃ နာရီထိ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။ အသွား ကျပ် ၁၀၀၊ အပြန် ကျပ် ၁၀၀ နှုန်း သတ်မှတ်ထားသော ကျောင်းကားခကို   မကြာသေးခင်က ၃၀၀ အထိ တိုးမြှင့်လိုက်သဖြင့် ကျောင်းသားများ မကျေမနပ် ဖြစ်ကြကြောင်း ဒေသခံ တချို့က ဆိုသည်။ တက္ကသိုလ်မှ လမ်းလျှောက်လာသူများသည်  စစ်တွေမြို့ကို လှည့်လည်ကြပြီး မြို့တော်ခန်းမတွင် ဆန္ဒပြမှု အဆုံးသတ်ခဲ့ကြကြောင်း၊ ၎င်းတို့ထံ  ပြည်နယ်ဝန်ကြီးချုပ် သွားရောက်ပြီး တောင်းဆိုချက်အား လိုက်လျောပေးမည်ဟု ကတိပေးလိုက်သဖြင့် ဆန္ဒပြမှုကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး သန်း ၅၀၀ အထိ တိုးမြှင့်မည်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို ယခုလက်ရှိ အမေရိကန် ဒေါ်လာ သန်း ၁၆၀ မှ သန်း ၅၀၀ အထိ တိုးမြင့်လာရန် မျှော်လင့်ထားကြောင်း သိရသည်။ ဇူလိုင်လ နောက်ဆုံးပတ်က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာမှ တာဝန်ရှိသူများ နေပြည်တော်တွင် တွေ့ဆုံပြီးနောက် ယင်းသို့ သဘောတူခဲ့ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်-မြန်မာ စီးပွားရေး တိုးမြှင့်ရေးကောင်စီ ဥက္ကဋ္ဌ ဆေယက် မာမူဒယ် ဟက် ကဆိုသည်။
သတင်းတိုများ

ပြဿနာတက်ခဲ့သည့် တရုတ်များ ကျောက်ဝိုင်းတွင် ဆိုင်ပြန်ဖွင့်ခွင့် မပေး

ပြီးခဲ့သည့် ဇွန်လက မန္တလေး ကျောက်ဝိုင်းတွင် ပြဿနာဖြစ်ခဲ့သည့် တရုတ်လူမျိုးများ ယမန်နေ့က ကျောက်ဝိုင်းသို့ ရောက်ရှိလာကာ ချိတ်ပိတ်ခံထားသည့် ၎င်းတို့ငှားရမ်းထားသော ဆိုင်နံပါတ် ၈ နှင့် ၉ ရှိ Path Travels & Tours ကုမ္ပဏီ ရုံးခန်းကို ဖွင့်လှစ်ပေးရန်နှင့် ကျောက်အရောင်းအ၀ယ် ပြန်လည်လုပ်ခွင့်ပေးရန်  ကျောက်ဝိုင်း စည်းကမ်းထိန်းသိမ်းရေး ကော်မတီအား လာရောက်ပြောဆိုသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ရောက်ရှိလာပြီး ၎င်းတို့၏ တောင်းဆိုချက်ကို လက်မခံဘဲ နေရပ်သို့ ပြန်ရန်ပြောဆိုလိုက်သည်ဟု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
သတင်းတိုများ

အစိုးရနှင့် KIO တို့ ဆက်လက် ဆွေးနွေးဦးမည်

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်ဦးဆောင်သော အဖွဲ့နှင့် KIO မှ ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သော အဖွဲ့တို့ ယမန်နေ့က လဂျားယန်ကျေးရွာတွင် တွေ့ဆုံဆွေးနွေးကြသော်လည်း တစုံတရာ အဖြေ မရသေးကြောင်း သိရသည်။ အစိုးရနှင့် KIA အကြား အပစ်အခတ်များ ရပ်စဲရေး ဆက်လက်ဆွေးနွေးမည်ဟု သိရသည်။
သတင်းတိုများ

အိန္ဒိယက ရေအားလျှပ်စစ် စီမံကိန်း ၂ ခု စတင် အကောင်အထည်ဖော်မည်

အိန္ဒိယ နိုင်ငံပိုင် ရေအားလျှပ်စစ်လုပ်ငန်း NHPC က မြန်မာနိုင်ငံတွင် သဘောတူညီချက် ရထားပြီးဖြစ်သည့် ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်း ၂ ခုကို စတင်လုပ်ဆောင်မည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာသည်။ ချင်းတွင်းမြစ်တလျှောက်တွင် တည်ဆောက်နေသည့် ၁၂၀၀ မီဂါဝပ် ထမံသီ စီမံကိန်းနှင့် ၆၆၀ မီဂါဝပ် ရွှေစာရေး စီမံကိန်းတို့နှင့် ပတ်သက်၍ အိန္ဒိယအစိုးရက အသေးစိတ် စီမံကိန်း အစီရင်ခံစာကို ထုတ်ပြန်ရန် ပြင်ဆင်နေသည်ဟု အိန္ဒိယ သတင်းများက ဆိုသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်သို့ ဖိတ်မည်

