သတင်းတိုများ

သတင်းတိုများ

အိန္ဒိယ-မြန်မာနယ်စပ်တွင် လေတပ်ရေဒါစခန်း တည်ဆောက်ဖွယ်ရှိ

အိန္ဒိယလေတပ်သည် မြန်မာနိုင်ငံနှင့် ထိစပ်နေသော မီဇိုရမ်ပြည်နယ်၌ လေတပ်ရေဒါစခန်း တည်ဆောက်ဖွယ်ရှိကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးက ဇူလိုင်လ ၁၂ ရက်နေ့က ပြောသည်။ အဆိုပါ ရေဒါစခန်းကို လုံးလန်င်မြို့အနီးတွင် တည်ဆောက်ဖွယ်ရှိပြီး အိုက်ဇောမြို့အနီးရှိ လေဆိပ်တွင်လည်း လေတပ်မှ တိုက်လေယာဉ်များ ဆင်းသက်အသုံးပြုနိုင်ရန် စီစဉ်သွားမည်ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ မြန်မာအတွင်း လတ်တလော ချဲ့ထွင်လာနေသော စီမံကိန်းများနှင့် အရှေ့တောင်အာရှသို့ ထိုးဖောက်ဝင်ရောက်လာမှုများကြောင့် လေတပ်ရေဒါစခန်း တည်ဆောက်ရန် စဉ်းစားခြင်းဖြစ်ကြောင်း သိရသည်။
သတင်းတိုများ

HIV/AIDS လူနာစောင့်ရှောက်ရေး ဂေဟာတွင် ဝါဆိုသင်္ကန်း ကပ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လူငယ်ခေါင်းဆောင်များ ဦးစီး လုပ်ဆောင်နေသော ဒဂုံမြို့သစ်တောင်ပိုင်းရှိ HIV/AIDS လူနာစောင့်ရှောက်ရေး ဂေဟာတွင် ကွယ်လွန်သွားကြသော လူနာများအား ရည်စူး၍လည်းကောင်း၊ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် လည်းကောင်း သံဃာတော်များအား ပင့်ဖိတ်ပြီး ယနေ့နံနက်တွင် ၀ါဆိုသင်္ကန်း ကပ်လှူပွဲကျင်းပသည်။ အဆိုပါ အလှူသို့ NLD ခေါင်းဆောင်များ၊ ပါတီဝင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ကိုရဲလွင်၊ ဇေယျာသော်စသည့် အနုပညာရှင်များ အပါအ၀င် စုစုပေါင်း ၂၀၀ ခန့် တက်ရောက်သည်။
သတင်းတိုများ

ပညာရှင်များ တားမြစ်သည့်တိုင် မြစ်ဆုံ ရေကာတာကို ဆက်ဆောက်မည်

တရုတ်ပိုင် China Power Investment (CPI) ကော်ပိုရေးရှင်းမှ ရန်ပုံငွေ ထောက်ပံ့ပြီး မြန်မာနှင့် တရုတ် ပညာရှင်များပါဝင်သော လေ့လာရေးအဖွဲ့က ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဆက်လက် အကောင်အထည် မဖော်ရန် အကြံပေးထားသော်လည်း CPI က ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရသည်။ စာမျက်နှာ ၉၄၅ မျက်နှာရှိ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု အကဲဖြတ်ချက် အစီရင်ခံစာတွင် ဤမျှကြီးမားသော ရေကာတာကြီးကို ဧရာဝတီမြစ်တွင် ဆောက်ရန် မသင့်လျှော်ဟု အကြံပြုခဲ့သည်။ CPI သည် ဧရာဝတီမြစ်နှင့် မြစ်လက်တက် တလျှောက်တွင် ရေကာတာကြီး ၇ ခု ဆောက်လုပ်ရန် စီမံကိန်းချထားသည်။
သတင်းတိုများ

