သတင်းတိုများ

သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပြည်နယ်နှင့် တိုင်း ကိုယ်စားလှယ်များ ယနေ့တွေ့

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပြည်နယ်နှင့် တိုင်း ကိုယ်စားလှယ်များ ယနေ့ တွေ့ဆုံရာ အဆိုပါ ကိုယ်စားလှယ်များက ရွေးကောက်ပွဲ တရားမမျှတမှု၊ မဲလိမ်၊ မဲခိုးမှုများ ရှိခဲ့သည့် အကြောင်းကို တင်ပြခဲ့သည်ဟု သိရသည်။ ဒေါ်အောင်ဆန်း စုကြည်ကလည်း NLD သည် ယခုအထိ ဥပဒေကြောင်း အရ တရားဝင်ပါတီ ဖြစ်ကြောင်း၊ NDF ကို ဒီမိုကရေစီ လိုလားသည့် ပါတီများထဲက တခုဟု ယူဆ၍ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားသည်ဟု သတင်းရရှိသည်။
သတင်းတိုများ

ဝေါ်လေ တွင် စစ်အစိုးရနှင့် DKBA တိုက်ပွဲဖြစ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေ ဒေသတွင် ယမန်နေ့က စစ်အစိုးရနှင့် DKBA တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ဒုက္ခသည် ၃၀၀ ခန့် ထွက်ပြေး တိမ်းရှောင်လာကြောင်း ထိုင်း ဒေသဆိုင်ရာ အုပ်ချုပ် ရေး အဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။ ထိုင်းအာဏာ ပိုင်များ အနေဖြင့် တိုက်ပွဲအခြေအနေကို စောင့်ကြည့် နေပြီး ဒုက္ခသည် များကို ယာယီ ခိုလှုံခွင့်ပေးထား ကြောင်း၊ ယမန်နေ့ည တိုက်ပွဲသည် မြ၀တီနှင့် ဘုရားသုံးဆူ ဒေသများတွင် ဖြစ်ခဲ့သော တိုက်ပွဲများ၏ နောက် ဆက်တွဲ ဖြစ်သည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်သတင်း စိစစ်ရေးက ကန့်သတ်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် နေ့၊ အချိန်၊ အကြောင်းအရာ၊ ဓာတ်ပုံ စသည်တို့ကို ပြည်တွင်း မီဒီယာများတွင် လွတ်လပ်စွာ ဖော်ပြခွင့်မရှိဘဲ ကန့်သတ်ထားကြောင်း ဂျာနယ် အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။ ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်၏ မိန့်ခွန်းထဲမှလည်း အကောင်းမြင်သော ပြောကြားချက် အနည်းငယ် ကိုသာ ခွင့်ပြုပြီး ပြည်သူလူထု အနေဖြင့် နိုင်ငံရေးနိုးကြားရန် အစရှိသည့် အချက်များကို ခွင့်မပြုကြောင်း သတင်း ရရှိသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် NLD ဥပဒေပြုအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် NLD ရုံးချုပ်သို့ ရောက်ရှိနေပြီး  NLD ဥပဒေပြု အဖွဲ့နှင့် တွေ့ဆုံ၍ ဥပဒေရေးရာများကို ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရသည်။ ထို့နောက် ပြည်နယ်နှင့် တိုင်း အသီးသီးမှ NLD ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သည့် ဦးအုံးကြိုင်က ပြောသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်မှ ပြန်လည်ထွက်ခွာ

ဒေါ်အောင်ဆန်းစုကြည်သည် လူထု မိန့်ခွန်းပြောကြားပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။ ထို့နောက် NLD ရုံးချုပ်မှ ပြန်လည်ထွက်ခွာ သွားပြီ ဖြစ်ကြောင်း၊ အဖွဲ့ချုပ် အတွင်းရေးမှူဟောင်း ဦးလွင်၏ ဇနီး ဈာပနသို့ လိုက်ပါပို့ဆောင်ကြောင်း၊ များပြားလှသည့် လူအုပ်ကြီးမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကားထွက်သွားမှ လူစုခွဲသွားကြောင်း သိရသည်။
သတင်းတိုများ

ကိုယ့်အခွင့်အရေးကိုယ် ထိန်းသိမ်းပါ

လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေးကြေညာစာတမ်းတွင် လူတိုင်းလူတိုင်း မွေးရာပါ လူ့ဂုဏ်သိက္ခာရှိကြောင်း၊ လူတိုင်းသည် ထိုဂုဏ်သိက္ခာကို ထိန်းသိမ်းရမည်ဖြစ်ပြီး ကိုယ့်တာဝန်ကိုယ် ကြေပြွန်အောင် လုပ်ရမည်ဟု ပြောကြားသွားသည်။
သတင်းတိုများ

