သတင်းတိုများ

သတင်းတိုများ

အခွင့်အလမ်း လက်မလွတ်ရန် မစ္စတာ ဘန်ကီမွန်း တိုက်တွန်း

နိုင်ငံတကာအသိုင်းအဝိုင်း၏ အပြုသဘောဆောင်ဆန္ဒ ဆက်လက်ရရှိရေး အခွင့်အလမ်းကို မြန်မာအစိုးရသစ်အနေဖြင့် လက်လွတ်မခံသင့်ကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးတို့ကို အမေရိကန်သို့ ရောက်ရှိနေသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ကုလ အထွေအထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောဆိုတိုက်တွန်းလိုက်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် ဝန်ကြီးဦးဝဏ္ဏမောင်လွင်သည် နယူးယောက်မြို့သို့ ရောက်ရှိနေသည်။
သတင်းတိုများ

မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ကာ့တ် ကမ်းဘဲလ် တွေ့မည်

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်မည့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်တို့ လာမည့် သီတင်းပတ်အတွင်း သီးခြားတွေ့ဆုံမည်ဟု သိရသည်။ မြန်မာအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေး၊ ပြုလုပ်နေသည့် အပြောင်းအလဲများ မည်မျှ ထိရောက်မှု ရှိနိုင်သည် စသည်တို့ကို ဆွေးနွေးကြမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
သတင်းတိုများ

မြန်မာ-ဘင်္ဂလာဒေ့ရှ် ရေပိုင်နက်ကြားနာမှု မြန်မာဘက်မှ စတင်လျှောက်လဲ

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ရှိ အပြည်အပြည်ဆိုင်ရာ ပင်လယ်ဥပဒေ တရားရုံးတွင် ပြုလုပ်သော မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်ရေပိုင်နက်ပြဿနာ ကြားနာမှုတွင် ယမန်နေ့မှစတင်၍ မြန်မာဘက်မှ စတင်လျှောက်လဲသည်။ ဘင်္ဂလားဒေ့ရှ်က စက်တင်ဘာ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ လျှောက်လဲခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ပြင်သစ်၊ ယူကေ၊ အမေရိကန်တို့မှ ပါမောက္ခနှင့် ပညာရှင်များက လျှောက်လဲသွားမည်ဖြစ်သည်။
သတင်းတိုများ

ပိတ်ဆို့ထားသော ဝက်ဘ်ဆိုဒ်များ ပြန်ပွင့်

ယမန်နေ့တွင် ပြည်တွင်း၌ ပိတ်ထားသော ပြည်ပမီဒီယာဝက်ဘ်ဆိုဒ်များ ပြန်ပွင့်လာသည်ဟု အင်တာနက် သုံးစွဲသူများက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်း လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာပြည်သို့ ရောက်ရှိလာစဉ်ကလည်း ပြည်ပ သတင်းဝက်ဘ်ဆိုဒ်တချို့ ပြန်ပွင့်ခဲ့သေးသည်။ ဘလော့ဂ်များကိုမှု ပိတ်ဆို့ထားဆဲဖြစ်သည်ဟု သိရသည်။
သတင်းတိုများ

အစိုးရဝန်ထမ်းများ လက်ခံရေး “ဝ” ဆွေးနွေးပွဲလုပ်

“ဝ” နယ်ထဲသို့ အစိုးရဝန်ထမ်းများ ပြန်လည်ပို့ဆောင်ရေးနှင့် “ဝ” ဆက်ဆံရေးရုံးများ အစိုးရပိုင်နက်ထဲတွင် ပြန်လည်ဖွင့်လှစ်ရေး “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ၎င်းတို့၏ ဗဟိုဌာနချုပ် ပန်ဆန်း၌ ယမန်နေ့က အစည်းအဝေးပြုလုပ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်တွင် ဖော်ပြထားသည်။ “ဝ” နှင့် အစိုးရတပ်များ တင်းမာမှုကြောင့် အစိုးရက ဝန်ထမ်းများကို ယမန်နှစ် ဧပြီလတွင် ပြန်လည် ခေါ်ယူခဲ့သည်။
သတင်းတိုများ