နောက်ထပ် သံတမန်တဦး အမေရိကန်တွင် ခိုလှုံခွင့်တောင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ အမေရိကန်ဆိုင်ရာ မြန်မာသံရုံးမှ နောက်ထပ် ဝါရင့် သံတမန်တဦး ခိုလှုံခွင့် တောင်းခံကြောင်း သိရသည်။ ဇူလိုင်လ ၄ ရက်နေ့က ခိုလှုံခွင့် တောင်းခံခဲ့သော ဒု သံမှူး ဦးကျော်ဝင်းနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန်အတွက် မြန်မာပြည်သို့ ပြန်လာရန် မြန်မာအစိုးရက ညွှန်ကြားချက် အပေးခံရပြီးနောက် ပထမ အတွင်းဝန် ဦးစိုးအောင်သည် အမေရိကန်တွင် ခိုလှုံခွင့် တောင်းခံလိုက်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။
သတင်းတိုများ

ဖူးခက်တွင် ကျောင်းမနေနိုင်သည့် မြန်မာကလေးငယ် ၃ သောင်းရှိမည်ဟု ခန့်မှန်း

ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သားမိသားစုများမှ ကျောင်းမနေနိုင်သော ကလေးငယ်မှာ ၃ သောင်းအထိ မြင့်တက်နေဖွယ်ရှိကြောင်း အာဏာပိုင်များက ခန့်မှန်းသည်ဟု ဖူးခက်ဝမ် ခရီးသွားသတင်းစဉ်တွင် ဖော်ပြထားသည်။ ဖူးခက်ရှိဆေးရုံတခုက ယခုနှစ်တွင် တလလျှင် မြန်မာရွှေ့ပြောင်းလုပ်သားစုမှ မိခင် ၅၀ မှ ၆၀ အထိ လာရောက် မီးဖွားကြပြီး ယမန်နှစ်ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ပြောထားသည်။ ဖူးခက်တွင် တရားဝင်နှင့် တရားမဝင် နေထိုင်သူ မြန်မာ ၁ သိန်းမှ ၂ သိန်းအထိ ရှိနိုင်ပြီး ၃ သောင်းမှာ ကလေးငယ်များဖြစ်သည်ဟု ခန့်မှန်းထားသည်။
သတင်းတိုများ

ထားဝယ်ဆိပ်ကမ်းနှင့် ဆက်စပ်၍ အရင်းအနှီး တိုးမြင့်လာရန် ထိုင်း SCG မျှော်လင့်

ထိုင်းနိုင်ငံမှ နိုင်ငံတကာ ကုန်သွယ်ရေး လုပ်ငန်းစုကြီးဖြစ်သည့် Siam Cement Group (SCG) က အာဆီယံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လိုအပ်သည့် ပစ္စည်းများ တင်ပို့ရောင်းချမှုများကြောင့် ၂၀၁၅ တွင် ရင်းနှီးမြှုပ်နှံမှု ဘတ် ၈၀ ဘီလျံအထိ မြင့်တက်လာရန် မျှော်လင့်ထားကြောင်း သိရသည်။ SCG ကုမ္ပဏီ၏ ယခုနှစ် ရင်းနှီးမြှုပ်နှံမှုကို ဘတ် ဘီလျံ ၅၀ အထိရှိကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။
သတင်းတိုများ

ကျောက်မဲ ဗုံးကွဲ၊ ၄ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အ၀င် ဂိတ်အနီးတွင် ယမန်နေ့ည ၉ နာရီခန့်က ဗုံးတလုံးပေါက်ကွဲရာ လူ ၄ ဦး ဒဏ်ရာ ရသွားပြီး ၃ ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ကျောက်မဲမြို့ခံတဦးက ဧရာဝတီသို့ပြောသည်။ ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကိုမူ မသိရသေးပေ။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်တို့သားအမိ အာဇာနည် ဗိမာန်သို့ သွားရောက်

ဒေါ်အောင်ဆန်းစုကြည်နှင့် သား ကိုထိန်လင်းတို့သည် ဗိုလ်ချုပ်အောင်ဆန်း အုတ်ဂူသို့ ယနေ့နံနက်ပိုင်းက သွားရောက်ခဲ့သည်ဟု သိရသည်။  နံနက် ၇ နာရီခွဲ့ခန့်တွင် ရွှေတိဂုံစေတီသို့သွားရောက် ဖူးမြော်ပြီးနောက် ရွှေတိဂုံ တောင်ဘက်မုခ်ရှိ  ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် အုတ်ဂူသို့ သွားရောက် ဂါရ၀ပြုကြသည်ဟု သိရသည်။ ကိုထိန်လင်းသည်  ယနေ့ညနေပိုင်းတွင်  ဗြိတိန်နိုင်ငံ ပြန်မည်ဖြစ်သည်။
သတင်းတိုများ