စစ်အစိုးရကို အာဃာတ မရှိ

အကျယ်ချုပ် ချမှတ်ခဲ့သော စစ်အစိုးရအပေါ် အာဃာတ မရှိကြောင်း၊ နိုင်ငံအတွက် လုပ်ကြရာတွင် ကောင်းတာရော မကောင်းတာပါ ရှိကြောင်း၊ မကောင်းသည်ကို ပြောလျှင် စိတ်မဆိုးသင့်ကြောင်းနှင့် အပြောမခံချင်လျှင် ကောင်းအောင် လုပ်ပါဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသွားသည်။ ကျေးဇူးတင်စရာများ လုပ်ပြလျှင် တသက်လုံး ကျေးဇူးတင်ချင်သည်ဟုလည်း ပြောသည်။
သတင်းတိုများ

အင်အားကို မှန်ကန်စွာ အသုံးပြုပါ

အင်အားကို မှန်ကန်စွာ အသုံးပြုရန်နှင့် မှန်ကန်စွာ အင်အားသုံးခြင်းကို မည်သူမျှ ဖြိုခွဲ၍ မရနိုင်ကြောင်း ထိုအချက်ကို မှတ်ထားကြစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားသည်။ သူ့အနေဖြင့် လိုချင်သည်ကို လက်ဖြန့် မတောင်းလိုကြောင်း၊ ပြည်သူလူထုကလည်း လက်ဖြန့် မတောင်းဟု ယုံကြည်ကြောင်းလည်း ပြောသည်။
သတင်းတိုများ

လိုချင်လျှင် အနာခံရမည်

ရှေ့ဆက်လျှောက်မည့် နိုင်ငံရေးနှင့် ပတ်သက်၍ ယခု တိတိကျကျ မပြောနိုင်သေးသည်ကို ခွင့်လွှတ်စေလိုကြောင်း၊ ချက်ချင်း တန်းပြောလျှင် မစဉ်းစားရာ ရောက်မည် ဖြစ်ကြောင်းနှင့် ပြည်သူများ၏ အသံကို ဦးစွာ နားထောင်လိုကြောင်း ပြောသည်။ အာမခံချက်မပေးလိုကြောင်း၊ အာမခံခြင်းသည် လာဘ်ပေးခြင်း တမျိုးဖြစ်ကြောင်း ပြောသွားသည်။ သည်းခံရမည်၊ လိုချင်လျှင် အနာခံရမည်ဟုလည်း ဆိုသည်။
သတင်းတိုများ

ဒီမိုကရေစီ အင်အားစုများနှင့် လက်တွဲမည်

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အလုပ်တွဲလုပ်၍ မရဟု မရှိစေရကြောင်း ပြောသည်။ ဒီမိုကရေစီ အစုအဖွဲ့များ အားလုံးနှင့်လည်း လက်တွဲဆောင်ရွက်မည်ဟု ပြောဆိုသွားသည်။
သတင်းတိုများ

ပြည်သူက အစိုးရကို ထိန်းရမည်

အစိုးရနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က လူနည်းစုဖြစ်သော အုပ်ချုပ်သူများကို ပြည်သူက ထိန်းသိမ်းနိုင်ရမည်ဟု ပြောသွားသည်။ သူအကျယ်ချုပ်ကျနေစဉ် လုံခြုံရေး ဝန်ထမ်းများက ကောင်းမွန်စွာ ဆက်ဆံသလို ပြည်သူကို ကောင်းမွန်စွာ ဆက်ဆံစေလိုကြောင်း၊ သို့သော် သူ့ကဲ့သို့ ပြည်သူကို အကျယ်ချုပ် မကျစေလိုကြောင်း ပြောသွားသည်။
သတင်းတိုများ

အားလုံးသည် နိုင်ငံရေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

နိုင်ငံရေးဆိုသည်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဟောပြောသည့်နေရာတွင် လာထောက်ခံမှသာ နိုင်ငံရေးမဟုတ်ကြောင်း၊ အိမ်မှ ထမင်းချက်ပေးခြင်းသည်လည်း နိုင်ငံရေး၊ သားသမီး ကျောင်းပို့ခြင်းသည်လည်း နိုင်ငံရေး ဖြစ်ကြောင်း၊ နိုင်ငံရေးတွင် မပါချင်ဟု ပြောသူများသည် နိုင်ငံရေးကို နားမလည်၍သာ ဖြစ်ကြောင်း ပြောသည်။
သတင်းတိုများ

လူထု၏ ဆန္ဒသဘောထားကို အရင်နားထောင်မည်

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု၏ မျှော်လင့်ချက်နှင့် ပတ်သက်၍ ပြည်သူလူထုက မျှော်လင့်ချက်နှင့် အားပေးနေသည်ကို သိကြောင်း၊ ပြည်သူလူထု စိတ်ထဲတွင်ရှိသည့် ဆန္ဒကို ထုတ်ဖော်ပြောစေလိုကြောင်း၊ တာဝန်ကို မကြောက်၊ တာဝန်မကျေမှာကိုသာ ကြောက်ကြောင်း၊ သူတဦးတယောက်တည်း မဟုတ်ဘဲ ပြည်သူလူထုနှင့် လက်တွဲ၍ လုပ်ဆောင်ဖြစ်ကြောင်း ပြောသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် လူထု ကွန်ရက်ဖွဲ့စည်းမည်