ယခုလအတွင်း နေပြည်တော်တွင် ပြုလုပ်မည့် ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ်ဖြစ်သည့် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်တက်ရောက်ရန် ဖိတ်ကြားမည်ဟု ကြားသိရကြောင်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အား ဆွေးနွေးပွဲသို့ စောင့်ကြည့်လေ့လာသူအဖြစ် ဖိတ်ကြားဖွယ်ရှိကြောင်း သိရသည်။
သတင်းတိုများ

ထိုင်းတွင် မြန်မာနှင့် လာအို အမျိုးသမီး ၇၀ ကို ကယ်တင်

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကာရာအိုကေနှင့် အနှိပ်ခန်းတခုကို ထိုင်းရဲများက ဝင်ရောက်စီးနင်းပြီးနောက် အမျိုးသမီးနှင့် မိန်းကလေး ၇၀ ဦးကို ကယ်တင်လိုက်ကြောင်း သိရသည်။ ဇူလိုင်လ ၂၉ ရက်နေ့ စီးနင်းမှု အပြီးတွင် အမျိုးသမီး ၄၁ ဦးသည် လိင်ဖျော်ဖြေရေးအတွက် အဓမ္မစေခိုင်းခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ပြန်လွှတ်ပေးလိုက်သည်။ ကျန် ၂၉ ဦးမှာမူ ဆန္ဒအလျှောက် ထိုအလုပ်ကို လုပ်ကြောင်း ဝန်ခံသဖြင့် ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပေးလိုက်သည်။ လူကုန်ကူးခံရသူ အမျိုးသမီးများတွင် အသက် ၁၈ နှစ်အောက်များလည်း ပါဝင်သည်ဟု အာဏာပိုင်များက ပြောသည်။ သံသယရှိသည့် ထိုင်း ၃ ဦး၊ မလေးရှားသားတဦးနှင့် စင်ကာပူနိုင်ငံသား တဦးတို့ကို ဖမ်းဆီးထားသည်။
သတင်းတိုများ

ကလေးစစ်သား စုဆောင်းမှု အမေရိကန် အောက်လွှတ်တော်တွင် ကြားနာမည်

အမေရိကန် အောက်လွှတ်တော်တွင် သြဂုတ်လ ၃ ရက်နေ့၌ မြန်မာနိုင်ငံ ကလေးစစ်သားစုဆောင်းမှု ကိစ္စနှင့်ပတ်သက်၍ ကြားနာပွဲတရပ် ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ကြားနာပွဲတွင် အောက်လွှတ်တော် အမတ် အယ်ဒီ ဘားနတ် ဂျွန်ဆန် က ဦးဆောင်တင်ပြသွားမည်ဖြစ်ပြီး ကလေးစစ်သားဟောင်း ဟိန်းမင်းအောင်က သူ၏ ကိုယ်တွေ့ အဖြစ်အပျက်များကို ကိုယ်တိုင်ထွက်ဆိုမည်ဖြစ်သည်။ ဟိန်းမင်းအောင်သည် အသက် ၁၄ နှစ်အရွယ်တွင် ကလေးစစ်သားအဖြစ် အဓမ္မ စုဆောင်းခံခဲ့ရပြီး ၂၀၀၀ ပြည့်နှစ်တွင် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည်။ ထို့နောက် ဒုက္ခသည် ဖြစ်လာခဲ့ပြီး ယခုအခါ နယူးဇီလန် နိုင်ငံတွင် အခြေချနေထိုင်ခွင့်ရခဲ့သည်။
သတင်းတိုများ

ပန်းချီဆရာကြီး ရာဟုလာ ကွယ်လွန်

လည်ချောင်းကင်ဆာ ဝေဒနာ ခံစားနေရသော ပန်းချီဆရာကြီး ရာဟုလာ (အသက် ၆၇နှစ်) သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ကွယ်လွန်သွားသည်။ မင်းကွန်းမှာရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်ခြင်းဖြစ်ပြီး ယနေ့ နေ့လည် ၃ နာရီတွင် သင်္ဂြိုလ်မည် ဖြစ်သည်။ အမည်ရင်း ဦးအောင်မြင့် ဖြစ်ပြီး ရွှေဘို ဇာတိဖြစ်သော ဆရာကြီး ရာဟုလာသည် ၁၉၅၇ ခုနှစ် ၅ တန်း ကျောင်းသား ဘ၀ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားခဲ့ပြီး ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူ သခင်စိုး၏ တပည့်ဖြစ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် နိုင်ငံရေးမှုနှင့် အင်းစိန်ထောင်တွင် ၄ နှစ်၊ ကိုကိုးကျွန်းတွင် ၃ နှစ်နှင့် ၂ လ ကြာ နေထိုင်ခဲ့ရသည်။
သတင်းတိုများ