ရွှေဆိုင် ဓားပြတိုက်မှု တဦးသေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာရှိ ရွှေဆိုင် ၂ ဆိုင်ကို လက်နက်ကိုင် ဓားပြသုံးဦးက ဇူလိုင်လ ၉ ရက်နေ့တွင် လုယက်ခဲ့ရာမှ အမျိုးသမီးတဦး သေနတ်ထိမှန် သေဆုံးခဲ့သည်။ နိုင်ထွန်းဝင်းရွှေဆိုင်မှ ရွှေ ၅၀ ကျပ်သားနှင့် မနန်းမြ ရွှေဆိုင်မှ ရွှေ ၂၅၀ ကျပ်သား ဓားပြတိုက်ခံရပြီးနောက် မနန်းမြက အော်ဟစ်သဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။ ဓားပြတဦးကို ယမန်နေ့က ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာ ရဲစခန်းက ပြောသော်လည်း အသေးစိတ်ကို မသိရသေးပေ။
သတင်းတိုများ

မှတ်ပုံတင်ကတ် ၆ ကျပ်ဖြင့်ရမည်

အစိုးရသစ် လက်ထက်တွင် နိုင်ငံသား စိစစ်ရေးကတ်ကို ၆ ကျပ်နှုန်းဖြင့် ပြုလုပ်ပေးရန် သတ်မှတ်ထားကြောင်း ရှမ်းပြည်နယ်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ၀န်ထမ်းတဦးက ဧရာဝတီကို ယနေ့ ပြောပြသည်။ ထိုသတ်မှတ် ဈေးနှုန်းမှာ မှတ်ပုံတင်ဟု လူသိများသည့် နိုင်ငံသား စိစစ်ရေးကတ်၊ ရေးသား ဖြည့်စွက်ရသည့် လျှောက်လွှာတို့ အတွက် ဖြစ်သည်ဟု ဆိုသည်။
သတင်းတိုများ

KIA စခန်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

အစိုးရတပ်က ကချင်ပြည်နယ် မိုးမောက်မြို့ရှိ KIA စခန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်နေသည်မှာ ၂ ရက်ရှိပြီ ဖြစ်ကြောင်း KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က တနင်္လာနေ့တွင် ပြောလိုက်သည်။ ထိခိုက် ပျက်စီးမှု အခြေအနေကို မသိရသေးဟု ဆိုသည်။ ယခင်တပတ်ကပင် ငြိမ်းချမ်းရေးဆွေးနွေးမှု ကာလအတွင်း တိုက်ခိုက်ခြင်း မပြုလုပ်ရန် အစိုးရက KIA ကို စာရေး တောင်းဆိုထားသည်။
သတင်းတိုများ

ကိုထိန်လင်း ပြန်တော့မည်

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းသည် ဇူလိုင်လ ၁၂ ရက်နေ့ ညပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ကိုထိန်လင်းသည် မိခင်ဖြစ်သူနှင့် ဒုတိယအကြိမ်မြောက် မြန်မာပြည်သို့ လာရောက်တွေ့ဆုံခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းသည် ဇူလိုင်လ ၁၂ ရက်နေ့ ညပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ကိုထိန်လင်းသည် မိခင်ဖြစ်သူနှင့် ဒုတိယအကြိမ်မြောက် မြန်မာပြည်သို့ လာရောက်တွေ့ဆုံခြင်းဖြစ်သည်။
သတင်းတိုများ