ဦးအေးသာအောင်နောက် စရဖ လိုက်နေ

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်သည် နိုင်ငံခြားသားများ၊ သံတမန် များနှင့် တွေ့ဆုံနေခြင်းကို စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က မကြာခဏ လာရောက်မေးမြန်းခြင်း၊ ၎င်းသွားရာ နောက်သို့ အမြဲတမ်း လိုက်လံစောင့်ကြည့်ခြင်း ရှိနေသည်ဟု သိရသည်။ ယနေ့ နံနက်က စရဖ တချို့ ၎င်း၏ နေအိမ်သို့ လာရောက်၍ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချယ်နှင့် ဆွေးနွေးချက်များအား သိလိုသည်ဟု လာရောက် မေးမြန်း ကြောင်း၊ ၎င်းက ဖြေဆိုခြင်းမပြုဘဲ ဖမ်းဆီးလိုက ဖမ်းနိုင်သည်ဟု ပြောဆိုလိုက်ကြောင်း ဦးအေးသာအောင် က ဧရာဝတီကို ပြောသည်။
သတင်းတိုများ

ပုသိမ်တွင် လယ်သိမ်းခံလယ်သမားများ လမ်းလျှောက်ချီတက်

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ငွေဆောင်မြို့နယ် သဇင်၊ ဂုန်း၊ ကြာနွယ်၊ သဇင်မှော်၊ ဖုန်းမောင်ကြိုင် စသည့်ကျေးရွာများရှိ လယ်သမား ၁၅၀ ကျော်သည် သိမ်းဆည်းခံရသော လယ်ယာ ဥယျာဉ်ခြံမြေ ဧက ၂၀၀၀ ကျော် ပြန်လည်ရလိုမှု ညှိနှိုင်းပေးရန်အတွက် ယနေ့နံနက်တွင် ပုသိမ်ငွေဆောင် ကားဂိတ်မှ ပုသိမ်မြို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ ၀န်ကြီးရုံးအထိ စီတန်းလမ်းလျှောက်ကြကြောင်း သိရသည်။ ထို့နောက် ဧရာဝတီတိုင်း ၀န်ကြီးချုပ်ထံ စာပေးပို့တောင်းဆိုခဲ့ကြောင်း၊ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်က လယ်သမားများကို ခေါ်ယူတွေ့ဆုံ မေးမြန်းဆွေးနွေးနေကြောင်း သတင်းရရှိသည်။
သတင်းတိုများ

သျှမ်းသံတော်ဆင့် အယ်ဒီတာ ကွယ်လွန်

သျှမ်းသံတော်ဆင့်သတင်းစဉ်မှ လက်ထောက် အယ်ဒီတာ ဦးစိန်ကြည် (အသက် ၅၉ နှစ်) သည် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Maharaj Nakorn Chiang Mai ဆေးရုံ၌ အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် သားသမီး ၃ယောက် ကျန်ရစ်ခဲ့သည်။
သတင်းတိုများ

မြန်မာကို ပြီးခဲ့သည့် အနှစ် ၂၀ ကတည်းက ကူညီသင့်

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံကို လွန်ခဲ့သည့် အနှစ် ၂၀ ကတည်းက ကူညီသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ်အား ပြောဆိုသည်။ စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ဦးခင်အောင်မြင့်က ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ မြန်မာ လူ့အဖွဲ့အစည်းသည် ဒီမိုကရေစီ ကျင့်စဉ်များနှင့် ကင်းကွာနေသည်ကို တွေ့နိုင်ကြောင်းလည်း ဦးခင်အောင်မြင့်က ထည့်သွင်းပြောဆိုသွားသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲသွားကြည့်

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယနေ့ယှဉ်ပြိုင်မည့် အာဆီယံ ယူ-၁၉ ဘောလုံးပွဲသို့ ယနေ့နေ့လည် ၃ နာရီကျော်တွင် သွားရောက်ကြည့်ရှုမည်ဟု သိရသည်။ ယနေ့ညနေတွင် မြန်မာနှင့် လာအို ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်ရှိသည်။ ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့သွားစဉ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မက်စ်ဦးဇော်ဇော်က ဘောလုံးပွဲကြည့်ရှုရန် ဖိတ်ကြားခဲ့ဖူးသည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲသွားကြည့်
သတင်းတိုများ

လျှပ်စစ်ဝန်ကြီးကို တရားစွဲရန် တိုက်တွန်း

နေပြည်တော်တွင် အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက မြစ်ဆုံဆည် စီမံကိန်းကို ဆက်လက်လုပ်ဆောင်မည်ဟု ပြောဆိုခဲ့မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ၁ ပုဒ်မ ၄၅ ကို ကိုယ်တိုင် ချိုးဖောက်သည့်အပြင် နိုင်ငံသားတို့၏ တာဝန်ကို ကျေပွန်စွာထမ်းဆောင်လိုသူများကို ခြိမ်းခြောက်သည့်အတွက် အရေးယူပေးပါရန် တသီးပုဂ္ဂလ နိုင်ငံရေးလှုပ်ရှားသူ ဦးဝင်းချိုက ပြောဆိုလိုက်သည်။ ဦးဝင်းချိုသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ရန်ကုန်တိုင်း ဒဂုံမြို့နယ်မှ တသီးပုဂ္ဂလ အမတ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ ယခုအခါ ဧရာဝတီမြစ်အရေး စိုးရိမ်သည့်အတွက် အသိပေး ဟောပြောမှုများ လုပ်ဆောင်နေသူဖြစ်သည်။
သတင်းတိုများ