ယမန်နေ့ညက ပြန်လည်လွတ်မြောက်လာပြီးနောက် NLD ဗဟို အလုပ်အမှုဆောင် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် က ပထမဆုံး လူထု အသံကို နားထောင်ပြီး လူထုကွန်ရက်တခုဖြစ်ရန် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား အရေးနှင့် ပတ်သက်၍ ဒုတိယ ပင်လုံညီလာခံ ပုံစံမျိုး ညီလာခံတခုဖြစ်လာစေရန် ကြိုးစားမည်ဖြစ်ကြောင်း၊ တပ်မတော် ခေါင်းဆောင်များနှင့် လည်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲကာလ မဲလိမ်၊ မဲခိုး၊ မဲ မသမာမှု များကိုလည်း ဖော်ထုတ်သွားမည်ဟု ပြောဆိုကြောင်း သတင်းရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အထူးသတိထားရန်လို

၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဒီပဲယင်း လူသတ်ပွဲကြောင့် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ပိုမိုပြီး အထူး သတိ ထား ရမည်ဖြစ်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း နားထောင်ရန် လူထုစောင့်ဆိုင်း

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန်လာသည့် လူအုပ်ကြီးနှင့် ကားများမှာ အလွန်များပြားပြီး အုတ်လမ်း၊ လင့်ခ်လမ်းထိပ်အထိ ရောက်ရှိနေကြောင်း၊ လူများသည် ပူပြင်းသည့် နေရောင်အောက် လမ်းမပေါ်တွင် ထီးမဆောင်းဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြောင်း သတင်းရသည်။
သတင်းတိုများ

NLD ရုံးချုပ်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်

ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်သို့ ရောက်ရှိလာပြီး လူထုကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဟု ကြွေးကြော်၍ လက်ခုပ်တီး  ကြိုဆိုကြသည်။ လူထုကြီးမှာ များပြားသည့် အတွက် ရွှေဂုံတိုင် လမ်းမကြီးတလျောက် ကားအသွားအလာ ရပ်ဆိုင်းထားရပြီး NLD အဖွဲ့ဝင်များက လူထုကို နောက်သို့ဆုတ်ပေးရန် မေတ္တာရပ်ခံနေသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်ကို “ We Love Suu” စာတန်းများကိုင်၍ ကြိုဆို

ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့် မိန့်ခွန်းကို နားထောင်ရန်အတွက် NLDရုံးချုပ်ရှေ့တွင် လူ တထောင် ခန့် လာရောက် စုဝေးနေပြီး “ We Love Su” ဆိုသည့် စာတန်းများကို ကိုင်ဆောင်၍ ကြိုဆိုနေကြကြောင်း၊ ပူပြင်းသည့် နေရောင်အောက်တွင် မြို့နယ်အသီးသီးမှ ထောက်ခံသူများက မိသားစုလိုက်၊ အုပ်စုလိုက် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် ယနေ့ လူထုကို မိန့်ခွန်းပြောမည်

ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ နံနက် ၁၁ နာရီ ခန့်၌ နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ၁၂ နာရီတွင် NLD ရုံး ချုပ် ၌ လူထုကို ပထမဆုံး မိန့်ခွန်း စပြောမည်ဖြစ်သည်။ ထို့နောက် ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် သတင်းစာ ရှင်းလင်း ပွဲ လုပ် မည်ဟု သတင်းရသည်။ထို့အပြင် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် NDFပါတီအပါအ၀င် တခြားပါတီများ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံမည်ဖြစ်သည်။ ယခုအခါ NLD ရုံးချုပ်ရှေ့တွင် လူထု စတင်ရောက်ရှိ နေပြီဟု သိရသည်။ ရန်ကုန်မြို့ ဆင်ခြေဖုန်း ရပ်ကွက်များရှိ ပြည်သူများကလည်း ကားစင်းလုံးဖြင့် လာရောက်ကြကြောင်း သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု နိုင်ငံခေါင်းဆောင်များ ကြိုဆို

အမေရိကန် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ကြိုဆိုပါတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို “ကျနော့်ရဲ့ သူရဲကောင်း” လို့ သုံးနှုန်းသွားပါတယ်။ ဗြိတိန် ဝန်ကြီးချုပ်က “လွတ်သင့်တာ ကြာပြီ” လို့ ပြောဆိုပြီး အာဆီယံ အထွေထွေ အတွင်းရေးမှူးကတော့ “စိတ်သက်သာရာ ရပါပြီ” လို့ ဆိုပါတယ်။
More Articles...
Page 40 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်