အစိုးရသစ် မထူးခြားဟု စင်ပြိုင် အာဆီယံအဖွဲ့ပြော

သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ် ရက် ၁၀၀ ကာလအတွင်း အဓိပ္ပာယ်ရှိသည့် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများ မစနိုင်ဟု စင်ပြိုင် အာဆီယံအဖွဲ့ (ALTSEAN) က ပြောဆိုလိုက်သည်။ ဦးသိန်းစိန် ကျင့်သုံးနေသော မူဝါဒများသည် ယခင် နအဖ စစ်အစိုးရ၏ လုပ်ဆောင်မှုများနှင့် ကွားခြားခြင်းမရှိဟု အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသားများအရေး စသည့် အချက် ၆ ချက်ကို ကိုးကား၍ ယင်းအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
သတင်းတိုများ

NLD တွင်ကျင်းပမည့် ဦးမြင့်၏ စာတမ်းဖတ်ပွဲ ပျက်

NLD ရုံးချုပ်တွင် ယနေ့ပြုလုပ်မည့် အစိုးရ အကြံပေး စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး စာတမ်းဖတ်ပွဲကို ဖျက်သိမ်းလိုက်သည်ဟု သိရသည်။ ယင်းဟောပြောပွဲကို NLD ပါတီဝင် ၅၀ ခန့်ဖြင့် ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်ပြီး အစိုးရ ဖိအားပေးမှုကြောင့် ဖျက်သိမ်းလိုက်သည်ဟု ယူဆရကြောင်း NLD က ပြောသည်။
သတင်းတိုများ

CoI ဖွဲ့ရေး အမေရိကန် အဖွဲ့အစည်း ၂၂ ခု တိုက်တွန်း

မြန်မာအာဏာပိုင်များအတွက် ကုလသမဂ္ဂတွင် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ရေး ပိုမိုလုပ်ဆောင်ရန် အမေကန်မှ နာမည်ကြီး အဖွဲ့အစည်းပေါင်း ၂၂ ခုက အမေရိကန် သမ္မတ အိုဘားမားအား တိုက်တွန်းလိုက်သည်။ ကုလအထူးကိုယ်စားလှယ် ကင်တာနားက အဆိုပြုပြီး ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံထားသည့် CoI ဖွဲ့စည်းရေးကို အမေရိကန်က အလေးပေး ဆောင်ရွက်သင့်ကြောင်း အဆိုပါ အဖွဲ့ ၂၂ ခု၏ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးထားသော တိုက်တွန်းစာတွင် ဖော်ပြထားသည်။
သတင်းတိုများ

အကျဉ်းထောင် ၃ ခု ရေရှိရေးစနစ် ICRC လုပ်ဆောင်မည်

ICRC လေ့လာရေးအဖွဲ့သည် ဇူလိုင်လ ၂ ရက်နေ့တွင် ဘားအံ အကျဉ်းထောင်၊ ဇူလိုင်လ ၅ ရက်နေ့တွင် မြောင်းမြ အကျဉ်းထောင်တို့ရှိ ရေနှင့် မိလ္လာ စနစ်များကို ကြည့်ရှုလေ့လာကြကြောင်း အစိုးရသတင်းစာက ဖော်ပြသည်။ သို့သော် ICRC အနေဖြင့် နိုင်ငံရေးအကျဉ်းသားများနှင့် တွေ့ဆုံခွင့် မရသေးကြောင်း သိရသည်။ ICRC သည် ဇူလိုင်လ ၁ ရက်နေ့ကလည်း မော်လမြိုင်ထောင်၌ သွားရောက်လေ့လာခဲ့သည်။ ယင်းအကျဉ်းထောင် ၃ ခု၌ ရေ၊ မိလ္လာနှင့် နေရောင်ခြည် စွမ်းအင်သုံး ရေတင်စနစ်များကို စက်တင်ဘာတွင် အကောင်အထည်ဖော်မည်ဟု ဆိုသည်။
သတင်းတိုများ