နိုင်ငံတကာ၏ သံသယများအတွက် မြန်မာအစိုးရ သက်သေပြရန်လို

စစ်မှန်သော အပြောင်းအလဲများ ပြုလုပ်နေမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အပေါ် နိုင်ငံတကာ၏ သံသယဖြစ်မှုများ မှားယွင်းကြောင်း မြန်မာအစိုးရက သက်သေပြသင့်သည်ဟု အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ်က မြန်မာပြည်မှာ ပြန်လည် မထွက်ခွာမီ ယနေ့ သတင်းစားရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ကိစ္စ၊ တိုင်းရင်းသား ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု၊ မြန်မာအစိုးရနှင့် မြောက်ကိုရီးယား ဆက်ဆံရေးတွင် ပွင့်လင်းမြင်သာမှုရှိရေးတို့ကို သက်သေအနေဖြင့် ကိုင်တွယ်သင့်သည်ဟု မစ္စတာ ဒဲရက် မစ်ချယ်က ပြောသွားသည်။
သတင်းတိုများ

ထိုင်း-မြန်မာ နယ်စပ် ရေကြီး၊ ကုန်သွယ်ရေး ရပ်ဆိုင်း

စက်တင်ဘာ ၁၁ ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ထိုင်း-မြန်မာ နယ်ခြား သောင်းရင်းမြစ်ရေ မြင့်တက်လာပြီး ရေကြီးသောကြောင့် ထိုင်းဘက် မဲဆောက်နှင့် မြန်မာဘက် မြဝတီတို့တွင် ရပ်ကွက်များ ရေမြုပ်ပြီး နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားသည်။ မြန်မာ အလုပ်သမား ၁ ထောင်ကျော်လည်း အလုပ်ရပ်နားထားရကြောင်း၊ နယ်စပ်ချစ်ကြည်ရေးတံတား အောက်ရှိ မြန်မာပိုင် ရေလယ်ကျွန်းလည်း ရေနစ်မြုပ်သွားပြီး ကုန်ပစ္စည်းရောင်းချသူ မြန်မာ ၂၀၀ ကျော် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။
သတင်းတိုများ

ဒီမိုကရေစီနေ့အတွက် ပြည်ပမီဒီယာတချို့ ဖိတ်ကြားမည်ဟု ဆို

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို စက်တင်လ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ပြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်တွင်းနှင့် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းထောက်များအပြင် ပြည်ပအခြေစိုက် မီဒီယာတချို့ကိုလည်း ဖိတ်ကြားမည်ဟု အစိုးရသတင်းစာတွင် ဖော်ပြထားသည်။ ပထမဆုံးအကြိမ်အဖြစ် ပြည်သူ့လွှတ်တော် အဆောက်အုံတွင် ကျင်းပမည့် ယင်းအခမ်းအနားမှာ ဒီမိုကရေစီကျင့်စဉ်နှင့် အခွင့်အရေးများ ခိုင်မာစွာဖြစ်ထွန်းစေရန်ဟု ဆိုထားသည်။
သတင်းတိုများ

ဝန်ကြီးများ ဂျာနယ်ကို မျက်စိကျ

အစိုးရထုတ် သတင်းစာတွင် ဖော်ပြခံရမှု နည်းပါးသည့်  ပြည်ထောင်စုအစိုးရ ၀န်ကြီးတချို့က ပုဂ္ဂလိက ဂျာနယ်များကို ချည်းကပ်ပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို ရေးသားကြရန် တိုက်တွန်းနေကြောင်း ရန်ကုန်မှ သတင်းထောက်များက ပြောသည်။ သတင်းထောက်များကို မကြာခဏ ဖိတ်ကြားပြီး ၎င်းတို့၏ ဌာနအကြောင်း ရှင်းလင်းပွဲ လုပ်ဆောင်နေသည်ဟု ဆိုသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ပါတီ၏ လှုပ်ရှားမှုများကို မန္တလေးအခြေစိုက် ဂျာနယ်တချို့တွင် အပတ်စဉ် ဖော်ပြနိုင်ရန် ငွေကြေးအကုန်အကျခံ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။
သတင်းတိုများ