ဦးတင်ဦး မျက်စိခွဲရ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး ယမန်နေ့ နံနက် ၉ နာရီခန့်က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံ၌ မျက်စိခွဲစိတ်ကုသမှု ခံယူကြောင်း၊ ညနေ ၃နာရီခန့်တွင် ပြီးစီးပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း NLD ပါတီဝင်တဦးက ပြောသည်။ NLD ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်သည်လည်း အာရှတော်ဝင်ဆေးရုံတွင် ဆေးကုသခံယူနေရာ မနက်ဖြန်တွင် ဆေးရုံမှ ဆင်းနိုင်မည်ဟု သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံယူ

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး ရွန် ဟော့ဖ်မန်းက ကနေဒါ တက္ကသိုလ် ၂ ခုမှ ပေးအပ်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်များကိုယ်စား သွားရောက်ပေးအပ်ကြောင်း Ccnadian Friends of Burma ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ သိရသည်။ ကနေဒါသံအမတ်ကြီးက ပြီးခဲ့သည့် သီတင်းနှစ်ပတ်က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် မတွေ့ဆုံမီ ယင်းသို့ ပေးအပ်ခြင်းဖြစ်ပြီး ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို အော့တိုဝါမှ ကာလီတန် တက္ကသိုလ်နှင့် မင်မိုရီယယ် နယူးဖောင်လန် တက္ကသိုလ်တို့မှ ဖေဖော်ဝါရီလအတွင်းက ပေးအပ်ခြင်းဖြစ်သည်။
သတင်းတိုများ

အိန္ဒိယက ချင်းပြည်နယ်ဖွံ့ဖြိုးရေး ဒေါ်လာ ၆ သန်း ကူမည်ဟု ဆို

အန္ဒိယအစိုးရက ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၆ သန်း ကူညီမည်ဟု သိရသည်။ မန္တလေးရှိ အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်က ဇူလိုင်လ ၂၇ ရက်နေ့တွင် ဟားခါးမြို့သို့ သွားရောက်ပြီး ယင်းသို့ကူညီမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်တဦးကို ကိုးကား၍ ချင်းသတင်းဌာန ခိုနူမ်းထုန် တွင် ဖော်ပြထားသည်။ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က ဇွန်လတွင် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်သည် အဆင်းရဲဆုံးဖြစ်သည်ဟု သိရသည်။
သတင်းတိုများ

လိင်ဖျော်ဖြေရေး အခိုင်းခံရသူ မြန်မာ အမျိုးသမီး ၁၁ ဦးကို ကယ်တင်

ထိုင်းနိုင်ငံ တောင်ပိုင်း နခွန်ဆီထမရတ်မြို့ရှိ ကာရာအိုကေဆိုင် တဆိုင်တွင် အတင်းအဓမ္မ လိင်ဖျော်ဖြေရေး အခိုင်းခံနေရသည့် မြန်မာအမျိုးသမီး ၁၁ ဦးကို ယမန်နေ့က ထိုင်း အာဏာပိုင်များက ကယ်တင်ခဲ့ကြောင်း သိရသည်။ ယခု ကယ်တင်ထားသော မိန်းကလေးများသည် အသက် ၁၅ နှစ်မှ ၂၃ နှစ် အရွယ်ရှိကြကြောင်း၊ ထိုင်း အမျိုးသမီး ၃ ဦးလည်း ပါဝင်ကြောင်း ထိုင်းသတင်းတပုဒ်တွင် ဖော်ပြထားသည်။ ထိုင်းရဲများက လိင်ပျော်ပါးလိုသူများ ဟန်ဆောင်၍ ဆိုင်သို့ ဝင်ရောက်ပြီး ၎င်းတို့ကို ကယ်တင်ပြီးနောက် လုပ်ငန်းပိုင်ရှင်ကိုလည်း အရေးယူနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
သတင်းတိုများ

အာဆီယံ ရေတပ်အကြီးအကဲများ အစည်းအဝေး ကျင်းပ

ပဉ္စမ အကြိမ်မြောက် အာဆီယံ ရေတပ် အကြီးအကဲများ အစည်းအဝေးကို ယမန်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသည်။ အစည်းအဝေးတွင် ဗီယက်နမ် ဒု ရေတပ်ဗိုလ်ချုပ်ကြီး ငုယင် ဗန် ဟိန်း က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြန်မာအပါအဝင် အာဆီယံနိုင်ငံများမှ ရေတပ်ဗိုလ်ချုပ်များ တက်ရောက်သည်။ ဗီယက်နမ် သတင်းများအရ အစည်းအဝေးတွင် ဒေသတွင်း လုံခြုံရေး သတင်းအချက်နှင့် အတွေ့အကြုံများ ဖလှယ်ခြင်း၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်း၊ အာဆီယံ နိုင်ငံများအတွင်း ရေတပ်အရာရှိများ အပြန်အလှန် စေလွှတ်ခြင်းကိစ္စများ ပါဝင်ကြောင်း သိရသည်။
Page 9 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်