မိဘမဲ့ကလေးများ အတွက် မန္တလေးတွင် မြန်မာသံ ဂီတပွဲ လုပ်မည်

မိဘမဲ့ကလေးများအတွက် ပဒေသာပင် စိုက်ထူမည့် ရန်ပုံငွေဂီတပွဲကို ကာယကံ မေတ္တာရှင် အသင်း (မန္တလေးတိုင်း) က ကျင်းပမည်ဟု သိရသည်။ ရာဇာဝင်းတင့်၊ သန်းမြတ်စိုး၊ ဖိုးသောကြာ၊ ချိုပြုံး၊ ရီရီသန့်၊ ခင်ညွှန့်ရီ စသည့် မြန်မာသံစဉ် တေးသံရှင်များ ပါဝင်မည့် ပွဲကိုဇူလိုင်လ ၉ ရက်နေ့ည၌ မန္တလေး အမျိုးသား ကဇာတ်ရုံတွင် ပြုလုပ်မည်ဟု ကြော်ငြာထားသည်။ ခေတ်ပေါ် ဂီတရန်ပုံငွေ ပွဲများခေတ်စားချိန်တွင် မြန်မာသံ ဂီတပွဲဖြစ်သဖြင့် ထူးခြားကြောင်း ဝါသနာရှင်များက ပြောသည်။
သတင်းတိုများ

ယာယီ နိုင်ငံကူးလက်မှတ် သက်တမ်းကို ၆ နှစ် အထိ တိုးမြှင့်

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းလုပ်သားများအတွက် ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် အသစ်လျှောက်ထားသူများကို ဇူလိုင်လ ၁ ရက်မှနေ့မှစ၍ သက်တမ်း ၆ နှစ်အထိ တိုးပေးနေသည်ဟု သိရသည်။ ယခင်က ယာယီနိုင်ငံကူလက်မှတ် သက်တမ်းမှာ ၃ နှစ်ဖြစ်သည်။ ယခုအခါ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ၅ သိန်းကျော်ရှိသည်ဟု Eleven Media Group ၏ သတင်းတပုဒ်တွင် ဖော်ပြထားသည်။
သတင်းတိုများ

ညောင်ဦးတွင် ရာနှင့်ချီသော ပရိသတ် ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့

ယနေ့ ညနေ ၄ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သား ကိုထိန်လင်းတို့သည် ညောင်ဦးမြို့ရှိ ဈေးသို့သွားကြရာ ရာနှင့်ချီသော မြို့ခံလူထုက လာရောက် တွေ့ဆုံကြသဖြင့် လမ်းများပိတ်ဆို့သွားကြောင်း သိရသည်။ လုံခြုံရေး တာဝန်ယူထားကြသော လူငယ်များက တိုးဝှေ့နေသူများကို မေတ္တာရပ်ခံ၍ ညနေ ၅ နာရီတွင် လမ်းပိတ်ဆို့မှု ကင်းသွားခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် တည်းခိုရာ ဟော်တယ်သို့ ကောင်းမွန်စွာ ပြန်လာနိုင်ကြောင်း သိရသည်။
သတင်းတိုများ

ရန်ကုန်တွင် ၇ ဇူလိုင် အခမ်းအနား ကျင်းပ

ရန်ကုန်မြို့တွင် ယနေ့ကျရောက်သော “၇ ဇူလှိုင် အောက်မေ့ဖွယ်” အခမ်းအနားတခုကို ရွှေပြည်သာမြို့နယ်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦး၏ နေအိမ်တွင် စုစည်းကျင်းပခဲ့သည်။ အခမ်းအနားသို့  NLD အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများအပါအဝင် အဖွဲ့အစည်းများနှင့် စိတ်ဝင်စားသူများ တက်ရောက်သည်။ ကဗျာဆရာ မုံရွာ အောင်ရှင်က ၁၉၆၂ ခုနှစ် ဇူလှိုင်လ ၇ ရက်နေ့ ကျင်းပရခြင်းနှင့် ဖြစ်ပွားခဲ့သော သမိုင်းကြောင်းကို ရှင်းလင်းပြော ကြားသည်။ နံနက်ပိုင်းတွင် ကျဆုံးသွားသူ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအတွက် ရည်စူးကာ သံဃာတော်များကို သင်္ကန်းနှင့် ဆွမ်း ကပ်လှူခဲ့သည်။ အာဏာပိုင်များဘက်မှ စောင့်ကြည့်မှုရှိသော်လည်း  နှောက်ယှက်ဟန့်တားခြင်းမရှိ ဟုဆိုသည်။
Page 11 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်