ကိုမင်းကိုနိုင် မိသားစုကို ဒေါ်အောင်ဆန်းစုကြည် အားပေး

ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ၆ လ ကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ နေအိမ်သို့ ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ နေ့လည်က သွားရောက်၍ မိသားစုဝင်များကို အားပေးစကားပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ လာရောက် အားပေးစကား ပြောကြားခဲ့သည့်အတွက် မိသားစုဝင်များအနေဖြင့် ၀မ်းမြောက်အားတက်မိကြောင်း သိရသည်။ ကိုမင်းကိုနိုင်၏ ဖခင် ပန်းချီဆရာကြီး ဦးသက်ညွန့်က ၄င်းရေးဆွဲထားသည့် ပန်းချီကားတချို့ကို လက်ဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အား ပေးခဲ့သည်။
သတင်းတိုများ

မြစ်ဆုံစီမံကိန်း ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်

မည်သည့်ကန့်ကွက်မှုများရှိစေ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည်ပြီး မည်သည့်အခါမှ နောက်ဆုတ်မည်မဟုတ်ဟု အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ပြောသည်။ စက်တင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတခု၌ ဦးဇော်မင်းက ယင်းကဲ့သို့ ပြောခြင်းဖြစ်ကြောင်း Eleven Media Group ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
သတင်းတိုများ

ပြုပြင်ပြောင်းလဲမှုများ အမေရိကန် စောင့်ကြည့်နေ

သမ္မတ ဦးသိန်းစိန် အစိုးရအနေနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့် အပါအ၀င် ဒီမိုကရေစီနှင့် လျှော်ညီပြီး ထင်သာမြင်သာရှိသည့် ပြုပြင်ပြောင်းလဲမှုများကို  ဆောင်ရွက်ခြင်းရှိ၊ မရှိ အမေရိကန်က စောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ်က ပြောသည်။ ယမန်နေ့က  နေပြည်တော်တွင် လွှတ်တော်ဥက္ကဋ္ဌများ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ မစ္စတာ ဒဲရက် မစ်ချယ်သည် ယမန်နေ့က တောင်ဒဂုံရှိ HIV/AIDS ဂေဟာ၊ မြောက်ဒဂုံရှိ နာရေးကူညီမှုအသင်းတို့သို့ သွားရောက်လေ့လာသည်။
သတင်းတိုများ

ရှေ့နေကိုဖိုးဖြူ ထိန်းသိမ်းခံရ

လူ့အခွင့်အရေးရှေ့နေ ကိုဖိုးဖြူသည် ယမန်နေ့ ညနေ ၆ နာရီ ၃၀ ခန့်က ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေတွင် ထိန်းသိမ်းခံရပြီး ယခု တောင်ဒဂုံ (ဆိပ်ကမ်း) မြို့နယ် ရဲစခန်းတွင် ရောက်ရှိနေသည်။ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ကိုဖိုးဖြူက ရုံးချိန်းပျက်ကွက်မှုဖြင့် ၀ရမ်းထုတ်ခံထားရကြောင်း၊ ရဲစခန်းတွင် ကောင်းမွန်စွာ နေထိုင်ရကြောင်း၊ အာမခံဖြင့် ယနေ့ ပြန်လည် လွတ်မြောက်ဖွယ်ရှိကြောင်း ပြန်လည် ဖြေကြားသည်။ ကိုဖိုးဖြူသည် လယ်မြေအသိမ်းခံရသော လယ်သမားများ၊ အနိုင်ကျင့်ခံရသော အလုပ်သမားများ၏ အရေးကို အကျိုးဆောင်ပေးနေသူ ဖြစ်သည်။
သတင်းတိုများ

ဦးဥတ္တမနေ့ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပ

ယနေ့ ကျရောက်သည့် ၇၂ နှစ်မြောက် ဆရာတော် ဦးဥတ္တမ နှစ်ပတ်လည်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ သံဃာ အပါး ၃၀၀ ၀န်းကျင်က မေတ္တာသုတ်ရွတ်ဆို စီတန်း ကြွချီပြီး ဆရာတော် ဦးဥတ္တမရုပ်ထုအား ဂါရ၀ပြုကြကြောင်း သိရသည်။ အာဏာပိုင်တို့က လုံခြုံရေး ထူထပ်စွာချထားသော်လည်း သံဃာတော်များကို ဟန့်တားမှု မရှိဟု နိရဉ္စရာသတင်းဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ဆရာတော် ဦးဥတ္တမ နှစ်ပတ်လည်နေ့ကို ယခင်နှစ်များနှင့်မတူဘဲ ရခိုင်ပြည်နယ်အနှံ့အပြား နှင့် ရန်ကုန်မြို့တို့တွင် လွတ်လပ်စွာ ကျင်းပနိုင်ကြသည်ဟု ဆိုသည်။
Page 4 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်